ဇင်လင်း - “ပြည်သူလူထုက အဆုံးအဖြတ်ပေးလိုက်တဲ့ ရွေးကောက်ပွဲ”
(ဒီလှိုင်းဂျာနယ်) မိုးမခ၊ နိုဝင်ဘာ ၁၂၊ ၂၀၁၅
နိုဝင်ဘာ (၈) ရက်နေ့မှာ မြန်မာ့သမိုင်းရဲ့ အထူးခြားဆုံးဖြစ်တဲ့ ပါတီစုံ အထွေထွေရွေးကောက်ပွဲကြီးကို အုံးအုံးကျွက်ကျွက်ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။ ဒီ ရွေးကောက်ပွဲမှာ လူထုရဲ့ အပြောင်းအလဲလိုလားတဲ့ စိတ်အားတက်ကြွမှုတွေက အံ့မခမ်း မြင့်တက်လာနေတာ တွေ့မြင်ရတယ်။ အထူးသဖြင့် ရွေးကောက်ပွဲ အောင်နိုင်ရေး ဟောပြောပွဲတွေနဲ့ လှုပ်ရှားမှုတွေကို ကြည့်ရင် လူထုရဲ နိုင်ငံရေး ရေချိန်ကို သိနိုင်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းသာ လိုချိန်ကာလ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရန်ကုန်မြို့၊ သုဝဏ္ဏမြို့ဦးစေတီ လူထုဟောပြောပွဲကို နိုဝင်ဘာလ ၁ ရက်နေ့က ကျင်းပခဲ့ရာမှာ လူထု သိန်းချီ တက် ရောက်လာခြင်းက ထင်ရှားတဲ့ သက်သေပါပဲ။ လူထုအများစုကြီးဟာ ဘ၀ကို ခက်ခဲကြမ်းထမ်းစွာ ဖြတ်သန်းလာခဲ့ကြရ သူတွေ ဖြစ်တဲ့အတွက် သူတို့ဘ၀လမ်းကို ဘယ် နိုင်ငံရေးအဖွဲ့အစည်းက ဖြောင့်ဖြူးအောင် ဆောင်ရွက်ပေးနိုင်မလဲ ဆိုတာ စဉ်းစားဆုံးဖြတ်ထားကြပုံ ရပါတယ်။ စစ်မှန်တဲ့ လွတ်လပ်ခွင့်အောက်မှာ လုံလုံခြုံခြုံနေ ချင်ကြတာ သဘာဝကျပါတယ်။
ဒီရက်ပိုင်းမှာ တက်စီအငှားကား စီးရင်း ယာဉ်မောင်းသူနဲ့ စကားစမြီ ပြောဖြစ်ပါတယ်။ အငှားယာဉ်မောင်း ပြောတာ သန့်ရှင်းလွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်မယ်ဆိုရင်တော့ တိုင်းပြည်ကို ဆင်းရဲတွင်းထဲ တွန်းချခဲ့သူတွေကို ဘယ်သူမှ မဲပေးမှာ မဟုတ်ပါလို့ ဆိုပါတယ်။ “အလကားနေရင်း ထိုင်ရင်း၊ ကိုယ်လည်း ဘာမှ မစားရ မသောက်ရဘဲ၊ နိုင်ငံသား တိုင်း(နို့စို့ကလေးပါမကျန်) အကြွေး ၅ သိန်းစီ တင်နေသတဲ့ဗျာ” … လို့ သူကဆိုပါတယ်။ သူ ဆက်ပြော တာက “အကြွေးကို လူထုက ဆပ်နေရပေမယ့်၊ အဲဒီချေးငွေကို သုံးစွဲနေကြတဲ့သူတွေကတော့ နန်းတော်တမျှ တိုက်အိမ်ကြီး တွေနဲ့၊ အလျှံပယ် ဇိမ်ခံ စားသောက် နေကြတယ်ဗျာ။ ရင်နာလွန်းလို့ပါ။ အဲဒါတောင်မှ အဲဒီပုဂ္ဂိုလ်တွေကိုပဲ… မဲပေးချင် သေးတယ်ဆိုရင် တော့… ဒီထက်မိုက်တဲ့လူ လောကမှာ ရှိမယ်မထင်ပါဘူး။” တဲ့။ စဉ်းစားစရာ ရိုးရှင်းတဲ့ ဥပမာကောင်း တစ်ခုပါ။
လက်ရှိ အစိုးရအဖွဲ့အနေနဲ့ စစ်မှန်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်လိုစိတ် မရှိတာ ထင်ရှားပါတယ်။ ပြုပြင်ပြောင်းလဲ ရေး လုပ်ရာမှာ လုပ်ငန်း မကျွမ်းကျင်တဲ့စစ်အရာရှိတွေ ကိုပဲ နေရာပေးခဲ့တာကိုက ပြဿနာပါ။ စစ်အရာရှိတွေနဲ့ မပတ်သက်တဲ့ ၊ ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေး ကဏ္ဍတွေမှာ သူတို့ကို နေရာမပေးသင့်ဘူး ထင်ပါတယ်။ တပ်မတော်နဲ့မသက်ဆိုင်တဲ့ စီးပွားရေးကဏ္ဍမှာလည်း စစ်ဖက်က ၀င်ရောက် ဆောင်ရွက်ဖို့ မသင့်ပါ။ သူ့နေရာနဲ့ သူ၊ အရပ်ဖက်ဝန်ထမ်းတွေရဲ့ တာဝန်ထမ်းရွက်မှုကို စစ်ဖက်က လေးစားလက်ခံ ရမှာဖြစ်ပါတယ်။ နှစ်ပေါင်း (၅၀)ကျော် တပ်မတော်က မိမိနဲ့ မကျွမ်းကျင်တဲ့ ကဏ္ဍတွေမှာ ၀င်ရောက်လုပ်ကိုင်ခဲ့ခြင်းကြောင့် မြန်မာ နိုင်ငံဟာ Least Developed Country ဘ၀ကို ရောက်ခဲ့ရတာ သတိပြုပါ။ ဒီအချက်ကို ငြင်းပယ်နေသမျှ၊ တိုင်းပြည်ဟာ ဆင်းရဲတွင်းနွံမှာ နစ်မြဲ နစ်နေမှာပါပဲ။ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပနိုင်သည့်တိုင်၊ လူထုမျှော်မှန်းတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကတော့ လေထဲမှာ တိုက်အိမ်ဆောက်သလိုပဲ ရှိပါလိမ့်မယ်။
လက်ရှိအစိုးရ သက်တမ်း ၅ နှစ်တာကို ပြန်သုံးသပ်ကြည့်ရင်၊ ဥပဒေမဲ့ မြေသိမ်းယာသိမ်းယူမှုတွေကြောင့် မြေမဲ့ယာမဲ၊ အိုးအိမ်မဲ့ အခြေအနေမဲ့ လူဦးရေတိုးများလာနေတာ မြင်တွေ့နေရတယ်။ တိုင်းရင်းသားဒေသမှာ စစ်ဆင်ရေးတွေ မရပ်နိုင်လို့ စစ်ပြေးဒုက္ခသည်နဲ့ IDPs အိုးအိမ်မဲ့လူဦးရေ အများအပြား ဆင်းရဲပင်ပမ်းစွာ ပုံးအောင်းနေထိုင်နေကြရတယ်။ အနိမ့်ဆုံး လုပ်ခ တစ်နေ့ရရှိတဲ့ နှုန်းက ၃ ဒေါ်လာအောက်မှာပဲရှိပါတယ်၊ အိမ်နီးချင်းထိုင်းနိုင်ငံမှာ ၈ ဒေါ်လာနဲ့ ၁၀ ဒေါ်လာဝန်းကျင်ရှိပါတယ်။ ဒါကြောင့် မြန်မာပြည်က လူငယ်လူရွယ် ၅ သန်းလောက်က ထိုင်းမှာ လုပ်အားရောင်းစား နေကြရတာ လက်တွေ့ပါပဲ။
အမျိုးသား ပညာရေး ဥပဒေ ကိစ္စကလည်း အတော်အရုပ်ဆိုးပါတယ်။ သားသမီးချင်းမစာမနာ ဒီမိုကရေစီ ပညာရေး တောင်းဆိုတဲ့ ကျောင်းသားတွေကို ချုပ်နှောင် ထောင်ချလုပ်နေတာလည်း စကားရှေ့နောက် မညီတဲ့ အစိုးရရဲ့ပုံရိပ် ပေါ်လွင်နေတယ်။
ကုန်ဈေးနှုန်းမတည်ငြိမ်တာကြောင့် လူထုရဲ့နေ့စဉ် ဘ၀ စားဝတ်နေရေး အခြေအနေတွေ ဆုတ်ယုတ်ပြီးရင်း၊ ဆုတ်ယုတ်ရင်း ဖြစ်နေတယ်။ လူတွေ အလုပ်ချိန် တစ်နေ့ ၁၂ နာရီလုပ်တာတောင် အာဟာရပြည့်မီအောင် မစားနိုင်ကြဘူး။ ထမင်းနပ်မမှန်တဲ့ ပြည်သူတွေလည်း သန်းနဲ့ချီရှိနေတယ်။
ကျန်းမာရေးစောင့်ရှောက်မှုကျတော့လည်း အစိုးရရဲ့ ကူညီစောင့်ရှောက်မှုက မည်ကာမတ္တပဲ ဖြစ်နေတယ်။ ရောဂါတစ်ခု ဖြစ်လာရင် ဆေးကုသစရိတ် မတတ်နိုင်ကြတာကြောင့် ဆေးမြီးတိုနဲ့ အသေခံနေကြရတယ်။ ပိုက်ဆံခန်း ပုဂ္ဂလိကဆေးရုံ ဆိုတာတွေက သာမန် အလုပ်သမား လယ်သမားတို့နဲ့ လားလားမှ မဆိုင်။ လူ့မလိုင်ကြေးရေတတ်တို့အတွက်သာ ဖြစ်နေတယ်။
သာမန်ပြည်သူလူထုအတွက် တရားဥပဒေ စိုးမိုးရေးကလည်း လုံးဝမရှိ။ သာမန်ပြည်သူလူထု အားကိုးလောက်တဲ့ တရားစီရင်ရေး စနစ် ဖေါ်ဆောင်မပေးနိုင်တဲ့ အတွက်၊ ဥပဒေက ဘက်လိုက်တဲ့အတွက်၊ အပြစ်လုပ်သူတွေ ပြစ်ဒဏ်မကျ၊ ကျူးလွန်မှုခံရသူတွေက တရားစွဲခံရ ထောင်ကျခံရ၊ ဘူးတောင်းနစ်ပြီး စောင်းချမ်းပေါ်တဲ့ ခေတ်ဖြစ်နေတယ်။ တရားသူကြီးတွေ ခေတ်ပျက်သူဋ္ဌေးဖြစ်နေတဲ့ ခေတ်ဖြစ်နေတယ်။
လမ်းပန်း ဆက်သွယ်ရေးကိစ္စ၊ ရေရရှိရေးကိစ္စ၊ လျှပ်စစ်မီးရရှိရေးကိစ္စ အစစ အရာရာမှာ ရလဒ်ကောင်း မထွက်တာကို ကြည့်ရင် လက်ရှိ အစိုးရရဲ့ မူဝါဒဟာ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံရေးပြုပြင်ပြောင်းလဲရေး လုပ်နေတာ မဟုတ်၊ ပြည်သူ့အခွန်အခကို အလွဲသုံးနေတာ မြင်သာတဲ့ခေတ် ဖြစ်နေတယ်။ ဒါကြောင့် ဒီကနေ့ပြည်သူလူထုက အဲဒီလို ဘက်ပေါင်းစုံ ဆင်းရဲနိမ့်ကျ မျက်နှာမလှတဲ့ အခြေအနေကို လက်မခံနိုင်၊ သည်းမခံနိုင်ကြတော့တာ သဘာဝကျပါတယ်။
ဒီတော့ ကော့မှူး စည်းရုံးရေးခရီးစဉ်အတွင်း လူထုခေါင်းဆောင်ရဲ့ ပြောကြားချက်တစ်ရပ်ကို လေ့လာကြည့်ရအောင်။
ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့နိုင်ငံအတွက် ထိခိုက်နေတဲ့ ကိစ္စတစ်ခုဆိုရင် အဂတိလိုက်စားမှုပဲ။ လာဘ်ပေး လာဘ်ယူကို သိပ်ပြီးတော့ ကြည်ဖြူနေတော့လည်း ကျမတို့ ဒုက္ခရောက်ရပါတယ်။ ဒီဟာတွေ ပြောင်းဖို့ဆိုတာ အထက်အစိုးရကနေပြီးတော့ ပြောင်းရမယ်။ ဒါပေမယ့် မလုံလောက်ဘူး။ ပြည်သူတွေကလည်း ၀ိုင်းပြီးတော့ ဒီအပြောင်းအလဲတွေကို ထောက်ပံ့ပေးရမယ်။ ကူညီပေးရမယ်။ ကိုယ်ကိုယ်တိုင်က လာဘ်ပေးလာဘ်ယူမလုပ်သင့်ဘူး။”
ဆိုလိုတာက ဒီကနေ့ မြန်မာနိုင်ငံမှာ လက်ရှိအစိုးရသက်တမ်းအတွင်း လာဘ်ပေးလာဘ်ယူမှုကို ထိထိရောက်ရောက် တိုက်ဖျက်တာမျိုး မလုပ်ခဲ့ဘူး။ ဒါဟာ ပြုပြင်ပြောင်းလဲရေး လမ်းစဉ်ကနေ သွေဖည်ကြောင်းပြသချက်တစ်ခုဖြစ်ပါတယ်။ ဒီ လာဘ်ပေးလာဘ်ယူကြောင့်ပဲ တရားဥပဒေချိုးဖေါက်သူတွေကို အရေးမယူနိုင်ဘူး။ နိုင်ငံရဲ့ သယံဇာတသူခိုးတွေကို အရေးမယူနိုင်ဘူး။ လမ်းတံတား အဆောက်အဦးစတဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေမှာ လာဘ်ပေးလာဘ်ယူတာ အရေးမယူနိုင်ခဲ့ ဘူး။ ၀န်ကြီးဌာနတွေရဲ့ လက်သိပ်ထိုး လိုင်စင်ချပေးတာတွေ မတားဆီးနိုင်ခဲ့ဘူး။ သွင်းကုန်ထုတ်ကုန် ကားပါမစ် စသည် ဖြင့် ပြောမဆုံးပေါင် တောသုံးတောင်ဆိုသလို တိုင်းပြည်ဟာ အဖတ်ဆည်မရအောင် ဖျက်ဆီးခံခဲ့ရတယ်။ ဒီတော့ ဘာကို ပြောင်းလဲရမှာလဲ? ဆိုတာ မသိတာလား၊ လာဘ်ပေးလာဘ်ယူမှုကို သိလျှက်နဲ့ မမြင်ချင်ရောင်ဆောင်နေတာလားလို့ မေးရတော့မှာပါပဲ။
တိုင်းပြည်နဲ့လူထုရှေ့ရေး မြော်တွေပြီး…ပြောင်းလဲချိန်တန်လို့ ပြောင်းရမှာကို အာဏာလက်ရှိ ပုဂ္ဂိုလ်များအနေနဲ့ ခုခံ ဆန့်ကျင်မှု မပြုသင့်တော့ဘူးလို့ ထင်ပါတယ်။ စစ်မှန်တဲ့ လွတ်လပ်ခွင့်အောက်မှာ လုံလုံခြုံခြုံနေရဖို့ လူထုနဲ့အတူ ကျေကျေနပ်နပ် ဒီမိုကရေစီ အပြောင်းအလဲ ကို လက်ခံကြစေချင်ကြောင်းပါ။ ။
ဒီလို အချိန်မျိုးမှာ ဘာပြောင်းလဲစရာလို လို့လဲ၊ “ပြောင်းလဲချိန်တန်ပြီဆိုတာ ဘာကို ပြောတာလဲ၊ နောက်ထပ် ပြောင်းစရာ ကွန်မြူနစ်သာရှိတော့တယ်။” လို့ ပြောလိုက်ပုံကတော့ လူထုဘ၀ လူထု ခံစားချက်ကို နားမလည်ကြောင်း ပြသလိုက် သလို ပါပဲ။ ဒါဟာ အာဏာရှင်စရိုက်လက္ခဏာကို ခ၀ါမချနိုင်သေးတာ ပြသ လိုက်တာ ဖြစ်တယ်။
ပြောင်းလဲချိန်တန်ပြီဆိုတာ….လာဘ်ပေးလာဘ်ယူကိစ္စအပါအ၀င် အစိုးရအာဏာပိုင်အ၀န်းအ၀ိုင်းမှာ ကိုယ်ကျိုးရှာနေမှုတွေ၊ တိုင်းပြည့်သယံဇာတတွေကို ခြစားနေမှုတွေ၊ ဥပဒေထိန်းရမယ့်သူတွေက ဥပဒေချိုးဖေါက်နေတာ တွေ…ကို ပြုပြင်ပြောင်းလဲဖို့ ၅ နှစ် အချိန်ပေးခဲ့ ပေမယ့် ဘာမှ ထူးမလာခဲ့ဘူး။ ဒါကြောင့် ဒီနေ့ ဒီအချိန် ဒီရွေးကောက်ပွဲ ကာလမှာ ပြည်သူလူထုရဲ့ ကြွေးကြော်သံဟာ ပြောင်းလဲချိန်တန်ပြီလို တစ်သံတည်း ထွက်လာတာဖြစ်ပါတယ်။
အကျိုးတရားတိုင်းမှာ အကြောင်းတရားရှိမြဲ ဖြစ်ပါတယ်။ ပြောင်းလဲချိန်တန်ပါလျှက် မပြောင်းလဲပဲ တင်းခံနေရင် ပြည်သူနဲ့ ထိပ်တိုက်တွေ့နိုင်ပါတယ်။ လွန်ခဲ့တဲ့ ၁၂ နှစ်က ၂၀၀၃ ခုနှစ် မတ်လ ၉ ရက်- Parade မဂ္ဂဇင်းမှာ ဒေါ်အောင်ဆန်းစုကြည် က လူထုအပေါ်ထားရှိတဲ့ သူ့ရဲ့ နိုင်ငံရေးစေတနာကို အခုလိုဖေါ်ပြခဲ့ဖူးတယ်။
“ပြည်သူလူထုအတွက် ကျမ အလိုချင်ဆုံးကတော့ စစ်မှန်တဲ့ လွတ်လပ်ခွင့်အောက်မှာ လုံလုံခြုံခြုံနေရဖို့နဲ့ စစ်မှန်တဲ့ လုံခြုံမှုအောက်မှာ လွတ်လွတ်လပ်လပ် နေထိုင်နိုင်ဖို့ပါပဲ။ အကြောက်တရားကြီးစိုးမှု အနှောင်အဖွဲ့တွေကို ဖယ်ရှားနိုင်တဲ့ လူထုအဖြစ် ကျမ မြင်တွေ့လိုပါတယ်။ လွတ်လပ်တဲ့ လူသားတွေအဖြစ် မြန်မာပြည်သူတွေ ခေါင်းမော့ရင်ကော့နေနိုင်တာ ကို ကျမ မြင်တွေ့လိုပါတယ်။ ကျမတို့အားလုံးအတွက် ပိုပြီး သာယာချမ်းမြေ့တဲ့၊ ပိုပြီးလုံခြုံမှုရှိတဲ့ လူ့ဘောင်တခုကို စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင် ကြိုးပမ်း တည်ဆောက် နေကြတာကို ကျမ မြင်တွေ့လိုပါတယ်။”
11 November, 2015 (Wednesday) ဒီလှိုင်းစာစောင် အတွဲ (၄) အမှတ် (၄၄) မှာ ဖေါ်ပြခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။