ဖိုးထက် - သူတို့ ချီးစားတိုင်း လိုက်စားလို့မဖြစ်
(မိုးမခ) အောက်တိုဘာ ၁၈၊ ၂၀၁၅
(မိုးမခ) အောက်တိုဘာ ၁၈၊ ၂၀၁၅
၂၀၀၈ ညောင်နှစ်ပင် အခြေခံဥပဒေကို လွှတ်တော်ထဲမှာပြင်ကြဖို့ မဲခွဲစဉ်က ကျွန်တော် အများကြီး မျှော်လင့်ခဲ့ဘူးသည်။ လူမှုဆက်ဆံရေးတွင် မည်သည့် အရေးကိစ္စမှာမဆို ( ဥပမာ။ ။ နိုင်ငံရေး၊ အချစ်ရေး၊ မိတ်ဆွေ ဆက်ဆံရေး၊ မိဘနှင့် သား သမီး ဆက်ဆံရေး) မျှော်လင့်ချက် အကြီးကြီးထားလျှင် ရင်ကွဲနာလည်း အကြီးကြီး ကျတတ်သည်။ မမျှော်လင့်ထားသော ကိစ္စများ၊ လက်ပြနှုတ်ဆက်ခဲ့သော အိပ်မက်များ၊ ထင်သလိုဖြစ်တော့မှာမဟုတ်တော့ဘူးဟု စိတ်ထဲက ယုံကြည်လိုက်သော အရာများအတွက် ခံစားရစေအုံးတော့။ ရင်ထဲက အနာမကြီး။ မယဉ်း။ သို့သော် ထို ၅၉ (စ)၊ ၄၃၆ ပုဒ်မတွေကို ပြင်ဖို့ မဲခွဲစဉ်က ကျွန်တော် အကြီးကြီး မျှော်လင့်ခဲ့ဘူးသည်။ သူတို့က ပြင်မယ်လို့ ပြောခဲ့သည်။ ကျွန်တော်တို့ ပြည်သူလူထုအတွက် ဆင်ချင်ပါ့မယ်လို့လည်း ဆိုခဲ့သည်။ သူတို့၏ လူဝါးဝ ပုဒ်မ၊ လူပေါ် လူဇော် အဓမ္မ ပုဒ်မ ၄၃၆ ကို မပြင်ရင်တောင် ၅၉(စ) လောက်တော့ အလျှော့ပေးမှာပါလို့ နုံချာစွာ ထင်မှတ်ခဲ့သည်။ အဖြေထွက်လာတော့ ကွဲလိုက်တဲ့ရင်။ ၀မ်းနည်းတာ အစရှာ မရ။
ထို့အပြင် ခြေဥ ပြင်၊ မပြင် လွှတ်တော်ထဲမှာ မဲခွဲတာ အဖြေထွက်လာတော့ မအောင့်မအီးနိုင်ဘဲ ၀မ်းသာအားရ ဖြစ်ကြသည့် မြန်မာနိုင်ငံသားစစ်စစ် စစ်သားကြီးတွေကို မမုန်းနိုင်ဘဲ တုံးလိုက်တာလို့ မြင်ခဲ့သည်။ အေးအေးသက်သာ အောင်မြင်စွာ ဆုတ်ခွာရမည့်အခြေအနေတစ်ခုကို လက်လွှတ်ဆုံးရှုံးခံလိုက်ပြီး ဘယ်တော့မှ မနိုင်မယ့် တိုက်ပွဲတစ်ခုကို ဆက်တိုက်ချင် နေသည့် သူတို့လောက် ဒူ တာ၊ အ တာ မရှိလို့ မြင်မိသည်။ သူ့ ကိုယ်မယုံ၊ ကိုယ့် သူမယုံ ဇာတ်လမ်းကြီးကို ဆက်က ချင်နေတာပါလားလို့ ထင်မြင်မိသည်။ အာဏာရှင်စနစ်၊ လက်ဝါးကြီးအုပ်စနစ်ကို ခေတ်ကာလအဆက်ဆက်၊ မျိုးဆက် အဆက်ဆက် ဘာနိုင်ငံရေး မျိုးရိုးမှ မရှိပါဘဲ လူထဲက လူတွေက တွန်းလှန် ဆန့်ကျင်နေကြအုံးမှာဆိုတာ ဒင်းတို့ နားမလည် လေရော့သလား။ တုံးအလိုက်တဲ့လူတွေ။ အားလုံး စိတ်လက်ချမ်းသာ ဖြစ်ကြရမယ့်အခွင့်အရေးတစ်ခုကို ပုတ်ချ၊ ဆောင့် ကန်လိုက်တာလို့ ထင်မိသည်။ ကမ်းလင့်သောလက်ကို မထီမဲ့မြင် မလေးမစား ပြုမူခြင်းသာ ဖြစ်သည်။ ထိုခံစားရသမျှများကို စာစီကုံးလို့ “မတုံးစမ်းပါနဲ့” ဆိုသည့်စာတစ်ပုဒ် ရင်ဘတ်ထဲက အံထွက်မိသည်။
စာရေးခြင်းတွင် စာရေးသူက သူ့ဘာသာ မည်မျှပင် ကြိုးစားပမ်းစား အစွမ်းကုန် အားထုတ်ရေးပြီး မည်မျှပင် သူ့ဘာသာ အားရကျေနပ်သော်လည်း စာဖတ်သူများနှင့် ရင်ခုန်သံထပ်တူမကျလျှင် ယောင်လို့မှ လှည့်ကြည့်တာတောင် မခံရသည့် စာမျိုး ဖြစ်တတ်သည်။ သို့သော် ထိုစဉ်က ကျွန်တော်၏ “မတုံးစမ်းပါနဲ့” စာတမ်းလေးမှာ စာဖတ်သူများ၏ စိတ်ထဲတွင် ထိထိ ခိုက်ခိုက် ဖြစ်နေချိန်မျိုးနှင့် ကံအားလျော်စွာတိုက်ဆိုင်ပြီး အလေးထားပြီး ဖတ်ခဲ့ကြသည်။ (ကျွန်တော့်အထင်။) ထို့ကြောင့် သူတို့အစား ဖွင့်အံထွက်သည့် ခပ်ချာချာ ကျွန်တော့်စာလေးကို ၀မ်းသာ အားရ ဖတ်ကြတာ တွေ့ရတော့ စာရေးသူတို့ ထုံးစံ အတိုင်း ကြည်နူးမိသည်။ သို့သော် ရာနှုန်းပြည့်တော့ မဟုတ်။
ကျွန်တော်ရေးသော ထိုစာလေးကို ကာချုပ်ခေါင်းမှာ ထမိန်ပါတ်ထားသည့် ကွန်ပြူတာနည်းပညာနှင့် ပြုပြင်ထားသော ပုံနှင့် တွဲစပ်ပြီး (မည်သူလုပ်သည်မသိ။ မိုးမခအယ်ဒီတာများ လက်ချက်မဟုတ်တာတော့ သေချာသည်။) အချင်းချင်း လက်တို့ ကြခြင်းအတွက် ရာနှုန်းပြည့် မပျော်နိုင် ဖြစ်ရ၏။ ကိုယ်ရေးသော စာကို လှိုက်လှိုက်လှဲလှဲ ဖတ်နေမှန်း သိပါရဲ့နှင့် မပျော်နိုင် ဖြစ်ရသည်။
စာရေးသူတိုင်းသည် ကိုယ်ရေးသောစာကို ရင်ဘတ်နှင့် ခံစား၊ စိတ်မျက်စိဖြင့်ပါ ဖတ်သည့် မည်သူ့ကိုမဆို ချစ်ခင်နှစ်သက် တွယ်တာကြသည်မှာ သဘာဝဖြစ်သည်။ ထိုသဘာဝမှာ ကျွန်တော်လို ငပမွှား စာရေးသူမဆိုထားနှင့် ဆင်ကလောင်၊ ဂေါ်ဇီ လာ ကလောင်ကြီးတွေအထိ ရှိတတ်ကြသည် မဟုတ်ပါလား။ ဥပမာအားဖြင့် ဆရာကြီး ရွှေဥဒေါင်းနှင့် ဆရာကြီး သခင်ကိုယ် တော်မှိုင်းတို့ မြစ်ကြီးနားဘက်ကို ရထားနှင့်ခရီးသွားစဉ် ပြောင်းဖူးပြုပ်သည်များနှင့်ပတ်သက်သည့် ဆရာကြီး၏ စာချိုးတစ်ခု ကို ဆရာကြီးရွှေဥဒေါင်းက သခင်ကိုယ်တော်မှိုင်းကြီး ရှေ့ထားပြီး အလွတ်ရွတ်ပြတော့ ဆရာကြီးက ကျေနပ်ခဲ့သေးသည် မဟုတ်ပါလား။
အခုလဲ ကျွန်တော်ရေးခဲ့သည့် စာတစ်ပုဒ်အတွက် ရင်ဘတ်ခြင်း ဂျက်ပင်တပ်ခံစားကြသောအခါ ကျွန်တော်လို လက်သင် ကလောင်အတွက် အဘယ်မှာ မကြည်နူး၊ မကျေနပ်ဘဲ ရှိပါအံ့နည်း။ သို့သော် နိုင်ငံ့ခေါင်းဆောင် (သူ့ဘာသာ ကောင်း ကောင်း၊ မကောင်းကောင်း) တစ်ယောက်၏ခေါင်းမှာ ထမိန်ပတ်ပေးပြီး ကျွန်တော့်စာနှင့်တွဲခြင်းကို စိတ်ထဲမှာ ဘ၀င်မကျမိ။ ကျွန်တော်ဆိုလိုသည့် ထိုစာပုဒ်ရဲ့အဓိပ္ပါယ်က သူတို့ကို စော်ကား မော်ကား လုပ်လိုသည့် သဘောမဟုတ်။ “အမှန်ကို အမှန် အတိုင်း လက်မခံနိုင်သည့် ခပ်တုံးတုံး လူတွေပါလားဗျာ”…ဆိုသည့် ဒေါသ သင့်ကောင်း သင့်မည်။ သို့ပေသိ ရိုင်းရိုင်းရင့်ရင့်၊ ရင့်ရင့်သီးသီး ပြောချင်စိတ် အလျင်းမရှိဘဲ တုံးလိုက်တဲ့ လူတွေ၊ အလိုက်တဲ့ လူတွေရယ်ဆိုသည့် သနားစိတ်သာ များခဲ့ပါ သည်။
လူသည် တစ်ဖက်သားကို ခပ်ရင့်ရင့်၊ ခပ်တင်းတင်း၊ လက်ညှိုးငေါက်ငေါက်ထိုးပြီး ပါယ်ပါယ်နှယ်နှယ် တွယ်လိုက်ရခြင်းကို သိစိတ်က မသင့်တော်ဘူးလို့ သိနေအုံးတော့ မသိစိတ်က ကျေနပ်တတ်ကြသည်။ ငါတွယ်လိုက်တာ ဒင်းကော့သွားတာဘဲ ဟူသည့် စိတ်ကလေးများ ရှိတတ်ကြသည်။ လူသတ္တ၀ါ၏ မွေးရာပါ အရိုင်းစိတ်ဟု ဆိုချင်သည်။ ဆိုရှယ်နက်ဝပ်ခ်ခေတ်ကြီးမှာ အဆီးအတားမရှိ ပြောချင်သလို ပြောလို့ရသည်။ ကြွားချင်သလို ကြွားလို့ရသည်။ မကောင်းမှုကို တဆိတ်လုပ်ပြီး ကောင်းမှု ကို တစ်လှည်း လုပ်လို့ရသည်။ လူပေါ် လူဇော် ပါမောက္ခ လေသံများ ပြောနိုင်သည်။ ထို့အတူ ကျွန်တော် ချစ်ရ၊ ခင်ရသော လူများက အောင်သောင်း၊ မင်းအောင်လှိုင်၊ သိန်းစိန်ဟု ကျွန်တော့်ရှေ့မှာလာပြောလျှင် “ရှေ့က “ဦး” တပ်ခေါ်ပါကွာ။ မ ကောင်းပါဘူး” လို့ စောဒကတက်မိသည်။ ဆရာလုပ်မိသည်။
ဒေါသထွက်မိလျှင် အတော်အောက်တန်းကျကျစကားများ ကျွန်တော့်နှုတ်ကထွက်တတ်သည်ကို သိသောသူများက မင်းလဲ ဘာထူးလဲဆိုသည့် သိနှင့် ပြန်ကြည့်တာကို ခံရသည်။ ဒေါသထွက်စဉ်မှာ၊ မခံစားနိုင်လောက်အောင် စိတ်ထဲပူလောင် ခံပြင်း နေချိန်မှာ လူသာမန်များက “ငါ” ကိုင်တုပ် ဆဲတတ်ကြသလို ကျွန်တော်လည်း “ငါ” ကိုင်မတုပ်ပေမယ့် တစ်ခါတစ်ရံ အလွန် ရိုင်းသောအကောင် ဖြစ်သည်။ ပညာရှိများ၊ လူယဉ်ကျေးများ၊ အဆင့်အတန်းရှိသောသူများက ဘယ်အချိန်မျိုးမှာမဆို ကောင်းကောင်းမွန်မွန်၊ ချိုချိုသာသာ စကားများ ပြောနိုင်သော်လည်း ကျွန်တော်လိုအကောင်အတွက် အခုအချိန်အထိ ဒေါသထွက်လျှင် ကိုယ့်စိတ်ကိုယ် လွှတ်ထားနေမိဆဲ ဖြစ်သည်။ ဒါကောင်းတဲ့ အကျင့်စရိုက်မဟုတ်ဟု အသေအချာကြီး သိသော်လည်း အသိသည် အသိသာ ဖြစ်သည်။ အကျင့် မဟုတ်ပေ။ ကျွန်တော့်မသိစိတ်မှာ အဲဒီလို ဆဲ၊ ဆိုမိလျှင် နောင် တများဖြင့် ပူလောင် ၏ပြင်းပြပြီး ကျန်နေခဲ့ရသည်ချည်းသာ။
တစ်လောက ဘောလုံးပွဲတစ်ခုမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံကို ခြေထောက်များဖြင့် နင်းသည်ဆို သည့် သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရသည်။ နင်းသူတွေက ဘယ်သူတွေလဲလို့ကြည့်လိုက်တော့ နည်းနည်းမှ အံ့သြစိတ် မဖြစ်။ ဒီလူတွေဟာ ဒီလိုဘဲ လုပ်လာကြတာ ဆယ်စုနှစ် သုံး၊ လေးခု မကတော့။ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးမျိုး တိုက် ခိုက် သွားပုပ်လေလွင့် ရေးခဲ့၊ ပြောခဲ့ကြတာ နိုင်ငံပိုင်သတင်းစာများက သမိုင်းမှာသက်သေအဖြစ် ရှိကျန်နေခဲ့သည်။ နိုင်ငံ၏ ဦးဆောင် ဦးရွက်ပြုနေသည့် ၀န်ကြီးတစ်ပါး၏ အမျိုးသမီးက ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်သည့် အဆင့်အတန်းမဲ့ လုပ်ကြံသတင်းတစ်ပုဒ်ကို ပါယ်ပါယ်နယ်နယ် ဖြန့်ဝေခဲ့သေးသည်မှာ ဘာမှကြာသေးတာမဟုတ်။ “နှစ်ခါလာ နှစ်ခါ အနမ်းခံရ တာပေါ့” ဆိုသည့် စကား၏အဓိပ္ပါယ်နောက်မှာ အောက်တန်းကျ စုတ်ပဲ့သည့် အတွေးအခေါ်တွေ ဘယ်လောက်များများ ရှိနေသလဲဆိုတာ ခန့်မှန်းကြည့်နိုင်သည်။ ထိုကိစ္စများအတွက် ထူုးသည်မှ အံ့ရာသော် ဖြစ်စရာ မဟုတ်။ သို့သော် သူတို့ စုတ်စုတ်ပဲ့ပဲ့နေတိုင်း ကျွန်တော်တို့က စုတ်စုတ်ပဲ့ပဲ့ဖြင့် တုန့်ပြန်သင့်သလော။
ကာချုပ်၏ ဓာတ်ပုံကို ခြေထောက်မှာနင်းပြီး တုန့်ပြန်သည့်အတွက် အစိုးရက ရှာဖွေဖမ်းဆီးသည့်သတင်းကို ကျွန်တော် ဖတ်မိသည်။ ကိုယ်ကျတော့ လုပ်ချင်တာလုပ်။ ပြောချင်တိုင်းပြော။ သူများက ပြန်လုပ်တော့ မာနထိတယ်လို့ ခံယူပြီး အာ ဏာကို အစွမ်းကုန် အသုံးချသည့် သူတို့ကို ကျွန်တော်ဆန့်ကျင်ပါသည်။ ရွံမုန်းပါသည်။ သို့သော်လည်း ကာချုပ်ပုံကို ချနင်း သည့် သူများကိုလည်း ကျွန်တော် သဘောမတူချင်။
လက်ရှိ စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များနှင့် အစိုးရအဖွဲ့ ဘယ်လိုဆိုတာ အများသိသလို ကျွန်တော်လည်း သိပါသည်။ ကျွန်တော်တို့ ပြည်သူလူထုကို နည်းနည်းလေးမှ မစာနာ မထောက်ထားဘဲ သူတို့၏ မာန်မာနများ၊ အနိုင်ကျင့်မှုများဖြင့် အနာဂတ်ကို ခရီးဆက်ချင်နေတာ ကျွန်တော်လည်း သိပါသည်။ ကျွန်တော်တို့အပေါ် စိတ်ကောင်းစေတနာ ရှိသည့် အစိုးရ လို့ နည်းနည်းလေးမှ မြင်ပေးလို့မရ။ ကျွန်တော်တို့ စိတ်ထဲမှာ သူတို့ကို အမုန်းပင်ကြီးပေါက်ပြီး အမုန်းပွင့်၊ အမုန်းသီးတွေဘဲ ရင့်သထက်ရင့် ၊ မှည့်သထက် မှည့်လာသည်။
သို့သော် မြန်မာစကားတွင် “သူများချီးစားတိုင်း နင်လိုက်စားမလား” ဆိုသော အဓိပ္ပါယ်ရှိလှသည့်စကားရှိသည် မဟုတ်ပါ လား။ အခုလဲ သူတို့ချီးစားတိုင်း ကျွန်တော်တို့က လိုက်ပြီးစားလို့မဖြစ်။ ကိုယ့်အပေါ်မှာ နည်းနည်းမှ စိတ်ထဲမထားသည့် လူများကို လူ့သဘာဝအရ မုန်းတီးကြ၊ တုန့်ပြန်ချင်ကြတာ သဘာဝကျပေမယ့် ဒီမိုကရေစီအရေးမှာဖြင့် အောက်တန်းကျ သည့် တုန့်ပြန်မှုများကို ဒီမိုကရေစီ ဘက်တော်သားများက သာလို့ပင်မလုပ်ဘဲ နေနိုင်ရမည် မဟုတ်ပါလား။ နေသင့်ကြသည် မဟုတ်ပါလား။
အောက်တန်းကျသည့်နိုင်ငံရေးကို ဒေါ်စုဆန့်ကျင်သလို ကျွန်တော်တို့ကလည်း ခေါင်းဆောင်ကောင်းနောက်ကို ဖြောင့် ဖြောင့်ကြီး လိုက်ကြဖို့ လိုပါသည်။ စစ်အစိုးရကိုဆန့်ကျင်ဖို့ အထက်တန်းကျသည့် နည်းလမ်းများစွာ ကျွန်တော်တို့ကို အ ဘွားကြီးက နည်းပေး လမ်းပြပေးနေသည် မဟုတ်ပါလား။ ဘာသာရေးဖြင့် အောက်တန်းကျ တိုက်ခိုက်သည်ကို အဘွားကြီး တုန့်ပြန်ပုံက ဘယ်လောက်များ ပညာပြည့်ဝလိုက်ပါသလဲ။ သူ့အစား အချိန်ကို စကားပြောစေခဲ့သည်။ အခြေခံဥပဒေကို မပြင်ဖို့ဘက်ကနိုင်တော့ ဒေါ်စုဖွင့်ပြောတာက “သိပ်မထူးဆန်းပါဘူး” တဲ့။ သူတို့က ဒီလိုပါဘဲ၊ သူတို့ကို ယုံလို့မဖြစ်၊ ဆက်ပြီး တိုက်ကြစို့လို့ ကျွန်တော်တို့ကို တိုက်ပွဲခေါ်သံပြုခဲ့သည်။ မုန်းတီးစက်ဆုပ်သံ တစ်ခွန်းလေးမျှမပါ။ တကယ်ဆို သူခံစားပြီး မုန်းကြေးဆိုလျှင် ထိုလူတွေကို အမှုန့်တောင် ချေပစ်ချင်စိတ်များ ပေါ်နိုင်သည်။ ဒေါ်စုသည် ဒေါ်စုသာ ဖြစ်သည်။
ကျွန်တော်တို့အကုန်လုံးက ဒေါ်စုမဟုတ်။ သူ့လိုမျိုး ဗုဒ္ဓအဆုံးအမအောက်မှာနေထိုင်ပြီး မေတ္တာဖြင့် ပြည့်ဝသည့် အပြော အဆို၊ အနေအထိုင်မျိုး လိုက်ပြီး တုပနေထိုင်ဖို့ သူများတွေအတွက်တော့မသိ။ ကျွန်တော့်အတွက်ကတော့ ဓူဝံကြယ်ကို မောင်ယူပေးပါ့မယ်ဆိုတဲ့စကားကမှ ဖြစ်နိုင်ပါသေးသည်။ ကျန်းမာ ချမ်းသာကြပါစေ မောင်မင်းကြီးသား စစ်အစိုးရခေါင်း ဆောင်များလို့ မေတ္တာကြီး တွင်တွင်ပို့ဖို့ မဖြစ်နိုင်။ အမုန်းကို အချစ်နဲ့ တန်ပြန်ဖို့ ကျွန်တော်လည်း မလုပ်နိုင်သလို သူများကို လည်း မတိုက်တွန်းရက်ပါ။ သို့သော် အမုန်းကို၊ အဆင့်အတန်း နိမ့်ကျမှုများကို၊ အောက်တန်းကျမှုများကို၊ နှလုံးသား အေး စက် မာကျောမှုများကို တည်တည်ငြိမ်ငြိမ် ဆန့်ကျင်ဖို့ကိုတော့ ဒေါ်အောင်ဆန်းစုကြည်က မျှော်လင့်သည်လို့ ကျွန်တော် ယုံ ကြည်ပါသည်။ သူတို့ချီးစားတိုင်း ကျွန်တော်တို့ ချီးလိုက်စားဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးလေ။
ဖိုးထက်