စောငို ကာတွန်း |
သာထက်အောင် - “နေရစ်ခဲ့တော့ ခေတ်ဟောင်း၊ စနစ်ဟောင်း၊ အကျင့်ဟောင်း၊ အတွေးအခေါ်ဟောင်း”
(မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၁၅
“နေရစ်ခဲ့တော့ ခေတ်ဟောင်း…. မူသစ်ပြောင်းပြီလေ….” ဆိုတဲ့ သီချင်းလေး ခုတလော ပါးစပ်ဖျားမှာ ဟီးလေးခိုနေပါတယ်။ ၁၉၆၂ ခုနှစ်မှာ ဗိုလ်နေ၀င်းခေါင်းဆောင်တဲ့ စစ်အစိုးရက တော်လှန်ရေးအစိုးရ အမည်ခံပြီး သာယာဝပြောတဲ့ လူ့ဘောင်သစ်ဆီချီတက်မယ်ဆိုတဲ့ လေကြီးမိုးကြီး တွေပစ်ပြီး ပြည်သူကို အယုံသွင်းတော့ ဘုမသိ ဘမသိနဲ့ အဲဒီစနစ် အဲဒီခေတ် ကိုထောက်ခံတဲ့သီချင်းတွေ အလျိုလျို ပေါ်ပေါက်ခဲ့ပါတယ်။
အထက်ကဆိုတဲ့ နေရစ်တော့ ခေတ်ဟောင်း.. မူသစ်ပြောင်းပြီလေ ဆိုတဲ့ မာမာအေးရဲ့ ချိုသာကြည် သာလဲ့တဲ့ တေးသံသာလေးလည်းပါဝင်ခဲ့ပါတယ်။ နှစ်လေးအတန်ကြာလာတော့… စစ်အစိုးရပြောတဲ့ သာယာဝပြောတဲ့လူ့ဘောင်သစ်ကြီး က ဘယ်ဆီနေမှန်းမသိပဲ အငတ်ဘေးတွေ၊ အကြပ်အတည်းတွေနဲ့ ဒက်ထိတိုးပြီး နေရင်းထိုင်းရင်း ငွေစက္ကူကလည်း အကြိမ်ကြိမ်အခါခါ အသိမ်းခံရတဲ့အဆုံး၊ နောက်ဆုံးမတော့ ၈၈ ခုနှစ်မှာ ကမ္ဘာကျော် ၈လေးလုံး အုံကြွမှုကြီးနဲ့ အာဏာရှင်ဗိုလ်နေ၀င်းနဲ့ သူ့ပါတီ မဆလ ကြီးလည်း ချုပ်ငြိမ်းသွားပါတော့တယ်။
အာဏာငမ်းငမ်းတက်နေတဲ့ ဗိုလ်နေ၀င်းက တိုင်းပြည် ချောက်ထဲကျဖို့ လက်နှစ်လုံးအလိုဆိုတဲ့ အကြောင်းပြချက်ကြီးယူပြီး အာဏာသိမ်းလိုက်တော့ တိုင်းပြည်လည်း အဲဒီတော့မှ တကယ့်ကို ချောက်ထဲ ကျတော့တာပါ။ သူ့ပါတီနဲ့ သူ့အစိုးရကို လက်မခံတဲ့ ပြည်သူတွေကို သူ့ခါးပိုက်ဆောင်တပ်တွေ အသုံးချပြီး ၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့မှာ အာဏာသိမ်း၊ စစ်အစိုးရကို ထူထောင်လိုက်တဲ့ အခါ ဒုက္ခိတကို ခါးလည်က ဖြတ်ရိုက်သလို နလံမထူနိုင်တော့ပါဘူး။
မဖြစ်လို့ လုပ်ပေးရတဲ့ ၉၀ခုနှစ်ရွေးကောက်ပွဲမှာ အကြိုက်မှာ ကွဲပြားပေမယ့်၊ မကြိုက်မှာ တထပ် တည်းဖြစ်နေတာကြောင့် အမုန်းကြီးမုန်းနေတဲ့ စစ်အစိုးရကို ဆန့်ကျင်တဲ့အနေနဲ့ NLD ကိုပုံအော မဲပေးခဲ့ကြပါတယ်။ ဒါပေမယ့် (ကိုသာဆိုးတို့ စစ်အုပ်စု) က မျက်နှာပြောင်တိုက်ပြီး အနိုင်ရပါတီကို အာဏာလွှဲ မပေးခဲ့ပါဘူး။
"ကဲ ... နှစ်ထပ်ရှိမှ မှတ်မိမယ်"ဆိုတဲ့ စကားလို ခု ၂၀၁၅ ရွေးကောက်ပွဲမှာလည်း NLD နိုင်ပြန်ပါပြီ။ အာဏာကို အေးဆေးတည်ငြိမ်စွာလွှဲပေးပါမယ်လို့ ပြောနေပေမယ့် စစ်တပ်က “ပင်လယ်ထဲမှာ ရေရှိတယ်ဆိုရင်တောင် ပြည်သူက ပြေးကြည့်ပြီးမှ ယုံမယ် ... မသည်းအူ” ဖြစ်နေပါပြီ။ ခေတ်အဆက်ဆက် အလိမ်အညာ၊ အတုယောင်၊ အပစ်အခတ်၊ အညှစ်အသတ် တွေနဲ့ကြီးပြင်းလာခဲ့ရတော့ ‘သံသယ’ ဆိုတဲ့မျက်မှန် တစ်လက်ပြည်သူတွေလက် ထဲမှာရှိနေပါ ပြီ။ မဆလ၊ န၀တ၊ နအဖ၊ ကြံ့ဖွတ် ခေတ်အဆက်ဆက် စစ်အစိုးရ သက်တမ်းတလျှောက် ပြည်သူတွေရဲ့ ယုံကြည်မှုကို မတည်ဆောက်နိုင်တဲ့အတွက် ကျဆုံးရခြင်းဖြစ်တယ်ဆိုတာ စစ်ဗိုလ်ချုပ်ကြီးများ သင်ခန်းစာယူမယ်ဆို ယူဖို့သင့်ပါပြီ။ ထားပါတော့။
ဘယ်တော့မှ သင်ခန်းစာ မယူတတ်တဲ့ ဗိုလ်ချုပ်ကြီးများ၊ မဲစာရင်းကို 30% ပဲ တာဝန်ယူနိုင်တယ်လို့ပြောတဲ့ကြားက ခွက်ခွက်လန်အောင်ရှုံးလေတော့ 100% မဲစာရင်းများ မှန်ခဲ့ရင် ဘယ်လိုများရှုံးမလဲဆိုတာ စဉ်းစားသာကြည့် ကြပါတော့။
ရွေး/ကော် က ထုတ်ပြန်တဲ့အနိုင်အရှုံး ရလာဒ် စာရင်းကလည်းတိတိကျကျ တရားဝင်ထွက်မလာ သေး။ အာဏာလွှဲပြောင်းပေးဖို့ အချိန်ကလည်း သုံးလလောက်လိုသေးတော့၊ ဒီအတောအတွင်းမှာ ဘာမဆိုဖြစ်နိုင်သေးတယ်ဆိုတာကို သတိချပ်မိပြီး လက်မ မထောင်မိဖို့၊ အနိုင်ရပါတီအောင်ပွဲတွေ ဇွတ် မခံဖို့ အကြံပေးလိုပါတယ်။ သိရသလောက် ရွေးကောက်ပွဲရလာဒ်နဲ့ ပဲ မကြာမတင်သော ကာလမှာ အပြောင်းအလဲ တစ်ခု မလွဲမသွေ ကြုံရတော့မယ်လို့တော့ ပြောလို့ရပါတယ်။ “နေရစ်တော့ခေတ်ဟောင်း.. မူသစ်ပြောင်းပြီလေ” ဆိုတဲ့သီချင်းဓါတ်ပြားဖုံသုတ်ပြီး လွှင့်ဖို့ အချိန်မကြာခင်လာတော့မှာပါ။
စနစ်သစ်- မူသစ်- လူသစ်တွေနဲ့ ခေတ်သစ် တစ်ခုကို ချီတက်ဖို့ တာစူ နေတဲ့အချိန်မှာ ခေတ်ဟောင်း စနစ်ဟောင်း က ခေါက်ရိုးကျိုးနေတဲ့ အတွေးအခေါ်ဟောင်း၊ အယူအဆဟောင်း၊ အကျင့်စရိုက်ဟောင်းတွေ ကို စွန့်လွှတ်ဖို့- စွန့်လွှတ်ရဲဖို့ လိုပါပြီ။ ပဒေသရာဇ် ခေတ်၊ ကိုလိုနီခေတ်၊ စစ်ကျွန်ခေတ် တွေကို နှစ်ပေါင်းများ စွာ ခါးခါးသီးသီး ကြုံခဲ့ရတဲ့ ပြည်သူတွေမှာ အဲဒီခေတ်၊ စနစ်တွေနဲ့ လိုက်လျောညီထွေ ဖြစ်အောင်ကျင့်ကြံ နေထိုင်ခဲ့ရတဲ့အတွက် ခုလို ဒီမိုကရေစီ စနစ်နဲ့ ချီတက်မယ်လည်းဆိုရော ခေတ်ဟောင်းစနစ်ဟောင်း က အတွေးအခေါ်အကျင့်အကြံ တွေနဲ့ အံမ၀င် ဂွင်မကျ ဖြစ်တတ်ပါတယ်။ ကနေ့ ဒီမိုကရေစီ အခြေခိုင်နေတဲ့ ကမ္ဘာနိုင်ငံကြီးတွေမှာ ကျင့်သုံးနေတဲ့ ဥပဒေတွေ၊ ကျင့်ထုံးတွေ၊ ဓလေ့စရိုက်တွေကိုလေ့လာပြီး ကိုယ့်ယဉ်ကျေးမှု ရေမြေအနေအထားနဲ့ ကိုက်ညီရင် ရဲရဲ ကြီး အသုံးပြုဖို့လိုပါပြီ။
ဒီမိုကရေစီ နိုင်ငံတော်ကို တည်ဆောက်ချင်တယ်။ ဒီမိုကရေစီ လူ့အဖွဲ့အစည်းသာလျှင်သာယာ ချမ်းမြေ့တဲ့လူ့ အဖွဲ့အစည်းလို့ မြင်ရင်- အခြေခံအကျဆုံးက လူကို လူလိုမြင်တတ်ဖို့က အရေးကြီးဆုံးပါပဲ။ အုပ်ချုပ်သူနဲ့ အအုပ်ချုပ်ခံ၊ အုပ်ချုပ်သူအချင်းချင်း၊ အအုပ်ချုပ်ခံပြည်သူအချင်းချင်း လူကိုလူလိုမမြင်ဘဲ အာဏာပါဝါ၊ နေရာ၊ ဥစ္စာ၊ ဓန၊ အသားအရောင် အပေါ်အခြေခံပြီးလူလူချင်း ခွဲခွဲခြားခြား ဆက်ဆံနေဦးမယ်ဆိုရင်- ဒီမိုကရေစီလို့ ပါးစပ်ကဘယ်လောက်ပဲ ကုန်းအော်ကုန်းအော် ဒါဟာ အာဏာရှင် စနစ်ရဲ့ အပြုအမူ အကျင့်အကြံပါပဲ။
စစ်အာဏာရှင်ရာစု နှစ် တ၀က်လောက်နေရာယူခဲ့လေတော့ အုပ်ချုပ်သူဆိုတဲ့ လူတန်းစားများဟာ နိုင်လို့ရမယ့် ပြည်သူတွေအပေါ် မောက်မာသလောက် ကြောက်ရမယ့် သူနဲ့တွေ့ရင် တုန်နေတတ်ကြတာ မြန်မာ အစိုးရရဲ့ စရိုက်လိုတောင်ဖြစ်နေပါပြီ။ စစ်တပ်မှာ ရာထူး တဆင့်မြင့်သူက တဆင့်နိမ့်သူကို အနိုင်ကျ ဗိုလ်လုပ်လို့ရလေတော့- ဗိုလ်ချုပ်မှုးကြီး ကတော် ထမိန်လျှော်ပေးရတဲ့ ဗိုလ်ကြီးကတော်မျိုးတွေရှိတဲ့ တိုင်းပြည်ဆိုတော့ လူအချင်းချင်းတန်းတူ ရည်တူမှု ဆိုတာကို နားလည်လက်ခံနိုင်စွမ်းမရှိကြတော့ပါဘူး။ ခံရသူဘက်ကလည်း ဘ၀ပေးအသိအရ “ဖော်လံဖား” ရင်အခွင့်အရေးရတယ်မှန်းသိတော့ “ဖော်လံဖား” ချင်တဲ့ လူတန်းစားကလည်း သွားလေရာ မမြင်ချင်မှအဆုံးပါ။ ပညာတတ်တွေတောင်ပါပါတယ်။
စပ်မိလို့ ရေးရရင် ၉၀ ခုနှစ်ရွေးကောက်ပွဲကာလ မတိုင်ခင်စည်းရုံးရေးဆင်းတော့ စစ်ကိုင်းတိုင်းတခွင် ပြဲပြဲစင်အောင် ဆရာမောင်သော်က နဲ့ ရောက်ခဲ့ပါတယ်။ သွားလေရာမှာ ဖော်လံဖားတွေ၊ အခွင့်အရေးသမားတွေ၊ ဒေါ်စုဘေးနားကပ်ထိုင်ချင်သူတွေ၊ ဒေါ်စုနဲ့ ဓါတ်ပုံတွဲအရိုက်ခံချင်သူတွေကို မနည်း လွတ်အောင် ရှောင်ရပါတယ်။ ဒါမျိုးတွေက ခုထိလည်းရှိနေပြီး ဟိုတုန်းက ဦးဘဂျမ်းတို့ကာတွန်းရေးတဲ့ ခေတ်တုန်းကလည်းရှိလေတော့၊ ကြာရင် “ဒါကိုအမျိုးသားစရိုက်” ဖြစ်သွားမှာစိုးရပါတယ်။ ခုလို ခေတ်ပြောင်း၊ စနစ်ပြောင်းတော့မယ့်အချိန်မှာ ဒါမျိုးတွေရပ်သင့်ပါပြီ။
နောက်ပြီး မြန်မာ့လူ့အဖွဲ့အစည်းမှာ နားမလည်နိုင်တဲ့ ကိစ္စတစ်ခုက လူလူချင်းလက်ဆွဲနှုတ်ဆက်တဲ့ ယဉ်ကျေးမှုကိုမကျင့်သုံးတတ်ကြပါဘူး။ တကမ္ဘာလုံးက လက်ခံအတည်ပြုကျင့်သုံးကြတဲ့ လက်ဆွဲနှုတ်ဆက် ခြင်းယဉ်ကျေးမှုကို မြန်မာတွေဘာ့ကြောင့် ဒီလောက်ဝန်လေးနေကြသလဲ။ ပြောရရင်တော့ လူလူချင်းတန်းတူ ညီတူမှုကို လက်မခံနိုင်တတ်ကြတာပါပဲ။ ဥပမာ- ဆင်ကလောင်စာရေးဆရာကြီးကို ကဗျာဆရာပေါက်စကလောင်သစ်တစ်ယောက်နဲ့မိတ်ဆက်ပေးရင် အဲဒီဆရာကြီးဆိုသူက လက်ဆွဲနှုတ်ဆက် မယ် ထင်ပါသလား၊ ဝေးပါသေးရဲ့။ ကလောင်သစ်ကလေးကလည်း ဆရာကြီးကို လက်ဆွဲနှုတ်ဆက်ဖို့ မ၀ံ့ပါဘူး။ အဂါရ၀ ဖြစ်မှာစိုးလို့ သူ့ ခမျာ လက်အုပ်ချီရင်ချီ၊ ဒါမှမဟုတ် လက်ကလေးနောက်ပစ်ပြီး မျက်နှာငယ် သွားဖြီးလေးနဲ့ ဆက်ဆံမှ အဆင်ပြေတာပါ။ ဆရာကြီးကလည်းဒီလို ကလောင်လက်သစ် ကလေးကိုလက်ဆွဲနှုတ်ဆက်လိုက်ခြင်းအားဖြင့် တန်းညှိခံရတယ်၊ ဂုဏ်သိက္ခာကျတယ်လို့ထင်တတ်ကြပါ သေးတယ်။ တန်းချင်းမတူဘူးလို့ ထင်တတ်ကြပါတယ်။
တကယ်တော့ ကလောင်ကြီး၊ ကလောင်သစ် ဆိုတာပြသနာမှ မဟုတ်တာ။ လူ လူ ချင်းဆိုတာကို နားလည်လက်ခံရင် အားရပါးရ လက်ဆွဲနှုတ်ဆက်နိုင်ရမှာပေါ့။ ဘယ်ဗိုလ်မှုးကြီးက ဘယ်အကြပ်တပ်သား ကို လက်ဆွဲနှုတ်ဆက်ပါသလဲ။ ဘယ်သူဌေးကြီးက သူ့ကုမ္ပဏီက စာရေးတစ်ယောက်ကို လက်ဆွဲနှုတ်ဆက် ပါသလဲ။ ဘေးတိုက်ဆက်ဆံရေးကို အလိုမရှိဘဲ အပေါ်အောက်ဆက်ဆံရေးကို မျှော်လင့်တာဟာ ဒီမိုကရေစီ ကျင့်စဉ်မဟုတ်ပါဘူး။
နောက်တစ်ချက်.. မြန်မာလူမျိုးတွေမှာ ဆရာအခေါ်ခံချင်တဲ့ဝါသနာ ထူးထူးခြားခြားကြီးကို ရှိနေ တတ်ပါတယ်။ ခုနေခါ ဂျာနယ်တွေ၊ ဖေ့ဘုတ်တွေ၊ အင်တာနက်တွေက လူတိုင်းလက်လှမ်းမှီ နေလေတော့ တချို့ အင်တာဗျူးတွေဖတ်ရတဲ့ အခါအလွန်စိတ်ပျက်ဖို့ ကောင်းပါတယ်။ သတင်းထောက်(သို့) ဗျူးတဲ့သူက ဘယ်လိုပဲ ခေါ်ခေါ် ကိုယ့်ကိုယ်ကို ဆရာ ဆရာနဲ့ ဆရာကို ပါးစပ်ကမချတာတော့ ဘ၀င်ပဲ ဖြစ်နေတာလား၊ အကျင့်ပဲပါနေတာလားမသိပါဘူး။ ကိုယ့်ကိုယ်ကို နာမ်စားသုံးတဲ့အခါ ကျွန်တော်ဆိုရင်လုံလောက်ပါပြီ။
စပ်မိလို့ တစ်ခုရေးပြပါရစေ။ ၉၀ ခုနှစ်ဝန်းကျင်လောက်တုန်းက ဘီဂျင်း တက္ကသိုလ်က မြန်မာစာပေါမောက္ခ ဦးမောင်မောင်ရှိန်ဆိုတဲ့ တရုတ်လူမျိုးတစ်ယောက် ကျွန်တော့်ဆီ အသိတစ်ယောက်နဲ့ ပတ်သက်ပြီး ရောက်လာပါတယ်။ တိုတိုပြောရရင် သူဟာ ဆရာကြီးမင်းသုဝဏ်ရဲ့ တပည့်ဖြစ်ခဲ့ဖူးပါတယ်။ ဆရာကြီး ကို သွားတွေ့ချင်ပေမယ့် လိပ်စာမသိလို့ ဆက်သွယ်ပေးဖို့ အကူအညီတောင်းတာပါ။ သူ့ဆီက ဆရာကြီးရဲ့ ဖုန်းနံပါတ်ကိုယူပြီး ဖုန်းဆက်လိုက်တော့ ဖုန်းထဲက ဟုတ်ကဲ့ပြောပါ၊ ကျွန်တော်မောင်ဝန်ပါဆိုတဲ့ အသံကြီး ပီပီသသ ထွက်လာပါတယ်။ ကဲ… ကြည့်စမ်း. ဘယ်လောက်နှိမ့်ချသလဲဆိုတာ။ ကျွန်တော်ဆရာကြီး မင်းသုဝဏ်ပါလို့ပြောခဲ့ရင် ကျွန်တော် အခုဆောင်းပါးနဲ့ ဆရာကြီး အကြောင်း တခုတ်တရ ရေးဖြစ်မယ်မထင်ပါဘူး။ ထို့အတူပါပဲ ဆရာဦးဝင်းတင်တို့ ဆရာ မောင်သော်ကတို့ ဘယ်တော့မှ ကိုယ့်ကိုကိုယ်ဆရာ ဆရာထည့်မပြောပါဘူး။ ကျွန်တော့်ထက်အသက်အများကြီး ကြီးပေမယ့် ခင်ဗျား၊ ကျွန်တော် ပြောပြီး၊ ခေါ်ရင်လည်း ကိုသာထက်အောင်လို့ပဲ ခေါ်ပါတယ်။
အခု- အဲဒီဆောင်းပါးကိုရေးနေစဉ်မှာပဲ အင်္ဂင်္င်္င်္င်္င်္င်္င်္လန်က တော်ဝင်မိသားစုထဲက Charles တို့ ဇနီးမောင်နှံ သြစတြေးလျကို အလည်ရောက်နေပါတယ်။ တနေ့က Canberra က War Memorial ကိုသွားပြီး လွမ်းသူ့ပန်းခွေချပါတယ်။ အဲဒီအချိန်မှာ ကင်ဘာရာမှာ မိုးတွေရွာနေပါတယ်။ လင်မယား ၂ ယောက်လုံး ကိုယ့်ထီးကိုယ်ဆောင်း၊ ဘယ်သူမှထီးတော်မိုးမပေးပါဘူး။ ပေးလည်းသူတို့လက်ခံလိမ့်မယ် မထင်ပါဘူး။ ရွှေပြည်ကြီးမှာတော့ မှတ်မိကြဦးမလား မသိဘူး။ မကြာခင်က ကွယ်လွန်သွားပြီဖြစ်တဲ့ ကြံ့ဖွတ် ထိပ်တန်းခေါင်းဆောင် တစ်ဦးက တောင်တွင်းကြီး က အထက်တန်းကျောင်း တစ်ကျောင်းမှာ ဆိုဖါကြီးပေါ်မိန့်မိန့်ကြီးထိုင်လို့၊ အောက်မှာ ၈ တန်းကျောင်းသူလေးက ပဆစ်တုပ် ယို့ယို့လေးထိုင်ပြီး ယပ်ခပ် ပေးနေတဲ့ပုံ။ ကြည့်ရတာ အတော်လေး အော်ဂလီဆန်ဖို့ ကောင်းပါတယ်။ ပါးစပ်က ဒီမိုကရေစီလို့ ကြားကောင်းအောင် ပြောပြီး လူကတော့ ပဒေသရာဇ်ခေတ်ကို လွမ်းကောင်းနေတဲ့သူတွေပါ။
ဒုတိယ ကမ္ဘာစစ်မှာ ဖက်ဆစ်ဝါဒီတွေလို့ နာမည်ပျက်ခဲ့တဲ့ ဂျပန်၊ တရုတ်ပြည် နန်ဂျင်းမြို့မှာ အစုလိုက် အပြုံလိုက် လူသတ် မုဒိန်းကျင့် ခဲ့တဲ့ ဂျပန်၊ ခုခါမှာ လူလူ ချင်း တန်ဖိုးထားလေးစားတဲ့ နေရာမှာ နမူနာ ယူလောက်ပါတယ်။
၂၀-၄-၂၀၁၅ ည ၇ နာရီ ကျော်ကျော်လောက်မှာ ကျွန်တော်တို့သားအဖ ၃ ယောက် ဂျပန်က တိုကျို နာရီတာ လေဆိပ်ကိုရောက်ပါတယ်။ လေဆိပ်ကနေ ဟိုတယ်ကို တက္ကစီ ငှားရင်ဈေးကြီးလို့ ဘတ်စ်ကားနဲ့ပဲ ချီတက်ခဲ့ကြပါတယ်။ နိုင်ငံခြားသားခရီးသည်တွေပါလို့ ထင်ပါရဲ့၊ ရပ်တဲ့မှတ်တိုင်တိုင်းမှာ ပစ္စည်းအတင်အချ လုပ်ပေးတဲ့ အလုပ်သမားလူငယ်လေးတွေဟာ ဘတ်စ်ကား ၀င်လာတဲ့အချိန်မှာ တခါ ပြန်အထွက်မှာ တခါ ဘတ်စ်ကားပေါ်ပါလာတဲ့ ခရီးသည်တွေကို ဦးညွှတ်ခါးကိုင်းပြီး အရိုအသေပေးပါတယ်။ ထို့အတူပါပဲ တိုကျို-ကျိုတို အီရိုးရှီးမားခရီးစဉ်ကို Bullet ရထားနဲ့ သွားတော့ တက်လာတဲ့ လက်မှတ်စစ်တို့၊ ထရော်လီလေးတွန်း ပြီး ဈေးလည်ရောင်းတဲ့ဂျပန်မလေးတွေဟာ တွဲပေါ်အ၀င် အထွက် ခရီးသည်တွေကို ဦးညွှတ်ခါးကိုင်းပြီး အရိုအသေပေးတာတွေ့ခဲ့ရပါတယ်။ ဂျပန်မှာရော၊ အိမ်ဖော်ကို ပါးရိုက်နားရိုက်တာ၊ မီးပူနဲ့ ကပ်တာတွေရှိ-မရှိ ကျွန်တော်မသိခဲ့ရပါဘူး။
အတိုချုပ်ပြီးပြောရရင်တော့- လူကိုလူလို့မထင်၊ မောက်မောက်မာမာ မိုက်မိုက်ရိုင်းရိုင်း ပြောတတ်တဲ့ စစ်အရေခွံခြုံ တွေကိုတော့ ပြည်သူတွေက မဲတပြားနဲ့ ဆုံးမ ဒဏ်ခတ် ခဲ့ပြီးပါပြီ။ ခေတ်သစ်၊ စနစ်သစ်၊ လူသစ်၊ မူသစ် တွေနဲ့ သာယာချမ်းမြ့တဲ့ ဒီမိုကရေစီမုခ်ဦးဆီ ချီတက်ကြမယ်ဆိုရင်တော့ ဆင်းရဲ-ချမ်းသာ၊ အဖြူ-အမဲ၊ အကြီး-အငယ်၊ မခွဲခြားပဲ လူကို လူလို့မြင်ပြီး ဒီမိုကရေစီရဲ့ အခြေခံအကျဆုံး ဖြစ်တဲ့ လူ-လူချင်း လေးစားကြရမယ်ဆိုတာလေးတော့ သတိကပ်စေချင်ပါတယ်။