Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

လင်းသက်ငြိမ် - စက်ရုပ် နှစ်ဆယ့်ငါး

$
0
0
လင်းသက်ငြိမ် - စက်ရုပ် နှစ်ဆယ့်ငါး
(မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၁၅

ဂျမ်းတုံးတွေ တစ်တစ်ရစ်ရစ်ဝတယ်
စားဖားတွေ ညီညွတ်ကြပေါ့
တစ်သွေးတစ်သံတစ်မိန့်က မျက်နှာပြောင်တယ်
ကြယ်ပွင့်တွေ ဘီလူးစီးနေလို့လား
ဗိုက်ဖောင်းဖောင်းကြီးတွေက
မေတ္တာတရားတွေနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း
ပြေးတယ်.....
နောက်ကြောင်းပြန်မလှည့်ကြပါနဲ့
နောက်ကြောင်းတော့ပြန်မလှည့်ကြပါနဲ့
သနားစရာကောင်းအောင်ပြောကြ
ယုတ္တိရှိရှိ မျက်လှည့်ပြ
ရဲဘော်မသေ သေသော်ငရဲမလား
မိတ်ကပ်လူးထားတဲ့ စကားလုံးနောက်က
ကောက်ကျစ်သောဝံပုလွေ
အစိမ်းရောင်ဟာ ရာစုနှစ်တစ်ဝက်စာ
ငရဲမီးဖြစ်တယ်
ငတ်နေတဲ့ခွေးအုပ်ထဲရောက်သွားတဲ့ယုန်သူငယ်
ဖိနပ်နဲ့ဖိနင်းထားတဲ့အသံ
လက်နက်နဲ့ ပစ်ခတ်ခဲ့တဲ့ ရိုးသားမှု
အမိ အဖလား
အဖိ အချလား
သမိုင်းက သွေးတစ်စက်စက်နဲ့ ထမြည်တယ်
ခေတ်ပြောင်းပြီတဲ့ အလန့်တကြားထခုန်ကြ
သေသူတွေရဲ့ဝိညာဉ်တို့ ပြန်လည်ချီတက်လာပြီ
ထိုင်ခုံတွေလှုပ်လာပြီ
အိပ်ယာခင်းတွေယားလာပြီ
မျက်ကွင်းတွေညိုလာပြီ
ပါးချောင်တွေကျလာပြီ
တရားခွေကျယ်ကျယ်ဖွင့်ပြီ
အသံကောင်းတွေဟစ်ပြီ
မိဘပြည်သူများခင်ဗျား
မိဘပြည်သူများခင်ဗျား
မိဘပြည်သူများခင်ဗျား
အသက်အိုးအိမ်စည်းစိမ်တွေအတွက်
ကျွန်တော်တို့သေခဲ့ကြရတယ်
နိုင်ငံတော်တည်တံ့ခိုင်မြဲရေးအတွက်
ခြေလက်တို့ပြတ်တောက်ခဲ့ကြရတယ်
ကျွန်တော်တို့ကိုချစ်ပါ
ကျွန်တော်တို့ကိုမြတ်နိုးပါ
ကျွန်တော်တို့ကိုကာကွယ်ပါ
ဥပုသ်စောင့်တယ်ဆိုတဲ့ ကျားပါးစပ်ထဲက
လတ်လတ်ဆတ်ဆတ် သွေးညှီနံ့
ဘေးမှာချထားတဲ့သေနတ်ပြောင်းက မီးခိုးတလူလူ
ဝတ်ထားတဲ့ ယူနီဖောင်းကိုသာ လျော်ဖွပ်လို့ရပါလိမ့်မယ်
စီးထားတဲ့ဖိနပ်ကိုသာ ပြောင်အောင်တိုက်လို့ရပါလိမ့်မယ်
ခွေးသေကောင်ပုပ်အနံ့ကို ရေမွှေးနဲ့ဖျက်လို့်မရဘူး
ခွေးမြီးကောက်ကို ကျည်တောက်ကတော်လှန်တော့ ဘာဆက်လုပ်ကြမလဲ
မတူတာတွေညှိကြမယ်ဆိုပြီး အသက်ကိုဆွဲဆန့်
ရာဇဝင်အခေါင်းကို တင်းတင်းကျပ်ကျပ်ပိတ်ဖို့
သံချောင်းတွေစုကြ
ကယ်တင်ရှင်တွေအဖြစ် အိပ်မက်ဆက်မက်ကြမယ်
ကျွန်တော်တို့လည်ပင်းပေါ်မှာထက်မြတဲ့
အမိန့်အာဏာရှိတယ်
ကျွန်တော်တို့ညီညီညာညာကန့်ကွက်ပါတယ်
ကျွန်တော်တို့အသက်ဟာ
ကျွန်တော်တို့ယုံကြည်ချက်ထက်အရေးကြီးတယ်
အစိမ်းရောင်ဟာ ငြင်းခုံခြင်းရဲ့သင်္ကေတ
အစိမ်းရောင်ဟာစီးနေတဲ့ရေကို
တံ့ပစ်လိုက်ဖို့ဆောက်လုပ်ထားတဲ့ ရေကာတာ
အစိမ်းရောင်ဟာ
လှောင်အိမ်ထဲကငှက်ကို အတောင်ချိုးမယ့် ပါးကွက်သား
အစိမ်းရောင်များ ပြိုင်တူထရပ်ကြ
အစိမ်းရောင်များ တစ်သံတည်း တစ်မိန့်ကိုရွတ်ကြ
အစိမ်းရောင်ဟာ လိပ်ပြာမသန့်ခြင်းရဲ့
နောက်ဆုံးပေါ် အမည်နာမလည်းဖြစ်တယ်။

လင်းသက်ငြိမ်

Viewing all articles
Browse latest Browse all 9633

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>