လင်းသက်ငြိမ် - နိုဝင်ဘာ အနီရောင်
(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၅
ဝုန်းကနဲထပွင့်လာတဲ့ပန်းတွေလို
မြင်ကွင်းတွေထဲ အနီရောင်တွေ
ဒုန်းစိုင်းပြေးဝင်လာကြတယ်
အဆင်းရနံ့အစစ်အမှန်တွေနဲ့
စိတ်နှလုံးအညစ်အကြေးတွေကို
သန့်စင်ပစ်လိုက်ကြပေါ့...
အိပ်မက်လို့ ထင်တဲ့လူဟာ
ကျွန်စိတ်မကုန်သေးတဲ့လူလို့
အလင်းရောင်ထဲ သဲသဲလှုပ်လှုပ် နီပြတယ်
ပန်း မခင်းထားတဲ့လမ်းမှာ
ပန်းတွေပွင့်တာ တရားပါတယ်
ခြေထောက်ကြားကထိုးထွက်လာတဲ့
ပန်းပွင့်နီနီကိုကြည့်ရင်း သွေးပျက်နေတာ ဘယ်သူတွေလဲ...
တော်လှန်ရေး အဆောင်အယောင်မှန်သမျှကို ရွံမုန်းတဲ့သူတွေလေ
လက်သန်းတိုင်းရဲ့ အပြာရောင်တွေကို ထိတ်လှန့်တုန်လှုပ်စွာငေးလို့
ကန့်လန့်အမဲကြီးကိုစုတ်ဖြဲပစ်လိုက်ကြတဲ့
နိုဝင်ဘာ
ကြောက်စိတ်ကိုအပိုင်းပိုင်းခုတ်ထစ်လိုက်တဲ့
နိုဝင်ဘာ
မျိုသိပ်ထားရတဲ့ နာကျည်းမှုကိုဖောက်ခွဲပြလိုက်တဲ့
နိုဝင်ဘာ
အနီရောင်ကိုသွေးနဲ့ပုံဆောင်ခိုင်းနှိုင်းကြပေမယ့်
နိုဝင်ဘာမှာ အဲဒီပုံရိပ်ဟာပြောင်းသွားပြီ
မတရားမှုကိုတွန်းလှန်တဲ့အနီရောင်
တိုင်းပြုပြည်ပြု အနီရောင်
လူမှန်နေရာမှန် အနီရောင်
အနီရောင်..... အနီရောင်......
သမိုင်းအသစ် မွေးဖွားသန့်စင်ခဲ့တဲ့ အနီရောင်
ငါတို့ရဲ့ နိုဝင်ဘာ အနီရောင်။