Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

သွန်းခ - ဆရာသု ၊ကျောက်ဖရုံသီးနှင့် ကျွန်တော်

$
0
0

သွန်းခ - ဆရာသု ၊ကျောက်ဖရုံသီးနှင့် ကျွန်တော်
(မိုးမခ) အောက်တိုဘာ ၁၉ ၊ ၂၀၁၅


ဆရာဦးသုမောင်၏ "ကွမ်းစကား"စာစုများထဲမှ (ယခု တစ်ပေါင်းတစ်စည်းတည်း ဖြစ်သွားပါပြီ) "အနံ့ အသက်"စာစုလေးအား သတိရ ဖြစ်နေမိပါလေသည်။ ၁၉၉၃၊ ဇူလိုင်လ ထုတ် ကလျာ မဂ္ဂဇင်း တွင် ဖော်ပြခဲ့ပြီး "ကွမ်းစကား"တွင် အမှတ်ရဖွယ် ပြန်လည်ဖော်ပြထားခြင်းဖြစ်ပါ၏။ ဆရာ့စာအရ အနံ့အသက် နှင့် ပတ်သက် လျှင် အထူးသဖြင့် လူ့ခန္ဓာကိုယ်အနံ့ဆိုး၊ တနည်းအားဖြင့် ချိုင်းချွေးနံ့ အား ကျောက်ဖရုံသီး က အလွန်နိုင်ကြောင်း မှတ်သားရပါသည်။ 

အမှန်တကယ်လည်း ကျောက်ဖရုံသီးဟင်းခါး၊ ဟင်းချို၊ ကြော်ချက် အမျိုးမျိုး ချက်စားနိုင်ရုံမက ကျောက်ဖရုံသီးယို အဖြစ်လည်း လွယ်လင့်တကူ စားသုံးနိုင်ပါကြောင်း ဆရာသု မိခင် (အမေညို) ကိုယ်တွေ့များ စကားပြော အဖြစ် ထည့်သွင်းရေးသားထားပါသည်။ ဆရာသု ငယ်စဉ် အထိန်းတော်ကြီး ကိုယ်နံ့ လက်တွေ့ပျောက်သည့် ကိုယ်တွေ့ပါ ဖော်ပြထားပေ၏။ ဆီးရွှင်၊ ဝမ်းအေး၊ အပုပ်စင်နိုင်သည့် ကျောက်ဖရုံသီး (Stone Pumpkin)အား ဟင်းလျာအဖြစ်သာမက ဆေးဘက်လည်းဝင်၊ အသုဘများ၌လည်း အပုပ်နံ့ထိန်းနိုင်သည့်ယုံကြည်ချက်ဖြင့် ရက်ရှည်ကြာထားမည့် အလောင်းစင်အောက်တွင် မြန်မာတို့ ထားတတ်ကြပေသည်။ 

ယခုရက်ပိုင်း လူမှုကွန်ရက်စာမျက်နှာများတွင် ယတြာအဖြစ် ကျောက်ဖရုံသီးများ ခေါင်းမိုးများပေါ်နေရာယူထားသည်ကို တွေ့နေရပါ၏။ သတင်းအဖြစ်နှင့်လည်း ဖော်ပြဖို့ရန် မသင့်သည်လား၊ မိမိယုံကြည်ရာ မိမိလုပ်ပိုင်ခွင့်ရှိသည်လား တော့မသိ။ ကျောက်ဖရုံသီး၏ မူပိုင်ခွင့်အရ စင်ကလေးနှင့်နေသားတကျ၊ ဒေါက်ကလေးဖြင့် ဣနြေ္ဒရရဖြစ်နေပေသည်။ ကာတွန်းဆရာများ၏လက်ရာများသည်လည်း ပြောင်မြောက်လှပေရာ တိုက်ဆိုင်မှု ဟုပင် သုံးသပ်ရန် သင့်မသင့် ချိန်ဆရပေသေးသည်။

 ခေတ်ကာလကြီးသည်လည်းမနိုင်လျှင် ကုန်းကိုက်ကြတော့မည့် အရိပ်လက္ခဏာ၊ အခြေအနေတွင် ရှိနေရကား အရာရာသတိထား၊ နားစွင့်၊ မျက်ခြေမပြတ် နေကြရပေ၏။ အပုပ်နံ့လှိုင်လှိုင် မထွက်ခင်ကတည်းက ကြိုကြိုတင်တင် အလောင်းစင်အောက် ချထားရတတ်သကဲ့သို့တော့ မဖြစ်နိုင်ဟု တွေးဆနေသည့်အခိုက်  ကက်ကင်း ဆိုသည့် ဓာတ်ရိုက် ဓာတ်ဆင် နည်းအရ ကိန်း ဂဏန်း များနှင့်တွက်ပြ၊ ထောက်ပြကြသူအများလည်းရှိလာပါသည်။ 

နားလည်ထားသည် မှာတော့ အပုပ်နံ့ထိန်းနိုင်သည်၊ ဆေးဘက်ဝင်သည်၊ အာဟာရဖြစ်သည်၊ ထို့ကြောင့် ဟင်းချက်စားရန်သာမြင်နေမိတော့သည်အား ခေတ်နောက်ကျလေခြင်းဆိုက နောက်အကျခံပါမည်။ မိမိအိမ်၊မိ မိဌာနခေါင်မိုး သို့မဟုတ် ဝင်းထရံ အတွင်း ကျီးနားနား၊ လင်းတနားနား ၊ကျောက်ဖရုံသီးထားထား ကိုယ့်ကိုယ်ပိုင် ရွေးချယ်ခွင့်များဖြစ်ပေ၏။ ဟာသအမြင်ဖြင့်မြင်ကြသူများအားလည်း လွတ်လပ်စွာ မြင်ခွင့်ပြုကြပါကုန်။ သေချာသည်မှာတော့ ကျောက်ဖရုံသီး ရောင်းကောင်းမည်။ အလေးခံပြီး မပွန်းမပဲ့ရေး ဂရုတစိုက် အတင်အချပြုကြသူများ မတော်တဆ လိမ့်ကျ နိုင်ပေသည်။ သတိထားရန် အကြံပြုခြင်းဖြစ်ပါ၏။ အလေအလွင့်ဖြစ်မသွားရေးလည်း မကြာမကြာ တက်ကြည့်စေလိုသည်။ စားချိန်တန် ဖြုတ်ချစားသင့်သည်ကို ရည်ရွယ်ခြင်းဖြစ်ပါ၏။ အထူးအဆန်းမဟုတ်ပေသိ ခြံစည်းရိုးကြက်ဆူပင်ပရောဂျက် ကြီးကဲ့သို့ ချုံပုတ်ချည်းသာ အဖတ်တင် မကျန်ခဲ့လျှင် မည်သူမှမထိခိုက်ပါ။  

အပုပ်ပယ်၊ အဟုတ်တကယ် စွမ်းသည့် ကျောက်ဖရုံသီး သည်ကား တစ်ခေတ်တစ်ခါ မှတ်တမ်းပြုပြောစရာ (မှတ်တမ်းတင်ရန် မဟုတ်) မကျန်ရစ်ရေးနှင့် ကျောက်ဖရုံသီးမူပိုင်ခွင့် မပျောက်ဆုံးရေး အတွက်တော့ အချိန်ပေး စောင့်ကြည့်ရပေတော့မည်။ ဟိုဟာနှင့် အုပ်မည်၊ ဒီဟာနှင့်အုပ်မည်လည်း တန်ပြန် မတုန့်ပြန် ကြစေလိုပါ။ အချိန်တန်မှည့်ပါမည်။ သူနိုင်ကိုယ်နိုင် အနိုင်ကျဲမည့် တောင်ပြို၊ကမ်းပြို ပွဲကြီး လည်း နီးသည်ထက်နီးလာပြီဖြစ်ပေရာ အရေးပေါ် ဟင်းလျာ အဖြစ် ထားရှိကြသည်လည်း ဖြစ်နိုင်သည်။ မနိုင်၍ ရိုက်သတ် ချက်စားခံရသည့် တိုက်ကြက်ဖကြီးများအားလည်း မြင်ယောင်မိပါသေး၏။

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>