တင်အေး - ၂၀၁၅ ရွေးကောက်ပွဲ၊ ပြည်သူနဲ့ ဒီမိုကရေစီဘက်တော်သားများ
(မိုးမခ) နိုဝင်ဘာ ၆၊ ၂၀၁၅
ပြည်သူက သမိုင်းကို ရေးတယ်ဆိုရင် …
ပြည်သူကို ဗဟိုပြုမယ်ဆိုရင် …
ပြည်သူကို အလုပ်အကျွေးပြုမယ်ဆိုရင် …
ပြည်သူ့ဆီကလာတဲ့အကြောင်းအချက်တွေနဲ့ ပြည်သူ့ထံ ပြန်သွားရ၊ ပြည်သူကို အလုပ်အကျွေးပြုရ၊ ပြည်သူ့အကျိုး ဆောင်တဲ့အလုပ်ကို လုပ်ကြရပါတယ်။ တာဝန်သိနိုင်ငံရေးသမားတွေဟာ ပြည်သူ့ထံကလာပြီး ပြည်သူ့ထံ ပြန်သွားတဲ့အလုပ် ကို လုပ်ကြပါတယ်။
ဒီနေ့ လတ်တလောဖြစ်ပေါ်နေတဲ့ ဗမာပြည်အခြေအနေကိုကြည့်ရင် ပြည်သူလူထုတရပ်လုံးဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်ကလုပ်မယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အုံနဲ့ကျင်းနဲ့ မဲပေးကြဖို့ စိုင်းပြင်းနေကြပြီဆိုတာ သိသာမြင်သာ နေတဲ့ အခြေအနေ တခုပါ။ နိုင်ငံရပ်ခြားရောက် မြန်မာပြည်သူတွေဆိုရင် အခုရက်ပိုင်းကတည်းက ကြိုတင်မဲတွေ သဲကြီးမဲကြီး ပေးနေကြတာ မြင်တွေ့နေရပါတယ်။
ပြည်သူ့သဘောထားနဲ့ နိုင်ငံရေးသမား
၁၉၈၈ ရှစ်လေးလုံးပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီးမှာ ပြည်သူလူထုရဲ့ ဆန္ဒဖေါ်ပြချက်ကိုတွေကို စုစည်းပြီး နိုင်ငံ ရေး ကြွေးကြော်သံ(၄)ရပ်ဖေါ်ထုတ်ခဲ့ကြပါတယ်။
မဆလ တစ်ပါတီအာဏာရှင်စနစ် ဖျက်သိမ်းရေး
ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး
ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေး
ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး
အဲဒီ့ကြွေးကြော်သံ (၄) ရပ်ဟာ ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီးရဲ့ ပြည်သူ့ကြွေးကြော်သံ၊ ပြည်သူ့ တောင်းဆို ချက်ဖြစ်ခဲ့ပါတယ်။ ပြည်သူလူထုကတော့ အဲသလို နိုင်ငံရေးစကားလုံးတွေနဲ့ ကြွေးကြော်သံကို ဖေါ်ထုတ် ခဲ့တာမဟုတ်ပါဘူး၊ အဲဒီ့အချိန်ကာလ ပြည်သူကြားကအသံတွေက “ဘဲဥတလုံး နှစ်ကျပ်ခွဲ၊ စိန်လွင်ခေါင်းကိုခွဲ”၊ “ဘာလုပ်နေလဲ မောင်မောင်ရယ် ဒီမိုကရေစီပေးလိုက်ပါလား”၊ “ရရင်ရ မရရင်ချ၊ ရရ မရရ ချ” အစရှိလို့ ရင်တွင်းခံစားမှု ပေါက်ကွဲသံမျိုးစုံနဲ့ ကြွေးကြော် ခဲ့ကြတာပါ။ ဒါကို တာဝန်သိ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်သူတွေက ပြည်သူ့အသံ ပြည်သူ့ခံစားမှုကို နိုင်ငံရေးအဓိပ္ပါယ်နဲ့ ဖေါ်ထုတ် လိုက်တဲ့အခါ အပေါ်မှာဖေါ်ပြခဲ့တဲ့ ကြွေးကြော်သံ(၄)ရပ်ဟာ ရှစ်လေးလုံးပြည်သူ့လှုပ်ရှားမှုတခုလုံးကို လွှမ်းခြုံတဲ့ ပြည်သူ့ကြွေးကြော်သံ၊ ပြည်သူ့တောင်းဆိုချက် ဖြစ်သွားခဲ့ပါတယ်။
အဲသလိုပါပဲ၊ ပြည်သူကြားမှာ ပြည်သူ့အကျိုးဆောင်တဲ့နိုင်ငံရေးအလုပ် လုပ်မယ့်သူဟာ အခြေအနေတိုင်းမှာ ဖြစ်ပေါ်နေတဲ့ ပြည်သူရဲ့ အခြေအနေမှန်၊ သဘောထားအမှန်၊ ဆန္ဒအမှန်ကို နိုင်ငံရေးအရ အဓိပ္ပါယ်ပြန်နိုင်ဖို့လိုပါတယ်။ ဒါမှသာ ကိုယ့်ရဲ့ လမ်းစဉ် မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်တွေဟာ ပြည်သူကို ဗဟိုပြုတဲ့ လမ်းစဉ် မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်တွေ ဖြစ်မှာပါ။ ပြည်သူ့သဘောထားက ဘာကိုဖေါ်ပြနေပါလိမ့်ဆိုပြီး နိုင်ငံရေးအရ အဓိပ္ပါယ်မပြန်ဘဲ၊ ကိုယ့်ဆန္ဒ၊ ကိုယ့်သဘောထား၊ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်မဖြစ်ချင်တာကိုပဲ ပြောနေရင် တဦးချင်းသဘောထားသာဖြစ်ပြီး၊ ပြည်သူ့အကျိုးဆောင်တဲ့ နိုင်ငံရေး အလုပ် လုပ်ဆောင်မယ့် နိုင်ငံရေးသမားတယောက်ရဲ့ သဘောထား မဖြစ်တော့ပါဘူး။
ရွေးကောက်ပွဲနဲ့ ပြည်သူ
ဒီနေ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကလုပ်မယ့် ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူတွေ မဲထည့်ကြဖို့ အုတ်အော်သောင်းနင်း ဖြစ်နေကြတာဟာ နိုင်ငံရေးအရ ဘယ်လိုအဓိပ္ပါယ်ရှိမလဲ၊ ဆန်းစစ်ဖို့လိုပါလိမ့်မယ်။ ပြည်သူလူထုက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ယုံကြည်လိုက်နာလို့လား၊ နတ်ရေကန်ထဲချပြီး ပြန်ဆယ်လိုက်သလို ၂၀၁၅ ရွေးကောက်ပွဲ ပြီးတာနဲ့ ဒီမိုကရေစီနိုင်ငံကြီး ချက်ချင်းတန်းဖြစ်သွားမယ် ယုံကြည်လို့လား။ ပြည်သူလူထုဆိုတာ အလိုလိုသိနိုင်ငံရေးသမားပါ၊ တိုက်ရိုက်ဘဝပေး အသိနဲ့ နိုင်ငံရေးလုပ်တဲ့ နိုင်ငံရေးသမားတမျိုးပါ။
ပြည်သူလူထုက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲ ရလာဒ်ရဲ့ ဖြစ်လာနိုင်ခြေတွေ အကြောင်း နိုင်ငံရေးစကားလုံးတွေနဲ့ မဖေါ်ပြပေမယ့် သူတို့ရင်ထဲက သိပါတယ်၊ တနည်းပြောရရင် စစ်တပ်က နေရာတကာ ကြီးစိုးလွှမ်းမိုးချုပ်ကိုင်နေသမျှ ကာလပတ်လုံး ဒီမိုကရေစီ မရနိုင်သေး ဘူးဆိုတာ သူတို့ရဲ့ ဘဝပေးအသိအရ ကောင်းကောင်းသိပါတယ်။
ဒါဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကလုပ်မယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဘာကြောင့် မဲထည့်ချင်နေကြ တာလဲ၊ မဲဆွယ်ပွဲတွေမှာ ပြည်သူ့ကိုယ်စားလှယ်လို့ သူတို့ယူဆသူတွေ၊ သူတို့ယုံကြည်သူတွေကို ဘာကြောင့် တခဲနက် အားပေး ထောက်ခံနေကြတာလဲ။
၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးချင်နေတဲ့၊ မဲဆွယ်ကာလမှာ ပြည်သူ့ကိုယ်စားလှယ်တွေကို တခဲနက် အားပေး ထောက်ခံနေကြတဲ့၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ သူတို့ရဲ့သက်ဆိုင်ရာတိုင်းရင်းသားပါတီတွေကို အားပေး ထောက်ခံနေကြတဲ့ ပြည်သူလူထုရဲ့ ဒီနေ့ ၂၀၁၅ ရွေးကောက်ပွဲအပေါ် မှာရှိနေတဲ့ နိုင်ငံရေးဖေါ်ပြချက်ဟာ အခုလို အဓိပ္ပါယ်ထွက်နေပါတယ်။
စစ်အာဏာရှင်စနစ်ကို မလိုလားကြောင်း၊ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ထူထောင်လိုကြောင်း အခါ အခွင့်သင့်တိုင်း ဖေါ်ပြတာဖြစ်ပါတယ်။
အခု ၂၀၁၅ ရွေးကောက်ပွဲမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒီမိုကရေစီဘက်တော်သားပါတီတွေ၊ ဒီမိုကရေစီဘက်တော်သားတိုင်းရင်းသားပါတီတွေ၊ ဒီမိုကရေစီဘက်တော်သား တသီးပုဂ္ဂလတွေကို မဲပေးတဲ့နည်းနဲ့ ဒီမိုကရေစီလမ်းကြောင်းမှန်အတိုင်း သွားချင်တဲ့ ပြည်သူ့သဘောထားကို ဖေါ်ပြကြ ပါလိမ့်ဦးမယ်။
ပြည်သူလူထုဟာ ရှစ်လေးလုံးပြည်သူ့ဒီမိုကရေစီအရေးတော်ကြီးနောက်ပိုင်းမှာ ကျောင်းသား၊ အလုပ်သမား၊ လယ်သ မားတွေရဲ့ လှုပ်ရှားမှုမျိုးစုံနဲ့ ဒီမိုကရေစီနိုင်ငံရေးဖေါ်ပြချက်တွေကို အခါအခွင့်သင့်တိုင်း ဆန္ဒဖေါ်ထုတ် လှုပ်ရှားခဲ့ကြပါတယ်။ ရွေးကောက်ပွဲပုံစံနဲ့ ဆန္ဒဖေါ်ထုတ်တာကိုလည်း ၁၉၉၀ ခုနှစ်တုန်းက တကြိမ် တောင်ပြိုကမ်းပြို ဖေါ်ပြခဲ့ပြီးပါပြီ။ အခု ၂၀၁၅ မှာလည်း ရွေးကောက်ပွဲနည်းနဲ့ ဆန္ဒဖေါ်ထုတ်တာကို နောက်တကြိမ် ထပ်ဆင်နွှဲကြဦးမှာပါ။ ဒီမိုကရေစီရသည်အထိ အဆုံးသတ် အောင်ပွဲတွေ မရခဲ့တာ ရခဲ့တာ၊ ရှေ့မှာလည်း ဘယ်အချိန် ရမယ် မရမယ်ဆိုတာကတော့ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေရဲ့ အဓိကတာဝန်ဖြစ်မှာပါ။
အရင် အစဉ်အဆက်ပေါ်ပေါက်ခဲ့တဲ့ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ စာရေးစာချီ ဝန်ထမ်းတွေရဲ့ လှုပ်ရှားမှု တွေလိုပါပဲ ၂၀၁၅ ရွေးကောက်ပွဲဟာ ဒီမိုကရေစီဘက်တော်သားနဲ့ စစ်အာဏာရှင်ဘက်တော်သားတို့ရဲ့ အားပြိုင်ပွဲပါ။ စစ်အာဏာရှင် ဘက်တော်သားတွေဘက်ကလည်း ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲဆိုတဲ့ လူထုရဲ့ အသံတိတ် ဒီမိုကရေစီရေး ဆန္ဒဖေါ်ထုတ် လှုပ်ရှားမှုအပါအဝင် ပြီးခဲ့တဲ့ကာလ ဒီမိုကရေစီရေးလူထုလှုပ်ရှားမှုတိုင်းကို တနည်းမဟုတ်တနည်းနဲ့ ဆန့်ကျင်နှိမ်နင်းခဲ့သလို ၂၀၁၅ ရွေးကောက်ပွဲမှာလည်း အစဉ်အလာမပျက် ဆန့်ကျင်ညစ်ပတ်ဦးမယ်ဆိုတာ ပြည်သူလူထုရဲ့ သမိုင်းဘဝပေး အသိက သိပြီးဖြစ်ပါတယ်။ လက်တွေ့အကြိုကာလ အဖြစ်အပျက်တွေကလည်း ညစ်လည်းညစ်နေ၊ ညစ်လည်း ညစ်ပတ်ဦးမယ်ဆိုတာ ထင်ရှားနေပါပြီ။ ဘယ်လိုပဲ ညစ်ပတ်ပါစေ၊ ပြည်သူလူထုကတော့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း၊ ဒီမိုကရက်တစ်ဖက်ဒ ရယ်ပြည်ထောင်စုထူထောင်လိုကြောင်း အခါအခွင့်သင့်တိုင်း တနည်းမဟုတ်တနည်းနဲ့ ဖေါ်ပြနေကြမှာပါ။
ကြိုစဉ်းစားထားကြရ မှာက ပြည်သူလူထုရဲ့ဆန္ဒနဲ့ ဆန့်ကျင်ပြီး ညစ်ပတ်တဲ့ ရွေးကောက်ပွဲအဖြေမျိုး ဖြစ်လာရင် ဘာဆက်လုပ်ကြမလဲ ဆိုတာပါပဲ။ ။