than htay maung |
အောင်မော်ဦး - “ချစ်ခြင်းအားဖြင့် သည်သာလျှင်”
(မိုးမခ) နိုဝင်ဘာ ၇၊ ၂၀၁၅
ကျနော့်အလုပ်၌ ဗမာဆို၍ ကျနော်တယောက်တည်းရှိသည်။ အများစုမှာ လူဖြူများဖြစ်ကြ သော်လည်း နိုင်ငံစုံမှ လူမျိုးစုံအား မျှ၍ ခန့်ထားပုံရသဖြင့် အသားအရောင် စုံသည်။ အစားအစာ စုံသည်။ ဘာသာစကား စုံသည်။ ယဉ်ကျေးမှု စုံသည်။ ကိုးကွယ်ယုံကြည်မှု စုံသည်။ သမိုင်းနောက်ခံ စုံသည်။
မတူသည့်အလုပ်ချိန်၊ မတူသည့်ဌာနတို့၌ လုပ်ကိုင်ကြရသော်ငြား နေ့လည်စာစားချိန်များ တွင်မူ နီးရာခုံချင်းဆက်၍ သတင်းနှင့်ဟင်းဖလှယ်ကြသည်။ ယဉ်ကျေးမှုချင်းဖလှယ်ကြသည်။ သူ့မွေးရပ်ဌာနေနှင့် ကိုယ့်ဇာတိချက်ကြွေ။ သူသူငါငါ၊ မျှော်ရည်မှန်းဆ၊ လွမ်းတမ်းတသ။
စပ်မိစပ်ရာ၊ ထွေရာလေးပါး အကြောင်းအရာများထဲ၌ မနေ့ကဘောလုံးပွဲ၊ သည်မနက်ရာသီ ဥတု၊ ညနေခင်း ရုပ်သံဇာတ်လမ်းတွဲ စသဖြင့် စုံစီနဖာ။ ရေပန်းစားနေသည့် အမေရိကန် သမတလောင်း မဲဆွယ်ပွဲများမှာ နေရာအယူဆုံးဟုပြောလျှင်ရသည်။ တိုက်ဆိုင်ချင်တော့ စီဘီအက်စ်ရုပ်သံမှ ထုတ်လွှင့်ခဲ့သည့် အင်တာဗျူးအစီအစဉ်နှင့် ဝေါလ်စထရိဂျာနယ်၌ မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြခြင်းခံခဲ့ရသည့် မြန်မာ့မဲဆွယ်ပွဲသတင်းသည်လည်း နေ့လည်ခင်း ထမင်းဝိုင်း၌ ကဏ္ဍတခုအဖြစ် ပါဝင်လာခဲ့ရသည်။
ထို့ကြောင့်ပင် ထင်သည်။ ကျနော့်ကိုတွေ့လျင် “ဟေ့ … အောင် … (၅)ရက်ပဲ လိုတော့တယ် နော်၊ (၄)ရက်ပဲ လိုတော့တယ်နော်” စသဖြင့် ရွေးကောက်ပွဲကျင်းပမည့်ရက်ကို ကျနော့် နည်းတူ လက်ချိုးရေတွက် နှုတ်ခွန်းဆက်တတ်ကြသည်။
ရွေးကောက်ပွဲ၊ မဲဆွယ်ပွဲများနှင့်ပတ်သက်လျှင် မဲခိုးမှုများ၊ ညောင်မြစ်တူးကာမှ ပုတ်သင်ဥ ပေါ်ရသည့် အမှုများ၊ အူတက်မတတ် ရယ်ရသည့် ခွက်ထိုးခွက်လှန်ဇာတ်လမ်းများ စသဖြင့် အသီးသီး အသကသော အဖြစ်အပျက်များမှာ သူသူငါငါ ကြားဖူးနားဝရှိကြသည်ချည်း။ သို့သော် ရွေးကောက်ပွဲ အောင်နိုင်ရေး တေးသီချင်းများ အလှည့်အရောက်တွင်မူ မဆိုင်သလို ထိုင်နေကြသူများပင်လျှင် နားရွက်များထောင်ကား၍ ကျနော့်ဘက် နားစွင့်လာခဲ့ကြသည်။
တိုင်းမ်မဂ္ဂဇင်းမှ ပြုစုထားသည့် စစ်တမ်းအရ ဂျော့ဝါရှင်တန်မှသည် အိုဘာမားအထိ မဲဆွယ်ပွဲ သီချင်းအသုံးပြုသူ ဂျွန်မက်ကိန်းပါထည့်တွက်မည်ဆိုလျှင် စုစုပေါင်း (၁၃) ဦးရှိသည်။ မဲဆွယ်ပွဲအတွက် ရည်ရွယ်ရေးစပ်သည့်သီချင်းများရှိသကဲ့သို့၊ ထွက်ပြီးသားသီချင်း များအား စာသားပြောင်း (သို့) တိုက်ရိုက် ယူသုံးခြင်းမျိုးလည်းရှိကြသည်။ အချို့ဆိုလျှင် မူရင်းတေးသံ ရှင်များ၏ ကန့်ကွက်မှုကိုပင် ခံကြရသေးသည်။ ကျနော်တို့ ဆီမှာကဲ့သို့ (ကိုယ့်ဘက် ကိုယ်ယက် ပြောရလျှင်) နိုင်ငံနှင့်အ၀န်း ကွင်းအပြည့် ကွင်းအလျှံ ရဲပတောင်းမခတ်။
ကျနော်က ကျနော်တို့ဆီက မဲဆွယ်ပွဲနှင့် ရွေးကောက်ပွဲအောင်နိုင်ရေး တေးသီချင်းများ အကြောင်း သူတို့ကို ပြောပြသည်။ ရေပန်းစားလျက်ရှိသည့် ရွေးကောက်ပွဲအောင်နိုင်ရေး တေးသီချင်းများထဲမှ ဆောင်းဦးလှိုင်ရေးသည့် “မေမေနိုင်မှဖြစ်မယ်”ဆိုသည့် သီချင်းလေးနှင့် သူတို့ကို မိတ်ဆက်ပေးလိုက်သည်။ ရိုးရိုးမပေး၊ နိမိတ်ပုံကဗျာဆန်ဆန်လှသည့် ဤသီချင်း လေးကို နိမိတ်ပုံ ကဗျာတပုဒ်ရွတ်သလိုပင် ဘာသာပြန်ဆို ရွတ်ပြပေးလိုက်သည်။
“မေမေ”ဆိုတာ ဘယ်သူ့အမေလည်းဟု မေးခွန်းထုတ်ကြသည်။ (တချို့က တေးရေးသူရဲ့ အမေလားဟု မေးသည်)။ ကျနော်က မဟုတ်ဘူး။ “ငါတို့အမေ”၊ “ငါတို့အားလုံးရဲ့အမေ”။ တဆက်တည်း ကိုခင်ဝမ်း၏ “ငါတို့ အားလုံးရဲ့အမေ၊ တာဝန်ကျေမှ ပြုံးပျော်တတ်သူ၊ အဲသည် အမေ”ကို ပြောတာဟု ပြန်ဖြေလိုက်သည်။
သို့သော် နော်ဝေသူဆာရာနှင့် အမ်မီလီတို့က အားမရ၊ သီချင်းဆိုပြရမည်ဟု ဘေးကလူများကို စစ်ကူခေါ်၍ ၀ိုင်းတောင်းဆိုကြသည်။ ဆာရာက ကျောင်းသူဘ၀ နော်ဝေ၌ရှိစဉ် ကိုမွန်းအောင် ကို တွေ့ဖူးသည်။ သူတို့နော်ဝေဂျီယန်းများသည် မြန်မာများ၏ နိုင်ငံရေးမိတ်ဆွေများ ဖြစ်ကြ ကြောင်း၊ ကျနော်နှင့် ကိုမွန်းအောင်တို့ အမည်၌ “အောင်”တလုံးတူနေသဖြင့် (အမှန်က ရုပ်ကြမ်းပုံချင်းလည်း တူကြသည်ကို ပြောရမှာ အားနာ၍ထင်သည်) သူ့အနေဖြင့် မှတ်ရ လွယ်ကြောင်း ပြောပြဖူးသည်။
ကျနော်မငြင်းသာတော့။ မည်သည့်တူရိယာမျှမပါ၊ ခြေထောက်စည်းချက်၊ လက်ခုပ်စည်းချက် တို့ဖြင့် ဆောင်းဦးလှိုင်ရေးသည့် “မေမေနိုင်မှ ဖြစ်မယ်”ဟူသည့် သီချင်းကလေး ဆိုပြရသည်။ ဗမာလိုနားမလည်သူများရှေ့၌ ဗမာသီချင်းကို ဗမာလိုဆိုပြရသည့် တဒင်္ဂသည် အတော်တော့ အူကြောင်ကြောင်နိုင်လှသည်။ မတတ်သာ။
ဒုတိယအပိုဒ်သို့ ရောက်သည့်အခါတွင်မတော့ အာဖရိကန်-အမေရိကန်ကလေး မိုက်ထံမှ ပါးစပ်ဖြင့် ဘေ့စ်လိုက်သံထွက်လာသည်။ လက်ခုပ်သံနှင့်အားမရတော့၊ ခန္ဓာကိုယ်တွေပါ လှုပ်ယမ်းလာကြသည်။ စတူဒီယိုတခုထဲရောက်သလို ခံစားလာရစဉ် မြိုင်နေသည့် စည်းချက် ကို ဗြုန်းဆို တုန့်ကနဲရပ်လိုက်ကြသဖြင့် ကျနော်လည်း ရောယောင်၍ ရပ်လိုက်မိသည်။
ဘာများမှားပါလိမ့်ဟု စူးစမ်းမည်ကြံကာရှိသေး “Momma Must Win This Rally. Momma Must Win This Election” ဟူသည့် အင်္ဂလိပ်လို သံပြိုင်ဆိုလိုက်သံကြီး ထွက်လာသည်။ ဆောင်းဦးလှိုင်၏ “မေမေနိုင်မှ ဖြစ်မယ်၊ မေမေနိုင်မှ ဖြစ်မှာပါ”ဟူသည့် စာသားအား လက်တန်းဘာသာပြန်၍ သီဆိုလိုက်ကြသည်။ “ငါတို့အားလုံးရဲ့အမေ” ဆိုသည်ကို သူတို့ “ရ” သွားကြပုံ ရသည်။
“အောင် … ငါတို့ တတ်နိုင်တာ တခုခုလုပ်ပေးလို့ရမလား” ဟုကျနော့်ကို မေးသည်။ ရွေးကောက်ပွဲနေ့က သိပ်ကပ်လွန်းနေသည့်အတွက် သူတို့ဘာမှ လုပ်နိုင်တော့မည်ဟု မထင်။ သို့သော်လည်း မမီနိုင်တော့ဘူး၊ လုပ်မနေပါနဲ့တော့ဟူ၍ သူတပါး၏ လိုလိုလားလား ကူညီချင်စိတ်ကို မပိတ်ပင်စကောင်း။ အသာကြည့်နေလိုက်သည်။
စောစောက ၀ိုင်းဖွဲ့လျက်ရှိသည့်လူအုပ်သည် ထမင်းစားပွဲရှည်တလျောက် ကုလားထိုင်များ၌ ထိုင်လိုက်ကြပြီး လက်အုပ်များချီ၍ မိမိတို့ ကိုးကွယ်ရာဘာသာအလျောက် ဆုတောင်းကြပါ တော့သည်။ သို့သော် ထူးခြားသည်မှာ မည်သူမျှ အသံမထွက်။ ဘာကြောင့်လည်းဟူ၍ အစ၌ နားမလည်။ နောက်မှ သဘောပေါက်သွားသည်။ လှ လှချည်လား။
ဆိုကြပါစို့။ အများစုဖြစ်သည့် ခရစ်ယာန်ဘာသာဝင်များက သူတို့ဘာသာစကားနှင့် ဦးဆောင် ဆုတောင်းကြမည်ဆိုလျှင် အနည်းစုဖြစ်သည့် အစ္စလာမ်ဘာသာဝင်များ ပူးပေါင်းရ ခက်ပေ လိမ့်မည်။ ကိုယ့်ပွဲဖြစ်သော်ငြား အခင်းအကျင်းအရ အနည်းတကာ့ အနည်းဆုံးဖြစ်နေသည့် ကျနော်အပါအ၀င် ဗုဒ္ဓဘာသာဝင်တို့အနေဖြင့်မူကား ပါဝင်နိုင်စွမ်းပင် ရှိနိုင်အံ့မထင်။
ရှိလှ သုံးမိနစ်သာသာမျှ ဆုတောင်းပွဲလေးက ကိုယ်လည်းပါစေ၊ သူလည်းဝင်စေဟူသည့် အလေ့အထတခုကို ဖျတ်ကနဲမြင်လိုက်ရသည်။ ပူးပါပေါင်းပါ၊ ပူးပေါင်းပါဝင်ကြပါဟု တစာစာ မအော်သော်ငြား ပူးနိုင်ပေါင်းနိုင်၊ ပါဝင်နိုင်ရန် လမ်းဖွင့်ပေးလိုက်သည်။ ကိုယ်လည်း ကိုယ့်အာရုံကိုယ်ပြု၊ သူလည်းသူ့အာရုံသူပြု။ အဓိကက ကောင်းသောအမှုသို့ ရှေ့ရှုကြဖို့ပင် ဆိုသည်လော မပြောတတ်။
ဖြစ်နိုင်သည်မှာ တမိုးအောက်တည်းအတူတူ အသက်ရှင် နေထိုင်ကြသူအချင်းချင်း ချစ်ခြင်းအားဖြင့်သည်သာလျှင် အတူတကွယှဉ်တွဲ နေထိုင်လုပ်ကိုင်သွားနိုင်ကြမည် မဟုတ်ပါ၏လော။
နိုဝင်ဘာ (၅)ရက်၊ ၂၀၁၅။