Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

မောင်စွမ်းရည် - လေယာဉ်ပေါ်က ကော်ဖီတခွက်

$
0
0

မောင်စွမ်းရည် - လေယာဉ်ပေါ်က ကော်ဖီတခွက်
(မိုးမခ) အောက်တိုဘာ ၂၁၊ ၂၀၁၅

လေယာဉ်ပြူတင်း
လေးကွက်ကျဉ်းမှ
မြင်ကွင်းကျယ်ကျယ်၊ တောတောင်လယ်ယာ
ကမ္ဘာအဆုံး၊ မိုးခုံးခုံးထိ
တိမ် မဖုံဘဲ မြင်ရတယ်။

ဖြောင့်စင်း မဲမဲ
ခဲသားတန်းလို၊ လမ်းတွေ လမ်းတွေ၊ လမ်းတွေကလဲ
မြေပေါ်လိပ်လိပ်၊ တောရိပ်ဖုံးတုံ
မဖုံးတုံနဲ့၊ ကုန်တင်ကားတွေ၊ လူတင်ကားတွေ
ကားတွေ ကားတွေ၊ ကားတွေကလည်း တရုန်းရုန်း
မျက်စိတဆုံး၊ ရှုမဆုံး။

စတုရန်းကွက်၊ စတုဂံကွက်
စိုက်ကွက်၊ စိမ်းကွက်
တကွက်ပြီး တကွက်၊ အဆက်ဆက်လဲ
မျက်စိတဆုံး၊ ရှုမဆုံး။

သဲဖုံး ကန္တာရ
ဆာဟာရတွေလဲ
သဲလှိုင်းပြင်ကျယ်၊ သဲပင်လယ်လို
သဲပြင်ပြီး သဲပြင်
သဲပြင်ကျယ်တွေ တရုန်းတရုန်း
မျက်စိတဆုံး၊ ရှုမဆုံး။

တောင်တွေ တောတွေ
ချိုင့်ဝှမ်းတွေနဲ့
မြစ်တွေ ချောင်းတွေ၊ အင်းအိုင်တွေနဲ့
ရေမြေ တောတောင်၊ သဲသောင် ကမ်းသာ
ကြုံလာပြန်တော့
စိမ်းဟန်တကွက်၊ ပြာတကွက်နဲ့
မျက်စိတဆုံး၊ ရှုမဆုံး။

မျက်စိတဆုံး၊ မျက်လုံးတစုံ
အာရုံထဲမှာ -
လူဝါ လူဖြူ ၊ လူနီ လူမဲ
လူမွဲမွဲတို့
သဲသဲ ရုတ်ရုတ်၊ လယ်ကို လုပ်သူ
ယာလုပ်သူနဲ့ -
တောကို ခုတ်သူ၊ တောလုပ်သူနဲ့
သူတို့တတွေ၊ သည်ရေ မြေက
သီးနှံရအောင်
ကျွေးရ မွေးရ၊ ကျွဲစ နွားစ
ကြက်ဝက် ရအောင်
ထွန်ရ ယက်ရ၊ စိုက်ရ ပျိုးရ
ရိတ်ရ သိမ်းရ၊ ခုတ်ရ ထွင်ရ
လုပ်ကိုင်ကြလိမ့်။

လုပ်ရသူတွေ၊ ရလေမလား၊ ၀လေမလား
လှလေမလား၊ မျှလေမလား
လုပ်အားရှင်နဲ့ လယ်ရှင်တွေမှာ -
တူလေသလား၊ မတူလေသလား
တခြားစီလား၊ တဦးစီလား
နှစ်ဦးပဲလား -
လုပ်အား လုပ်ခ၊ မျှလေသလား၊ မမျှလေသလား။

လေယာဉ်ပျံပေါ်၊ ပေသောင်းကျော်က
ငေးမောင်၊ တွေးမျှော်၊ ငိုက်မျဉ်းသော်မူ -
ဟဲလို - ဘာယူမလဲ
လေယာဉ်မယ် မေပုလဲက
ဖြတ်ခနဲ့ မေးလာတတော့ ...
ငါလဲ ယောင်ရမ်း လက်လှမ်းရင်းက
နှုတ်မှ ရွတ်ဆို၊ ငါ လိုသည်မှာ
'ဒီ မို က ရေ စီ'ပါတဲ့၊
ပေးလာသည်က -
ကော်ဖီတခွက်၊ မုန့်တယှက်။

မောင်စွမ်းရည် (၂၀၀၄)


Viewing all articles
Browse latest Browse all 9633

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>