ကိုသန်းလွင် - TPP - ပစိဖိတ်နိုင်ငံများ ကုန်သွယ်မှုသဘောတူ စာချုပ်
(မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၅
(၁)
ပစိဖိတ် ပါတနာရှစ် (TPP . Trans-Pacific Partnership) ဆိုသည်မှာ ပစိဖိတ် နိုင်ငံ ၁၂ နိုင်ငံ ပါဝင်သော ကုန်သွယ်ရေး သဘောတူ စာချုပ်ကိုခေါ်ပါသည်၊ ကမ္ဘာကြီးတခုလုံး ဂျီဒီပီ၏ ၄၀ % မျှပမာဏရှိ သောစီးပွားကုန်သွယ်မှုဖြစ်သဖြင့် အရေးကြီးသော သဘောတူညီချက်တခုဖြစ်ပါသည်။
အောက်တိုဘာ (၅)ရက်နေ့တွင် ဤကြေငြာချက်ထွက်ပေါ်နိုင်ရန် ဆက်တိုက်နေ့မအား ညမအား စေ့စပ် ဆွေးနွေး ခဲ့ကြရပါသည်၊ ကနဦးစတင်ပြီး ဆွေးနွေးချိန် မှ စပြီးရေတွက်သော် ငါးနှစ်တာ မျှအချိန်ယူခဲ့ ရပါသည်။ ၁၉၉၅ ခုနှစ် WTO-World Trade Organization ခေါ် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း ဖွဲ့စည်းပြီးသည့်နောက် အနှစ် ၂၀ အတွင်း အကြီးမားဆုံးစာချုပ် ချုပ်နိုင်ခြင်း၊ သဘောတူညီမှုတခု ရရှိကြ ခြင်းပာုဆိုနိုင်ပါသည်။
အပြီးသတ်ညှိနှိုင်းချိန်တွင် အခက်အခဲများရှိနေသောကြောင့် သမ္မတအိုဘားမားက အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင် များဆီသို့ အမြန်လက်မှတ်ထိုးနိုင်စေရန် ကိုယ်တိုင်တယ်လ်ီဖုံးဆက် မေတ္တာရပ်ခံခဲ့ရပါသည်၊ ပစိဖိတ်နိုင်ငံ ၁၂ နိုင်ငံမှ စီးပွားရေး ၀န်ကြီးများသည် အပြီးသတ်ဆွေးနွေးပွဲကို ဂျော်ဂျီယာပြည်နယ် အတလန္တာမြို့တွင် စက်တင်ဘာလ ၃၀ ရက်နေ့က စတင်ခဲ့ကြခြင်းဖြစ်ပါသည်၊ ယခင်က တနင်္ဂနွေနေ့ တွင် ကြေငြာရန် သဘောတူညီချက် ရပြီးမှ အရွှေ့ ဆိုင်းခဲ့ရပါသေးသည်၊ ဤစာချုပ်ချုပ်ဆိုနီုင်ရန် အတွက် ၂၀၁၀ မတ်လမှစတင် ရေတွက် သော် ၀န်ကြီးများသည် ၃၂ ကြိမ်တွေ့ဆုံ စည်းဝေးခဲ့ကြပါသည်။
၂၀၀၆ ခုနှစ်က စင်္ကာပူ၊ ဘရူးနိုင်း၊ ချီလီ နှင့် နယူးဇီလန်နိုင်ငံတို့ ကုန်သွယ်ရေးဝန်ကြီးများ စုဝေးဆွေးနွေးကြရာမှ နောင် တီ၊ပီ၊ပီ ဟုဖြစ်လာမည့် ဤ သဘောတူညီ ချက်ကို အစပျိုးခဲ့ကြခြင်း ဖြစ်ပါသည်၊ နှစ်နှစ်ခန့်အကြာ တွင် အမေရိကန်၊ သြစတြေးလျ နှင့် ပီရူးနိုင်ငံတို့ က ဤ ၄ နိုင်ငံအဖွဲ့နှင့် လွတ်လပ်သော ကုန်သွယ်ရေးစာချုပ် ( Free Trade ) ကို ချုပ်ဆိုရန် စိတ်ဝင်စားကြောင်းကျေငြာ ခဲ့ကြပါသည်၊ ထိုအချိန်မှစ၍ တီ၊ ပီ၊ ပီ ဆိုသော ဝေါဟာရ အသက်ဝင်စတင်ခဲ့ ပါသည်။
၂၀၁၀ ခုနှစ် ထဲမှာပင် မလေးရှား နှင့် ဗီယက်နမ် နိုင်ငံတို့ ပါဝင်လာပါသည်၊ ၂၀၁၂ခုနှစ်တွင် မက်စီကို နှင့် ကနေဒါတို့ ပါဝင်လာကြပြီး ၂၀၁၃ ခုနှစ်တွင် ဂျပန်နိုင်ငံ ပါဝင်လာပါသည်။
စာချုပ်ပါ အချက်အလက်များကို အသေးစိတ် ထုတ်ဖော်ကျေငြာခြင်း မရှိသေးသော်လည်း အကြမ်းအား ဖြင့် အောက်ပါအချက်များ ပါဝင်ပါသည်။
• ကုန်ပစ္စည်းများစွာကို အဖွဲ့ဝင်နိုင်ငံ အချင်းချင်း အကောက်ခွန်မဲ့ ( duty Free ) ကုန်သွယ်နိုင်ကြ မည်ဖြစ်ပြီး အချို့ ကုန်ပစ္စည်းများ ကိုမူ အကောက်ခွန်ကို လျော့ပေါ့ပေးကြရမည်၊ အမေရိကန်နိုင်ငံ တွင် ပစ္စည်းအမယ်ပေါင်း ၁၈,၀၀၀ မှာ အကောက်ခွန်မဲ့ဖြစ်သွားပါသည်၊ ဂျပန်လော်ရီကားများ ကိုမူ ယခင်ကလိုပင် အမေရိကန်ပြည်သို့ တင်သွင်းရာတွင် အကောက်ခွန်မှာ နောင်အနှစ် ၃၀ ရှိမြဲရှိနေပါဦးမည်၊
• ကျန်းမာရေးဆိုင်ရာ ဆေးပစ္စည်းများ၏ မူပိုင်ခွင့် မှာ ၅ နှစ်မှ ၁၂ နှစ်အထိ သက်တန်းရှိပါသည်၊
• အဖွဲ့ဝင်နိုင်ငံများသည်ဈေးနှုန်းတဖက်စောင်းနင်းမဖြစ်စေရန်မိမိ၏ငွေကြေးတန်ဖိုးကိုလျှော့ မချကြရပါ။
• မော်တော်ယာဉ် ထုတ်လုပ်ရာတွင် Country of Origin ကို မိမိနိုင်ငံဟုထုတ်ပြန်နိုင်စေရန် ပစ္စည်း အားလုံး၏ ၄၅%ကို အဖွဲ့ဝင်နိုင်ငံများ မှ ၀ယ်ယူရမည်။
• အဖွဲ့ဝင်နိုင်ငံအချင်းချင်း ( ဥပမာ- ကနေဒါ၏ နို့ထွက်ပစ္စည်း) ဈေးကွက်ကို ပြင်ပ မှ ၃.၂၅% သာတင်သွင်း ခွင့်ပြုမည်၊ (Quota) ကိုတာကို ၅နှစ်တာကာလ အတွင်း အဖြေးဖြေး တိုးမြှင့်သွား မည်၊
• အဖွဲ့ဝင်နိုင်ငံများသည် အလုပ်သမားဥပဒေ နှင့် ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဆိုင်ရာ စည်းကမ်းများ ကို လိုက်နာရမည်။
ဂျပန် နှင့် အမေရိကန် ကနေဒါ နှင့် မက္ကစီကို နိုင်ငံတို့ မှ ကားထုတ်လုပ်ရေး အတွက် Country Of Origin ကိစ္စသဘောတူညီ မှုရရန် အကြိမ်ကြိမ်ညှိနှိုင်းခဲ့ရပါသည်၊ ကနေဒါ၊ ဂျပန်၊ နယူးဇီလန် စသည်တို့က မိမိတို့ နိုင်ငံအတွင်းရှိ နို့ထွက်ပစ္စည်း ဈေးကွက်ကို ပြင်ပနိုင်ငံများ မှ ၀င်ရောက်ပြီး ရောင်းချခွင့် ပေးရေးကို ၀န်လေးခဲ့ကြသည်၊ ဂျပန်နိုင်ငံက မိမိနိုင်ငံတွင်းသို့ ပြင်ပမှ အမဲသား ၀င်ရောက်ရောင်းချခွင့်ကို ခွင့်ပြုတော့ မည်ဖြစ်သည်၊
ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှု (Free Trade) ဆိုသည့် အားလျော်စွာ ထိုနိုင်ငံများအတွင်း ကုန်သွယ်မှုအတွက် အတားအဆီး ပြဿနာများကို ဖယ်ရှားပေးကြရမည်ဖြစ်သည်၊ ဥပမာ အကောက်ခွန်၊ ဗီဇာ၊ လိုင်စင်ကိစ္စ စသည်တို့ဖြစ်ကြပါသည်၊ တချိန်တည်းမှာပင် တနိုင်ငံနှင့်တနိုင်ငံ ကျန်းမာရေးနှင့် Safety (လုံခြုံမှု) သတ်မှတ်ချက်များကိုလည်း ညှိနှိုင်းပေးရမည်ဖြစ်၏။
မူပိုင်ခွင့် အခွင့်အရေးများ (Intellectual Property) နှင့်အစိုးရက ၀ယ်ယူသော တင်ဒါပစ္စည်းများအတွက် ပွင့်လင်းမြင်သာကြရမည့်အပြင် နိုင်ငံခြားမှရင်းနှီးမြုပ်နှံသူများအတွက်လည်း လုံခြုံမှု ပေးနိုင်ရမည်ဖြစ်သည်၊ ရင်းနှီးမြုပ်နှံမည့် ကုမ္ပဏီကြီးများအနေဖြင့် အဖွဲ့ဝင်နိုင်ငံ၏(အစိုးရကသိမ်းယူထားသည်ဆိုလျင် )(သို့မပာုတ်) အငြင်းပွားစရာကိစ္စ တစုံတရာ ပေါ်ပေါက်ခဲ့လျင် အစိုးရကို တရားဝင်နည်းလမ်းများနှင့် တောင်းဆို နိုင်ကြပါလိမ့်မည်။
အမေရိကန်၌ သမတကြီး၏ပါတီဖြစ်သော ဒီမိုကရက်တစ်ပါတီဝင်များကပင် ဤသဘောတူညီမှုကို ဆန့်ကျင်နေကြရာ ဤစာချုပ် အတည်ဖြစ်ရေးအတွက် အခက်အခဲများစွာရှိနေပါသည်၊ အဖွဲ့ဝင် ၁၂နိုင်ငံလုံး၏ အစိုးရများက မိမိနိုင်ငံ၏ ဥပဒေပြုဌာနများတွင် အတည်ပြုချက် ယူရန်လိုပါသည်၊ မကြာမှီက မှပြဌာန်းလိုက်သော ဥပဒေများအရ သမ္မတအိုဘားမားမှ တရားဝင် တင်ပြပြီး ရက်၉၀အတွင်း ကွန်ဂရက်ကအဖြေထုတ်ပေးရပါမည်၊ ကနေဒါ အတိုက်အခံ ခေါင်းဆောင်ကမူ သူသာရွေးချယ်ခံရပါက တီပီပီကို အတည်ပြုမပေးနိုင်ပာု ကျေငြာ ထားသည်။
(၂)
ဤသဘောတူညီချက်များနှင့် ပတ်သက်၍ ပဌမ ဝေဖန်ချက်ပေါ်ထွက်လာခဲ့သည် မှာ စီးပွားရေး နိုဘယ်လ်ဆုရှင် Joseph Stiglitz ထံမှဖြစ်သည်၊ သူကလွတ်လပ်သော ကုန်သွယ်ရေးဇုံ ဟုခေါ်ဝေါ် နေ ကြသော်လည်း တကယ်စင်စစ် တွင် ချမ်းသာသော နိုင်ငံကြီးများ၏ စီးပွားရေးသမားများက သူတို့ အကျိုးစီးပွားကို ကာကွယ်ရန် ကြိုး ပမ်းချက်သာဖြစ်သည်ဟု ဆိုလိုက်သည်။
နယူးဇီလန် နိုင်ငံမှာ ကနေဒါ နှင့် အမေရိကန်နိုင်ငံတို့၏ သူတို့၏ နို့ထွက်ပစ္စည်းလုပ်ငန်း ဈေးကွက် နှင့် ပတ်သက်၍ မကြေနပ်သောကြောင့် ဆွေးနွေးပွဲ မှ ထွက်ရန် အကြိမ်ကြိမ် ကျိုးစားခဲ့သည်ဟု ဆိုသည်၊ သြစတြေးလျ နိုင်ငံမှာ အမေရိကန်နှင့် မက္ကဆီကို နိုင်ငံ တို့၏ သကြားဈေးကွက် အပေါ် ဗိုလ်ကျနေခြင်းကို ကန့်ကွက်ခဲ့သည်ဟု ပြောသည်၊ အမေရိကန်က ဂျပန်ပြည်က ရောင်းသော ဆန် အတွက် အကောက်ခွန် နှုံးထားတွင် အဆင် မပြေ ဖြစ်ကြသည်။
စာချုပ်တွင် ရင်းနှီးမြှုပ်နှံသူနှင့် လက်ခံရာနိုင်ငံတို့အကြား ပြဿနာပေါ်ပေါက်ခဲ့လျင် ဖြေရှင်းရမည့် စည်းကမ်းတစ်ခုသတ်မှတ်ထားသည်၊ ISDS ( Investor- State Dispute Settlement System) ကိုဖြေရှင်းသောစံနစ်တွင် နိုင်ငံတော်အစိုးရများသည် သီးခြားလွတ်လပ်သော ဖြေရှင်းရေးအဖွဲ့၏ ဆုံးဖြတ်ချက်ကို လိုက်နာရန် တာဝန်ရှိသည်၊ အမေရိကန်သည် ဥရောပ နိုင်ငံများနှင့် ဆက်ဆံရာတွင် Transatlantic Trade and Investment Partnership ခေါ်သဘောတူညီမှု တစ်ခုရှိသည်၊ ထိုဥပဒေနှင့် ဆင်ဆင်တူသော စံနစ်ကို တီ၊ပီ၊ပီတွင် ထည့်သွင်းလိုကြခြင်းဖြစ်သည်၊ ဥရောပနိုင်ငံများ၏ ဥပဒေများမှာ နိုင်ငံတကာက လေးစားလောက်သည် ဆိုသော်လည်း အမေရိကန်တို့က လွတ်လပ်သော သီးခြား အဖွဲ့အစည်း က အဆုံးဖြတ်ပေးသည်ကို ပိုမို လိုလားသည်၊
Philip Morris ခေါ်ဆေးလိပ်ကုမ္ပဏီသည် သြစတေးလျနှင့် ဥရုဂွေး နိုင်ငံတို့နှင့် ဆေးလိပ်ဗူးပေါ်တွင် သတိပေးစာတန်း ရိုက်မရိုက်နှင့်ပါတ်သက်ပြီး အငြင်းပွားခါ ထိုနိုင်ငံများအပေါ်တရားစွဲဆိုထားသည်၊ ကနေဒါနိုင်ငံမှာ ထိုသို့တရားရင်ဆိုင်ရန်မလိုလားသောကြောင့် အလျှော့ပေးလိုက်ရသည်၊ ဤဥပမာတွင် အစိုးရက ပြည်သူတို့အပေါ် အန္တရာယ်ကျရောက်ရန်ရှိသည်ကို သတိပေးခွင့် မရှိသလိုဖြစ်နေပါသည်၊
မစ္စတာ စတစ်ဂလစ် ကပေးသော နောက်ဥပမာတစ်ခုတွင် အက်(စ)ဘက်(စ)တော့ ကုမ္ပဏီ ကြီးတခုက သူ့ထုတ်ကုန်ကြောင့် လူတို့ အသက်အန္တရာယ်ထိခိုက်ကြောင်း ပေါ်လွင်လျင် သက်ဆိုင်ရာအစိုးရက သေသူကိုလျော်ကြေးပေးရမည့်အပြင် အလုပ်ပျက်သောကြောင့် ကုမ္ပဏီ ကိုလည်း လျော်ကြေး ပေးရမည့် ပုံစံပေါက်နေသည်ဟုဆိုသည်၊ အစိုးရများသည် မိမိ တိုင်းသူပြည်သား တို့၏အသက်အန္တရာယ် ကိုအကာအကွယ် မပေးနိုင်သည့် အခြေအနေသို့ရောက်သွားလိမ့်မည်ဟု ဝေဖန်လိုက်သည်၊
ဝိ၀ါဒကွဲဘွယ် ပြဿနာပေါင်းစုံကြောင့် ဤစာချုပ်ကို ၁၂ နိုင်ငံလုံးက သဘောတူညီစွာ လက်မှတ်ရေးထိုးနိုင်ရေး အတွက် နိုင်ငံအသီးသီးတွင် ခက်ခဲစွာ ထပ်မံ ဆွေးနွေး ကြရလိမ့်မည်ဟု နိမိတ်ဖတ်ခဲ့သည်။
တရုပ်နိုင်ငံအနေဖြင့် ထိုပစိဖိတ်စာချုပ် အပေါ်တွင် အမြင်ကြည်လင်မှု မရှိနိုင်ပေ၊ အမေရိကန်နိုင်ငံ၏ ဒေသတွင်းနိုင်ငံများအပေါ် သြဇာသက်ရောက်ရန် ဖန်တီးချက်တရပ်ဟု ယူဆဟန်ရှိသည်၊ ဘယ်နိုင်ငံတွေက စာချုပ်ကို ဘယ်လိုဘဲ ချုပ်ချုပ် WTO က ချမှတ်ထားသော စည်းကမ်းများနှင့်ူ အပြည်ပြည်ဆိုင်ရာ ဥပဒေများကို လိုက်နာကြရလိမ့်မည်ဟု သတိပေးနေသည်။
ထို့ပြင် တရုပ်နိုင်ငံက ASEAN အပါအ၀င် ၁၆ နိုင်ငံ နှင့် ဒေသတွင်း ကူးသန်းရောင်းဝယ်ရေးအတွက် သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးကြိုးပမ်းလျက်ရှိပါသည်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ နယူးဇီလန်တို့ ပါဝင်သော သဘောတူညီချက် မှာ တီပီပီ အလားတူ ကြီးမားကျယ်ပြန့်လာရန် မျှော်လင့် လျက်ရှိပါသည်။
တီပီပီ၏ သဘောတူညီချက်များတွင် ကုမ္ပဏီကြီးများက မကျေနပ်ပါက နိုင်ငံတော်အစိုးရကို တရားစွဲ ဆိုပိုင်ခွင့်ရှိသည်ပာု ဆိုထားရာ တရုပ်ပြည်အနေဖြင့် တီပီပီသို့ ဖိတ်ခေါ်သည်ဆိုလျင်ပင် ပူးပေါင်း ပါဝင်လာနိုင်စရာ အကြောင်းမရှိလှပေ၊ ထိုနည်းတူ မိမိပြည်တွင်းတွင် အလုပ်သမားရေးရာ ဥပဒေများ ရှုပ်ထွေးလှသော အိန္ဒိယနိုင်ငံအနေဖြင့်လည်း တီပီပီသို့ဝင်ရန် စိတ်မ၀င်စားလှပေ၊ ဗီယက်နမ် နိုင်ငံကမူ ကွန်မြူနစ်ပါတီ၏ လွှမ်းမိုးမှုမရှိသော အလုပ်သမား ယူနီယံကို ရပ်တည်ခွင့်ပေးတော့မည်ဖြစ်၏၊
တောင်ကိုးရီးယားနိုင်ငံသည်သာ တီပီပီသို့ အမြန်ဆုံးအသင်းဝင်လိုသည်ပာု မကြာမီက ကျေငြာခဲ့သည်၊ အဖွဲ့ဝင် ၁၂နိုင်ငံအနက် ၁၀နိုင်ငံနှင့် လွတ်လပ်သော ကုန်သွယ်ရေးစာချုပ်ချုပ်ထားပြီးဖြစ်ရာ တောင်ကိုးရီး ယားနိုင်ငံအဖို့ အဖွဲ့ဝင်ဖြစ်လာရေးမှာ အခက်အခဲ မရှိလှပေ။
အမေရိကန်ပြည် ရီပါတ်ဘလီကင်ပါတီမှ သမ္မတလောင်းအရွေးခံမည့် ဒေါ်နယ်ထရန့် ကမူ တီပီပီကို ဆန့်ကျင် ကြောင်းကျေငြာခဲ့သည်၊ ဒီမိုကရက်တစ် ပါတီဘက်မှ မစ္စစ် ကလင်တန်ကလည်း စာချုပ်၏ သမာသမတ်ကျမှုကို မေးခွန်းတွေထုတ်နေသည်၊ နောင်နှစ် သမတရွေးကောက်ပွဲ မတိုင်မှီ ဤစာချုပ်ကို အတည်ပြုရမည် ဖြစ်ရာ ရွေးကောက်ပွဲမဲဆွယ်မှုများအတွင်း ဝေဖန်ဆွေးနွေးဘွယ်ရာ ကိစ္စဖြစ်လာပါလိမ့် မည်၊
(၃)
ပေါ်လစီသုတေသနဌာန များက တီပီပီကြောင့် သက္ကရာဇ် ၂၀၂၅ တွင်ကမ္ဘာ့စီးပွားရေးသည် ၂၂၃ ဘီလီယံမျှတိုးပွားလာမည်ဟုခန့်မှန်းသည်၊ တိုးတက်မှုသည် ဖွံ့ဖြိုးစ နိုင်ငံများတွင်ပိုမိုသိသာပြီး ဗီယက်နမ် နိုင်ငံအတို့ ဂျီ။ီပီ သည် ထိုကာလများအတွင်း ၁၀ % မျှတိုးပွားလာလိမ့်မည်ဟုဆိုသည်၊ ဆင်းရဲသော နိုင်ငံများအဖို့ ချမ်းသာကြွယ်ဝလာဘို့ဆိုလျင် ကုန်သွယ်ရေးလုပ်ငန်း များသည်သာ အသေချာဆုံးဖြစ်နေ ပါသည်၊
စေ့စပ်ဆွေးနွေးမှုများဖြင့် တိုးတက်လာသောကမ္ဘာကြီးတွင် ဤစာချုပ် ကို အဖွဲ့ဝင် ၁၂ နိုင်ငံလုံးက အတည်ပြုမပြုကို စောင့်ကြည့် ရပါလိမ့်မည်၊ မစ္စတာ စတစ်ဂလစ်ယူဆသကဲ့သို့ အင်အားကြီး နိုင်ငံများ ဘက်က တဖက်စောင်းနင်း အားသာနေလျင် အကောင်အထည်ဖေါ်ရန် မဖြစ်နိုင်ပေ၊ သို့ပါသော်လည်း ခက်ခက်ခဲခဲ စေ့စပ်ဆွေးနွေးကြရခြင်း အကျိုးရလာဒ်မှာ အချည်းနှီး မဖြစ်သင့်ပါပေ၊
ကိုသန်းလွင်