မာမာအေး - ပြောပြစရာတွေလဲ တပုံကြီး ရှိသေးတယ် (၆၀၇) - မြန်မာ့နှဲ (၁)
(ဘီဘီစီအသံလွှင့်အစီအစဉ်) မိုးမခ၊ အောက်တိုဘာ ၂၄၊ ၂၀၁၅
သောတရှင်များ ကျန်းမာတော် မူကြပါစရှင်
မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေ အားလုံးက မာအေးရဲ့ အသံလေး ကြားရတဲ့ အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
သောတရှင်တို့ရေ ၊လွန်ခဲ့တဲ့ နှစ်လကျော်လောက်က ၊ဩစတေးလျနိုင်ငံကို အလည်ရောက်တဲ့ မာအေးတို့လို မြန်မာဂီတသမားတွေနဲ့အတူ ဆိုရမလား ၊တီးရမလား၊ ပြောဆိုစီစဉ်ပေးရမလားလို့ ဂီတပွဲ၊ ဘုန်းကြီးကျောင်းဈေးရောင်းပွဲက အစ အင်မတန်အကူအညီရတဲ့ မိတ်ဆွေမောင်ကြီး ကိုပန်တျာ အကြောင်းပြောရင်းနဲ့ သူ့အဖေကလဲ နှဲဆရာ၊ ကိုယ့်အဖေကလဲ နှဲဆရာမို့ အမျိုးစပ်မိကြတာဘဲလို့ သတိရမိပါတယ်။ ဘီဘီစီကလဲ ညီမဖော်တွေကလဲ တူရိယာအကြောင်းတွေလဲ ပြောခဲ့ပေးဦးနော်လို့ မှာထားတာကလဲ ရှိနေပြန်တော့ ၊ မြန်မာ့တူရိယာဝိုင်းတွေမှာ ဆိုင်းနဲ့ အပြိုင်ကြဲတတ်တဲ့ နှဲ အကြောင်းပြောဦးမယ်ပေါ့ရှင်။ မှုတ်ရခက်တဲ့ နှဲကို မာအေးရဲ့ ဖေဖေက ဝါသနာကြီးစွာ ကြိုးစားမှုတ်ခဲ့တာမို့ တမလွန်က ဖေဖေကြားရင် ဝမ်းသာရှာမှာလို့ စိတ်ကူးနဲ့ ကန်တော့ရတာပေါ့လေ။
မြန်မာ့ နှဲအကြောင်းကို ပြောကြစို့ဆိုရင် ` နှဲ ´ လို့ခေါ်တဲ့ မြန်မာတို့ရဲ့ လေမှုတ်တူရိယာပစ္စည်းဟာ ၊ ` မြန်မာ့မဟာဂီတ ´ ဆိုတဲ့ တော်သုံးနန်းသုံး တေးကြီး ဘွဲ့ကြီးတွေက စပြီး ၊မြန်မာ့တီးလုံး ၊မြန်မာသံကာလပေါ်တေးဂီတ ၊ကျေးလက်ဂီတ ၊ဒိုးပတ်ဝိုင်း၊ အိုးစည်ဝိုင်း၊မင်္ဂလာဆိုင်းတော်တိုင်းမှာ သုံးလေ့၊ပါဝင်လေ့ရှိတဲ့ အခင်တတ် လေမှုတ်ကိရိယာ တမျိုး ဖြစ်ပါတယ်လို့ နိဒါန်းစရမှာ ပါရှင်။
မြန်မာတို့ရဲ့ သမိုင်းဦးဖြစ်တဲ့ ခရစ် ငါးရာစုနှစ်လောက်က နေခဲ့ကြတဲ့ ၊နောင်အခါ မြန်မာရယ်လို့ဖြစ်လာမယ့် ` ပျူလူမျိုး´ တွေမှာ ၊စာပေနဲ့ယဉ်ကျေးမှု ရှိနေပြီဆိုတဲ့ အကြောင်းကိုလဲ ၊ဗိဿနိုးမြို့ဟောင်း၊ ဟန်လင်းမြို့ဟောင်းနဲ့ သရေခေတ္တရာမြို့ဟောင်းတွေက တူးဖော်တွေ့ရှိရတဲ့ ပစ္စည်းလက်ရာ၊ကျောက်စာတွေအရ သိရှိခဲ့ရပါတယ်။
ခရစ်နှစ်( ၈၀၁-၈၀၂) ခုနှစ်တို့မှာ ` ပျူဘုရင် ယုန်ချန် ´ ကိုယ်တိုင်ဦးဆောင်ပြီးတော့ ညီတော်သုနန္ဒ အပါအဝင် သုခုမအနုပညာရှင်၊ဂီတပညာသည် (၃၅) ဦးတို့ဟာ တူရိယာပစ္စည်း (၂၂) မျိုး ယူဆောင်သွားကြပြီး ၊တရုတ်ပြည်မှာ ဖျော်ဖြေခဲ့ကြောင်း အထောက်အထားတွေကို တရုတ်မှတ်တမ်းများအရ သိနိုင်ခဲ့ပါတယ်။
အဲဒီခေတ်တွေ ခေတ်တွေကနေ အခြေတည်လာတဲ့ သဘင်ဂီတ သုခုမ တို့ဟာ ပုဂံခေတ်ကျတော့ ခိုင်မာစည်ပင်နေခဲ့ပြီ ဖြစ်ပါတယ်။ သုတေသီတို့ရဲ့ လေ့လာတွေ့ရှိခဲ့တဲ့ တူရိယာဂီတဆိုင်ရာပစ္စည်းတွေကတော့ ၊` စည်၊ပတ်သာ၊ ခွက်ခွင်း၊ သံကောက်၊ပြုံပြိုင်း၊နရည်းစရာ၊နောင်နင်း၊ချ၊သံလွင်၊စန္ဒရား၊ခရာ၊သပြေသာ၊တံပိုး၊တံမြှာ၊တံရှည်၊နှဲ ၊တူလောင်း၊ခရုသင်း နဲ့ လက်ချပ် ´ ဆိုတာတွေပါဘဲ။
ပုဂံခေတ်က တူရိယာ ပစ္စည်းထဲမှာ ` နှဲ ´ ဆိုတာ ပါနေပြီပေါ့ရှင်။အင်းဝခေတ်ကို ရောက်လာတဲ့အခါ မှတ်တမ်းများအရ တူရိယာ (၃၇) မျိုးရှိကြောင်း သိရပါတယ်။ စည် ၁၃ မျိုး ၊ ကြေးတူရိယာ - ၁၀ မျိုး၊ တံပိုးခေါ်တဲ့ တူရိယာ - ၈ မျိုး ၊အငြိမ့်တီး တူရိယာ - ၆ မျိုး ၊အားလုံးပေါင်း (၃၇)မျိုး ရှိတာကြောင့် ၊ဒီတူရိယာ ပစ္စည်းတစုလုံးကို ` တူရိယာ - ၃၇ ချင်း ´ လို့ ခေါ်ဆိုခဲ့ပါသတဲ့ရှင်။
ပုဂံခေတ်တူရိယာထဲမှာ ` နှဲ ´ ကို သီးသီးသန့်သန့်ရေးပြထားတာ ဖြစ်ပေမယ့် အင်းဝခေတ်က တူရိယာ ၃၇ ချင်းမှာကျတော့ ` တံပိုး´ လို့ ခေါ်တဲ့ တူရိယာထဲမှာ ` နှဲ´ ကို တွေ့ရပြန်ပါတယ်။
တံပိုးတူရိယာ - ၈ မျိုးရှိတာကြောင့် ပြဆိုရာမှာ ၊ မဟာရာဇဝင်ကြီးက ` တံပိုးရှစ်ဖြာ၊တူရိယာ၊မှုတ်ခါသံ ငြိမ့်ငြိမ့်ငြောင်း ´ လို့ ဖော်ပြထားတဲ့အတွက်၊ မြန်မာ့လေမှုတ်ကိရိယာတွေ ဖြစ်ကြောင်းသိနိုင်ပါတယ်ရှင်။
အဂ္ဂမဟာပဏ္ဍိတ စင်စစ်ဖြစ်တော်မူသော ` မန်လည်ဆရာတော်ဘုရားကြီး ´ စီရင်ရေးသားထားတော်မူတဲ့ ` မာဃဒေဝ လင်္ကာသစ်ကျမ်း ´မှာတော့ ` တံပိုးရှစ်မည်၊ ဟူတုံသည်လည်း၊သံစည်ငြိမ့်ငြောင်း၊ဒုလောင်းတဖုံ၊ နှစ်စုံခရာ၊တံမြွာ-တံရှည် ၊ အမည်တကွဲ၊ နှဲပြွေဖက်လိပ်၊ ဖျော်ဖြေသိပ်သို့ ၊စိပ်စိပ်ကြည်နှူး၊ ကြော်ရင့်ကျူး၏ ´ လို့ ပါရှိပါတယ်။
ဒါကြောင့်မို့ တံပိုးရှစ်ဖြာဆိုတဲ့ တူရိယာပစ္စည်းတွေဟာ ` ဒုလောင်း၊ခရာကောက်၊ခရာမြွှာ၊လက်ချပ်၊တံရှည်၊နှဲ ၊ပြွေ နဲ့ ဖက်လိပ် ´ တို့ဖြစ်ကြောင်းသိရပါတယ်။ဒီတော့ ` နှဲ ´ ဆိုတာ တံပိုးအုပ်စုထဲမှာ ပါဝင်နေတာကို သိနိုင်နေပါတယ်။ မြန်မာတို့ရဲ့ ပုဂံခေတ်မှာရော၊ အင်းဝခေတ်မှာပါ ` နှဲ ´ ခေါ်တဲ့ လေမှုတ်တူရိယာကို အသုံးပြုခဲ့ကြောင်းပါရှင်။
မြန်မာ့နှဲအကြောင်းရေးသားခဲ့တဲ့ စာပေဗိမာန်စာမူဆုရ ၊ကော့မှူးမြို့သား နှဲဆရာဦးမြကြီးကတော့ ၊ ` နှဲ ´တူရိယာကို ရှေးအရင်ကတည်းက ` အိန္ဒိယ၊အီရန်၊အီဂျစ်၊ဣသရေလ ၊ဆီးရီးယား ၊ဗလိုနီးယား နဲ့ တရုတ်ပြည်တို့မှာ သုံးစွဲနေခဲ့တဲ့အကြောင်း တူရိယာသမိုင်းမှာ တွေ့ရတယ်လို့ သူ့စာအုပ်မှာ ဆိုထားပါတယ်။
` နှဲ´ တူရိယာပစ္စည်းဟာ ` ပလွေ ´ လို့ ခေါ်ကြတဲ့ လေမှုတ်တူရိယာကို အရင်းခံပြီး တီထွင်ထားတဲ့အကြောင်း၊ ပန်တျာသုတေသီတို့က ` အေရှမိုင်းနား နဲ့ အာရေဗီးယား ´ နိုင်ငံများကြားက စတင်ပေါ်ပေါက်ခဲ့ကြောင်း ၊ခရစ်မပေါ်မီ နှစ်ပေါင်းတစ်ထောင့်ငါးရာခန့်မှာ အီဂျစ်ဆီကို ပျံ့ပွား၊ ပြီးတော့တခါ ရုရှလူမျိုး ၊အရှေ့တောင်အာရှဒေသဖက်က အနုပညာရှင်များကတဆင့် အိန္ဒိယနဲ့ မြန်မာတို့ဆီရောက်ခဲ့ကြောင်း ယူဆခဲ့ကြပါသတဲ့ရှင်။ ` နှဲ ´ ကို အမျိုးမျိုးခေါ်ခဲ့ကြတာတွေလဲ ရှိပါတယ်ရှင်။
` နှဲ ´ ဟာ တရုတ်ဘာသာနဲ့ ခေါ်ရင် ` စောန ´ ၊မွန်ဂိုဘာသာနဲ့ဆိုရင် ` စုဂုနဲ ´ ၊သက္ကတခေါ်ရင် ` သာနာဟီ ´ ၊ မွန်ဘာသာနဲ့ ` သကော ´ လို့ ခေါ်ကြပါတယ်တဲ့ရှင်။ အိန္ဒိယမြောက်ပိုင်းက ဟိန္ဒီဘာသာနဲ့ ` ဆာနေး ´ လို့လဲခေါ်တယ်။ ` ရှနဲ ´ လို့လဲ ခေါ်ကြပါသတဲ့။
မြန်မာတို့ရဲ့ အင်းဝခေတ်မှာ ` မွန်နှဲ ´ နဲ့ ` မြန်မာနှဲ ´ ရယ်လို့ နှစ်မျိုးရှိကြောင်း ဖော်ပြပါတယ်။ ` ပလွေ ´မှာလဲ ` ခင်ပလွေ ´နဲ့ ` ကျော်ပလွေ ´ ဆိုပြီး နှစ်မျိုးရှိပါတယ်။
အခု မာအေးတို့ မြန်မာဂီတလောကရဲ့ မြန်မာသုံး ဆိုင်း၊ ကြေး၊မောင်၊ ပတ္တလျား၊ စတဲ့ တူရိယာပစ္စည်းတွေ ပြုလုပ်အသံကိုက်ညှိတဲ့ အခါမျိုးမှာ ၊မြန်မာ့နှဲကြီးသံကို စံပြုကြရိုး ထုံးစံထားရှိပါတယ်။ ဒါကြောင့်မို့ ဂီတအသံတို့ကို ` ၁-ပေါက်သံ ´၊ နှစ်ပေါက်သံ ´ ၊ငါးပေါက်သံ ´ စသဖြင့် နာမည်အတိအကျ မှည့်ထားတာပါရှင်။ နိုင်ငံတကာက အသံနာမည်တွေကို ၊ C,D,E,F,G,A,B လို့ ပေးထားတာမျိုးပေါ့။
မြန်မာ့သံစဉ် ` ၇ ´ပါးလို့ မှတ်သားနားလည်ခဲ့ရပါတယ်ရှင်။ နှဲကြီးရဲ့ သံစဉ်
၁ ပေါက်သံ ဟာ မဇ္ဈိမာ - ကြိုးကြာသံ
၂ ပေါက်သံ ဟာ ဂန္ဓာရ - ဆိတ်မြည်သံ
၃ ပေါက်သံ ဟာ ဥဿဘ - နွားလားတွန်သံ
၎ ပေါက်သံ ဟာ ပဉ္စမ - ဥဩတွန်သံ
၅ ပေါက်သံ ဟာ ဆဇ္ဈ - ဥဒေါင်းတွန်သံ
၆ ပေါက်သံ ဟာ ဒေဝတ - မြင်းဟီသံ
၇ ပေါက်သံဟာ နိဿဒ --ဆင်မြည်သံ ရယ်လို့ မြန်မာ့ဂီတဝါသနာရှင်များကို လက်ဆင့်ကမ်း လိုက်ပါတယ်ရှင်။ ဂီတ ဗဟုသုတ နဲ့ ပြည့်စုံကြပါစေ။
မြန်မာ့နှဲဟာ မယ်လိုဒီ တေးသွားအလိုက်ကိုသာ မှုတ်လေ့ရှိကြောင်း ၊ကျေးလက်က သင်မှုတ်နေဆဲ နှဲသံလေးနဲ့ ပြလိုပါတယ်ရှင်။
(ရွှေအိုးစည် ဂီတသံ ) သက်သက်၊