ကိုကံညိဳ (ထူးႀကီး) - ေ ထ ာ င် ဝ င် စာ
(မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၁၅
(မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၁၅
အတားအဆီးတွေရဲ့နောက်မှာ… အချုပ်အနှောင်တွေရဲ့ကြားမှာ…. အာဏာရှင်တွေရဲ့လက်ထဲမှာ…ထောင်ဝင်စာထုပ်ကို ဖောက်ချလိုက်တယ်..။
“သမီးလေး….”
အဖေ နေကောင်းပါတယ်။ သမီးလေးတို့ရဲ့ကျန်းမာရေးအခြေအနေကိုလည်း သူများတွေပြောလို့သိရပါတယ်။ သမီးလေးကို ရုံးထုတ်တိုင်း လာတွေ့ဖို့က တကယ်မလွယ်လို့ပါသမီးရယ်။ အဖေလည်း ကိုယ့်ဝမ်းစာတောင် ကိုယ်အနိုင်နိုင်ရှာစားနေရတာ ဆိုတော့ သမီးလေးအတွက် ဘာမှပို့မပေးနိုင်တာ၊ စိတ်မကောင်းရုံကလွဲပြီး ဘာမှမတတ်နိုင်ပါဘူးသမီးရယ်။ ရန်ကုန်လူနေမှု စရိတ်ကလည်း သမီးသိတဲ့အတိုင်းပဲ။ တစ်နေ့…သုံးလေးထောင်မှ ဝင်ငွေမရှိရင် လူတန်းစေ့မဖြစ်တော့ဘူး။ သမီးစိတ်ညစ် အောင်လျှောက်ပြောနေတာမဟုတ်ပါဘူး။ အရက်လည်း မိုးလင်းက မိုးချုပ် မသောက်ဖြစ်တော့ပါဘူးသမီးရယ်။ မသောက် နိုင်တော့တာလို့ပဲ ပြောပါတော့.။ မသောက်နိုင်ဘူးဆိုတာက…ငွေကြေးအရ မတတ်နိုင်တာကိုပြောသလို…ကျန်းမာရေးအရခံနိုင်ရည်မရှိတော့တာလည်းပါ….ပါတယ်။ ညနေပိုင်း သူများနဲ့ကပ်သောက်တဲ့ တစ်စိတ်လောက်ဆိုတာတောင် အတော်မူး နေပြီသမီးရဲ့။
တို့သားအဖတွေကြားမှာ အရက်သောက်တာတွေထည့်ရေးလို့ တခြားလူတွေက အဆန်းထင်နေမှာပေါ့။ မဆန်းပါဘူးသမီး ရဲ့… နော်.. ခေတ်ကြီးကိုက…အဆန်းတကြယ်မဟုတ်တော့ပါဘူး။ တကယ်ကို အဆန်းတကြယ်တွေနဲ့ နေသားတကျဖြစ် နေပါပြီ။ ပြောပြပေါ့သမီးရယ်…ခေတ်အခြေအနေကြောင့် ငါ့အဖေအရက်သမားဖြစ်ရတယ်ဆိုတဲ့အကြောင်း..၊ သမီးတို့ပြော တဲ့ပုံစံအတိုင်း ခေတ်ကိုဖျက်ဆီးလိုက်တဲ့ စံနစ်ဆိုးတွေ…ဘာညာပေါ့။
အဲဒီခေတ်စံနစ်ကပဲ ငါ့သမီးကို ထောင်ထဲပို့ပစ်လိုက်တယ်။ အဲဒီခေတ်စံနစ်ကြောင့်ပဲ သမီးလေးအမေ မသေသင့်ပဲသေခဲ့ရ တယ်၊ အပြည့်စုံတာတွေများတာကိုး…သမီးရဲ့၊ ပြည်သူပြည်သားတွေမှာ ငွေကြေးပြည့်စုံမှုမရှိဘူး။ သူတို့ကတော့ ပြောမှာပေါ့။ ကိုယ်သုံးဖို့ ကိုယ်တိုင်ရှာလေ…ဘယ့်နှယ့်..အစိုးရကိုရှာခိုင်းနေတာလဲဆိုပြီး၊ မဟုတ်ဘူးသမီးရဲ့..မဟုတ်ဘူး၊ အစိုးရက.. ပြည်သူတွေ အတွက် အလုပ်အကိုင်အခွင့်အလမ်း ပြည့်စုံလုံလောက်အောင်ရှာမပေးနိုင်ဘူး။ လုပ်မှာပါ…အဖေတို့လုပ်ကြမှာ ပါ။ အေး..လုပ်တဲ့လုပ်အားခက..တူတူတန်တန်တော့ဖြစ်သင့်တာပေါသမီးရယ်။ အဖေလို့ ဘွဲ့ရပညာတတ်တစ်ယောက်ရဲ့ လစာက ဝန်ထမ်းဆန်နဲ့ပေါင်းတာတောင် တစ်ယောက်စာမရဘူးဆိုတဲ့အခါကျတော့…၊ ထားပါတော့သမီးရယ်…၊ သမီးလေး ကို တက္ကသိုလ်ပို့နိုင်တာပဲကံကောင်း…လို့ဆိုရတော့မှာပေါ့။
ဒီနေရာမှာတော့..သမီးလေးအမေကို ထုတ်ပြောတော့မှရလိမ့်မယ်။ သမီးလေးအမေက ပညာရည်နိမ့်ပါးပေမယ့် မိသားစု ကြီးရဲ့ နောက်တန်းခံစစ်မှူးကြီးပါကွယ်။ ခေတ်…စံနစ်နဲ့…လက်ရှိရေစီးကြောင်းကြီးကိုစိတ်နာပြီး အလုပ်မဲ့..အရက်သမား မောင်းနှင်နေတဲ့ရထားတွဲကြီး ချောင်းတဟွတ်ဟွတ် အသက်ငင်နေချိန်မှာ..လမ်းဘေးဈေးသည်လုပ်ပြီး ခေါင်းတွဲကြီးကို ဆက်မောင်းသွားတာ သမီးလေးအမေပဲ။ အဖေ့အနေနဲ့တော့..သမီးလေးကို ပညာအမွေလေးတစ်ခုတော့ပေးလိုက်ဖြစ် တယ်ထင်တာပါပဲ။ ဒါလည်း…သမီးအမေ ကယ်ကူရာမဲ့နဲ့ ဝေဒနာကိုလူးလူးလှိမ့်လှိမ့်ခံစားနေရတဲ့အချိန်မှာ…ရှင့်ညဉ်တွေ သမီးလေးမှာပါသွားလို့ ထောင်ကျရတာ…လို့ပြောတယ် သမီးလေးရယ်…။ အဲဒီဘဝတွေကွ.. အဲဒီဘဝတွေ၊ အမေခမြာမှာ လည်း အသက်မထွက်ခင် သမီးလေးမျက်နှာကို တွေ့မသွားရရှာဘူး။ သမီးကလည်း အမေ့ရောဂါကို ပါရာစီတမော့တစ်လုံး စာတောင် ကုစားပေးခွင့်မရခဲ့ဘူး။ ရှိသမျှလည်း…ကုန်တာပါပဲသမီးရယ်...။ အဖေဆို..အခုလောလောဆယ် လမ်းဘေးနေ လမ်းဘေးစားသာသာရယ်..။
အဖေလည်း သမီးလေးထောင်ကျရတာနဲ့ပတ်သက်ပြီး ဘယ်လိုပြောရမှန်းမသိတာ အခုထိပါပဲကွယ်။ ဒါပေမယ့်..အဖေ့သမီး ကတော့ အဖေ့သမီးပါပဲ။ ခေတ်ကြောင့်…စံနစ်ကြောင့်..ဆိုတာတော့ အဖေလုံးဝယုံကြည်တယ်သမီး။ အဖေလည်း ဒါ့ထက် မတွေးခေါ်တတ်တော့ဘူး။ သမီးကိုယ်တိုင် ကျေကျေနပ်နပ်ပါဝင်သွားတဲ့.. ပညာရေးသပိတ်ထဲကို အဖေကိုယ်တိုင်လက်ပံတန်းထိရောက်ခဲ့တာပဲ..။ ဆိုတော့…ဒီအခြေနေဖြစ်သွားပြီသမီးရယ်။ ….ဒီအခြေနေပေါ်မှာမူတည်ပြီး အဖေ့ဘက်ကတာဝန် ကျေချင်တယ်။ အမေမရှိတော့တဲ့သမီးလေးအတွက် ထောင်ဝင်စာ အကြော်အလှော်လေးလုပ်ပေးချင်တယ်။ အဲဒါနဲ့…ကျော် ဝင်းဆိုတဲ့ အဖေ့သူငယ်ချင်းဆီမှာ တောက်တိုမယ်ရဝင်လုပ်တယ်။ ကျော်ဝင်းဆိုလို့ သမီးမျက်နှာပျက်သွားမယ်ဆိုတာ အ ဖေ မြင်ယောင်မိပါတယ်။ ဥပဒေနဲ့မလွတ်ကင်းတဲ့ လောင်းကစားနဲ့ပတ်သက်တာတွေဆိုတာ။ ဒါပေမယ့်သမီးရယ်..အဖေ့ကို တစ်ထောင်မျိုး ငါးရာမျိုးပေးတဲ့အပြင် ညနေပိုင်းအသောက်အစားပါ တာဝန်ယူတာဆိုတော့..၊ အရက်က..အဖေ့သွေးသားကို ချုပ်ကိုင်သွားပြီသမီးရယ်။ ထားပါ…တစ်လမှာ ငပိကြော်လေးတစ်ပုလင်းလောက်နဲ့ သမီးဆီလာဖို့ လမ်းစရိတ်ရ ပြီးရော ဆိုပြီး…။
ခေတ်က အလိုလိုပြောလာတာပဲသမီးရဲ့။ အဖေ အဲဒီအလုပ်ကိုမလုပ်တော့ဘူး။ အရက်လည်းမသောက်ရတော့ဘူးပေါ့ သမီးရယ်။ သမီးလေးဆီလည်း လူကိုယ်တိုင်မလာနိုင်တော့ဘူး။ လမ်းထိပ်ကွမ်းယာဆိုင်ကလူကြီးလေ..အဖေ့ကိုပက်ပက် စက်စက်ကြီးပြောချလိုက်တယ်။ "ခင်ဗျားဗျာ…သမီးလေးက ခံယူချက်ပြင်းပြင်းနဲ့ နိုင်ငံအတွက်ထောင်ထဲသွားနေရချိန်.. ခင်ဗျားက သူများဆီမှာ အရက်ကပ်သောက်ရဖို့ ဥပဒေနဲ့မလွတ်ကင်းတာကို တောက်တိုမယ်ရကူလုပ်ပေးနေတယ်။ ခံယူ ချက်ချင်းက..သားအဖသာဆိုတယ်..တခြားစီပဲဗျာ.. အံ့ရော”
အဖေ ဘာမှမပါဝင်နိုင်ဘူးသမီးရယ်၊ ခေတ်ကပဲ အဖေ့ကိုထုနှက်ရိုက်ပုတ်ပြီး…နေရာချပေးလိုက်တဲ့အထဲမှာပဲ တွားသွားနေရ တယ်..၊ သမီးလေးတို့ အစစအရာရာအောင်မြင်ပါစေလို့ပဲ ဆုတောင်းလိုက်ပါတယ်..။
အကျယ်ကြီး…အကျယ်ကြီး… အာခေါင်ခြစ်အော်ဟစ်ပစ်လိုက်တယ်….၊ ကမ္ဘာထိကြားအောင်…။
ကိုကံညို (ထူးကြီး)