ဝင်းအောင်ကြီး(မောင်အောင်မွန်) - စာတတ်ခြင်း၊ စာဖတ်ခြင်းနှင့် လူ့အဖွဲ့အစည်း
ကျနော်တွေးမိသလို ရေးပါမည် (၇၃)
(မိုးမခ) အောက်တိုဘာ ၂၆၊ ၂၀၁၅
လူ့အဖွဲ့အစည်းမှာ စာရေးခြင်းစာဖတ်ခြင်း ထွန်းကားလာခဲ့တာ ဒီလောက်ကြာမှတော့ စာမတတ်သူရယ်လို့ မရှိသင့်တော့ပါပြီ။ တကယ်လို့ ကျနော်ဟာ စာဖတ်ခြင်းဝါသနာ မပါခဲ့ရင် ဒီအခြအနေရောက်ဖို့ဝေးစွ ရွာကျောင်းရဲ့ အမြင့်ဆုံး ၄တန်းအောင်ကာ ဆံပင်ညှပ်သမား သို့မဟုတ် မသကာ ကားစပယ်ယာ၊ ဒီ့ထက်ပိုမဖြစ်နိုင်ပါ။ မုန့်ဖိုးရတဲ့ပိုက်ဆံလေးစုကာ ၃ လလောက်ကြာတော့ ရှုမ၀မဂ္ဂဇင်းတအုပ် ပိုင်ဖူးတယ်။ ပဲခူးမှာ ကျောင်းကိုအသွား လမ်းထောင့်က စာကြည့်တိုက်လေးရဲ့ အလွန်မှာ သဟာယအသင်းရှိပြီး စာအုပ်တွေ ရာနဲ့ထောင်နဲ့၊ ဘယ်သူမဆိုငှါးလို့ရတယ်။
ရန်ကုန်တက္ကသိုလ်ရောက်လာတော့ အဆောင်တိုင်းမှာ သာမက အသင်းတွေမှာလည်း စာကြည့်တိုက်ရှိတယ်။ လက်ဝဲကျောင်းသားမို့ ကျနော့်မွေးနေ့လက်ဆောင်အဖြစ် အမေရိကန်စာရေးဆရာ အိုဟင်နရီရဲ့ ၀တ္ထုတိုစာအုပ်၊ မော်စကိုကထုတ်တာမို့ အံ့သြမိတယ်။ ၁၉၆၅ ခု။ ဆိုဗီယက်ယူနီယန် ရောက်သွားတော့ စာအုပ်တွေကို ၁၄% လျှော့ထားလို့ ကိုယ်ပိုင်ဝယ်ချင်လည်းမခက်၊ ဟဲမင်းဝေးတို့ ဂျက်လန်ဒန်တို့ရေားတာတွေ ရုရှလိုဘာသာပြန်ပေးထားတယ်။ စာဖတ်ချင်တဲ့စိတ်သာရှိ စာအုပ်တွေကအသင့်။
အခုနေနေတဲ့ အမေရိကန်ကို ကျနော်ရောက်တာ အနှစ် ၂၀ ကျော်ပြီ၊ ရပ်ကွက်စာကြည့်တိုက်များ၊ ကျောင်းသားလေးတွေအတွက် စာအုပ်ပိုင်ရှင်များထံက ငှါးပေး၊ ဖတ်ပြီးပြန်ပို့ပေးတဲ့ စေတနာ့ဝန်ထမ်းများလည်းတွေ့ရတယ်။ ဘယ်နိုင်ငံမှာမဆို အလုပ်သွားအလုပ်ပြန် လူအုပ်ကြား စာဖတ်နေကြသူတွေကလည်းမရှား။
အရင်တုန်းက မြန်မာပြည်မှာလည်း စာအုပ်ဆိုင်တွေ စာကြည့်တိုက်တွေက မိုးဦးကျမှာပေါက်လာတဲ့ မှိုတွေထက်ပိုများ။ နောက်ပိုင်း စားဝတ်နေရေး ကြပ်တည်းလာချိန်မှာတောင် အငှါးဆိုင်လေးတွေ ရှိလာကြရတယ်။ ဘယ်သူက ဘာစနစ်နဲ့ အုပ်စိုးအုပ်စိုး လူ့အဖွဲ့အစည်း ဖွံ့ဖြိုးယဉ်ကျေးလာရေး စာတတ်စာဖတ်ကြဖို့ အဓိကလိုအပ်ချက်။ စာတတ်သူတွေချင်း စာဖတ်ကြဖို့၊ စာဖတ်သူတွေချင်းစုပြီး စာအုပ်လဲဖတ်ရာကနေ စာကြည့်တိုက်လေးတွေ ဖြစ်လာပါလိမ့်မယ်။
စာမဖတ်ပဲ လူတတ်ကြီးလုပ်ပြီး ဖဘ မှာရေးနေကြတဲ့ အလွဲလွဲအမှားမှားနဲ့ ဟားစရာကြီး မျးသတိထားမိလို့ စိတ်မကောင်း၊ ပြီးတော့ ကျနော်က စာဖတ်တဲ့လူဆို အထင်ကြီးလေးစားလို့ တိုက်တွန်းရေးသားတာပါ။
၂၀၁၅ ခု၊အောက်တိုဘလ ၂၃ ရက်။