ရွှေကြယ်မိုး - ကိုအောင်မှိုင်းဆန်း မှတ်မှတ်ရရ
(သူ့ဖေ့စ်ဘွတ်)၊ (မိုးမခ) အောက်တိုဘာ ၂၆၊ ၂၀၁၅
လက်ပံတန်းသပိတ်ဖြိုခွင်းအပြီး ကျနော်တို့တွေ သာယာဝတီအကျဉ်းထောင်ရဲ့ အဆောင် ၁၀ ကို ရောက်သွားတယ်။ မြေညီထပ်အခန်းကျယ်ကြီး ၂ ခန်းမှာ ယောက်ကျားလေးတွေကို ဟိုဘက်ခန်း ဒီဘက်ခန်း ၂ စုခွဲထားတယ်။ ကိုအောင်မှိုင်းဆန်း ကိုအောင်ထက် ကိုမင်းသွေးသစ်တို့က အခန်း ၂ ပေါ့။ ကျနော်က အခန်း ၁ ကို ပြောင်းပြီး ကိုမိုးထက်နေ ကိုစစ်အောင် (သူက နောက်မှ ရောက်လာတာ) ကိုသီဟဝင်းတင် ကိုကေဇဝင်းတို့နဲ့ နေတယ်။ ဟိုဘက်ခန်း ဒီဘက်ခန်း ၂ ခန်းပေါင်း ရဲဘော်တွေ ၇၀ နီးပါးမက ရှိခဲ့တယ်။ ပြန်လွတ်တဲ့ လူတွေက လွတ်ပေါ့လေ။ တန်းပိတ်ချိန်ဆို ကိုယ့်အခန်းကိုယ်နေ ကိုယ့်စာကိုယ်ဖတ်ပေါ့။ မနက် တန်းဖွင့်ပြီဆိုတာနဲ့ ကိုအောင်မှိုင်းဆန်းဆီ ကျနော်သွားတယ်။ သူက အစောကြီးနိုးတယ်လေ။ သူ့ဘေးမှာ အိပ်တဲ့ ကိုမင်းသွေးသစ် ကိုအောင်ထက်တို့ကို နှိုးပြီး ဖန်တီးလို့ရသမျှ ဆေးလိပ် ပွတ်ချွန်းတလိပ်ကို တဖွါစီ ဝိုင်းသောက်ကြတယ်။
ကိုအောင်မှိုင်းဆန်းရဲ့ မနက်ခင်းအစဟာ ဆေးလိပ်နဲ့ စပါတယ်။ နောက်တော့ ဆေးစရာရှိတဲ့ ပန်းကန်တွေကို ထွက်ဆေးကြတယ်။ ကိုအောင်မှိုင်းဆန်းက ငါ အကြီးပဲ ဆိုတဲ့ စိတ်မျိုးမထားပဲ ငယ်ရွယ်သူတွေရဲ့ ပန်းကန်တွေ စားဘုတ်တူ ရဲဘော်တွေရဲ့ ပန်းကန်တွေကို ဒိုင်ခံ ဆေးတတ်ပါတယ်။ ဒါလုပ်ပြီးရင် ကော်ရစ်တာ တလျှောက် လမ်းလျှောက်ပါတယ်။ ကျနော်တို့ အခန်းက ရဲဘော်တွေက ကိုးခွဲ ဆယ်နာရီလောက်မှ ထတတ်ကြတာများတော့ မနက်ပိုင်းဆို ရေချိုးချိန်ဆုံဖြစ်တဲ့ အခါလောက်ပဲ ကိုအောင်မှိုင်းဆန်းနဲ့ စကားပြောဖြစ်ကြတာများတယ်။
ကျတော်နဲ့ကတော့ မနက်တိုင်းလိုလို ပုံမှန်ပြောဖြစ်တယ်။ စိတ်အားငယ်တတ်တဲ့ ကျနော် အတွေ့အကြုံမရှိတဲ့ ကျနော် တခါ တခါ ကြောက်ရွံ့စိတ်ရှိတတ်တဲ့ ကျနော့်ကို သူ့ အတွေ့အကြုံတွေပြောပြတတ်ပြီး ကျနော်တို့ ကိုဖြိုးဓနတို့ လေ့လာချင်တဲ့ အယူအဆတွေကို စာအုပ်တွေထုတ်ပေးပြီး ဖတ်ရှုခိုင်းပါတယ်။ ထောင်အာဏာပိုင်တွေက အထက်က ခိုင်းလို့သာ လုပ်နေရပေမယ့် ကျနော်တို့ အပေါ် နားလည်မှု တချို့ထားပေးပါတယ်။ ဥပမာ တခြားအကျဉ်းသားတွေလို ဘုရားရှိခိုးစရာ ပုံစံထိုင်စရာ မလိုသလို ထိပ်တိုက်ရင်ဆိုင်ရတဲ့ အခါမျိုးတွေဖြစ်လာရင် ကိုအောင်မှိုင်းဆန်းကနေတဆင့် ညှိနှိုင်းပေးတတ်ပါတယ်။
သာမာန်အချိန်တွေမှာက စာအုပ်ဖတ်နေတာ များပါတယ်။ တနေ့တာ လုပ်စရာက အထွေအထူး မရှိပါဘူး။ မသိတာရှိတာတွေကို စိတ်ရှည်လက်ရှည် ရှင်းပြတတ်ပါတယ်။
တိုက်ပွဲဖော်မယ် မဖော်ဘူး အငြင်းပွါးကြရင် သူက ခေါင်းအေးအေးထားကြဖို့ ပြောတယ်။ ဥပမာ ဆေးလိပ်တိုက်ပွဲပေါ့။ နောက် ထောင်ဝင်စာတွေ ပိတ်တဲ့ အခါပေါ့။
ဒါ ကျနော်မြင်ခဲ့ရတဲ့ အထဲက ကိုအောင်မှိုင်းဆန်းပါ။ လေးလလုံးလုံး ထိသိခဲ့ရတဲ့ သူရဲကောင်းပါ။ ချစ်တတ်တဲ့သူ စာပေအနုပညာရေးရာတွေကိုလည်း စာရေး ကဗျာရေးနေတဲ့ သူတွေထက် ကျယ်ကျယ်ပျံ့ပျံ့ပိုသိတာ အမှန်ပဲ။ ကျနော်မသိသေးတဲ့ အချက်တွေကို ပြောပြတတ်တယ်။
အခု အစာငတ်ခံနေတာ ဒီနေ့နဲ့ဆို သုံးရက်ရှိလာပြီ။
စိုးရိမ်တယ်။ ရင်တုန်တယ်။
နိုင်ကျဉ်းအားလုံး လွတ်မြောက်ဖို့ လိုတယ်။
အားလုံး ဝန်းရံကြဖို့လိုတယ်။
ကျနော် တုန်ရီလှိုက်မောစွာနဲ့ ဒီစကားကို ဆိုချင်ပါတယ်။
အလေးနီဖြင့်