Photo - Irrawaddy Burmese News |
ကိုသန်းလွင် - ကုသိနာရုံ
(မိုးမခ) နိုဝင်ဘာ ၄၊ ၂၀၁၅
(၁)
ကျွန်တော်တို့သည် ကုသိနာရုံ မြန်မာဘုန်းတော်ကြီးကျောင်းသို့ ညကြီးမိုးချုပ် ဆယ်နာရီကျော် မှ ရောက်ရှိ သွားကြပါသည်၊ မြတ်စွာဘုရား မဟာ ပရိနိဗ္ဗာန် စံတော်မူရာ အထိမ်းအမှတ် ပုထိုးတော်ကြီး မှာ မြန်မာဘုန်းတော်ကြီးကျောင်း နှင့် ခြံစည်းရိုး တခုသာ ခြားပါသည်၊ နောက်တနေ့ နံနက်စောစော ရ နာရီ ထိုးသည် နှင့် ပုထိုးတော်ကြီး အတွင်းသို့ သင်္ကန်းကပ်ဘို့ ရောက်ရှိသွားကြပါသည်။
အိန္ဒိယ နိုင်ငံ ဘီဟာနယ်၏ ဆောင်းရာသီ မှာ ချမ်းအေးလှပါသည်၊ စင်တီဂရိတ် သုညဒီဂရီအနီး အနား မှာဘဲ ရှိမည် ထင်သည်၊ ကျွန်တော်တို့သည်ဗုဒ္ဓကိုယ်တော်မြတ်ကိုသင်္ကန်းကပ်ရန် အတွက် သင်္ကန်းတော် ကိုဖြန့်ပြီး ၀ိုင်းဝန်းကိုင်ဆောင်ကာ ပုထိုးတော်ကြီးရှိရာသို့ လမ်းလျှောက် ကြရပါသည်၊ နှင်းတွေထူထပ်စွာ ကျနေပုံမှာ မိမိရှေ့ကလူတယောက်ကိုသာမြင်ရသည်၊ လူတန်းထိပ်က ပဌာန်းပါဠိတော် ကိုနှုတ်တိုက် ချပေးနေသော ဘုန်းတော်ကြီးကိုပင် မမြင်ရနိုင်၊ နံနက်စောစောစီးစီး ပဌာန်းရွတ်ကြသည်မှာ ရင်ထဲတွင် နွေးထွေးလာပါသည်။ ကျွန်တော်တို့သည် ရှေးပန်းပုဆရာတို့လက်ရာ၊ သမာဓိ၊ ကရုဏာ နှင့် မုဒိတာ တရား တို့ဖြစ်ပွား ပေါ်ပေါက်အောင်ထုလုပ်ထားသော လျှောင်းတော်မူ ဆင်းတုတော်ကြီး ကို မြတ်သင်္ကန်း ကပ်ကြပါသည်၊
ဒေသစံတော်ချိန် ၁၀ နာရီကျော် သည့်တိုင် နေလုံးကို ၀ိုးတ၀ါးသာ မြင်ရပြီး နေရောင်ခြည်ကိုကား မမြင်ရ သေး၊ ကျွန်တော်တို့သည် အိန္ဒိယ ရှေးဟောင်း သုတေသနဌာနက ထိန်းသိမ်း စောင့်ရှောက်ထားသော စေတီကြီးပရ၀ုဏ် အတွင်းမှ အုတ်ရိုး အုတ်ချပ် များပေါ်တွင် ထိုင်မိကြပါသည်၊ မြင့်မားလှသော ပုထိုးတော်ကြီးဘေးမှာ တူးဖော်ခြင်း၊ ပြုပြင်ခြင်း လုပ်ငန်းတွေ လုပ်နေကြသော အလုပ်သမားတွေကို မြင်ကြရသည်၊ ကျွန်တော်တို့သည် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုခဲ့ရာနေရာဟုသော အသိဖြင့် ဗုဒ္ဓ၏ ဂုဏ်တော်အပေါင်းကို သတိရမိကြသည်။ လူအပေါင်းကို ဆင်းရဲကုန်ရာ နိဗ္ဗန်သို့သွားရာလမ်းကို ညွှန်ပြခဲ့သော ဗုဒ္ဓမြတ်စွာဘုရားသည် ဤနေရာတွင် နောက်ဆုံးခန္ဓာဝန်ကိုချတော်မူ ခဲ့ပေသည်၊
(၂)
ဗုဒ္ဓသည် မိမိတွေ့ရှိခဲ့သောဓမ္မဒေသနာကို ၄၅နှစ်တာပတ်လုံး လှည့်လည်ဟောကြားခဲ့ပြီး ပရိနိဗ္ဗာန်ပြုခဲ့ပါ သည်၊ ဗုဒ္ဓကွယ်လွန်ပြီးနှစ်ပေါင်း၂၀၀ ခန့်အကြာတွင် အသောကမင်းရာဇာသည် အိန္ဒိယ နိုင်ငံအနှံ့နှင့် ပတ်ဝန်း ကျင်နိုင်ငံများ၌ ဗုဒ္ဓဘာသာပြန့်ပွားအောင်ဆောင်ရွက်တော်မူခဲ့ပါသည်၊ သို့ပါသော်လည်း အေဒီ ၁၁ ရာစု အကုန်တွင် အိန္ဒိယပြည်သို့ အနောက်ဖက်မှကျူးကျော်သူများ ၀င်ရောက်ခါ ဗုဒ္ဓဘာသာဝင် ရဟန်းတော် များကိုသတ်ဖြတ်၊ အဆောက်အဦး စေတီပုထိုး မှန်သမျှကို ဖျက်ဆီးခဲ့ကြသည်ကို အများသိရှိ ကြပြီးဖြစ်ပါသည်၊ ၁၂ ရာစုနှစ်မှစပြီး နှစ်ပေါင်း ရ၀၀ကျော် အိန္ဒိယနိုင်ငံတွင်ဗုဒ္ဓ ၀ါဒ ကွယ်ပျောက်ခဲ့ရပါသည်၊
၁၉ရာစုနှစ်၊ အစပိုင်းအထိ ဗုဒ္ဓ၀ါဒဟူ၍အိန္ဒိယတွင် အထင်အရှားမရှိသေးပါ၊ အီဂျစ်ဘုရား Apis ၏၀ါဒဟု ၄င်း၊ Scandinavian Woden ခေါ် ဥရောပမှ နတ်ဘုရားဝါဒဟု၎င်း ဆရာအမျိုးမျိုးက နာမည်အမျိုးမျိုး ပေးခဲ့ကြပါသည်၊ ၁၈၄၄ ခုနှစ်ပြင်သစ်လူမျိုး Eugene Burnouf ၏ ဗုဒ္ဓဘာသာသမိုင်းစာအုပ် ပေါ်ထွက်လာမှ ဥရောပနှင့် အနောက်နိုင်ငံများက ဗုဒ္ဓဘာသာအကြောင်းစတင်သိရှိခဲ့ကြပါသည်။
မြန်မာနိုင်ငံ၏သာသနာဝင်သမိုင်းမှာ အနှေင့်အယှက်ကြီးစွာမတွေ့ခဲ့ရ၊ အိန္ဒိယမှာ ကြုံကြရသလို မကောင်းသော ဘေးရန်များမှလည်း ကင်းဝေးခဲ့ပါသည်၊ အာသောကမင်းကြီးက စေလွှတ်လိုက်သော သာသနာ့ မစ်ရှင်(သောနမထေရ် နှင့် ဥတ္တရ) တို့ သည် မြန်မာပြည်သို့ ပိဋကတ် သုံးပုံကို ပို့ပေးနိုင်ခဲ့ကြသည်၊ မဟာဝန်ကျမ်းတော်လာ သုဝဏ္ဏဘုံမိမှာမြန်မာပြည်ကိုဆိုသည်၊ ပုဂံပြည့်ရှင်ဘုရင် အနော်ရထာ သည် ရှင်အရဟံ မထေရ်မြတ်ကိုကြည်ညိုရာမှဗုဒ္ဓဘာသာကိုချီးမြှောက်ခဲ့သည်၊ု သထုံမှာရှိနေ သော ပိဋကတ် သုံးပုံကိုလည်းပုဂံအရောက်ဆောင်ကျဉ်းနိုင်ခဲ့ကြသည်၊ သက္ကရာဇ် ၁၀၅ရ ခန့်ကဖြစ်ပါသည်၊ မင်းနှင့်ပြည်သူ တို့ညီညာဖြဖြပူးပေါင်းမိသောအခါ ပုဂံတွင် စေတီဘုရားကျောင်းကန်တို့် ဖြင့် စည်ကားသော သာသနာတော် ထွန်းကားခဲ့သည်၊
It-Sing ခေါ်တရုပ်ခရီးသွားတဦးကမူ ရ ရာစုတွင် သရေခေတ္တရာ ၌ ဗုဒ္ဓဘာသာထွန်းကား နေပြီဟု မှတ်တမ်းတင်ခဲ့သည်၊ ယေဓမ္မာ အစချီသုတ်တော်ကို ရေးထားသည့် ကြေးပြား ကိုမှော်ဇာ ဘုရားကြီး မှ တူးဖေါ်တွေ့ရှိခဲ့ကြသည်၊ အေဒီ ၄၅၀- ၅၀၀ ခန့်ကဖြစ်ပါသည်၊
၁၈၁၁ ခုတွင်အရှေ့အိန္ဒိယကုမ္ပဏီမှ မစ္စတာ ဟာမင်တန်ဆိုသူ ကုသိနာရုံသို့ရောက် လာဘူးသည်၊ သို့သော် တွေ့ရှိရသောဂူဖုရားများကို ဗုဒ္ဓဘုရားရှင်နှင့်မဆက်စပ်မိသေးပေ၊ ၁၈၃၇ခုနှစ်ရောက်မှသာ ဂီနာနှင့် ကာပါရဂီရိ နှစ်နေရာတွင် အာသောက ကျောက်စာ တိုင်၂ ခုမှအရေးအသားကို အင်္ဂလိပ်လူမျိုး James Princep ကဘာသာပြန် အဓိပ္ပါယ် ဖေါ်နိုင်ခဲ့သည်၊ ထိုအချိန်မှစပြီးသာ ဘုရားရှင်နှင့် ဗုဒ္ဓ၀ါဒအကြောင်း လူတို့သိရှိလာခဲ့ကြရပါသည်၊ တဖန် နိပေါ၊ သီဟိုဠ်နိုင်ငံ ဘုရားဂူကျောင်း များမှ ကျောက်စာတိုင် ရှေးဟောင်းအမွေအနှစ် တို့ကိုတူးဖော်၊ ဖတ်ရှု နားလည်လာကြပါသည်၊
ဗုဒ္ဓ၀ါဒသည် ရှေးဟောင်း အမွေအနှစ်ကို တလေးတစားထိမ်းသိမ်းတတ်သော အင်္ဂလိပ် လူမျိုး ပညာရှင်များကြောင့် အိန္ဒိယနိုင်ငံ မှာတဖြည်းဖြည်း ပြန်လည် လူသိများထွန်းကားလာခဲ့ပါသည်၊ ၁၈၅၄ ခုတွင်မစ္စတာ ၀ီလဆန်ဆိုသူက အနီးမှ ကေစီယ ရွာကို၎င်း ပုထိုးတော်ကြီးကို၎င်း ဗုဒ္ဓသမိုင်းကြောင်းနှင့် ဆက်စပ်မှုရှိနိုင်သည် ဟုယူဆခဲ့ သည်၊ နောက်အိန္ဒိယ ကျောက်စာဝန် ကန်နင်ဟန် (၁၈၆၁-၁၈၆၂)တွင် ရောက်လာမှသာ ဘုရားရှင် ပရိနိဗ္ဗာန် ပြုရာနေရာ ဟု အတည်ပြုနီုင်ခဲ့သည်၊
ကုသိနာရုံ ရှိစေတီ ပုထိုးများ အကြောင်းကို ဖော်ပြမည်ဆိုလျင် မြန်မာပြည်က ရခိုင်ဆရာတော် ဦးစန္ဒြာမဏိ အကြောင်းမပါလျင် ပြည့်စုံမည်မဟုတ်ပါ။ ဆရာတော်သည် ရခိုင်ပြည်နယ် စစ်တွေ၊ ပေါက်ပင်ဂွင်းရွာ သားဖြစ်သည်၊ ၁၈၇၅ ခုနှစ်တွင် မွေးဖွားပြီး ငယ်မည်မှာ သာဘန်းဦး ဖြစ်သည်၊ အသက် ၁၀နှစ်အရွယ်တွင် ဦးလေးဖြစ်သူ ဦးစန္ဓိမာ ကျောင်းတွင် သာမဏေ ဖြစ်လာခဲ့သည်၊
မဟာဗောဓိ အသင်းထူထောင်ခဲ့ သူ အနာဂါရိကာဓမ္မပါလ သည် ရခိုင်ပြည်သို့ ဗုဒ္ဓသမိုင်းဝင် အမွေအနှစ်ပစ္စည်းများ ထိမ်းသိမ်းရန် ကိစ္စနှင့် ၁၈၉၂ ခုနှစ်တွင် ရောက်လာသည်၊ ဆရာတော် ဦးစန္ဒြာမဏိ ကို စစ်တွေမြို့တွင် ဖူးတွေ့ရသော အခါ ဆရာတော်ကို အိန္ဒိယ နိုင်ငံ၌ သီတင်းသုံးပါရန် ပင့်ဖိတ် ခဲ့ကြသည်။
ဆရာတော်၏ ပဌမ အခေါက်အိန္ဒိယခရီးမှာ အဆင်မပြေ၊ ဒုတိယ တခေါက် ကလကတ္တား တွင် ၁၈၈၄ ခုနှစ်က ရန်ကုန်တွင် ရဟန်းဘောင်တက်ခဲ့သော မဟာဝိရ နှင့် တွေ့သည်၊ မဟာဝိရမှာတချိန်က သီဟိုဠ်ကျွန်းတွင် အစာအိမ်ရောဂါနှင့် လဲနေခဲ့ဖူးရာ ဗုဒ္ဓရဟန်းတော်တပါးက ခေါ်ယူပြုစုပေးခဲ့သဖြင့် ဗုဒ္ဓဘာသာဝင်ဖြစ်လာခဲ့သူဖြစ်သည်၊ ၁၈၉၀ခုနှစ်မှစတင်၍ ဆွာမိမဟာဝိရသည်ကုသိနာရုံ ပုထိုးတော်ကြီး အနီးတွင်သက်ကယ်မိုး တဲငယ်တခု ဆောက်လုပ်ခါ တရားကျင့် နေထိုင်ခဲ့သည်၊ ဆွမ်းကွမ်းကို ဘေးအနီးနား မှ လယ်သမား များက တာဝန်ယူကြရာ ရဟန်းကြီးက စေတီကြီး ပရ၀ုဏ်ကို သန့်ရှင်းအောင် လှည်းကျင်း သိမ်းဆည်းခါနေသည်၊ ထိုအချိန်က ဤနေရာသည် ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုရာ နေရာဟု အနီး ပါတ်ဝန်းကျင်မှ ရွာသားများက မသိကြသေးပေ၊
ထိုရဟန်းတော်က ဖိတ်သဖြင့် ဆရာတော်သည် ကုသိနာရုံသို့ ရောက်လာခဲ့လေသည်၊ ပုထိုးတော်ကြီး ထိန်းသိမ်းရာတွင်၎င်း၊ ဧည့်သည်ဖုရားဖူးများ တည်းခိုရန် ဓမ္မသာလာ တခုတည်ဆောက်ရေး တွင်၎င်း၊ ဆရာတော်ပါဝင်လာခဲ့သည်၊ တချိန်ထဲမှာင် မိမိဖါသာ ဗုဒ္ဓဘာသာကို ချေချေမြစ်မြစ် နာလည်ရန် လိုသည် ဟု ထင်မြင်ယူဆလာသည်၊ ထိုအခါပါဠိစာကိုဖတ်တတ်ရန်လိုသည်၊ ဆရာတော်သည် မော်လမြိုင် မြို့သို့ကြွပြီး ပါဠိဘာသာကို တနှစ်ကြာ သင်ယူခဲ့ပါသည်။
၁၉၀၃ ခုနှစ် ကုသိနာရုံ သို့ ပြန်ရောက်သော အခါ မြန်မာသူဌေးကြီးများ လွှတ်တော် အမတ်များ၏ အကူ အညီကို ယူခါ ကုသိနာရုံ ဒေသ ဗုဒ္ဓအမွေအနှစ် ထိမ်းသိမ်းဆောက်ရှောက်ရေးလုပ်ငန်းများကို အားတက် သရော လုပ်ကိုင်ခဲ့ပါသည်၊ မြန်မာအလှုရှင်များအနက် ဦးဖိုးကြူးနှင့် ဦးချီဇွာရွှီး တို့မှာ နာမည်ထင်ရှားသည်၊ မြန်မာ အလှူရှင်များ၏ မတည်ငွေဖြင့်ပင် ထူပါရုံကြီးကို ၁၉၇၄ခုနှစ်တွင် ထီးတော်တင်နိုင်ခဲ့သည်။
ဆရာတော်သည် အိန္ဒိယနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲသူ ဒေါက်တာအင်ဘေဒကာ ကို ဗုဒ္ဓဘာသာ ၀င် အဖြစ်ပြောင်းလဲပေးခဲ့သူဖြစ်သည်၊ အင်ဘေဒကာမှာ ခေသူမဟုတ် အိန္ဒိယတွင် ဗုဒ္ဓဘာသာဝင် ၁၀ သိန်းကျော်ကိုတခါတည်းဗုဒ္ဓဘာသာဝင်အဖြစ်သိက္ခာတင်ပေးခဲ့သူဖြစ်သည်၊ ဆရာတော် သည် ၁၉ရ၂ ခု သက်တော် ၉၈ နှစ်တွင်ဘ၀နတ်ထံလျံလွန်တော်မူသည်၊
(၃)
ကဆုန်လပြည့်နေ့ ကုသိနာရုံ အရောက်ကြွချီတော်မူလာသော ဘုရားရှင်က အာနန္ဒာ မထေရ်ကို ရွာသို့ မ၀င်မီ မလ္လာမင်းတို့၏ အင်ကြင်းတောမှာရှိသော အင်းကြင်းပင် ၂ ပင် အကြား၌ လျောင်းတော်မူရန် ညောင်စောင်းကို ခင်းခိုင်းခဲ့သည်၊ဘီစီ ၅၄၄ (သို့) ဘီစီ ၄၈၃ တွင်ဖြစ်ပါသည်၊ အေဒီ ၆၃ရ တွင် တရုပ်ရဟန်းတော် Hieun Tsang ရောက်လာချိန်တွင် အစီရ၀တီ မြစ်ကမ်းနဘေး ရွာ၏အနောက်မြောက် အရပ် ရွာနှင့် ၃ လီ၊ ၄လီ၊ ခန့်အကွာနေရာတွင် ထူးခြားလှသော အင်ကြင်းပင် လေးပင်ကိုတွေ့ခဲ့ရသည် ဟုဆိုသည်၊ ထိုနေရာတွင် နောက်ဆုံး တထာကတ လဲလျောင်းခဲ့သည်ဟု သူကမှတ်တမ်းတင်ခဲ့ပါသည်၊ ထိုနေရာသည် ယခု ကျွန်တော်တို့ ထိုင်နေရာနေရာ နှင့် မလှမ်းမကမ်း အနီးပါတ်ဝန်းကျင် မှာသာ ရှိပါလိမ့် မည်။
ရှင်အာနန္ဒာက ရွာသိမ် ရွာငယ် ကလေး၌ အဘယ့်ကြောင့် ပရိနိဗ္ဗာန်ပြုရကြောင်း မေးခွန်းထုတ်သည်ကို ဗုဒ္ဓက ရှေးယခင် ဘ၀ မဟာဒဿန စင်္ကြာဝတေးမင်းဖြစ်စဉ်က ဤနေရာသည် ကြီးကျယ်သော မြို့ကြီးဖြစ် ခဲ့ကြောင်း ရှင်းပြခဲ့သည်၊ ဗုဒ္ဓကို ဖူးမြှော်ရန် ရောက်ရှိလာသော နောက်ဆုံးသာဝက သုဘဒ္ဒ မထေရ်ကို သူ၏ သံသယ များကို ပြေပျောက်စေခဲ့သည်၊ သုဘဒ္ဒသည် မြတ်စွာ ဘုရားကိုယ်တိုင် ချေချွတ်ခဲ့သည့် နောက်ဆုံး သာဝက ကြီးဖြစ်ခဲ့သည်၊ ဗုဒ္ဓက သတိနှင့် နေရစ်ကြဟု“၀ယဓမ္မာ သင်္ခါရာ အပ္ပမာဒေထ သမ္မာဒေထ ” ဆိုသော စကားတော်ကိုလည်း ဤနေရာ တ၀ိုက်မှာပင် မှာကြားခဲ့ခြင်းဖြစ်ပါလိမ့်မည်။
ကုသိနာရုံတွင်ဘုရားရှင်၏အလောင်းတော်ကို ရှင်မဟာကဿပ နှင့် ရှင်အာနန္ဒာတို့ကြီးမှုးပြီး မီးသင်္ဂြုလ် ရာနေရာတွင်မူ တချိန်က စေတီတဆူဖြစ်ခဲ့ဟန်ရှိသော အုပ်ချပ်ညိုညိုတို့ဖြင့် စေတီရံ အောက်ပိုင်း ကိုသာတွေ့ကြရတော့သည်၊ မီးပူဇော်ရာတွင် ကျလာသောဓါတ်တော်များကို ဒေါဏပုဏ္ဏား ကရှစ်စုခွဲ၍ ရှစ်ဌာနခွဲ ပေးသောနေရာမှ စေတီကိုလည်းဖူးတွေ့နိုင်ပါသည်၊
နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်းဤပုထိုးတော်ကြီး၌ ဗုဒ္ဓပူဇနိယျပွဲတော်ကို တစ်လ ကြာကျင်းပကြ သည်၊ ထိုပွဲတော်တွင်မဟာပရိနိဗ္ဗာန သုတ္တန် ပါဠိတော်ကို ရွတ်ဖတ်သရဆယ်ကြသည်၊ ကဆုန်လပြည့်ဆို လျင် အိန္ဒိယ၌နွေကာလရောက်နေပါပြီ၊ ပြိဿရာသီဟုဆိုသည်၊ မြန်မာပြည်မှာတော့ ညောင်ရေသွန်း ပွဲတော် ကျင်းပချိန်ပင်ဖြစ်သည်၊
ဒီဃနိကာယ်လာ မဟာပရိနိဗ္ဗာနသုတ်တော် မှာဘုရားရှင်၏ ပရိနိဗ္ဗာန် ပြုပုံ အကြောင်းအရာများကို ဖေါ်ပြထားပါသည်၊ မဟာပဏ္ဍိတ်ရာဟုလာသံကစ္စည်းက တရုပ်ဘာသာမှ ပြန်ဆိုသော မဟာပရိနိဗ္ဗာန သုတ်တော်တွင် ဘုရားရှင်က ရှင်သာရိပုတ္တရာကို ဟောကြားသော သုတ္တန် ကိုမတွေ့ရ ဟုရေးလိုက်ဖူးသည်၊ ပါဠိမှ ပြန်ဆိုသော မဟာပရိနိဗ္ဗာန်သုတ်တွင်မူ အရှင်သာရိပုတ္တရာ၏ ရဲရင့်သော စကား ဟုဆိုပြီး ဘုရားအား မေးလျှောက်ခမ်း ကို ကျွန်တော်ဖတ်ရှုကြရပါသည်။
ဘုရား၏ လက်ျာတော်ရံမထေရ်မြတ်က သဗ္ဗညုတဥာဏ်တော်အရာတွင် မြတ်စွာဘုရားထက် သာလွန် သော အခြားသမဏ၊ ဗြဟ္မဏဟူ၍မရှိပါ ဟုလျှောက်ထားခဲ့သည်၊ ဘုရားက “ချစ်သား သာရိပုတ္တရာ သင်သည် ပွင့်ခဲ့ဘူးသော အခြား မြတ်စွာဘုရား တို့အကြောင်းကိုမသိဘဲ ဤစကားကို မဆိုလင့်” ဟု တားမြစ်တော်မူခဲ့သည်။
ဆရာတော်အရှင် ဇနကာဘိဝံသ၏ နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ စာအုပ်တွင်လည်း ဤသုတ် အကြောင်း မပါ၊ ဆရာတော်ကြီး ဦးဝိစိတ္တ၏ဗုဒ္ဓ၀င်ကို ဖတ်မှသာ မြတ်စွာဘုရား ဝေဠုဝရွာတွင် နောက်ဆုံး ၀ါကပ်ခဲ့ပုံ၊ ထိုမှတဖန် သာဝတ္တိဇေတ၀န်ကျောင်းတော်သို့အလာတွင်မှ ရှင်သာရိပုတ္တရာကသူပရိနိဗ္ဗာန်ပြုရတော့မည့် အကြောင်း ဘုရားထံခွင့်ပန် သည်ကို အစီအစဉ်အတိုင်းရေးပြထားပါသည်။ နောက်ဆုံး ဆယ်လဆိုသည်မှာ ဝေဠုဝရွာတွင် ၀ါကပ်ပြီးသည်မှ နောင်ပရိနိဗ္ဗန်စံဝင်တော်မူမည့် ကဆုန်လပြည့်နေ့အထိကို ရည်ညွှန်းပါ သည်၊
ပါဠိတော် မြန်မာပြန် မဟာပရိနိဗ္ဗာန်သုတ်တော်မှာ သမိုင်းကိုဖော်ပြခြင်းမဟုတ်၊ ဘုရား၏ တရား တော်များကိုသာစီကာစဉ်ကာ ရေးပြထားခြင်းဖြစ်သည်၊ တရုပ်မူတွင် အဘယ့်ကြောင့် ဤသုတ္တန် မပါရသည်ကို ကျွန်တော်တို့ ရှင်းမပြနိုင်သော်လည်း ပါဠိတော်လာ နာဠန္ဒ မြို့ ပါဝါရိက သူဋ္ဌေး၏သရက် ဥယျာဉ် ၌ ဗုဒ္ဓကို ရှင်သာရိပုတြာက လျှောက်ထားခဲ့ပုံ မှတ်တမ်းမှာအထင်အရှားရှိပါသည်၊ မှားစရာ၊ ဝေဖန်စရာ ဟူ၍ ဘာမှ မရှိပါ။
(၄)
လွန်ခဲ့သောနှစ်ပေါင်း၂၅၀၀ကျော်က အိန္ဒိယတွင်ဘာသာရေးတော်လှန်ရေး တရပ်ဖြစ်ပေါ်ခဲ့ပါသည်၊ နိုင်ငံတွင်းရှိ တိုးတက်သောအတွေးအခေါ်ရှိသော လူငယ်အများအပြားသည် မိမိ၏အိမ်များကို စွန့်ခွာပြီး ဆင်းရဲကုန်ရာ၊ အမှန်တရားကိုရှာဖွေခဲ့ကြသည်၊ ယေဘူယျအားဖြင့်မိမိခန္ဓာကိုယ်ကိုညှင်းဆဲ၍ဒုက္ခ အမျိုးမျိုး ခံကာအမှန်တရားကိုမြင်ရန် ကြိုးစားခဲ့ကြပါသည်။ ဗုဒ္ဓက မဇ္ဇျိမပဋိပဋာ အလယ်အလတ် လမ်းကိုတွေ့မြင်ဟောကြားခဲ့ပြီး လူတို့၏အမှောင်တိုက်ကို ဖယ်ရှား ပေးခဲ့ပါသည်၊
ဗုဒ္ဓ၀ါဒနှင့် အပြိုင် ပေါ်ထွက်ခဲ့ကြသော ဘာသာကြီး များက ကမ္ဘာ နှင့် နေ စင်္ကြာဝဠာကို ဖန်တီးရှင် God က ဖန်တီးထားသည်၊ လူတို့၏ ၀ိဥာဉ်သည် ထာဝရ တည်မြဲသည်၊ လူသား၏ အနာဂါတ် မှာ ဖန်တီးစီရင်ပြီး ဖြစ်သည်၊ တချို့ကလည်း လူသည် သေဆုံးသည် နှင့် ဘ၀ တခု ပြီးဆုံးတော့သည်။
ဝိဥာဉ်သည် ကိုယ်ခန္ဓာကြီး အတွင်းတွင် ရှိနေသမျှ၊ ၀မ်းသာမှု၊ ပျော်ရွင်မှု၊ စိတ်ဆင်းရဲရခြင်း အမျိုးမျိုးတို့ကို ခံစားရလိမ့်မည်၊ ဤ၀ိဥာဉ်ကောင်ကြီး ချမ်းသာစီးပွားရှိစေရန်အတွက်မှာမူ လူတို့သည် ဒုက္ခအမျိုးမျိုး ကိုခံစားကြရမည်၊ အယူလွဲမှုကြောင့် မိမိကိုယ်ကို အစာငတ်ခံခြင်းဖြင့်၊ မချိမဆန့် ဒုက္ခခံကာ သေပွဲဝင်ခဲ့ကြသူတွေလည်းရှိသည်၊ ဥပါတ်နိသျှ ကျမ်းများတွင်မူ အတ္တ ခေါ်မိမိ၏ Ego သည် အမြဲတည်ရှိပြီးမပြောင်းမလဲရှိနေသည်၊ ထို အီဂို ပျော်ရွင်ချမ်းမြေ့မှု အတွက် ဗြဟ္မဏ နှင့်တွေ့ဆုံရန်လိုအပ် သည်၊ ထိုသို့တွေ့နိုင်ရန်ပြင်ပကမ္ဘာကြီးနှင့် လုံးဝအဆက်အသွယ်ဖြတ်ပြီး၊ တကိုယ်တည်း နေထိုင်ကျင့်ကြံ ကြရမည် ဟုသွန်သင်ခဲ့ကြသည်။
သိဒ္ဓတ္တမင်းသားက မူ ဤသို့မိမိကိုယ်ကိုညှင်းဆဲနေခြင်းဖြင့် အမှန်တရားကို တွေ့ရလိမ့်မည်မဟုတ်၊ ထာဝရ ငြိမ်းချမ်းခြင်းတရားကိုလည်းမရရှိနိုင်ဟု သိမြင်ခဲ့သည်၊ ၀ိဥာဉ်နှင့်ပတ်သက်၍၄င်း ကမ္ဘာကြီးနှင့် ပတ်သက် ၍၄င်း၊ ရေပန်းစားနေသည့် သီအိုရီမှန်သမျှသည် ယုံကြည်စရာမရှိဟု သူသိမြင်ခဲ့သည်။ ဖန်တီးရှင်ဆိုသည် မှာလည်းဘာမှအနှစ်သာရမရှိ။
ဗုဒ္ဓက လူတို့၏အသိဥာဏ် Consciousness ကို အာယတန ခြောက်ပါးဖြင့်ရှင်းပြသောအခါ ၀ိဥာဉ်ကောင် ဆိုသော အရာသည်ရှိရန်မလိုအပ်တော့ပေ၊ ဖြစ်တည်မှုမှာ အာရုံသိစိတ်နှင့် အာရုံခံဝတ္တုတို့တွေ့ဆုံခိုက် ခဏလေးမှာသာ ဖြစ်ပေါ်လာသည်၊ လူတို့၏ ဒုက္ခနှင့် ချမ်းသာ ဆင်းရဲဝေဒနာခံစားမှု ဆိုသည်များမှာ အစိုးမရနိုင်သော မတည်မြဲသော အကြောင်းသာရှိတော့ သည်၊
ဗုဒ္ဓကဖြစ်ရပ်တိုင်းတွင်အဓိပ္ပါယ်မဲ့ဖြစ်ခြင်းမဟုတ်၊ အကျိုးနှင့်အကြောင်းတို့သည်ဆက်သွယ်နေကြသည်၊ သူသင်ပြသော စိတ္တဗေဒပညာမှာ စိတ်သည်သာလူတို့၏ Character ကိုဖန်တီးသည်၊ လူ၏ အမူ၊အကျင့်၊ စရိုက် ဆိုသည်မှာလည်း သူလုပ်ခဲ့သည့် အပြုအမူအပေါင်း(ကံ)ပေါ်တွင်မူတည်နေသည်၊ လူတယောက်၏ ကြီးပွားခြင်း၊ဆုတ်ယုတ်ခြင်းကို (ကံ) ကသာအဓိကဆုံးဖြတ်သည်၊ သူ၏ဘ၀ပေါင်းများစွာ တွေ့ကြုံရသမျှ သည် မိမိအပြုအမူ၏အကျိုးဆက်များသာဖြစ်သည်။
ယခင်ဘ၀များကပြုခဲ့သမျှ၏ အကျိုးကို ယခုဘ၀တွင်ခံစားကြရပြီး ယခုဘ၀တွင် ပြုမှုသမျှမှာ နောင် ဖြစ်လာမည့် ဘ၀၏ မျိုးစေ့ကိုဖန်တီးသည်၊
ဤသို့ဘ၀ပြီးဘ၀၊ ဘ၀တဖန်ဖြစ်ရခြင်း၊ မွေးရခြင်း၊ သေရခြင်းတို့မှာဒုက္ခပင်ဖြစ်တော့သည်၊ ဤသည်တို့ မှာ မိမိ၏တကိုယ်ကောင်းစိတ်ဓာတ်ကြောင့်သာဖြစ်ရပြီး အကြောင်းရင်းမှာ အမှန်ကိုမမြင်နိုင်ခြင်း အ၀ိဇ္ဇာပင်ဖြစ် သည်၊ ဘ၀သံသရာ ဖြတ်တောက်ခြင်းကို ဆင်းရဲကင်းရာ နိဗ္ဗာန်ဟုခေါ်ပြီးနိဗ္ဗာန်ကိုမျက်မှောက်ပြုရန်မှာ သနားညှာတာခြင်း ရက်ရောခြင်း၊ အမှန်တရား နှင့် သန့်စင်ခြင်း၊ ရိုးသားခြင်း၊ တကိုယ်ကောင်းမဆန်သော နည်းလမ်းများဖြင့်သာဖြစ်နိုင်သည်၊ အကျိုး ဖြစ်ထွန်းဘို့ မျှော်လင့်နေရန်မလို၊့် အပြစ်ဒဏ်ပေးခံရမည် ဟုလည်းကြောက်လန့် နေစရာ မလိုပေ။
ဗုဒ္ဓဘုရားရှင်သည် သတ္တ၀ါများ ဆင်းရဲဒုက္ခတွင်း နစ်နေရပုံများကို ရှင်းပြခဲ့ပါသည်၊ ထိုဆင်းရဲခြင်း ဖြစ်ရကြောင်း မှာ သမုဒယသံယောဇဉ်များကြောင့်သာဖြစ်ပြီး၊ ထိုသံယောဇဉ်ကို ပြတ်တောက် ဖို့ဆိုလျင် မဂ္ဂင်ရှစ်ပါးခေါ် ကျင့်စဉ်အတိုင်း လိုက်နာကြရပါလိမ့်မည်၊
ဗုဒ္ဓဟောကြားခဲ့သောတရားဓမ္မ ကြောင့်လူတို့၏ အမှောင်တိုက်မှာ လင်းချင်းခဲ့ကြပါသည်၊ ကမ္ဘာယဉ်ကျေးမှု အပေါ်များစွာအကျိုးဖြစ်ထွန်းခဲ့ကြပါသည်၊ ကျွန်တော်သည်ရှင်တော်ဗုဒ္ဓပရိနိဗ္ဗန်စံဝင်ခဲ့ရာနေရာ ပုထိုးတော် ကြီးဘေး မှာထိုင်ရင်း ဗုဒ္ဓကလူသားတို့အပေါ်ပြုခဲ့သော ကျေးဇူးကို ဆပ်၍မကုန်နိုင်ကြောင်းကိုတွေးနေမိပါ သည်၊
၄၅၀ါပါတ်လုံး ဟောတော်မူခဲ့သည် ဗုဒ္ခ၏တရားတော်များမှာ ယနေ့ခေတ်အထိ အပျောက်မပျက်ရအောင် သာသနာ့ အာဇာနည်ကြီးများက လက်ဆင့်ကမ်းသယ်ဆောင် ထိမ်းသိမ်းခဲ့ကြပါသည်၊ ကျွန်တော်တို့ သဘောပေါက်ကြရမည်မှာ ငြိမ်းချမ်းရာနေရာသို့ သွားရန်လမ်းကြောင်းသည်ရှိပြီးဖြစ်သည်၊ ကျွန်တော်တို့ တာဝန် မှာ ထိုလမ်းကြောင်း အတိုင်းလျှောက်ကြရန်သာဖြစ်ပါသည်၊
ကိုသန်းလွင်