ပြီးခဲ့သော ရွေးကောက်ပွဲမဲပေးဖို့ အမိရွှေနိုင်ငံကြီးသို့ပြန်သောခရီးစဉ်မှာ ရသည့်ခွင့်ရက်က တိုသည်။ သွားချင်၊ လာချင်တာ တွေကများသည်။ တွေ့ရမယ့် သူတွေ၊ လုပ်ရမယ့် အလုပ်တွေက များသည်။ အထူးသဖြင့် ကျွန်တော် ပြန်မလာခင်လေးကမှ ဆုံးသွားသည့် မန္တလေးမှ သူငယ်ချင်း ဖြစ်သူ၏ အိမ်ကိုအရောက်သွားပြီး အားပေးရသည်။ ပြီးတော့ သူ့အုတ်ဂူရှိရာသို့သွားပြီး အပြန်အလှန်မရှိတော့သော နှုတ်ဆက်ခြင်းအမှုကိုလည်း ပြုသည်။ အုတ်ဂူဖြူဖြူလေးထဲမှာ သူငယ်ချင်းဖြစ်သူ၏ အရိုးပြာ တွေဘဲ ရှိမယ်မှန်းသိပေမယ့် အုတ်ဂူထဲမှာ ငယ်ငယ်ကတည်းက ဆိုးဖော် ဆိုးဖက်၊ ရှိအတူ၊ မရှိအတူ သွားနှင့်လေသူ သူ ငယ်ချင်း လဲလျောင်းနေသည်လို့ ကျွန်တော်ထင်သည်။ ဒါကြောင့် ခဏလေးတွေ့ ခဏလေးနဲ့ ပြန်ထွက်လို့မသွားချင်။ သူ့ကို တစ်ယောက်တည်းထားခဲ့ရမှာ ကျွန်တော်စိုးရိမ်သည်။ ဒီကောင်လည်း ကျွန်တော့်လို လူကောင်ကြီးကြီး၊ အသည်းက ခပ် ငယ်ငယ်။
ထို့ကြောင့် ချက်ခြင်းပြန်မထွက်ဖြစ်ဘဲ သူ့အုတ်ဂူပေါ်မှာ တင်ပလင်ခွေထိုင်ကာ သုဿန်ထဲသို့ဝင်လာမစဲ တသဲသဲ ရှိကြ သည့် အသုဘတွေကို ကျွန်တော် ငေးနေမိသည်။ ကားတန်းကြီးတွေနဲ့ ၀င်လာလိုက်ကြ။ အလောင်းကောင်ကြီးထည့်ထားသည့် အခေါင်းကြီးကို သယ်ထုတ်လာလိုက်ကြ။ နောက်ဆုံး နှုတ်ဆက် ကန်တော့ခြင်းဖြင့် ကန်တော့လိုက်ကြ။ အသက်မဲ့နေသည့် မျက်နှာညိုညစ်ညစ်ကြီးတွေကို ကြည့်ကာ ငိုယိုလိုက်ကြ။ သုဘရာဇာများက အလောင်းကောင်ကြီးကို မီးသင်းဂြိုလ်စက်ကြီးထဲသို့ထိုးသွင်းထည့်လိုက်ကြ။ သေသူနှင့် ရှင်နေသေးသော သူတွေအကြား အပြန်အလှန်ရှိခဲ့ကြသော သံယောဇဉ်ကြိုးကြီးကို မဖြတ်ချင်ဘဲ ဖြတ်ရတော့မည့် ဖြစ်သဖြင့် မခံစားနိုင်သူက မူးသူ မူးလဲ။ တက်သူ တက်။ ချက်သူ ချက်ဖြစ်ကြသည်။ ကျွန်တော်ကတော့ သူငယ်ချင်းခြေရင်းမှာထိုင်ရင်း ဘာရယ်မသိသောစိတ်ဖြင့် ထိတ်လန့်တုန်လှုပ်နေမိသည်။ လန့်ဖို့ ကောင်းလိုက်တာ။ သေခြင်းတရားကို လန့်နေဆဲ ငါပါလားလို့ ကိုယ့်ကိုယ်ကိုယ် အားမလို အားမရဖြစ်ရင်း ငေးနေမိသည်။
ကျွန်တော်ထိုင်နေသည့် တစ်နာရီခွဲခန့် အတွင်းမှာပင် အသုဘက မရှိဘူးဆို နှစ်ဆယ်နဲ့ သုံးဆယ်အကြားရှိမည်။ မန္တလေး တစ်မြို့လုံးရဲ့ အဓိကအားထားရာသုဿန်ကြီးမှန်း ကျွန်တော် သိထားခဲ့သော်လည်း ဒီလောက် များမယ်လို့ မျှော်လင့်ထားတာ မဟုတ်။ တွေ့ရသည့် အသုဘတွေကလဲ အမျိုးမျိုး။ ကားအကောင်းစားကြီးတွေ အများကြီးတန်းစီပြီး ၀င်လာသည့် ရွှေထီးဆောင်းလာသည့် အသုဘလည်း ပါသည်။ လူမှုကူညီရေးအသင်းမှ အလောင်းတင်လာသည့်ကားနှင့် နွမ်းနွမ်းဖတ်ဖတ် မိသားစုဝင်များကို ခေါ်တင်လာသည့် လိုင်းကားလေးတစ်စီးသာပါသည့် အသုဘကိုလည်း တွေ့သည်။ အသုဘလိုက်ပို့သည့် လူတွေကလည်း စုံလှသည်။ အချို့က မျက်နှာခပ်ပျက်ပျက်။ အချို့က တိတ်တိတ်ဆိပ်ဆိပ်။ အချို့က ပြုံးပြုံးရွှင်ရွှင်။ အချို့က ရယ်ရယ်မောမော။ အချို့က တောက်တောက်ပြောင်ပြောင်။ အချို့က သတိ၊ သံဝေဂထားသည့် မျက်နှာများဖြင့်။ စုံမှစုံ။
သုဿန်ထဲက ကျွန်တော့်ကားကို ပြန်မောင်းထွက်လာတော့ သုဿန်ပေါက်ဝမှာ ခဏရပ်ရသေးသည်။ ကားပေးလိုက်သည့် အမအငယ်က သုဿန်မသွားခင်ကတည်းက ကတိ အတန်တန်တောင်းလိုက်သည် မို့လား။ ပြန်ထွက်လာရင် ကားကို ခဏ ရပ်။ ပြီးရင် နေခဲ့ကြပါဗျာ။ ကျွန်တော်နဲ့ လိုက်လို့မဖြစ်ပါဘူးလို့ ပြောဖြစ်အောင် ပြောပါ။ မေတ္တာပို့။ ကုသိုလ်ကောင်းမှု လုပ် ထားသမျှကို အမျှဝေခဲ့လို့ မှာလိုက်သည်။ ယုံတာ၊ မယုံတာ နောက်ထား။ သူ့လိုဘဲ ကျွန်တော် စိတ်ရှင်းချင်သဖြင့် မေတ္တာပို့၊ အမျှဝေခဲ့သည်။ အထူးသဖြင့် သူငယ်ချင်းဖြစ်သူ၏ နာမည်ကိုခေါ်ပြီး “ငါသွားပြီကွာ။ ငါပြုသမျှ ကုသိုလ်ကောင်းမှုမှန်သမျှ ယူလို့ရသမျှ မင်းအကုန်ယူလိုက်ကွာ။ အမျှ..အမျှ…အမျှ” လို့ ကျွန်တော့်ပါးစပ်က ထွက်တော့ ကြက်သီးတွေထပြီး မျက်ရည် လည်မိသည်။ နေခဲ့အုံးတော့ သူငယ်ချင်းရာလို့ စိတ်ထဲကရည်ရွတ်ရင်း အသုဘယာဉ်တန်းများကို မျက်နှာခြင်းဆိုင်ပြီး ပြန်လာခဲ့သည်။
မန္တလေးမြို့ဘက်သို့ မြို့ပြင်ဘက်ကသုဿန်မှ ကျွန်တော် ကားပြန်မောင်းလာတော့ ဘယ်ကိုသွားရမှန်း ကျွန်တော်မသိ။ ဘယ်သူ့ဆီကိုသွားရမယ်မှန်း ကျွန်တော်မသိ။ ဘယ်သူနဲ့မှလည်း မတွေ့ချင်။ ဝေးခဲ့တာတွေ ဝေးပါစေ။ ကျန်ရစ်ခဲ့တာတွေ ကျန်ရစ်ပါစေ။ မန္တလေးသားကျွန်တော့်အတွက် မန္တလေးမှာ သွားစရာနေရာမရှိတာကို သေသေချာချာ တွေးကြည့်မိတော့ ၀မ်းနည်းအားငယ်လာသလိုလို။ တစ်ယောက်ယောက်နဲ့တွေ့ပြီး စကားတွေအလျင်မပြတ် ကျွန်တော်ပြောချင်နေသည် (သို့ မဟုတ်) နားထောင်ချင်နေမိသည်။ မန္တလေးမှာ ဘာလုပ်စရာ ကျန်နေသေးသလဲလို့ တွေးမိတော့ ယောက်ဖ အငယ်ဆုံးနဲ့ မတွေ့ရသေး။
ကျွန်တော့် ယောက်ဖအငယ်က တိုးဂိုက်။ ၀ါရင့်တိုးဂိုက်လို့ဆိုသော် ရကောင်း၏။ ကျွန်တော့် အမနဲ့ သူနဲ့ တဂျိန်းဂျိန်း သတ် ကြသလောက် ကျွန်တော်နဲ့ ကျွန်တော့်ယောက်ဖက အမျိုးတွေ မနာလိုယူရလောက်အောင် ချစ်ကြသည်။ သူကလည်း သူ့ မိန်းမ ကျွန်တော့်အမကို မကျေနပ်သမျှ၊ ကြည့်မရသမျှကို ရင်ဖွင့်တတ်သည်။ ကျွန်တော်ကလည်း ဟုတ်တယ်။ ကျွန်တော် သိတယ်။ ဒါ အစ်ကိုမှန်တယ်။ သူမှားတယ်ဟု မြှောက်ထိုးပင့်ကော်လုပ်တတ်သောကြောင့် ကျွန်တော်တို့ သမီးယောက်ဖ နှစ်ယောက်မှာ အတော်ကြီးတည့်ပါသည်။ ထို့ကြောင့် ကျွန်တော် အလည်ပြန်လာတိုင်း သူဘယ်လောက် အလုပ်မအားဘဲ ရှိပါစေ။ တစ်ညနေတော့ တွေ့ဖြစ်အောင် တွေ့ပြီး ရှိသမျှ အမျိုးအရင်းကြီးတွေ၏ အတင်းကို ထိုင်အုပ်တတ်ကြသည်။
ထို့ကြောင့် သူနဲ့ တွေ့အုံးမှဖြစ်မှာမို့ ဖုန်းလှမ်းဆက်တော့ သူ့ဧည့်သည် တစ်ဖွဲ့ကို လိုက်ပို့နေတယ်တဲ့။ “မင်း စိတ်ဝင်စားမယ် ထင်တယ်။ လိုက်သာ လာခဲ့” ဟု ခေါ်သည်။ “ရပါ့မလား အစ်ကိုရာ…သူများအလုပ်လုပ်နေတာ ကျွန်တော်က အလကား နေရင်း ၀င်ရှုပ်နေသလို ဖြစ်နေမှာပေါ့” လို့ စောဒကတက်တော့ “ရလို့ ခေါ်တာပေါ့ကွ” လို့ ပြောပြီး လာရမည့်နေရာကို ပြောရင်း ဖုန်းချသွားသည်။
သူလာဖို့ ကျွန်တော့်ကို ပြောသွားသည့်နေရာက မန္တလေးသားတိုင်းသာမက တစ်နိုင်ငံလုံးသိသည့် ဘုန်းတော်ကြီး ကျောင်း တစ်ကျောင်း။ သီပေါမင်း ပါတော်မူကတည်းကစပြီး ဒီမိုကရေစီ တိုက်ပွဲစဉ် အဆက်ဆက် သမိုင်းကြောင်းလှ နာမည်ကြီးသည့် ဘုန်းတော်ကြီးကျောင်း။ ပြီးတော့ ဒီဘုန်းတော်ကြီး ကျောင်းထဲမှာ လက်ရှိ ကမ္ဘာကျော်ဘုန်းကြီးတစ်ပါးလည်း ရှိနေသေး သည်။ ဘာသဘောနဲ့ အဲဒီကိုခေါ်သလဲ။ သူ့ နိုင်ငံခြားဧည့်သည်တွေလည်း ညနေစောင်းမှ ဘာလို့ အဲဒီကိုသွားသလဲလို့ တွေးရင်း ကျွန်တော်လိုက်သွားခဲ့သည်။
အဆိုပါ ဘုန်းတော်ကြီးကျောင်းကိုရောက်တော့ ကျွန်တော့်အတွက် ဘာမှအခက်အခဲမရှိ။ မန္တလေးသားတစ်ယောက် မန္တ လေးက ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းကိုဝင်တိုင်း ရဲရဲဝင့်ဝင့် မရွံ့မကြောက်ဝင်တတ်ကြသည်မဟုတ်လား။ တစိမ်း တရံလား၊ ဧည့်သည်လား၊ နယ်ခံလားဆိုတာ ဘုန်းတော်ကြီးကျောင်းထဲကို ၀င်လာသည့် ခြေလှမ်းကို ကြည့်ရုံမျှဖြင့် ခွဲခြားလို့ ရသည်ဟု ကျွန်တော်ဆိုလျှင် ပိုရန်ကောလို့ မမြင်စေလို။ မန္တလေးသားတိုင်းကိုသာ မေးကြည့်ပါလို့ ဆိုရပေမည်။
ယောက်ဖတော်က လှမ်းခေါ်သောအခါ ဘုန်းတော်ကြီး ကျောင်းကြီးပေါ်သို့ကျွန်တော် ရောက်သွားသည်။ ယောက်ဖဖြစ်သူက “မင်းအသာသာ ငြိမ်ကြည့်၊ ငြိမ်နားထောင်ပေတော့။ ဆရာတော် ……..ကို သတင်းဌာနတစ်ခုက အင်တာလာဗျူးတာကွ။ ငါက စကားပြန်လုပ်ပေးရမှာ။ မင်းကို ငါ့ညီ။ တိုးဂိုက်လုပ်ဖို့လေ့လာနေတဲ့သူလို့ ပြောထားတယ်” ဟု ပြောလာမှ မင်း စိတ်ဝင် စားမှာပါဆိုသည့် သူ့စကားကို သတိရသွားသည်။ ကျွန်တော် စိတ်ဝင်စားသွားသည်။
အင်တာအဗျူးခံရမည့် ဆရာတော်က ကမ္ဘာကျော်။ နိုင်ငံကျော်။ အမျိုးဘာသာ သာသနာ ကိစ္စတွေရဲ့ ရှေ့ဆောင် ရှေ့ရွက် ဆရာတော်တွေထဲမှာ တစ်ပါး အပါအ၀င်။ ဆရာတော်၏ အစွန်းရောက်လွန်းသော ပြောပုံဆိုပုံ။ ရင့်သီးလွန်းသော ဆဲဆို ကြိမ်းမောင်းသံတွေကို ကျွန်တော်သဘောမကျသော်လည်း ဆရာတော့်ကိုတော့ ကျွန်တော်စိတ်ဝင်စားပါသည်။
အင်တာဗျူးသူတွေက ကင်မရာနှစ်လုံး၊ သုံးလုံးလောက်ဘဲ ပါသည်။ အသံဖမ်းစက်က နှစ်လုံးလောက်သာ မြင်သည်။ ဆရာ တော့်ဘက်က အဖွဲ့၏ ကင်မရာတွေ၊ အသံဖမ်းစက်တွေက သတင်းဌာန၏ အင်တာလာဗျူးသူတွေထက်ပင် ပိုများနေသေး သည်။ “ကျုပ်မပြောဘဲနဲ့ ပြောတယ် လုပ်ကြလွန်းလို့ ဒီလိုလုပ်ရတာဘဲ” ဆိုသည့် ဆရာတော်၏မိန့်သံကို ကျွန်တော် ကြားမိသလိုလို ရှိသည်။ အင်တာဗျူးစတော့ မေးသူတွေကလည်း တကယ့်တစ်တစ်ခွခွ၊ ချောင်ပိတ်မေးခွန်းတွေ မေးသည်။ ဆရာတော်ကလဲ မတုန်မလှုပ်၊ တည်တည်ငြိမ်ငြိမ် ဖြေသည်။ သင်္ကန်း လက်ကန်တော့ထိုး သပ်ရပ် သေသပ်စွာ ရုံထားသော ဆရာတော့်ပုံစံက တစ်ဖက်မေးခွန်းတွေ ဘယ်လိုဘဲ မေးပါစေ ရှူးရှူးရှားရှား မဖြစ်။ ကိုယ်ရေးကိုယ်တာကို ထိခိုက်စေသည့်၊ လူအချင်းချင်းသော်မှ မေးလို့မကောင်းသည့် မေးခွန်းတွေကိုမေးသော်လည်း ဆရာတော်ကတော့ ပေါ့ပေါ့ပါးပါး သူယုံကြည် ရာကို သူယုံကြည်သလို အေးအေးဆေးဆေး ဖြေသည်။
အင်တာဗျူးခဏနားတော့ ယောက်ဖဖြစ်သူက သူ့ဧည့်သည်တွေကို ဧည့်ခံနေသည်။ ကျွန်တော်က ဆရာတော်၏ ဓာတ်ပုံ ကြီးတွေချိတ်ထားသည့် နံရံဆီသို့သွားကာ ကြည့်နေမိသည်။ ဆရာတော်က ဘိဝံသဘွဲ့ရပြီးပြီကိုးလို့ ကျွန်တော် သတိထားမိ လိုက်သည်။ ဘိဝံသဆိုသည့် ဘုန်းတော်ကြီးတွေ၏ ဘွဲ့ကို ရဖို့လွယ်တာမဟုတ်။ သ၊ စ၊ အ ဆိုသည့် မန္တလေး သက္ကသီဟ ဘုရား၏ စာပြန်ပွဲကို အောင်မြင်ရသည်။ ရန်ကုန် ရွှေတိဂုံဂေါပကမှကြီးမှူးကျင်းပသည့် စီထီရံဂနာစာမေးပွဲကို အောင်မြင်ရ သည်။ အစိုးရစစ် ဓမ္မစရိယ စာမေးပွဲကိုလည်း အောင်မြင်ရသည်။ (စာလုံးပေါင်း အခေါ်အဝေါ်များ မှားနေနိုင်ပါသည်။) ဒီစာမေးပွဲသုံးခုအောင်ပါမှ ဘိဝံသဆိုသည့် ဘွဲ့တံဆိပ်ကို ဆပ်ကပ်ခြင်းခံရသည်။ ပြောရလျှင် အတော်အသင့်၊ သာမန်ကာ လျှံကာ စာတော်သည့် ဘုန်းတော်ကြီးအဆင့်မျိုးမဟုတ်။ စာကို ကြိုးကြိုးကုပ်ကုပ် ကျက်မှတ်လေ့လာပြီး တော်လည်းတော်၊ ထက်လည်း ထက်ပါမှ ရနိုင်သည့်ဘွဲ့တော် ဖြစ်သည်။ ဗုဒ္ဓတရားတော်တွေသာ မလိုက်စားဘဲ လောကီပညာတွေဘက်သာ လိုက်စားပါက ရူပဗေဒ ပညာရှင်ကြီးတွေ၊ ဓာတုဗေဒ ပညာရှင်ကြီးတွေ ဖြစ်လာနိုင်သည့် ပုဂ္ဂိုလ်များလို့ ကျွန်တော်တွေးမိသည်။ သြော်…ဒီဆရာတော်က လူတော်ကြီးပါလားလို့ ကျွန်တော် တွေးမိလိုက်သည်။
မွတ်ဆလင်၊ ဗုဒ္ဓဘာသာအရေးမှာ အဆိုပါလူတော် ဆရာတော်ခမျာ အတော်နာမည်ပျက်ရှာသည်။ ဆရာတော်ကလည်း နာ မည်ပျက်လောက်အောင် ပြောသည်။ ဟောသည်။ ရံဖန်ရံခါ အမြဲလိုလို အစွန်းရောက်နေသည်လို့ ကျွန်တော် ထင်သည်။
ထို့ကြောင့် အခုနောက်ပိုင်း နိုင်ငံခြားသတင်းဌာနတွေ၏သတင်းတွေကို ကျွန်တော်ကြည့်တိုင်း၊ နိုင်ငံတကာမှ ခေါင်းဆောင် များ မြန်မာနိုင်ငံနှင့်ပတ်သက်လျှင် ရိုဟင်ဂျာနဲ့ မွတ်ဆလင် မခွဲတော့ဘဲ ပြောကြ၊ ဝေဖန်ကြသည်။ ဒေါ်အောင်ဆန်းစု ကြည်သော်မှ တိုက်ရိုက်ကျသည့် မေးခွန်းတွေအမေးခံရတာ ကျွန်တော် သတိထားမိသည်။ ရိုဟင်ဂျာအရေး ဘာမှ မပြော ဘူးလား။ ဒုက္ခရောက်နေသူတွေကို ကူဖို့သင့်တယ်လို့ မထင်ဘူးလား အစရှိသော မေးခွန်းတွေ မေးလာကြသည်။
ကျွန်တော် ဖတ်ဘူးသော အင်္ဂလိပ်စာလေးရှိသည်။ “Denying people exist is against all human laws” တဲ့။ ဒုက္ခ ရောက်နေရှာသည့် လူတွေကို ကျွန်တော်တို့က မရှိပါဘူးလို့ ငြင်းနေတာလည်းမဟုတ်။ ကိုယ့်သွေး ကိုယ့်သားသော်မှ အ ဆင်ပြေအောင် မထားနိုင်ကြသေးသည့် အခြေအနေမှာ ဒုက္ခရောက်သူများကို ကျွန်တော်တို့လူတွေပါလို့ ပြောလိုက်ဖို့ ခက်တယ်ဆိုတာ ကမ္ဘာက သိဟန်မတူ။ မွတ်ဆလင်နဲ့ အဆိုပါ ဒုက္ခရောက်နေရှာသည့် ဒုက္ခသည်များ မတူဘူးဆိုတာကိုလဲ ဆရာတော်လဲ ကွဲကွဲပြားပြား သိဟန်မတူ။ သတင်းမီဒီယာတွေကလည်း မြင်ဟန်မတူ။ သူတို့နိုင်ငံ၏ တီဗွီအစီအစဉ်တွေမှာ ဒုက္ခတွေကိုဘဲ ရွေးနှုတ်ပြပြန်တော့ ပြဿနာတွေက ကြာလေ ရှုပ်လေ ဖြစ်လာဟန်တူသည်။ အများ အမြင်မှာလည်း ကျွန် တော်တို့ကဘဲ မွတ်ဆလင်တွေကို အသိအမှတ်မပြုသလိုလို ထင်မြင်ခံရသည်။ မြန်မာနိုင်ငံအတွင်းမှာ မွတ်ဆလင်တွေ၏ ဖြစ်တည်၊ ရှင်သန်မှုကို လေးလေးစားစား ရှိသည်။ ရှိရမည်ဆိုသည့် ခံယူချက်က ဗိုလ်ချုပ်အောင်ဆန်းတို့၏ အစိုးရအဖွဲ့ဝင် ဆရာကြီး ဦးရာဇာတ်တို့ခေတ်မှ အစ လက်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ အားကိုးယုံကြည်ရသည့် ဥပဒေပညာရှင် ဦးကိုနီတို့ အထိ ရှိနေသည်မဟုတ်လား။ မွတ်ဆလင်နဲ့ ဒုက္ခသည်အရေး ရောထွေးကုန်ကြတာ အပြင်ကလည်း အထင်လွဲသည်။ အတွင်းကလည်း မရှင်းမလင်း။ ရှင်းလင်းပြဖို့လည်း အုပ်ချုပ်သူ အစိုးရမှာ အရည်အချင်းမရှိ။
ကျွန်တော် ဘယ်အထိ တွေးနေမိသည်မသိ။ ယောက်ဖဖြစ်သူ ပုခုံးလာပုတ်မှ ပြန်ရတော့မယ်လို့ သိရသည်။ အင်တာဗျူး ဒုတိယပိုင်း ကျွန်တော်လွတ်သွားဟန်တူသည်။ ဆရာတော်၏ ခေါင်းရင်းဘက်ရှိ မြတ်စွာဘုရားကို ဦးချသည်။ ပြီးတော့ ဆရာတော့်ကို ဦးချသည်။ ယောက်ဖက သူ့ဧည့်သည်တွေကို ပြန်ပို့တာ ကျွန်တော်လိုက်သွားသည်။ အိမ်ကိုပြန်တော့ သူက ကျွန်တော့်ကားနဲ့ လိုက်လာသည်။ အိမ်မပြန်ခင် အမောပြေ ဘီယာအေးအေးလေး တစ်ခွက်စီ ချရအောင်ကွာဆိုတော့ ကျန်း မာရေး ဒေါင်ဒေါင်မမြည်သော်လည်း ကျွန်တော် မငြင်းမိ။ မငြင်းရက်။
သိပ္ပံလမ်းထိပ်က ဘီယာဆိုင်မှာ ကျွန်တော်တို့ထိုင်တော့ ၀ိုင်းတွေအကုန် အပြည့်။ စားပွဲထိုးလေးတွေ လက်မလည်။ ယောက်ဖဖြစ်သူ စားဖို့ သောက်ဖို့မှာနေတာကို ကျွန်တော် ၀င်မပါတော့။ သောက်စားနေကြသည့် လူတွေကို ကျွန်တော် ကြည့်မိသည်။ ပြီးတော့ နေ့လည်က သုဿန်မှာ တွေ့ခဲ့သည့် အသုဘလာပို့သည့် လူတွေကို ကျွန်တော် သတိရမိသည်။ ထို့နောက် ဒုက္ခသည်စခန်းကလူတွေကို သတိရမိသည်။ နောက်တော့ အင်တာဗျူးသည့် နိုင်ငံခြားသားတွေနှင့် အေးဆေး တည်ငြိမ်သည့် ဆရာတော့်မျက်နှာ။ နောက်ပြီး ကျွန်တော် ဘယ်တော့မှပြန်တွေ့ရတော့မည်မဟုတ်သည့် သူငယ်ချင်း၏ ကြည်လင် ရွှင်ပြသော မျက်နှာ။ နောက်ပြီး အသက်မဲ့နေသည့် အသုဘအလောင်းကောင်တွေ၏ ညိုညစ်ညစ် မျက်နှာများ။ သြော်…လူတွေ…လူတွေ…လို့ ကျွန်တော် တွေးရင်း အရှေ့ကို ရောက်လာသည့် အေးမြနေသည့် ဘီယာခွက်ကို ကောက်မ စုပ်ယူသောက်လိုက်တော့ ယောက်ဖဖြစ်သူက “အေးကွ..မင်းအမအကြောင်း ပြောရအုံးမယ်တဲ့” လေ။
သြော်…လူတွေ…လူတွေ….
ဖိုးထက်