ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) - ပုတ်သင်ညို နဲ့ အနုပညာရှင်များ စာစုတို ၂ ခု
(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၅
ပုတ်သင်ညိုမိုးကြိုးပစ် ဝင်းထရံတိုင်ပါ
ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်လေးပေါ့ဗျာ.. ။ မြန်မာပြည်လွတ်လပ်ရေးရပြီး ပထဆုံးရွေးကောက်ပွဲမှာ
ပဆပလ-က ဗိုလ်ချုပ်သွေးဝိညာဉ်နဲ့ အပြတ်အသတ်နိုင်ခဲ့တယ်။
ဒုတိယအကြိမ်ရွေးကောက်ပွဲမှာကျတော့ ဦးသိန်းဖေမြင့်တို့,ဝီဓူရသခင်ချစ်မောင်တို့လို ပညာတတ်, စကားတတ် တွေပါတဲ့ ပမညတ-က ခြောက်နေရာလောက်ရတယ်။
ဒီပုဂ္ဂိုလ်တွေုကလဲ ဘယ်လောက်အပြောကောင်းလဲဆို- အဲဒီတုန်းက ဖဆပလ-အမတ်တဦးက
"ဒီပါလီမန်လွှတ်တော်ကြီးက အာဏာရ ဖဆပလ-ပါတီအတွက်ခေါ်ထားတာလား၊ ပမညတ - အမတ်ခြောက်ယောက်စကားပြောဖို့ခေါ်တာလား - လို့ကို မေးယူရတာ။
နောက်တကြိမ်ရွေးကောက်ပွဲမှာဆို ပမညတ - ကညွန့်ပေါင်းအစိုးရထဲ ပါလိမ့်မယ် လို့တောင် ပြောရလောက်အောင် လူကြိုက်များလာတဲ့အချိန်မှာပဲ - ဖဆပလ - တည်မြဲ - သန့်ရှင်း ဆိုပြီး ကွဲကြရော။
ကာကွယ်ရေးဝန်ကြီး ဦးဗဆွေပါတဲ့တည်မြဲပါတီက- စစ်တပ်,ရဲ,ဖြူစောထီးဆိုတဲ့ လက်နက်ကိုင်တွေ အားကိုးနဲ့ ခပ်ကြမ်းကြမ်းစည်းရုန်းကြတော့ ပြည်သူက အမုန်းကြီးမုန်းပြီး သန့်ရှင်းမှ သန့်ရှင်း ဖြစ်ကုန်ကြတော့- ရွေးကောက်ပွဲမှာ ပမညတ- ကို စိတ်မဝင်စားကြတော့ဘူး။ သန့်ရှင်း အပြတ်အသတ်နိုင်သွားတယ်။ ပမညတလဲ တမဲမှကိုမရဘူး။
အဲဒီတုန်းက ဗိုလ်တထောင်သတင်းစာခေါင်းကြီးပိုင်းကနေ ဦးသိန်းဖေမြင့် ရေးပုံလေးက..
"မိုးကြိုးကတော့ ပုတ်သင်ညိုကိုပစ်ထာပါ၊ ဒါပေမယ့် ဝင်းထရန်တိုင်က ကြားကနေ အမှန်ခံလိုက်ရတယ်"တဲ့။
ပြည်သူက တည်မြဲကို မုန်းလို့ပစ်ထာ၊ ပြိုင်ဘက်သန့်ရှင်းထဲချည်း မဲတွေပေးကြတော့ - ဝင်းထရန်ဖြစ်တဲ့ ပမညတ-ပါ ထိသွားတာပါပေါ့လေ..။
ခုရွေးကောက်ပွဲမှာလဲ တိုင်းရင်းသားပါတီလေးတွေနဲ့ တချို့ တသီးပုဂ္ဂလအမတ်လောင်းလေးတွေ ဝင်းထရံတိုင် ဖြစ်သွားကြတာပါ။ ပြည်သူက မုန်းတာမဟုတ်ပါဘူး လို့ ထင်မိပါကြောင်း..။
အမောပြေ ရှေးဖြစ်ဟောင်းလေး၊ ဗဟုသုတပေါ့လေ..။
ပြည်သူရယ်၊ အနုပညာရှင်များရယ် မီဒီယာရယ်
NLDပါတီဥက္ကဌ က ပါဝင်ကူညီတဲ့အနုပညာသည်တွေကို ဂုဏ်ပြုတယ်ဆိုတော့- "အသဲကြားက မဲတပြားနဲ့ ပါဝင်ခဲ့သူတွေကိုရော မပါဘူးလား"ဆိုပြီး ကွန်မင့်နဲ့ သရော်တယ်။ ဒါဟာ အင်နယ်ဒီအားပေးသူ အစစ်မဟုတ်သူတို့ရဲ့သွေးခွဲစကားဆိုတာ သိသာပါတယ်။ ပြည်သူတွေက ပြည်သူ့အသိနဲ့ တာဝန်ကျေ ကြတာပါ။
ပြည်သူရဲ့မျှော်လင့်ချက်က တသီးတခြားဂုဏ်ပြုခံလိုကြတာမဟုတ်ပါဘူး၊ ကျောသားရင်သား မခွဲမခြား တသားထဲ ချစ်ခင်မှုကိုလိုလားတာပါ။ ပြည်သူအပေါင်းကို ပြည်သူလို့ သဘောထားပြီး ပြည်သူ့တာဝန်ကျေဖို့သာ အင်နယ်ဒီက တာဝန်ယူကြရမှာပါ။
တသားတည်းထားရမယ့်ပြည်သူတွေကို တဦးချင်း,တဖွဲ့ချင်း ဂုဏ်ပြုနေရင် ဒီပါတီဟာ ပြည်သူလိုလားတဲ့တာဝန် ဘယ်ထမ်းဆောင်နိုင်တော့မလဲ၊ ဒါကို အစစ်များက နားလည်ကြပါတယ်၊ နားလဲလည်ကြရမှာပါ။
အနုပညာသည်တွေလဲ ပြည်သူပဲဖြစ်ပေမယ့် သူတို့က (ကျန်ပြည်သူတွေနဲ့စာတော့) အနဲစုလေးပါ၊
ပြီးတော့ သူတို့က ထင်ပေါ်မှုနဲ့ လုပ်ကိုင်ကြရသူတွေ၊ ဒါကြောင့် သူတို့ကို ထင်ထင်ပေါ်ပေါ်လေး
အသိအမှတ်ပြုပေးတာဟာလဲ ဘုရားဟောတဲ့"သင်္ဂဟတရား"နဲ့ညီတဲ့ ချီးမြှောက်မှုပါပဲ။
မီဒီယာဆိုတာ ပြည်သူအားလုံးနဲ့ဆက်ဆံတဲ့အလုပ်ဖြစ်လို့ ပြည်သူများအပေါ်သဘောထားသလိုပဲ
"ကျောသားရင်သား မခွဲခြား"ဆိုတဲ့မူနဲ့ပဲ ဆက်ဆံရမှာပါ။
မခွဲခြားရမှာကို ခွဲခြားပြီးဆက်ဆံရင် ကွဲပြားသွားမယ့် အန္တရာယ်ရှိတယ်။ ကွဲကွဲပြားပြား ချီးမြှောက်ရမှာကို
ကွဲပြားအောင် မချီးမြှောက်ပြန်ရင်လဲ ဖွဲနဲ့ဆန် မကွဲပြားသလို အရောရောအနှောနှော ဖြစ်သွားမယ်။ မခွဲခြားသင့်တာကို မခွဲခြားရဘူး။ ခွဲခြားသင့်တာကိုလဲ မကွဲမပြား မလုပ်ရဘူး ဒါဟာ ခေါင်းဆောင်ကောင်းတယောက်ရဲ့ အလွန် အရေးကြီးတဲ့ အရည်အချင်းဖြစ်ပါတယ်။
အဆင့်မှီနောက်လိုက်များကလဲ နားလည်ဖို့ အလွန်အရေးကြီးပါတယ်။
မြတ်စွာဘုရားရှင်က သူ့အပေါ် ကြည်ညိုသူတိုင်းကို "ဧတဒဂ်"ဆိုတဲ့ဘွဲ့တွေပေးနေရင်... "ဧတဒဂ်ဘွဲ့"ပေးသင့်တဲ့ ပုဂ္ဂိုလ်တွေကိုလဲ ကွဲကွဲပြားပြား ခြားနားသိမှတ် မပေးဘူးဆိုရင်. ဒီသာသနာတော်ကြီး ဘယ်လိုဖြစ်သွားမလဲ။ ဒါဟာ အလွန် အရေးကြီးတဲ့ ခေါင်းဆောင်ကောင်း တယောက်ရဲ့ အရည်အချင်းပါ။ အရည်အချင်းရှိသူတိုင်းကလဲ ဒါကို နားလည်ကြပါတယ်.. ။ နားလည်ရပါမယ်..။
အပ္ပမာဒေန သမ္ပာဒေထ...!