ထင်အောင် - မိုးမှာပျော်တဲ့ကျွန်တော်
(မိုးမခ) ဇွန် ၂၉၊ ၂၀၁၅
(မိုးမခ) ဇွန် ၂၉၊ ၂၀၁၅
ငယ်ငယ်တုန်းကျောင်းမှာ သိပ္ပံဘာသာရပ်အချိန်မှာ ဆရာမက မြန်မာနိုင်ငံ၏ရာသီဥတုအကြောင်း သင်ကြားပေးပါတယ်။ ပူပြင်းခြောက်သွေ့သော နွေဥတု၊ စွတ်စိုထိုင်းမှိုင်း သောမိုးဥတုနှင့် အေးမြသော ဆောင်းဥတုအကြောင်း ဖြစ်ပါတယ်။ ရာသီတွေအကြောင်းနှင့်အတူ ရာသီအလိုက်ပွင့်သော သစ်သီးရယ်ပန်းတွေအကြောင်းပါ သင်ကြားခဲ့ရပါတယ်။ ကျောင်း သားတွေကတော့ နွေရာသီကို ပျော်စရာအကောင်းဆုံးအချိန်ကာလလို့ သတ်မှတ်ထားကြပါတယ်။ အတန်းတင်စာမေး ပွဲကြီးဖြေပြီးတာနဲ့ ရက်ရှည်ကျောင်းပိတ်တာကြောင့် သဘောကျကြတာပါ။ နှစ်လတောင် ဆော့ကစားခွင့်ရတာဆိုတော့ ကျောင်းသားတိုင်း ပျော်ကြတာဖြစ်ပါတယ်။ ကျောင်းပိတ်ရက်အတွင်းမှာ သင်္ကြန်ကာလလည်းပါနေတော့ပို ပျော်ကြတာ ဖြစ်ပါတယ်။ နွေအပူကိုမမှုပဲ ကျောင်းမတက်ရ စာမကျက်ရ တနေကုန် လွတ်လွတ်လပ်လပ် ဆော့ကစားခွင့်ရတဲ့ကာလရှည်ကြီးဖြစ်ပါတယ်။ အခုခေတ်ကာလကလေးတွေလို စာမေးပွဲပြီးတာနဲ့ နောက်အတန်းစာကို ကြိုလေ့လာရမယ်ဆိုတဲ့အတွေး ကို ဘယ်မိဘကမှ တွေးထားခြင်းမရှိသေးပါဘူး။ အောင်စာရင်းထွက်ပြီး ကျောင်းပြန်ဖွင့်တဲ့ရက်အထိ အပျော်ကြီးပျော်ခွင့်ရထားကြပါတယ်။
ကျောင်းပြန်ဖွင့်ပီဆိုမှကိုယ်နဲ့ ဆိုင်ရာသင်ခန်းစာတွေကို ဖတ်ကြတာပါ။ ဘယ်သူမှ စာတွေကို ကြိုသင် ကြိုဖတ် မလုပ်ထားပါ ဘူး။ ကျောင်းပြန်ဖွင့်ချိန်ဟာ မိုးရာသီရဲ့အစပိုင်း မိုးဦးကာလဖြစ်နေပါတယ်။ ကျောင်းသွားရင် မိုးကာအိမ်င်္ကျီကိုယူ သွားရပါတယ်။ မိုးကာအင်္ကျီက မာမာတောင့်တောင့်ကြီးပါ။ မိုးကာဝတ်တာနဲ့ မလုံသေးပါဘူး။ ထီးကို ဆောင်းရပါသေးတယ်။ ကျောင်းဆင်းချိန် အိမ်အပြန်မှာ မိုးရွာနေရင် အင်မတန်ပျော်ကျပါတယ်။ မိုးကာဝတ်၊ ထီးကိုဆောင်း ရေအိုင်တွေထဲကိုဖြတ် လျှောက်ရတာ ကလေးတိုင်းနှစ်သက်ကျပါတယ်။ မိုးမရွာတဲ့နေ့ဆိုရင်တော့ မိုးကာကိုကျောင်းမှာ မေ့ကျန်တတ်ပါတယ်။ အိမ်ကျတော့ အဆူခံရတာပေါ့။ အမေက မိုးကာပျောက်တာများလာတော့ ကလေးဆောင်း ထီးလေးဝယ်ပေးပါတယ်။ နာ မည်ကြီးကြက်ဆင်ဖဲထီးပေါ့ဗျာ။ မိုးကာအထူကြီးတောင် ပျောက်သေးတာ ထီးသေးသေးလေးက ဘယ်ခံနိုင်ပါ့မလဲ။ ပျောက် ပြီး ရင်းပျောက်ပေါ့။
အတန်းလေးနဲနဲရလာတော့ကျောင်းမှာဘောလုံးကစားတတ်လာပါတယ်။ ပထမတော့ အမိုးအကာအောက်မှာ ကစားပါ တယ်။ နောက်အတန်းကြီးလာတော့ ဘောလုံးကွင်းမှာဆင်းကစားတတ်လာပါတယ်။ မိုးရွာနေတဲ့အခါ ကွင်းထဲမှာကစားရ ရင် အလွန်ပျော်ကြပါတယ်။ ညစ်ပတ်ပေရေပြီး အိမ်ပြန်လာတဲ့ကျောင်းသားတယောက် အိမ်မှာအမေနဲ့ကြုံရမဲ့အခြေအနေကို တွေးသာကြည့်ပါတော့။ တခါတလေ ကျောင်းကို ထီးမပါပဲသွားတဲ့နေ့မျိုးမှာ ကျောင်းဆင်းချိန်မှာ မိုးရွာလို့ကတော့ ကျွန် တော်တို့အကြိုက်ပေါ့။ ထီးမပါတာကို အကြောင်းပြပြီး မိုးရေထဲပျော်ပျော်ပါးပါး လျှောက်ပြန်ကျပါတယ်။ အိမ်ပြန်ရောက် တော့ လူရော လွယ်အိတ်ရော ရွဲရွဲစိုနေပါပြီ။ လူက အဆူခံပြီး အဝတ်အစားလဲ ဆေးသောက်လိုက်ရင်ပြီးသွားပေမယ့် ရေစို နေတဲ့လွယ်အိတ်အတွင်းက စာအုပ်တွေက ဘယ်ခံနိုင်ပါမလဲ။ အားလုံးစိုကုန်တော့ စာတွေပျက်စီးကုန်တာပေါ့။ အိမ်မှာ ဆော့ကစားရမဲ့အချိန်မှာ စာပြန်ကူးရတဲ့အလုပ် လုပ်နေရပါတယ်။
ထီးမိုးကာတွေ ခဏ ခဏပျောက်စာတွေ၊ ခဏခဏပြန်ပြန်ကူးရလွန်းတော့ မိုးရွာရင် မိုးစိုခံတဲ့အလုပ်ကို မလုပ်တော့ပါဘူး။ မိုးရွာရင် မိုးပွားလေးတွေကျလာတာကို အိမ်ထဲကနေထိုင်ကြည့်တတ်လာပါတယ်။ အဘွားနားထောင်နေတဲ့ ရေဒီယိုက မိုးတွင်းကျရင် မလှရွှေဆိုတဲ့ မိုးဒေဝါသီချင်းကို မကြာ မကြာ လွှင့်ပေးတယ်။ ဒေါ်စောမြအေးကြည်ကလည်း အရေးအဖွဲ့ ကောင်း၊ သီဆိုတဲ့မလှရွှေကလည်း ကရုဏာသံလေးနဲ့ စာသားတွေကိုနားထောင်နေတဲ့သောတရှင်တွေမျက်စိထဲ သရုပ်ပေါ် လာအောင် သီဆိုသွားနိုင်ခဲ့ပါတယ်။ ကျွန်တော်ကတော့ တေးဘုံမ္မာတို့၊ မိုးဒေဝါတို့ကို မခံစားတတ်သေးပါ။ ဒါပေမယ့် ကြားရဖန်များလာတော့ မျက်မာန်တော်ငြိုးပါနဲ့ ခိုကိုးသူပါ ... မိုးနတ်ဒေဝါ အော်မိုးနတ်ဒေဝါ ရွာတော်ရေးကိုလေးတွေးချင့် လိုက်ပါ ... ဆိုတဲ့စာသားလေးတွေကိုတောင် လိုက်ဆိုနိုင်နေပါပြီ။ ကိုဘိုခင်ရေးဖွဲ့တဲ့ မိုးကိုမျှော်သည်ကတော့ မြူးမြူးကြွကြွ သံစဉ်တွေကြောင့်သဘောကျကာ “မိုးလုံးပတ်လည် အုံ့မှိုင်းဝေရီတိမ်ညိုယှက်သန်းလို့တိမ်ပြာယှက်သန်းတော့သည်အပိုဒ် လေးကို မိုးအုံ့တိုင်း ဆိုမိနေပါတယ်။
မိုးအေးအေးမှာ ရေဒီယိုလေးနားထောင်လိုက် စာအုပ်လေးဖတ်လိုက်နဲ့ အင်မတန်ဇိမ်ကျနေပါတော့တယ်။ စာလေးနဲနဲဖတ်မိတော့မှ မိုးရာသီဟာ တိုင်းပြည်အတွက် အင်မတန် အငုံးဝင်တဲ့ရာသီဆိုတာကို သိလာရပါတယ်။ ကျောင်း စာမှာလည်း မိုးဥတုတွင် တောင်သူလယ်သမားကြီးများသည် စပါးပျိုးပင်များကိုပျိုးထောင်နေကျပါပြီဆိုတာမျိုးတွေကို သင် လာရပါတယ်။ တိုင်းပြည်ရဲ့ အဓိကအစားအစာ ဆန်စပါးကို မိုးဥတုမှာမှစိုက်ပျိုးရတယ်ဆိုတာကို သိလာရပါတယ်။ ရွာပါစေ လေ အေးအေးချမ်းချမ်းရွာပါစေ ... စာသားလှလှလေးတွေပါတဲ့ တိမ်တမန်သီချင်းကိုတောင် ဆိုတတ်လာပါပြီ။ ဒါတောင်မှ သီချင်းထဲက ဒို့မြေသည်ကား ဆန်စပါးအခက်ဝေဆိုတဲ့စာသားကို မကြိုက်ပါဘူး။ ဒီလောက်ဆန်စပါးပေါတဲ့တိုင်းပြည်မှာ အခက်ဝေတယ်ဆိုတော့ ဘယ်သူကြိုက်ပါ့မလဲ။ နောင်မှ စပါးပင်ရဲ့အခက်အလက်တွေဝေဆာနေတာကိုရေးဖွဲ့ထားတာလို့သိလာရပါတယ်။
သီချင်းတွေကြောင့် မိုးတွင်းမှာ ကျွန်တော်ပျော်တတ်လာပါပြီ။ သီချင်းနဲ့အတူ မိုးကိုလွမ်းလို့လည်းရတယ် ပျော်လို့လည်းရ တယ်ဆိုတာတွေကို ခံစားတတ်လာပါတယ်။ ရုပ်ရှင်မှာလည်း ကျော်ဆွေ-ဗိုလ်ဗကိုနဲ့ မြင့်မြင့်ခင်တို့ပါဝင်သရုပ်ဆောင် ထား တဲ့ မိုးနဲ့မျက်ရည်ကို သဘောကျကြည့်တတ်လာပါပြီ။ နိုင်ငံခြားစစ်ကားတွေမှာ မိုးရွာထဲမှာသေနတ်တွေနဲ့စစ်တိုက်တဲ့အ ခန်းတွေကို ကြိုက်တတ် ကြည့်တတ်လာပါပြီ။ အရပ်ပုတုတုနဲ့ မင်းသား အော်ဒီမာဖီ မိုးကာကြီးချုံပြီး ကင်းစောင့်နေရတာတွေ၊ မြေကြီးပေါ်မှာလှိမ့်ပြီး ရန်သူတွေရဲ့ပစ်ကွင်းကနေ လွတ်အောင်ရှောင်ရတဲ့အခန်းတွေက မမေ့နိုင်တဲ့အခန်းတွေဖြစ်နေပါပြီ။ ဂျပန်ကားတွေမှာ မျက်မမြင် ဇာတိုအိချိက မိန်းမဓါးသမား အိုအိချိကိုမိုးရေထဲမှာစိန်ခေါ်ယှဉ်ပြိုင်ကြတာ ပရိတ်သတ်က လက်ခုပ်သံတဖြောင်းဖြောင်းနဲ့ အားပေးကြပါတယ်။ တရုတ်မင်းသား ဒေဗစ်ချမ်း လက်တဘက်ပြတ်သွားချိန်မှာလည်း ဒါ ရိုက်တာက မိုးတွေရွာချလိုက်ပါတော့တယ်။ မြန်မာရုပ်ရှင်ကော နိုင်ငံခြားရုပ်ရှင်ကားတွေမှာပါ တူညီနေတာက မိုးရွာထဲမှာ လွမ်းကြပါတယ်။ မိုးရွာရင် အလွမ်းအဆွေးသီချင်းကို ဆိုကြပါတယ်။ အန္တရာယ်တခုခုနဲ့ တွေ့ကြုံတော့မယ်ဆိုရင် မိုးတွေခြိမ်း လျှပ်စီးတွေလက်ပါတော့တယ်။ အာရာဒနား အိန္ဒိယကားထဲမှာ မင်းသားရာဂျေခနန်းနဲ့ မင်းသမီး ရှာမီလာတဂိုးတို့ စချစ်ကြ တာ မိုးရေထဲမှာပါ။ ဒီကားထဲမှာပဲ လူကြမ်းက မင်းသမီးကိုမတရားကြံနေချိန်မှာ မိုးတွေခြိမ်းလာပါတော့တယ်။ ပရိတ်သတ် က မိုးကိုကြည့်ပြီး ပျော်စရာလား လွမ်းရမှာလားဆိုတာကို သိနေကျပါပြီ။
ရုပ်ရှင်ရုံတွေ ကူးကြည့်နေရင်းက တက္ကသိုလ်ကျောင်းသားဘဝကို ရောက်လာပါတယ်။ ဥသြလေးတွေရဲ့တွန်သံကို ကံ့ကော် တောမှာကြားရပြီဆိုရင် စာမေးပွဲနီးလာပြီ။ ဆရာတွေကလည်း ဥသြတွန်နေပြီလို့ သတိပေးတတ်ပါတယ်။ ကံ့ကော်ရနံ့လေး ကိုရှုကြရင်း စာမေးပွဲဖြေကြရပါတယ်။ စာမေးပွဲဖြေပြီးတာနဲ့ ကျောင်းပိတ်ရက်က လာတော့မှာပါ။ “လွမ်းဥသြတွန်ပြီ။ အိမ်ပြန် ချိန်ရောက်ပြီ။ နွေကလေးကျောင်းပိတ်ချိန်” စာသားပါတဲ့သီချင်းကို အကြိမ်ပေါင်းများစွာဆိုနေရာက ကျောင်းဖွင့်ရက်ကို ပြန်လာပြန်ပါတယ်။ ကျောင်းပြန်တက်ချိန်နဲ့ မိုးကလေးစွေချိန်က အံကျကွက်တိဖြစ်နေတတ်ပါတယ်။ မိုးရေတွေ စိုရွဲနေတဲ့ ပြောင် ချောတောက်ပနေတဲ့ကတ္တရာလမ်းမဲမဲပေါ်မှာ အနီရဲရဲ စိန်ပန်းပွင့်လေးတွေ ကြွေကျနေတာကြောင့် မနင်းရက်အောင် ဖြစ်နေတာကို ကျောင်းလမ်းမှာလျှောက်ဘူးခဲ့သူတိုင်း သတိပြန်ရနေကြမှာပါ။ အဲဒီကာလမှာ အမြဲဆိုနေကြကို သန်းလှိုင်ရဲ ကံ့ကော်မြိုင်တန်းအစား တွံတေးသိန်းတန်ရဲ့ ချစ်ရက်ရှည်ရှည် အင်းယားမြေကို အော်ဆိုလာကြပါတယ်။ မြန်မာအသံက လည်း ချစ်မိုးကြီးသီချင်းကို မကြာမကြာ လွှင့်ထုတ်ပေးနေပါတယ်။ သောတရှင်တို့ လိုရာကဏ္ဍမှာလည်း အကော်ဒီယံအုန်း ကျော်ဆိုတဲ့ မိုးလုံးပတ်လည်သီချင်းကို မကြာခဏ တောင်းဆိုနေသံကိုကြားနေရပါတယ်။ မိုးရာသီနဲ့ကိုက်ညီတဲ့သီချင်းတွေ လေ။
မိုးတွင်းကာလမှာ ရုပ်ရှင်ရုံတွေမဂ္ဂဇင်းတွေ သတင်းစာတွေမှာ အမြဲလိုလိုတွေ့ နေရတဲ့ သတိပေးချက်ရှိပါတယ်။ ဝမ်းနူးစာကို သတိထားပါဆိုတဲ့သတိပေးချက်ပါ။ မိုးရာသီမှာ ဝမ်းနူးစာကို စားသောက်မိရာကနေ ဝမ်းလျော ဝမ်းပျက်ဖြစ်တတ်ပါတယ်။အမှည့်လွန်အသီးအနှံတွေ မသန့်ရှင်းတဲ့အစားအစာကနေ ဝမ်းရောဂါဖြစ်တတ်ပါတယ်။ အသိပညာနည်းလို့ ဗဟုသုတနည်း လို့ ပေါ့ဆလို့ အသက်ဆုံးရတဲ့သူတွေတောင်ရှိခဲ့ရတဲ့ မိုးရာသီဖြစ်ပါတယ်။ လူ့သဘာဝက အသီးတွေ့ရင်စားဘို့ပြင်တော့တာပါပဲ။ မှည့်နေရင်စားလို့ရတယ်လို့ သိထားကြတာပါ။ အမှည့်လွန်အသီး ရက်လွန်အသီးဆိုတာကို လူတော်တော်များများက မတွေးမိကြပါဘူး။ ဝမ်းနူးစာဆိုတာကလည်း လူတိုင်းကြိုက်ကြတဲ့ သရက်သီး မရမ်းသီး ဒူရင်းသီးတွေဖြစ်နေပါတယ်။ အရသာ သိပ်ကောင်းတဲ့ ဘာအသီးပဲဖြစ်ဖြစ် အမှည့်လွန်ရင် အန္တရာယ်ဖြစ်တယ်ဆိုတာကို မိုးရာသီမှ သိရပါတော့တယ်။
တပြိုင်ထဲမှာ ခြင်ကျားအန္တရာယ်ကလည်း ရှိနေပါသေးတယ်။ ရေဆိုးအိုင်တွေမြောင်းတွေကို မရှင်းလင်းထားတော့ ခြင်ကျား တွေပေါက်ဖွားလာပြီး လူတွေကို သွေးလွန်တုပ်ကွေးရောဂါဖြစ်လာနိုင်ပါတယ်။ ဒီရောဂါကကလေးလေးတွေမှာ အဖြစ်များ ပါတယ်။ မိုးရာသီမှာပျော်နေတတ်တဲ့ ကျွန်တော်ဟာ မိုးကာလဆေးရုံတွေကိုရောက်သွားရင် မပျော်နိုင်တော့ပါဘူး။ တက္က သိုလ်ကျောင်းသားဘဝကနေ ဝန်ထမ်းဘဝကိုကူးပြောင်းသွားချိန်မှာတော့ ရန်ကုန်နဲ့မန္တလေးကို မီးရထားစီးသွားရတဲ့သူဖြစ်လာပါတယ်။ ရန်ကုန်နဲ့မန္တလေးက မော်တော်ကား လေယာဉ်ပျံ သင်္ဘောစတာတွေနဲ့လည်း စုန်ဆန်သွားနိုင်ပေမဲ့ ကျွန် တော်ကတော့ ရထားနဲ့သွားရတာကိုပဲကြိုက်ပါတယ်။ အထူးသဖြင့် မိုးရွာနေချိန်မှာ ရထားခေါင်မိုးအပေါ်ကို မိုးရေစက်တွေတဖေါက်ဖေါက်ကျလာတဲ့အသံကိုနားထောက်ရတာကို အင်မတန်မှသဘောကျမိပါတယ်။
ရထားပြူတင်းပေါက်ကနေလှမ်းကြည့်လိုက် လမ်းဘေးက စိမ်းလဲ့မေးမြနေတဲ့လယ်ကွင်းတွေမှာ လယ်သမားတွေ ကောက် စိုက်နေကြတဲ့ ရှုခင်းဟာ အင်မတန်လှပတဲ့ ရှုခင်းကလေးလို့ ခံစားမိပါတယ်။ ကန်သင်းရိုးတလျှောက် အဖေက ပေါက်တူးကို ထမ်းကာ လမ်းလျှောက်နေချိန်မှာ ကလေးငယ်လေးတွေက မိုးကာကိုဝတ်၊ ထီးကိုဆောင်းပြီး လွယ်အိတ်ကိုယ်စီလွယ်က စာသင်ကျောင်းကိုသွားဖို့ နောက်ကနေ တန်းစီလိုက်လာကြတဲ့ မြင်ကွင်းလှလှလေးတွေက မိုးတွင်းကာလမှာ ရထားစီးခရီး သည်တွေသာ ခံစားနိုင်တဲ့ ရသလေးပါ။ ဒီအချိန်မှာ အေးဝမ်းက စန်းသော်တာရေးဖွဲ့ထားပြီး အဆိုတော်မေရှင်က သံတိုင်သီ ဆိုကာ မောင်တင်မောင်ရယ် တက္ကသိုလ်ဖေစန်းရယ် ပြည်လှဖေတို့က သံပြိုင်သီဆိုထားသော တို့မြေစီ သီချင်းလေးကို ဆိုမိပါတယ်။ လယ်ယာတွေရေတင်ပြီ တောင်သူတွေပီပီ အပိုဒ်လေးက ရထားလမ်းဘေး ရေးဖွေးဖွေးကို ငေးကြည့်ရင်း ဆိုလို့ကောင်းတဲ့ သံပြိုင်အပိုဒ်လေးပေါ့။ သံလမ်းဘေးကစီးဆင်းနေတဲ့ ချောင်းငယ်လေးတွေမှာ လှေကလေးတွေ သွားလာ နေတာကိုတွေ့ရင် ပြည်လှဖေဆိုထားတဲ့ ရွှေတံငါသီချင်းကို ညည်းဆိုလေး ဆိုမိပါသေးတယ်။ နာဝါလှေးလေးစီးလို့ကွယ် ကွန်ပက်ရှာတယ် ..အိုလှေလေးမျှောကာရယ် စတဲ့ လှေပါတဲ့ စာသားလေးတွေကို ဆိုမိပါတယ်။ သီချင်းဆိုတယ်ဆိုလို့ အထင်ကြီးနေပါလိမ့်မယ်။ အကျယ်ကြီး မဆိုပါဘူး။ ပါးစပ်လှုပ်ရုံလေး ဆိုတာပါ။ ကိုယ့်အသံကို ကိုယ်အသိဆုံးပါ။ သူငယ် ချင်းတွေက မင်းဒီနေ့သီချင်းမဆိုရင် ကြိုက်တာကိုကျွေးမယ်လို့အပြောခံရတဲ့အသံပိုင်ရှင်ပါ။ ဒါပမေယ့် ပိုးလေးကသေးတော့ မိုးရွာရင် မေရှင်ရဲ့ ရွှေဝါဖူးသီချင်းလေးကို လူတွေမကြားအောင် ဆိုမိပါသေးတယ်။
လမ်းတလျှောက်လုံးရွာလာတဲ့ရွှေမိုးက မန္တလေးဘူတာကို ရထားဝင်တော့ တိတ်သွားပါတယ်။ အိမ်ပြန်ရောက်တော့ မိန်းမ က သူထည့်ပေးလိုက်တဲ့ ထီးလှလှလေးကိုမေးပါတော့တယ်။ ထုံးစံအတိုင်း ရထားပေါ်မှာမေ့ကျန်ခဲ့ပါပြီ။ ငယ်ငယ်တုံးက အဆော့မက်လို့ ထီးပျောက်သွားတော့ အမေဆူတာကိုခံခဲ့ရပါတယ်။ အခုတော့ မိုးသီချင်းတွေကို အဆိုကောင်းနေ တာနဲ့ ထီးပျောက်မှုက မဟေသီ အကြိမ်းအမောင်းခံရပြန်ပါတယ်။ ကျွန်တော်လို မေ့တတ်တဲ့သူတွေကြောင့်သာ ထီးတွေရောင်း နေရတာပါ။ အခုတော့ ထီးမပါပဲ မိုးရွာထဲမှာလျှောက်မသွားရဲတော့ပါဘူး။ ဇရာကစကားပြောလာပြီလေ။ ခေါင်းကို မိုးရေ လေးတပေါက်ကျလိုက်တာနဲ့ ခေါင်းကိုက်သလိုလို ချမ်းတုန်သလိုလိုဖြစ်လာပါတယ်။ ငယ်ငယ်တုန်းကလို မိုးရွာတာနဲ့ မိုးရွာ ရင်မိုးရေချိုးမယ်လို့ အော်ပြီးမပြေးနိုင်တော့ပါ။ မိုးရွာတာနဲ့ လက်မှာကိုင်လာတဲ့ထီးကလေးကိုဖွင့်ဆောင်း နားခိုစရာနေ ရာ ကိုရောက်ရင် လွယ်အိတ်ထဲမှာအသင့်ပါလာတဲ့ ဆေးကိုထုတ်သောက်ရတဲ့အခြေအနေဖြစ်နေပါပြီ။
ဒါပေမယ့် မိုးရွာရင်ပျော်နေတုန်းပါပဲ။ လူငယ်လေးတွေ မိုးရွာထဲပြေးနေတာကို မိုးခိုတဲ့နေရာကနေကြည့်ပြီး ပျော်နေတုန်းပါ။ ကလေးတွေလမ်းမမှာ ဘောလုံးကန်နေတာကိုလည်း ထီးလေးဆောင်းရင်း ရပ်ကြည့်နေမိဆဲပါ။ မိုးရွာထဲမှာ ပျော်နေတဲ့သူ တွေကိုကြည့်ရင်း ကျွန်တော်လည်း ပျော်လာမိပါတယ်။ စိတ်ရဲ့အပျော်ကို ခန္ဓာကိုယ်က လိုက်မပျော်နိုင်တော့ပါဘူး။ လေးလာပြီလေ။ အိမ်ကနေ မြို့ထဲကို သွားစရာကိစ္စပေါ်လာရင် ရေဒီယိုက မိုးလေ၀သသတင်းကို ညကတည်းက နားထောင် ထားရပါတယ်။ မနက်ဖြန် မိုးအားအေကာင်းမယ်ဆိုရင် ထီးကိုလွယ်အိတ်နားမှာ ချိန်ထားရတာပေါ့။ ထီးမပါလို့ မဖြစ်ဘူးလေ။ ညအိပ်ချိန်မှာ မိုးရွာရင် အိမ်ခေါင်မိုးပေါ်ကို မိုးရေစက်တွေကျသံက သယာသံလေးပါ။ မိုးရေကျသံလေးကိုနားထောင်နေရင်း အိပ်ပျော်သွားတဲ့ စည်းစိမ်ကို သဘောကျကြမှာပါ။ ညဆိုရင် မိုးသဲသဲမဲမဲရွာပါစေလို့ ဆုတောင်းမိတယ်။ အိမ်ထဲမှာနေတဲ့ သူတွေကသာ စည်းစိမ်ရှိတာပါ။ ညဘက်လမ်းပေါ်အလုပ်လုပ်ရတဲ့သူတွေ၊ ခရီးသွားနေရတဲ့သူတွေကတော့ မိုးရွာမှာကို စိတ်ပူနေကြမှာပါ။ လူ့အလိုက နတ်မလိုက်နိုင်ဘူးလေ။ ငယ်ငယ်တုန်းက မိုးရွာထဲမှာ ထီးမပါပဲ လမ်းလျှောက်ရတာကို သဘောကျတဲ့ ကျွန်တော် ကားစီးစီး၊ ရထားစီးစီး၊ မိုးရွာပေါစေလို့ ဆုတောင်းတတ်တဲ့ ကျွန်တော်ဟာ ရုပ်မြင်သံကြားက လွှင့်ပေးနေတဲ့ မိုးဒေ၀ါကို အရသာခံနားထောင်တတ်လာပါပြီ။ ရေဒီယိုမှာလည်း ကိုစောညိမ်းရဲ့ မိုးသက်လေနှင် မလာသေး ရင် ရေဒီယိုလိုင်းတွေကို တကျီကျီနဲ့ အသံဖမ်းရင်း မိုးနဲ့ဆိုင်တဲ့သီချင်းတွေကို နားထောင်မိပါတယ်။ ရေဒီယိုဖမ်းနေတာကို သားအငယ်ဆုံးက ဘေးနားကနေ ငေးကြည့်နေတတ်ပါတယ်။ မိုးဒေ၀ါကို သူဘယ်ကြိုက်ပါ့မလဲ။ ဒါပေမယ့် မကြာခင်ကာလ မှာ အဖေလိုပဲ မိုးရွာရင် ပျော်လာပြီး မိုးနဲ့ပတ်သက်တာတွေကို ခံစားတတ်လာမှာ သေချာပါတယ်လို့ တွေးနေမိပါတော့တယ်။
ထင်အောင်
၂၈/၆/၂၀၁၅
ဓာတ်ပုံ / အောင်ထက်