ကိုသန်းလွင် - ရီပို့ကဒ်
(မိုးမခ) နိုဝင်ဘာ ၂၃၊ ၂၀၁၅
(၁)
သားတို့ကျောင်းမှ SMS တခုပို့လာသည်၊ သား၏ ဂျီစီအီး O Level စာမေးပွဲ အောင်လက်မှတ်ကိုလာထုတ်ပါ ဟုဆိုသည်၊ သြဂုတ်လအတွင်းကဖြစ်ပါ၏၊ သားကိုယ်တိုင်ဖြစ်စေ၊ မိဘတစ်ဦးဦး ဖြစ်စေ လာခဲ့ပါဟုဆိုသည်၊ ကြည့်လိုက် တော့ သုံးလမျှ အချိန်ပေးထားသည်၊ အမှတ်တမဲ့သတိမရမိ၊ နိုဝင်ဘာ ၁၀ ရက်နေ့ ရောက်မှဖုန်းထဲ မှ Message တွေကို ပြန်ဖတ်ရင်းသားအောင်လက်မှတ် ထုတ်ရန်ကိစ္စကိုသတိရသည်။
သားတို့ကျောင်းမှာ စင်္ကာပူမြို့ အရှေ့ဘက်အစွန်မှာရှိပါသည်၊ လွယ်လွယ်ကူကူမဟုတ်၊ တကူးတက သွားရ သည်၊ သားက အခု ဂျူရောင်းဂျေစီ ( JC ) မှာ တက်နေခြင်း ဖြစ်ရာ မြို့၏ အရှေ့ထိပ်နှင့် အနောက်ထိပ် ဖြစ်နေလေသည်၊ သားကသွားယူဘို့စိတ်ကူးမိဟန်မတူ။ သားသည် ဤကျောင်းမှထွက်၍ ကျောင်းပြောင်း သွားသည်မှာ တနှစ် ခန့်ကြာသွားပြီ ဖြစ်သော်လည်း သားနာမည် ကို ပြောသောအခါ ကျောင်းက စာရေးမ တွေက မှတ်မိကြ တုံး ဖြစ်ပါသည်၊ သားဘယ်ကျောင်းတက်နေသလဲ မေးကြသည်၊ သူတို့က လိမ္မာတဲ့ကလေး ဟု တဖွဖွပြောနေကြသည်။
ကျွန်တော်သည် သား၏အောင်လက်မှတ်ကို လာထုတ်တုံးက အမှတ်တမဲ့သာဖြစ်ပါသည်၊ အောင်လက်မှတ် တခု၊ သား၏စာမေးပွဲ ရမှတ်တွေကို မှတ်တမ်းတင် ထားသော မှတ်တမ်းတခုဟူ၍သာ သာမာန်သဘော ထားခဲ့ သည်၊ ယခုသော်သား၏အောင်လက်မှတ်နှင့်အတူ သား၏သူတို့ကျောင်းမှာနေခဲ့စဉ်က အပြုအမူ အနေအထိုင် နှင့် ပတ်သတ်၍သူ့ဆရာတွေကရေးပေးလိုက်သော (Testimonial) ကိုလည်းတွေ့ရ ဖတ်လိုက်ရသည်။
သားသည်ခေါင်းဆောင်အရည်အချင်းနှင့်ပြည့်စုံသောသားဖြစ်သည်ဆို၏၊ ဖေါ်ရွေပျူငှာပြီး ယဉ်ကျေးသိမ်မွေ့သူ ဟုလည်းဆိုသည်၊ ပရောဂျက်တခုကို ဆရာကချပေးလိုက်တိုင်း၊ သား၏ဘေးမှာသူ့အတန်းဖော်တွေက ၀ိုင်းလာ ကြသည်၊ ကျောင်းသားတွေကိုစည်းရုံးပြီး ဆရာချပေးသော ပရောဂျက်တွေကို ပြီးစီးအောင်လုပ်သည်မှာ တကြိမ်မဟုတ် နှစ်ကြိမ်မဟုတ် အကြိမ်ကြိမ် အခါခါ ဖြစ်သည်၊တာဝန်ပေးလျင်တာဝန်ကျေသည်၊ အမိန့်ကို နာခံတတ်သည်ဟုဆိုသည်။
Cartificate မှာ ပလပ်စတစ် Folder တွင်ထည့်လျက် စာအုပ်ကလေးသဘွယ်ချုပ်ထားပါသည်၊ ပလပ်စတစ် ဖုံးထားသောစာရွက် နှစ်ရွက် သုံးရွက် တွေ့ရသည်၊ ရီပို့ကိုစီစဉ်ထားပုံမှာ သားနားလွန်းသည်၊ အထက်တန်း ကျောင်းက အောင်လက်မှတ်ကို အခုလို သားသားနားနားလုပ်ထားလျင် စင်္ကာပူ နိုင်ငံ၏ နိုင်ငံတကာ စာချုပ် ကြီးများဆိုလျင် အဘယ်မျှ ခမ်းနားမည်နည်း ဟုမခန့်မှန်းနိုင်ပေ၊ ကျွန်တော်တို့ ဆယ်တန်းအောင်စဉ်က နှင့် စက်မှုတက္ကသိုလ်ကျောင်းပြီးစဉ် ကပေးလိုက်သော ဘွဲ့ လက်မှတ် တွေမှာ စာရွက်ထူထူ တရွက်ပေါ်တွင် မြန်မာနိုင်ငံစာ စာစစ်မှူးကြီးက၄င်း၊ စက်မှုတက္ကသိုလ် ပါမောက္ခချုပ် က၄င်းလက်မှတ်ရေးထိုးထားသော စာရွက် တခု သာဖြစ်ပါလေသည်၊ သားနားသည်ဟု ပြောဘို့ဝေးစွ၊အရေးကြီး သော စာရွက်တခုဟုပင် ပြောရန်ခက် နေ သည်။
သား၏အမှတ်တွေက မကောင်းလှပါ A ကတလုံး နှစ်လုံး၊ B က သုံးလေးလုံးနှင့် C ကပါ လိုက်သေးသည်၊ သို့ပါသော်လည်း သူ့ဆရာတွေ၏ မှတ်ချက်တွေကို ဖတ်ရသည်မှာ စစ်ဗိုလ်ချုပ်ကြီး လူဝီမောင့်ဘက်တန် တို့၊ ဗိုလ်ချုပ် အိုင်စင်ဟောင်ဝါတို့ ရီပို့ တွေပင် သားလောက်မကောင်းနိုင်ဟု ကျွန်တော်ထင်သည်။
စကာင်္ပူကျောင်းက ကလေးသူငယ်များကို ပြုစုပျိုးထောင်ပေးပုံမှာ စာကိုလည်းသင်သည်၊ မူလတန်း၊ အလယ်တန်းတွေကစပြီး ခေါင်းဆောင်ကောင်း အရည်အချင်းရှိသူများကို ရှာဖွေပျိုးထောင်သည့်သဘော ရှိနေပါသည် ကျွန်တော့်သားမှာ သူတို့ နိုင်ငံသားမဟုတ်သောကြောင့် ဘာမှဖြစ်မလာနိုင်တာမှန်သော်လည်း ကလေး၏ အရည်အသွေးကို မလွတ်တန်း သူ့ဆရာတွေက မှတ်ချက်ရေးပေးလိုက်ကြပါသည်။
ကလေးတယောက်တွင်ထူးခြားသော အရည်အချင်းကို ပြလာပြီးဟုဆိုလျင် သူတို့က သတိထားမိကြသော၊သင့်တော်သလို ထိုအရည်အချင်းကိုအားပေးလိုကြသော စံနစ်တခုရှိပါလိမ့်မည်၊ ပညာတော်သူ၊ ထူးချွန်သူကို ပညာသင်စရိတ် စကော့လားရှစ်ပေးသော အစဉ်အလာရှိသည်၊ ၀န်ကြီးချုပ် သမ္မတကြီး တို့၏ စကော့လားရှစ် ရပြီဆိုလျင် သူ၏ နောင်ရေးမှာ စိတ်အေးရပါပြီ၊ သူသည် ၀န်ထမ်းလုပ်သော် လုပ်မည်၊ စစ်မှုထမ်းလျင် ထမ်း မည်၊ သူကဥပဒေကို လိုက်နာတတ်သော နိုင်ငံသားတယောက်သာဖြစ်ရန်လိုသည်၊ သူ့ရှေ့ရေးမှာ ကောင်းလာ ဖို့သာရှိသည်။
စင်္ကပူအစိုးရ၏၀န်ကြီးအဖွဲ့ကိုကြည့်လိုက်ပါ၊ အားလုံးမှာ(Academic Record) ပညာရေးတွင်ထူးချွန်ခဲ့ကြသူများ သာဖြစ်သည်၊ လုပ်ရည်ကိုင်ရည်ရှိသူတွေဖြစ်ကြသည်၊ မိမိ လုပ်ငန်းအတွက်လိုအပ်သော အတတ်ပညာ၊ ဗဟုသုတ နှင့်ပြည့်စုံကြသူများဖြစ်ကြသည်၊ အနည်းဆုံး ထိုဝန်ကြီးများသည် ခြစားသူများမဟုတ်ဟူ၍၄င်း၊ တိုင်းပြည်ဘဏ္ဍာငွေကို အလွဲသုံးစားလုပ်မည့်သူတွေ မဟုတ်ဟူ၍၄င်း၊ တာဝန်ခံနိုင်သူများဖြစ်ကြပါသည်၊ သူတို့ကိုလည်း သားတို့ကျောင်းက ကလေးတွေကို ကြည့်ရူစောင့် ရှောက်ကြသလို လူငယ်ဘ၀ကတည်းက ပြုစုပျိုးထောင်ပေးခဲ့ကြခြင်းဖြစ်ပါသည်၊ တာဝန်ယူတတ်ကြပုံမှာ တခါကလျပ်စစ် ဓာတ်အားလိုင်း ရှော့ဖြစ်ပြီး မီးရထားတွေရပ်သွားသောအခါ ရထားပို့ဆောင်ရေးကို တာဝန်ခံ ရသည့် ပို့ ဆောင်ရေး ၀န်ကြီးက ရာထူးမှ နှုတ်ထွက်ပေးခဲ့လေသည်။
ကြည့်လိုက်လျင် အမြဲ ပြုံးချိုနေသောမျက်နှာနှင့် ကျွန်တော့်သားမှာလူချစ်လူခင်ပေါသည်ဆိုခြင်းကို ကျွန်တော် မအံ့သြပါ၊ သို့သော်ခေါင်းဆောင်မှု အရည်အချင်းရှိသည် ဆိုခြင်းကိုတော့ ဆရာတွေ ရေးလိုက်၍သာကျွန်တော် ဖတ်လိုက်ရခြင်းဖြစ်ပါသည်၊ ခေါင်းဆောင်အရည်အချင်းပြည့်ဝသည်၊ အပေါင်းအသင်းတွေကြားမှာ ရယ်စရာ ပျက်လုံးတွေပြောတတ်သည် ဟုမှတ်ချက်ပြုခံရသော ကျွန်တော့သားသည် အိမ်မှာတော့ပြောဆို၍ မရသော လူဆိုးသာဖြစ်သည်၊ ခန္ဓာကိုယ် ၀တာကို အစားအသောက်ကို ဂရုစိုက်ပါ ပြောတာကိုမရ၊ နောက်လူတွေရှိ သေးတယ် ကြည့်စားနော် ဟုအမေက ပြောလျင် ’’ကြည့်စားနော်’’ ဆိုတာ ဘာလဲ ဟုမေးတတ်သည်၊ သူကြိုက် တတ် သော ဟင်းကိုချက်မိလျင် သူသာအရင်စားလို့ကတော့ နောက်လူတွေစားရန် ချန်မထားတတ်ပေ။
အိပ်ရာကနှိုးဘို့လည်း အလွန်ခက်ခဲသည်၊ သို့သော်ကျောင်းက နံနက် ၇း၂၀ မှာ စတက်ရာ ကျောင်းကို ၆နာရီခွဲအရောက် သွားချင်သည်၊ သူ့ကိုအိပ်ရာနှိုး ရတာ ကတလုပ်၊ သားသည် ကျောင်းကိုအဘယ့်ကြောင့် စောသွားချင်သည်မသိ ရ၊ ကျောင်းသွားဖို့ဆိုလျင်မပျင်း၊ နေ့စဉ်ကျောင်းသို့ အစောဆုံးရောက်သူဖြစ်ကြောင်း သတိထားမိသော ဆရာမ ကသူ့ကိုကျောင်းခမ်း သော့ကိုင်ဖို့တာဝန်ပေးပါလိမ့်မည်၊ မကြာမီ သူသည်အတန်း၏ မော်နီတာဖြစ်လာတော့သည်။
ဆရာကိုရိုသေတတ်တာ၊ ဆရာ့စကားကိုဦးထိပ်ထားတာတွေကို သူ့ရီပို့ကိုဖတ်ရုံနှင့် အလွယ်တကူကျွန်တော် သိလာပါသည်၊ မနက်ပိုင်းကျောင်းသွားဖို့ ကိုယ့်ဘာသာတာဝန်ယူရမည်ဟု စစ်တပ်ကပြန်လာသော အကိုက အကြိမ်ကြိမ် တိုက်တွန်းသော်လည်း လက်မခံ၊ နေ့စဉ်ဘူတာအရောက်ကျွန်တော်က လိုက်ပို့ရတုံးဖြစ်ပါသည်။
ကျွန်တော်သည်သား၏ ရီပို့စာအုပ်ကို ကိုင်လာပြီး သိမ်းထားနိုင်သလို သူတို့ကျောင်းက data base မှာလည်း ဤအကြောင်းအရာတွေကို သိမ်းဆည်းထားမှာသေချာပါသည်၊ ဤနည်းဖြင့် အားကစားထူးချွန်သူ၊ အက တွင် ထူးချွန်သူ၊ ပန်းချီပန်းပုလုပ်တတ်သူ၊ ကျောင်းက တီးဝိုင်းမှာ အစွမ်းပြနိုင်သူ တို့၏ မှတ်တမ်းများမှာသေချာ ပေါက် သိမ်းဆည်း ထားပါလိမ့်မည်။
ထို့ကြောင့်စင်္ကာပူတွင် အခမ်းအနားတွေလုပ်ရန်ရှိတိုင်းကျောင်းက ကလေးတွေကိုသူတို့ ကျောင်းယူနီဖေါင်း တွေနှင့်နေရာတိုင်းမှာတွေ့ကြရခြင်း ဖြစ်ပါသည်၊ ဧည့်ကြိုများ၊ လမ်းပြများ၊ စည်းကမ်းအကြောင်းသတိပေး သူများဖြစ်လာကြပါသည်၊ ထိုကလေးများသည် ပွဲစီစဉ်သူကလိုအပ်သည့်အတိုင်း ကျလာ သည့်တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်နိုင်သူတွေဖြစ်လာသည်။
ဂျုနီယာကောလိပ်တွေမှာ School Council ခေါ်ကျောင်းကောင်စီကိုဖွဲ့ပေးသည်၊ ကျောင်းကောင်စီ မန်ဘာ ဖြစ်ရန်အရေးမှာလွယ်လွယ်ကူကူမဟုတ်၊ သားတို့ကျောင်းမှာ သည်နှစ်ကောင်စီဝင်ဖြစ်ဖို့လူ ၆၀၀ကျော် စာရင်း သွင်းကြပါသည်၊ ထိုလူ၆၀၀ကိုခမ်းမတွင်စုဝေးကာ မေးခွန်းဆယ်ပုဒ်ခန့်ဖြေဖို့စာရွက်တွေ ပေးလိုက်သည်၊ ထို အဖြေလွှာများကိုဒိုင်တွေက စီစစ်ကာ လူ၁၅၀ ခန့်ရွေးချယ်သည်၊ ထို၁၅၀ ကို Group Test အဖြစ် ငါးယောက် တတွဲစီစုကာ သူတို့၏ အပြုအမူကို ဒိုင်တွေကစောင့်ကြည့်ကြသည်၊ ထိုလူစုမှ လူ ၅၀ကို စကာတင်ရွေးချယ်ကာ စင်မြင့်ပေါ်သို့ တဦးစီတင်ပေးသည်၊ အောက်မှဒိုင်တွေက မေးခွန်တွေမေးသည်ကို ကျောင်းသားတွေက ဖြေကြ ရသည်။
ဤစာမေးပွဲမှကျောင်းကောင်စီမင်ဘာဖြစ်နိုင်သူ ၃၇ ယောက်ကိုရွေးချယ်ပေးလိုက်ခြင်းဖြစ်ပါသည်၊တနည်း ဆိုသော်ဤကောလိပ်ကျောင်းတွင်ခေါင်းဆောင်မှုအရည်အသွေးရှိသူများကိုကျွန်တော်တို့ရွေးချယ်ထားပါတယ်ဟုဆိုလိုရာရောက်သည်။
စာသင်ကျောင်းမှကလေးငယ်များကို ပြင်ပလောကအခင်းအကျင်းတို့နှင့်ဆက်စပ်ပေးသော အတတ်ပညာသည် ယနေ့စာသင်ကျောင်းတိုင်းလုပ်ပေးကြရမည့်အလုပ်ပင်ဖြစ်ပါသည်၊ ဤ ကလေးငယ်များသည်နိုင်ငံတော်တည် ဆောက်ရေး လုပ်ငန်းများ၌ ပုံစံတကျပါဝင်သွားနိုင်ကြရပါမည်၊ ကလေးများကိုလူ့အုပ်စုအတွင်း၌ အံဝင်ခွင်ကျ အလုပ်လုပ်တတ်အောင်လေ့ကျင့်ပေးခြင်းမှာ အလွန်အရေးကြီးသော အချက်တခုဖြစ်ပါသည်၊ တာဝန်ယူလိုစိတ် ရှိသည် နှင့် အတူ လူအုပ်စုနှင့် ယှဉ်တွဲ အလုပ်လုပ်ကိုင်တတ်ရန်မှာ ခေါင်းဆောင်လုပ်မည့်သူတိုင်း၏အရည် အချင်း များပင်ဖြစ်ကြပါသည်၊
အလုပ်အင်တာဗျူးများတွင် အလုပ်ပေးရမည့်သူက အလုပ်လျှောက်ထားသူများ၌ ခေါင်းဆောင်မှုအရည်အချင်း ရှိမရှိ၊ အုပ်စုနှင့်အတူတွဲကာ ကျရာတာဝန်ကို ယူနိုင်ခြင်းရှိမရှိ ကို ရှာဖွေရခြင်းပင် မဟုတ်ပါသလော၊
(၂)
လူငယ်ပြုစုပျိုးထောင်ရေးဟူ၍ လူငယ်များနှင့်နိုင်ငံတော်ရေးရာ ပါတ်သက်ကြသည့် အစဉ်လာကောင်းများ ကျွန်တော်တို့ နိုင်ငံတွင်ရှိခဲ့ပါသည်၊ စာမတတ်သူပပျောက်ရေး အသုံးလုံး စီမံကိန်းမှာ တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသားလူငယ်များပါဝင်ခဲ့ကြပါသည်၊ လူရည်ချွန်စီမံကိန်းတွင် မြို့နယ်အသီးသီးမှ ထူးချွန်သော ကလေးများ ကို စုစည်း နိုင်ခဲ့ကြပါသည်၊အလုပ်ခွင်အသီးသီးမှ ၀န်ထမ်းများကို ဖေါင်ကြီးသင်တန်းကျောင်း၌ ၀န်ထမ်း စည်းကမ်း၊ အခြေခံဥပဒေစသည်ဖြင့် သင်တန်းပို့ချခဲ့ကြပါသည်၊
လူရည်ချွန်များကို အပမ်းဖြေစခမ်းများသို့ပို့ပြီးသည်နှင့် အလုပ်ပြီးစီးသွားခြင်းမှာ မဖြစ်သင့်ပါ၊ မှတ်တမ်းမှတ်ရာ မရှိဘဲ လူရည်ချွန်ဖြစ်ခဲ့ခြင်းဆိုသည်မှာ သူ၏လူမှုဘ၀တွင်ဘာမှအရာမရောက်တော့ပေ၊ အနည်းဆုံးလူရည်ချွန် များ ဘယ်ရောက်နေသည်ဆိုသော မှတ်တမ်းများရှိသင့်ပြီးအစိုးရက သူတို့စွမ်းအားကို အသုံးချသင့်သည်၊ အနည်းဆုံး လူရည်ချွန်များ၏ Think Tank ကဲ့သို့သော သုတေသနဌာနများ တည်ထောင်ပေးသင့်သည်၊
ဖေါင်ကြီးသင်တန်းကျောင်းမှာ ဖေါင်ကြီးခေါင်းဆောင်မှုဆိုင်ရာသင်တန်းကျောင်းဟု အမည်ပြောင်းသင့်သည်၊ စီမံခန့်ခွဲမှု အတတ်ပညာကို တတ်ကျွမ်းနားလည်သူ ပညာရှင်များနှင့် ပို့ချပေးသင့်သည်၊ သင်တန်းသားများမှာ ဆရာဝန်များ၊ အင်ဂျင်နီယာများဖြစ်ပေရာ သူတို့ကို သင်တန်းဆရာ တပ်ကြပ်ကြီးများ၊ အရာခံဗိုလ်အဆင့်ရှိသူ များ လက်အောက်သို့ပို့ထားခြင်းမှာ စည်းရုံးရေး အတွက်ခက်ခဲစေသည်၊ အခြေခံစစ်ပညာသင်တန်းပေးတာ မှန်ပါ သည်၊ စစ်ပညာ သင်တန်းမှုးမှာ အရာခံဗိုလ်များဖြစ်သင့်တာလည်း မှန်ပါသည်၊ ထိုနည်းတူ သင်တန်း၏ ရည်ရွယ်ချက်မှာ ခေါင်းဆောင်ကောင်းများမွေး ထုတ်ရန်ဟူသောရည်ရွယ်ချက်သာ ဖြစ်သင့်သည်၊ ထိုကိစ္စ အတွက်မူ ထိုက်တန် သော အရည်အသွေးရှိသည့် သင်တန်းဆရာများဖြင့်သာ သင်တန်းကို ဖွင့်လှစ်သင့်သည်၊
ယခင်အစိုးရများလက်ထက်က စီမံခန့်ခွဲမှု အတတ်ပညာကို စစ်မှုထမ်းများသာတတ်သည်၊ စစ်တပ်အသိုင်း အ၀ိုင်း မှ မဟုတ်လျင် အုပ်ချုပ်ရေးရာထူးများကို မပေးသော အစဉ်အလာများရှိခဲ့ပါသည်၊ နိုင်ငံတော် ထူထောင် ရေးလုပ်ငန်းများတွင်ဤအစဉ်အလာကို ရပ်တန်းက ရပ်ကြရပါမည်၊ ခေါင်းဆောင်ကောင်းများကို ပြည်သူတရပ်လုံး လူတန်းစား အသီးသီးမှ အရည်အချင်းရှိသူ၊ ထူးချွန်သူများကိုရွေးထုတ်ကြရပါမည်၊
ကျွန်တော်သည် သားငယ်၏ ကျောင်းအောင်လက်မှတ်ကိုကိုင်ခါ နောင်တခေတ်တွင် ခေါင်းဆောင်လုပ်ကြရ မည့် လူငယ်များအကြောင်းကို စဉ်းစားနေမိပါသည်၊ လူငယ်များကိုပြုစုပျိုးထောင်ရမည့်အလုပ်မှာ ယနေ့လူကြီး များ၏ အလုပ်ပင်ဖြစ်ပါတော့သည်၊
ကိုသန်းလွင်