မင်းကိုနိုင် - နွားကြီး... သေသွားပြီ !!!
(သူ့ဖေ့စ်ဘွတ်) မိုးမခ၊ နိုဝင်ဘာ ၂၃၊ ၂၀၁၅
မြက်ပင်တွေတောင်၊ခေါင်းမထောင်ခင်
နေ၀င်လေအေး၊မိုးလေးညိုယုံ
ချည်တိုင်ကိုလွမ်းတတ်တဲ့
နွားကြီး... သေသွားပြီ
.
သခင်မမျက်နှာ
မမြင်ရရက်ကြာလို့
နာတာရှည်လွမ်းနေကြောင်း
ဖိနပ်ဟောင်းတရံလို
ဇာတ်ကြောင်းပြန်ချင်တဲ့
နွားကြီး...သေသွားပြီ
.
“ ချို(ဂျို)နဲ့ သားရေမကျန်စေနဲ့
ခုတ်ဟဲ့ ထစ်ဟဲ့အရက်ငှဲ့လေ”
ကေတီဗီမာဆတ်တွေကြား
သက်သတ်လွတ်စားပြီး
စားမြုံ့ပြန်တတ်တဲ့
နွားကြီး... သေသွားပြီ
.
“ အားနာပါတယ်..ရှင်”
ဒီသံစဉ်ကြားဖို့ အရေး
ထောင်ဂဏန်းတန်ကဒ်ပြေးဝယ်
ဆက်သွယ်မှုဧရိယာပြင်ပ
မကြာခဏရောက်ခဲ့တဲ့
နွားကြီး...သေသွားပြီ
.
အော်စကာဆုရ.. ဟာသသရုပ်ဆောင်
မင်းသားကြီးရော်ဘင်ဝီလျံတောင်
သတ်သေတဲ့လက္ခဏာနဲ့သေသွားပြီဆိုတော့
ငါဘယ်လိုရှင်သန်ရပါ့
တွေးမရတော့တဲ့
နွားကြီး...သေသွားပြီ
.
ရှင်ရင်ခိုင်းစားကြမယ်
သေရင်အသားပေါ်စားဦးမှာ
ဒီအကြောင်းတွေကြောင့်
ငါနေမကောင်းဖြစ်ချင်တာ ဆိုတဲ့
နွားကြီး...သေသွားပြီ
.
နှစ်စဉ်နှစ်ဆန်းတရက်နေ့ဆို
သူတကာလို ...
ဘေးမဲ့လွှတ်ပေးနိုးနိုး
ငေးခဲ့ရတဲ့ ...
နွားကြီး...သေသွားပြီ
.
အသပြာပုံလောင်းဆဲ
အညာကုန်ရောင်းပွဲနဲ့
အာရုံ အပြောင်းအလဲတွေကြား
နောက်ဆုံးချိန်ထိထမ်းပိုးဖြုတ်မခံ
အဓိဌာန် ကျင့်ကြံခဲ့တဲ့
နွားကြီး...သေသွားပြီ။
.
ရှိလျက်နဲ့မရှိသလိုအနေဝေးရ
သိလျက်နဲ့မသိသလိုနေပေးသမျှ
“နွားကြီးပါကွာ”..လို့ အထင်ခံခဲ့ရတဲ့
နွားကြီး...သေသွားပြီ
.
အနှီထိုကိစ္စတွေမှာ
သူ့ကိုယ်သူကျားကြီး ထင်ခဲ့တဲ့
နွားကြီး...သေသွားပြီ
.
သြော် ...
ကောက်ရိုးပန်းချီကားကို
လူတွေခံစားပုံနဲ့
(ရိုးရိုးသားသား)
မတူခြားနားခဲ့တဲ့
နွားကြီသေသွားပြီ။ ။