ရန်လိုကျွဲ - ရန်ကုန်မြို့မှ စီးပွားရေးအတိုင်အပင်ခံ (ဒုတိယပိုင်း ဇာတ်သိမ်း)
(မိုးမခ) ဒီဇင်ဘာ ၆၊ ၂၀၁၅
(မိုးမခ) ဒီဇင်ဘာ ၆၊ ၂၀၁၅
ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း
==============
ကြီးပွားချမ်းသာလိုသော မော်ကွန်းမဂဇင်းဝိုင်းတော်သားတို့က စီးပွားရေးဆိုင်ရာအကြံပေးချက်များ အလုအယက် တောင်း ကြသဖြင့် ရန်လိုကျွဲလည်း အကြံဉာဏ်များ ဗုံးပေါလအော ပေးလိုက်သည်။
သတင်းထောက်သက်ဦးမွန်က စားသုံးခွန်ကောက်သော်လည်း တံဆိပ်ခေါင်းမကပ်သော စားသောက်ဆိုင်များအကြောင်း အခွန်ဌာနသို့ တိုင်ကြားပြီး ဒဏ်ကြေးငွေ ခွဲဝေယူခြင်း၊ စာမူခ များများရရှိရန် အစားအသောက်အကြောင်း ရေးသားဖွဲ့နွဲ့ခြင်း စသည့် ဝင်ငွေတိုးဖွယ်ရာ နည်းလမ်းများ ရရှိသွားသည်။
အယ်ဒီတာ ကျော်ဇေယျာထွန်းက စာအုပ်ဖြန့်ချိရေးဆိုင် ဖွင့်ပြီး ရောင်းရငွေအများစုကို စာအုပ်တိုက်ပိုင်ရှင်တို့ထံ အပ်နှံခြင်း မပြုဘဲ လှည့်ပတ်သုံးစွဲခြင်းဖြင့် တိုက်ဆောက် ကားစီးနည်းဟူသော နိဿရည်းကို သဘောကျပြီး ချက်ချင်းအကောင် အထည်ဖော်လိုက်သည်။
အရင်းအနှီးမရှိသော သတင်းထောက် ကောင်းမြတ်မိုးကိုပေးလိုက်သောအကြံမှာ ကားတိုက်ခံရဟန်ဆောင်ပြီး ဒရိုင်ဘာများ ထံမှ ငွေညစ်ထုတ်ယူရေး ဖြစ်လေသည်။ ၎င်းတို့အားလုံး ရန်လိုကျွဲ၏ အိုင်ဒီယာအလန်းစားများကို လွန်စွာ နှစ်သက်ကြသည်။ နောက်ဆုံးတွင် အယ်ဒီတာဉာဏ်လင်းက သူလည်း ကြီးပွားလိုသောကြောင့် ရန်လိုကျွဲထံမှ အကြံတောင်းခံရန် သံသယကြီး ကြီးထားပြီး ချည်းကပ်လာပုံဖြင့် အဆုံးသတ်ထားသည်။)
မော်ကွန်းရုံးသို့ ရန်လိုကျွဲရောက်လာတတ်သည်မှာ စာနယ်ဇင်းလောက၏ အတင်းစကားများ၊ Facebook မှ ပေါက်ကရ သတင်းများအကြောင်း လေပေါလိုခြင်းကြောင့်ဖြစ်သည်။ သို့သော်လည်း ရောက်ကတည်းက ငွေရှာနည်း၊ စီးပွားရေးလုပ်နည်း များကိုသာ ပို့ချနေရသည်။ ဗိုက်ကလည်း အတော်ဆာလာသည်။ ထိုသို့သော အခြေအနေတွင် အကြံဉာဏ်တောင်း သူနောက်တဦး ချည်းကပ်လာပြန်သည်။ ထိုသူမှာ အယ်ဒီတာ ဉာဏ်လင်း။ "ကျုပ်လည်း အကြံရချင်သဗျို့"ဟုဆိုကာ အတင်းအကျပ် ချည်းကပ်လာလေ၏။
ဉာဏ်လင်း။ ။ အကြံဉာဏ် မပေးခင် ကျုပ်မေးတာတွေ အရင်ဖြေပါဦး။ ရန်လိုကျွဲက စီးပွားရေးကိစ္စတွေ အကြံပေးနေပေမယ့် ကိုယ်တိုင်ရော စီးပွားရေး အဆင်ပြေရဲ့လား။ ဝင်ငွေကောင်းရဲ့လား။ အကြံပေးတဲ့သူကိုယ်တိုင်က လမ်းဘေးလျှောက်နေတဲ့သူဖြစ်နေတယ်ဆိုရင်တော့ ဟန်မကျဘူးနော်။ ဟိုနေ့က အနော်ရထာလမ်းပေါ်က အပေါင်ဆိုင်တစ်ဆိုင်ထဲ ရန်လိုကျွဲ ဝင်သွားတာ တွေ့ရတယ်။ ဒီတော့ သံသယဖြစ်မိတာက အပေါင်ဆိုင် အားကိုးနေရသူဆီက ထွက်လာမယ့် စီးပွားရေး အကြံ တွေက တကယ်အလုပ်ဖြစ်ပါ့မလား ပေါ့လေ။
ကျွဲ ။ ။ သြော်… ဟုတ်တယ်၊ ဟုတ်တယ်။ အပေါင်ဆိုင်ထဲ ဝင်တယ်ဆိုပေမယ့် တစ်ခါပဲ ဝင်ဖူးပါတယ်ဗျာ၊ သူတို့ရဲ့ လုပ်ငန်းအကြောင်း သတင်းလေး ဆောင်းပါးလေးရေးလို့ရမလားဆိုပြီး ဆိုင်ထဲဝင် စနည်းနာတာပါ။ ဒါ ကျုပ်တို့စာနယ်ဇင်းသမားတွေရဲ့အလုပ်လေဗျာ။ ဟုတ်တယ်နော်။ ကျုပ်တို့ လက်တွေ့ သွားလာရတယ်၊ ကွင်းဆင်းရတယ်။
ဉာဏ်လင်းက အဖြေကို သိပ်ကျေနပ်ပုံမရ။ မေးခွန်းနောက်တစ်ခု ထုတ်ပြန်သည်။
လင်း ။ ။ ကိုကျွဲ အလုပ်ဆင်းတဲ့အခါ ငါးဆယ်တန်မြို့ပတ်ရထားကိုပဲ တိုးဝှေ့စီးတာ ကျွန်တော် မကြာခဏဆိုသလို တွေ့ရ တယ်။ ကြီးပွားရေး စီးပွားရေးအကြံပေးတဲ့သူက ကားမဝယ်နိုင်ဘူးဆိုတာက ယုတ္တိရှိပါသေးတယ်။ သို့သော်… အငှားကား တော့ စီးမှပေါ့။ အခုလို ဒီမြို့ပတ်ရထားကိုပဲ အားကိုးနေရသူဆီက ထွက်လာမယ့် ငွေရှာနည်းအကြံဉာဏ်တွေကို ကျွန်တော် တို့က ဘယ်လို ယုံစားရမှာလဲ။
ရန်လိုကျွဲ ဒေါသ ငယ်ထိပ်ရောက်သွားသည်။ အကြံတောင်းတာ အေးအေးဆေးဆေး မတောင်းဘဲ အထုပ်ဖြည်ပြနေသည်။ ရန်ကုန်ဆင်ခြေဖုံးမှ စွမ်းအားရှင်များကို မော်ကွန်းရုံးအတွင်းအထိခေါ်လာပြီး ပညာပေးလိုက်လျှင် ကောင်းမည်ဟုပင် တွေးမိ သည်အထိ ဒေါသထွက်သွားသည်။ သို့သော်လည်း… ပညာရှိတို့၏ ဒေါသ အပြင်မထွက်ရဟု ဆင်ခြင်မိသဖြင့် ထွက်လာသော ဒေါသကို ရေတစ်ခွက်နှင့် ပြန်မြိုချလိုက်မိသည်။
ကျွဲ ။ ။ ကျုပ်က မြို့ပတ်ရထားကို ငါးဆယ်တန်လက်မှတ်ဝယ်ပြီး စီးတာဖြစ်ဖြစ်၊ လက်မှတ်မဝယ်ဘဲ ခပ်တည်တည် ခိုးစီး တာဖြစ်ဖြစ် … အဲဒီလို စီးရတာကလည်း ခိုင်လုံတဲ့အကြောင်းရှိပါတယ်။ ဒါဟာ ကျုပ်ရဲ့ သုတေသနလုပ်ငန်းလည်း ဖြစ်ပါ တယ်။ မောင်ရင်တို့ သိတဲ့အတိုင်းပဲ… ယာဉ်ကြောပိတ်ခြင်းဆိုတာ ရန်ကုန်ရဲ့သင်္ကေတဖြစ်လာပြီ။ ဒီအခင်းအကျင်းကို သာသာယာယာဖြစ်ဖို့အတွက် နိုင်ငံတော်နဲ့ ဟိုး… ဂျပန်ပြည်ကအဖွဲ့ကြီးတစ်ခုနဲ့ ပူးပေါင်းဆောင်ရွက်နေကြပြီ။ ဒီစီမံကိန်း အတွက် အကြံပေးပါ၊ အကြံပေးပါဆိုပြီး သူတို့က လိုလိုလားလား အကူအညီတောင်းလာလို့ ကျုပ်လည်း မနေသာဘဲ လက်တွေ့ကွင်းဆင်းကြည့်တာပါ။ ကားကြပ်တာကိုရှင်းတဲ့နည်းက ရန်ကုန်မှာ ဘယ်သွားသွား ဘယ်လာလာ မြို့ပတ်ရထား ကိုပဲ စီးရမယ်ဆိုတဲ့ဥပဒေ ထုတ်လိုက်ဖို့ပဲဆိုတဲ့အဖြေကို ကျုပ် ရှာဖွေတွေ့ရှိပါတယ်။ ဒါဟာ လမ်းပေါ်မှာ ကားမရှိအောင် လုပ်လိုက်တဲ့နည်းလမ်းလည်း ဖြစ်ပါတယ်။ လမ်းမကြီးတွေမှာ ကားမရှိဘူးဆိုရင် လမ်းပေါ် ဘော်လုံးကန်မလား၊ ထုပ်ဆီး တိုးမလား၊ ကြိုက်တာလုပ်ကြ။ ဒီနည်းလမ်းကို စိတ်ကူးမိဖို့အတွက်ဆိုတာ ကွန်ပြူတာရှေ့ထိုင်နေလို့ မရဘူးလေ။ မြို့ပတ် ရထားတို့ ဘာတို့ကို လက်တွေ့ စီးကြည့်ရတယ်၊ အကြိမ်ကြိမ် စီးရတယ်။ ဒီတော့ မောင်ရင်က ကျုပ်ကို မြို့ပတ်ရထားပေါ် တွေ့လိုက်တယ်ဆိုတာ အံ့သြစရာတော့ မဟုတ်ပါဘူး။
လင်း ။ ။ ကြိုက်သွားပြီဗျာ။ သိပ်ကြိုက်သွားပြီ။
ကျွဲ ။ ။ မကြိုက်ပါနဲ့။ ကျုပ်က ယောက်ျားချင်း စိတ်မဝင်စားပါဘူး။
လင်း ။ ။ သြော်… အဲဒါကိုပြောတာမဟုတ်ဘူး၊ ဆရာ့ရဲ့ စိတ်ကူးတွေကို ကြိုက်သွားပြီလို့ ပြောတာ။ ကဲ..ကဲ… ကျွန်တော့် ကိုလည်း အကြံလေး ဘာလေး ပေးပါဦး။ ဝင်ငွေတိုးစေမယ့်နည်းလမ်း၊ ပိုက်ဆံတွေ အလုံးအရင်း ဝင်လာမယ့် နည်းလမ်း လေးတွေ ရှိရင် ပေးပါဦး။
အယ်ဒီတာဉာဏ်လင်း အကြံတောင်းပုံမှာ ကနဦးတွင် ရိုက်ချင်စရာကောင်းလှသည်။ သို့သော်လည်း ရန်ကုန်သူရန်ကုန်သား တို့ကိုမြို့ပတ်ရထားထဲထည့်ရေး နည်းဗျူဟာအကြောင်း ရှင်းပြပြီးချိန်မှစ၍ ရန်လိုကျွဲကို ရာနှုန်းပြည့် ယုံကြည်ကိုးစားသူ တစ်ယောက် ဖြစ်သွားသည်။ ဗိုက်ဆာနေသူ ရန်လိုကျွဲကို အစားအသောက်ဖြင့် ဧည့်ခံပါမည်ဟုဆိုကာ ချက်ချင်းပင် ရုံး ရှေ့တံခါးဖွင့်ပြီး အပြင်ထွက်သွားသည်။ ရုံးအနီးတွင်ဖွင့်ထားသော လမ်းဘေးဆိုင်မှ အစားအသောက် မှာပေးသည်။ "ရခိုင် မုန့်တီ အရည်နဲ့တစ်ပွဲလာပို့ပါ၊ အကြော်မထည့်နဲ့"ဟု အော်ပြောသံ ကြားလိုက်သည်။
ကျွဲ ။ ။ အင်း.. ကိုယ့်လူရဲ့ အနေအထားကြည့်ရတာ အိမ်ခြံမြေပွဲစားဖြစ်ဖြစ် ဝယ်ရောင်းဖြစ်ဖြစ် လုပ်လို့ရမယ့်ပုံပဲ။ ဘယ်လိုလဲ၊ လုပ်နိုင်မလား အယ်ဒီတာမင်း။
လင်း ။ ။ လုပ်မယ်ဆိုရင်တော့ ရပါတယ်။ သို့သော်လည်း ဒီလုပ်ငန်းမှာ ဈေးကွက် ကစားသူတွေ၊ ငွေပုံပေါ်မှာထိုင်နေသူ၊ ရုံးခန်းဘာညာဖွင့်ပြီး လုပ်ကိုင်သူတွေ အများကြီးရှိနေပြီဆိုတော့ ဝင်တိုးတယ်ပဲထားပါဦး၊ တကယ် အလုပ်ဖြစ်ပါ့မလား။ ကျုပ်က ပိုက်ဆံတွေ အလုံးအရင်း ရချင်တာနော်။ အလုံးအရင်းမရဘဲ ရှိစုမဲ့စု အရင်းအနှီးလေး အလုံးအရင်း ထွက်သွား တာမျိုးဆို ရင်ကွဲနာကျ သေမှာဗျ။
ကျွဲ ။ ။ ဘာမှ မပူနဲ့၊ ကျော်သူရှိတယ်။ အဲ… ဘာမှ မပူနဲ့၊ ကျုပ် ရှိတယ်။ အိမ်ခြံမြေဈေးကွက်ထဲကို ရဲရဲတင်းတင်းသာ ခုန် ချလိုက်။ သို့သော်… အိမ်လည်း ဝယ်စရာမလိုဘူး၊ ခြံလည်း ဝယ်စရာမလိုဘူး၊ ဝယ်ရမှာက မြေကွက်တွေပဲ။
လင်း။ ။ အဲဒီမြေကွက်က ကျုပ်ကို ဒုက္ခပေးမှာပေါ့။ ဝယ်ထားတာတွေ ဈေးခုန်တက်တာမျိုး မဟုတ်ဘဲ ဈေးငြိမ်နေရင် ကျုပ် သေပြီပေါ့။
ကျွဲ။ ။ မြေကွက်တွေ့သမျှတော့ လိုက်မဝယ်နဲ့ပေါ့ဗျာ။ တွေ့သမျှ လိုက်ဝယ်နေလို့ကတော့ ဟိုဘိန်းဘုရင်မိသားစုလိုမျိုး ပိုက်ဆံချမ်းသာမှ ဝယ်နိုင်လိမ့်မယ်။ အယ်ဒီတာမင်းလုပ်ရမှာက ကိုယ်တိုင် ပွဲစားလုပ်၊ ဝယ်ရောင်းလုပ်ပြီး မြေကွက်ဝယ် တတ်တဲ့ အရာရှိကတော်တွေကို တွေ့ရင် လိုက်ချောင်းဖို့ပဲ။ အရာရှိကတော်တွေ ဝယ်တဲ့မြေကွက်များဟာ ဈေးကျသွားတယ်၊ ဈေးငြိမ်သွားတယ်ရယ်လို့ မရှိဘူး။ ထိုးတက်သွားတာပဲ ရှိတယ်။ ဘယ်နေရာမှာ ဘာစီမံကိန်းလုပ်မယ်၊ ခွင်ကောင်းတော့မယ် ဆိုတာ သူတို့က အရင်သိတာ။ သူတို့က သေချာတဲ့မြေကွက်ပဲ ဝယ်တာ။ ဒီတော့ သူတို့ဝယ်တဲ့နားမှာပဲ ကိုယ်လည်း နိုင်သမျှ ဝယ်ထားပေါ့ကွာ။ ဈေးခုန်တက်လာရင် ထုတ်ရောင်း။ ဒါဟာ မောင်ရင့်အတွက် ငွေအလုံးအရင်း သေချာပေါက် ဝင်တဲ့ နည်းပေါ့ကွယ်။
ထိုသို့ အလုပ်ဖြစ်မည့် အကြံဉာဏ်ကောင်းများပေးပြီး လမ်းဘေးဆိုင်မှ ရောက်လာသော ရခိုင်မုန့်တီကို သုံးဆောင်ကာ မော်ကွန်းရုံးမှ ထွက်လာခဲ့သည်။ အကြံဉာဏ်များ လက်ခံရရှိသော မော်ကွန်းဝိုင်းတော်သားတို့က ရန်လိုကျွဲကို ရုံးတံခါးဝအထိ လိုက်ပို့ကြကာ ကျေးဇူးစကား အကြိမ်ကြိမ်ဆိုပြီး ကျန်ရစ်ခဲ့လေသည်။
ရန်လိုကျွဲလည်း အိမ်အပြန်လမ်း မြို့ပတ်ရထားပေါ်တွင် ပီတိဖြစ်ခြင်း၊ ပျော်ရွှင်ခြင်း၊ စိတ်ညစ်ခြင်းတို့ကို တလှည့်စီ ခံစားနေ မိသည်။ ပီတိဖြစ်ခြင်း၊ ပျော်ရွှင်ခြင်း ဆိုသည်မှာ အခြားမဟုတ်။ မော်ကွန်းဝိုင်းတော်သားတို့ကို ငွေရှာနည်း၊ ကြီးပွားနည်းဆိုင်ရာ အကြံဉာဏ်များ ပေးနိုင်ခြင်းကြောင့်ပင်။ သူတို့လည်း ပျော်ရွှင် စိတ်ချမ်းသာကြပေမည်။ သူတို့စိတ်ချမ်းသာလျှင် ကမ္ဘာကြီး အေးချမ်းမည်မဟုတ်လော။ စိတ်ညစ်ခြင်း ဆိုသည်မှာ အခြားမဟုတ်။ မော်ကွန်းရုံးသို့ ယခုတစ်ခေါက် သွားရောက်ခဲ့ခြင်းမှာ စာမူခထုတ်ရေးအတွက်ဖြစ်သည်။ သို့သော်လည်း စာမူခထုတ်ပေးမည့်သူက ရုံးမှာမရှိ။ စာမူခ ရမလာခြင်းသည် စိတ်ညစ် စရာကိစ္စမဟုတ်လော။ ရန်လိုကျွဲ ငွေလိုနေသည်။ ငွေမရှိသောကြောင့် အပေါင်ဆိုင်ရောက်ပစ္စည်း ပြန်ရွေးရန်လည်း အလှမ်း ဝေးနေသေးသည်။ ပီတိကိုစားပြီး အားရှိရပေတော့မည်။ စာမူခကိုလည်း နောက်နေ့မှ လူကြုံနှင့် လမ်းမှာတော့မည်။
လောကကြီးတွင် ပျော်ရွှင်ခြင်း၊ စိတ်ညစ်ခြင်းတို့ အစဉ်အမြဲ ဒွန်တွဲလျက် အမြဲရှိနေတတ်သည်ဟု ဆင်ခြင်နေမိသည်။
ခြောက်လခန့်အကြာတွင် မော်ကွန်းရုံးသို့ ထပ်မံ၍ ရောက်ရပြန်သည်။ ဒီတစ်ကြိမ် ရုံးသို့သွားရသည်မှာ အနည်းငယ် စိတ် လှုပ်ရှားမိသည်။ မော်ကွန်းဝိုင်းတော်သားတို့ကို ငွေရှာနည်းအကြံကောင်းများ ပေးထားမိသည်ကို ပြန်တွေးမိပြီး စိတ်လှုပ်ရှား နေခြင်းဖြစ်သည်။ မော်ကွန်းတွင် လူအပြောင်းအလဲပင် ရှိနိုင်သည်။ ရန်လိုကျွဲ၏ အကြံများအတိုင်း ဆောင်ရွက်သဖြင့် လွန် စွာ ကြီးပွားသွားပြီး မော်ကွန်းကိုသာမက စာနယ်ဇင်းလောကကိုပါ ကျောခိုင်းသွားသည်လည်း ဖြစ်နိုင်သည်။ အကုန်ဖြစ် နိုင်သည်။
မော်ကွန်းရုံးခန်းတံခါးကို စိတ်လှုပ်ရှားစွာ တွန်းဖွင့်ပြီး ဝင်လိုက်သည်။ ရုံးမှာ လူစုံတက်စုံရှိသည်။ ရန်လိုကျွဲ ဝင်လာသည်ကို ဝိုင်းတော်သား အားလုံးတွေ့သော်လည်း တစ်ချက်သာ ငဲ့ကြည့်ပြီး ကိုယ့်အလုပ် ကိုယ်ဆက်လုပ်နေကြသည်။ မည်သူမျှ အဖက်မလုပ်ကြ။
အခြေအနေမဟန်ဟု ဆဋ္ဌမအာရုံဖြင့် သိလိုက်သည်။ ဆက်ဆံရေးက မည်သို့နည်း။ ရုံးသို့ ရောက်လာသူကို ပျူပျူငှာငှာဆက်ဆံခြင်းမပြုနိုင်လျှင်သော်မှ ထိုင်ပါဦး၊ မတွေ့တာကြာပြီ … စသဖြင့် နှုတ်ခွန်းဆက်စကားတော့ ပြောသင့်သည်မဟုတ်လော။ ရန်လိုကျွဲဆိုသည်မှာလည်း သာမန် စာနယ်ဇင်းသမားမဟုတ်၊ သူတို့ကို ငွေရှာနည်းအကြံကောင်းများ ပေးခဲ့ဖူးသည်။ ထိုကျေးဇူးကိုမျှမထောက်။ ဥပေက္ခာ ပြုရက်ကြသည်။ ရန်လိုကျွဲ ဝမ်းနည်းလာသည်။ လာမိတာ မှားပြီဟု နောင်တရမိသည်။ ဝမ်းမနည်းနဲ့၊ သောက်ဂရုမစိုက်နဲ့။ ဒါဟာ မော်ကွန်းသို့ နောက်ဆုံးအကြိမ်လာရောက်ခြင်းပဲ ဟု တွေးမိပြီး အားတင်းကာ ထပြန်ရန် ပြင်လိုက်သည်။ ထိုအခါမှ သတင်းထောက် သက်ဦးမွန်ထံမှ အသံထွက်လာသည်။
မွန် ။ ။ ဟေ့…အကြံကောင်းဉာဏ်ကောင်းတွေပေးတတ်တဲ့ ဆရာကြီး ပြန်တော့မလို့လား။ အကြံလေး ဘာလေး ပေးသွား ပါဦးဗျ။
ကျွဲ ။ ။ သြော်… ပေးတာပေါ့ကွာ။ ဟိုတစ်ခါ ငါပေးတဲ့အကြံရော… ဘယ်လိုလဲ။ လုပ်ဖြစ်တယ်မဟုတ်လား။ အဆင်ပြေလား။
မွန် ။ ။ အဆင်ပြေတယ်လို့ ထင်ရတာပဲ။ ဒါပေမယ့် လက်တွေ့လုပ်ကြည့်မှ ဒုက္ခနဲ့ လှလှ တွေ့တော့တာပဲ။
အကြံပေးသည့်အတိုင်း လက်တွေ့လုပ်ဖြစ်သည်ဟု သက်ဦးမွန်က ရှင်းပြသည်။ ရန်ကုန်ရှိစားသောက်ဆိုင်များသို့ သွား ရောက်စားသောက်ကာ ဘောက်ချာ ခေါ် ငွေရပြေစာတွင် အခွန်တံဆိပ်ခေါင်း မကပ်သည့်ဆိုင်တွေ့လျှင် အခွန်ဌာနသို့ တိုင်ကြားပြီး ဒဏ်ကြေးငွေ ရရှိရေး ကြိုးပမ်းခဲ့ပုံကို အသေးစိတ် ပြန်ရှင်းပြသည်။
ရန်ကင်းမြို့နယ်ရှိ စားသောက်ဆိုင်တစ်ဆိုင်က တံဆိပ်ခေါင်းမကပ်သဖြင့် တိုင်ကြားရာ အခွန်ရုံးက သွားစစ်ဆေးရာ စည်း ကမ်းမလိုက်နာကြောင်း တွေ့ရသဖြင့် ထိုဆိုင် ဒဏ်ရိုက်ခံရလေသည်။ နှစ်လအကြာတွင် အခွန်ဌာနက သက်ဦးမွန်ကို ဒဏ် ကြေးငွေ ရာခိုင်နှုန်းတချို့ လာရောက်ထုတ်ယူရန် ဖိတ်ခေါ်လာသည်ဆို၏။
မွန်။ ။ ကျွန်တော်လည်း ရန်ကင်းအခွန်ရုံးကို ကားငှားပြီး ပြေးတာပေါ့ဗျာ။ ဟိုရောက်တော့ ထုံးစံအတိုင်း ထိုင်စောင့်ရတာပေါ့။ စာရွက်စာတမ်းကိစ္စတွေလုပ်ပြီးတော့ နောက်ဆုံးမှာ ကျပ်နှစ်သောင်းလို့ ရေးထားတဲ့ ချက်လက်မှတ် တစ်စောင်ပေးတယ်။ အဲဒီချက်လက်မှတ်က မြို့နယ်အစိုးရဘဏ်မှာပဲ ထုတ်ရသဗျ။ တခြားဘဏ် မရဘူး။ အဲဒီတော့ မြန်မြန်ရောက်အောင် ကားငှားပြီး ဘဏ်ကိုပြေးပေါ့ဗျာ။ အစိုးရဘဏ်ဆိုတော့လည်း ထုတ်ငွေက ချက်ချင်းမရ။ ဟိုကောင်တာရှေ့စောင့် ဒီကောင် တာရှေ့စောင့်ရတဲ့အလုပ်ကို ထမင်းအိုး ၂ လုံးချက်လောက်ကြာအောင် လုပ်လိုက်ရတယ်။ နောက်ဆုံး ဒဏ်ကြေး နှစ် သောင်းရတယ်။ ရုံးမှာ အလုပ်ရှိတော့ မြန်မြန်ရောက်အောင် ကားငှားပြန်ရတယ်။ တွက်ကြည့်တော့ ဆိုင်မှာ မှာစားတာက တစ်သောင်း၊ ကားငှားခတွေက တစ်သောင်းခွဲဆိုတော့ ပေါင်းလိုက်တော့ နှစ်သောင်းခွဲ။ ရှုံးတယ်။ ကျုပ်မမြတ်ဘူး။
ရုံးသို့ပြန်အရောက် အဆူခံရတာပဲ အဖတ်တင်သည်ဟု သက်ဦးမွန်က ညည်းပြသည်။ ရုံးတွင် အလုပ် လုပ်မည့်အစား အခွန် ဌာနပြေး၊ အစိုးရဘဏ်သို့ ပြေးနေသောကြောင့် အယ်ဒီတာမင်းတို့၏ ဆူပူကြိမ်းမောင်းခြင်းကို လှလှပပ ခံရသည်ဟူ၏။ အချိန်ကုန်တယ်၊ ကျွန်တော် အလုပ်ပြုတ်ဖို့ နည်းနည်းပဲ လိုတော့တယ် ဟု ငိုပြသဖြင့် ရန်လိုကျွဲ အထူး စိတ်မကောင်း ဖြစ်မိ၊ မျက်နှာပူမိ၏။ ထို့ပြင်တစ်ဝ အယ်ဒီတာတို့က မော်ကွန်းမဂဇင်းတွင် အစားအသောက်အကြောင်း၊ စားသောက်ဆိုင် ဝေဖန် ရေးအကြောင်းမထည့်ဘဲ ရွေးကောက်ပွဲ၊ ငြိမ်းချမ်းရေးဆွေးနွေးမှုတို့အကြောင်းသာ ဆက်ထည့်ရန် မိုက်မိုက်မဲမဲ ဆုံးဖြတ် ထားသဖြင့် အပိုစာမူခရရေး အလှမ်းဝေးရပြီဟုဆိုကာ သက်ဦးမွန် မျောက်မှိုင်မှိုင်သွားပြန်သည်။
"အဟမ်း… အဟမ်း"ဟူသော ချောင်းဟန့်သံထွက်လာသဖြင့် လှည့်ကြည့်လိုက်ရာ အယ်ဒီတာ ကျော်ဇေယျာထွန်း ဖြစ် နေသည်။
ကျွဲ။ ။ ဟေ့ … ကျော်ဇေယျာထွန်း… ဘယ်လိုလဲ၊ စာအုပ်ဖြန့်ချိရေးက အလုပ်ဖြစ်တယ်မဟုတ်လား။ ကျုပ်ပေးတဲ့အကြံကြောင့် ခင်ဗျားတို့လင်မယား … တိုက်ဆောက်ကားစီးနေရောပေါ့။
ထွန်း။ ။ စာအုပ်ဆိုင် ဖွင့်ဖြစ်ပါတယ်။ စာအုပ်တွေလည်း လာတင်ကြပါတယ်။ အရောင်းလည်း သွက်ပါတယ်။ ဒါပေမယ့် တိုက်ဆောက်၊ ကားဝယ်စီးဖို့ လမ်းမမြင်ပါဘူးဗျာ။
ကျွဲ။ ။ ဟမ်…ဘယ်လိုဖြစ်ရတာလဲ။
ကျော်ဇေယျာထွန်းက စာအုပ်အရောင်းဆိုင်အကြောင်း ရှင်းပြသည်။ ထုတ်ဝေသူများ၊ မဂဇင်းတိုက်များက ရောင်းရငွေ လာတောင်းလျှင် မည်သူ့ကိုမဆို ငွေလက်ကျန်မထား၊ ရောင်းရပြီးသမျှ ငွေရှင်းပေး၊ ထုတ်ပေးမိသည်။ ပညာပြခြင်း၊ ငွေကို အချီကြီးလှည့်သုံးခြင်းများလုပ်ရန် လိပ်ပြာမသန့်ဟု ဆိုလာ၏။ ထိုသို့သောစိတ်ဓာတ်မျိုးဖြင့် ဒီတစ်သက် တိုက်ဆောက် ကားစီးရန် မလွယ်ဟု သူက ဝန်ခံ၏။ ဆိုင်ခန်းငှားခအတွက် သူ့ယောက္ခမအိမ်ကိုပင် ပေါင်ထားရသည်ဆို၏။ ရန်လိုကျွဲ၏ ငွေရှာနည်းအကြံမှာ လူတိုင်းအတွက်မဟန်၊ အင်မတန် မျက်နှာပြောင်နိုင်မှဟု သူက နောက်ဆုံး ကောက်ချက်ချ၏။
ရန်လိုကျွဲလည်း ကျော်ဇေယျာထွန်း တိုက်မဆောက်၊ ကားဝယ်မစီးနိုင်သဖြင့် များစွာ စိတ်မကောင်းဖြစ်မိရုံမှတစ်ပါး မည်သို့မျှ မတတ်နိုင်ချေ။
ထိုအချိန်တွင် ကွန်ပြူတာရှေ့ အလုပ်များချင်ယောင်ဆောင်နေသော အယ်ဒီတာဉာဏ်လင်းကို သတိပြုမိသည်။ ဉာဏ် လင်းလည်း သူ၏အကြံ ယူဖူးသူဖြစ်သည်မဟုတ်လော။ သို့ဆိုလျှင် ဉာဏ်လင်း အိတ်ဖောင်းနေလောက်ပြီ။ သူ့ကို သေချာ မည့် မြေကွက်ဝယ်ပြီး အောင်းထား၊ တက်ဈေးရမှ ပြန်ရောင်းဟု အကြံပေးခဲ့သည်ကို ပြန်အမှတ်ရမိသည်။
ကျွဲ။ ။ ဟေ့… အယ်ဒီတာကြီး.. ဘယ်လိုလဲ၊ ဝယ်ထားတဲ့ မြေကွက်တွေ ဘာတွေ ဈေးကောင်းရပြီး ဘီလျံနာ ဖြစ်နေပြီလား။
လင်း။ ။ (မျက်နှာသေဖြင့်) ဘီလျံနာဖြစ်ဖို့ ဝေးစွ၊ ဝယ်ထားတဲ့ မြေကွက်တွေ ဈေးလည်းမတက်၊ ဘယ်သူမှလည်း စိတ် မဝင်စားလို့ တစ်နေ့တစ်နေ့ သောကခြေရာ ဝေဒနာတွေပဲ ရင်နဲ့အမျှ ခံစားနေရတယ်။
ကျွဲ။ ။ ဟာ…ဘယ်နားကမြေကွက်တွေ လိုက်ဝယ်ထားမိလို့လဲ။ ခင်ဗျားကို အကြံပေးထားတာ ကျုပ်မှတ်မိပြီ၊ အရာရှိ ကတော်တွေ ဝယ်တဲ့မြေကွက်တွေနားမှာပဲ ငွေပုံအောလိုက်လို့ ပြောထားတယ်မဟုတ်လား။
လင်း။ ။ ဟုတ်ပါတယ်၊ ခင်ဗျားကြီး အကြံပေးသလို အရာရှိကတော်တစ်ယောက်လုပ်သမျှ လိုက်ချောင်း၊ ပြီးတော့ ကျုပ်ရဲ့ ရှိသမျှငွေ အကုန်ပုံအောပြီး သူ့နားမှာ ဝယ်ပါတယ်ဗျာ။
ကျွဲ။ ။ အင်း…ခင်ဗျားက ကျုပ်ပေးတဲ့ဖော်မြူလာအတိုင်းတော့ တကယ်လုပ်တဲ့ပုံရှိတယ်။ ဘယ်နား မှားနေပါလိမ့်။ အဲ… လိုက်ချောင်းတာ အရာရှိကတော်ဆိုတာ သေချာရဲ့လား။ ဘယ်ဌာနအရာရှိရဲ့ ကတော်လဲ။ သူ့ယောက်ျားက အကောင် ဘယ်လောက် ကြီးသလဲ စုံစမ်းပြီးပြီလား။
လင်း။ ။ ဘယ်ဌာနကမှ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ယောက်ျား နဖူးမှာ အနာရွတ်ကြီးတစ်ခု ရှိတယ်။ ကန့်လန့်ဖြတ်ရာ အကြီးကြီးပဲ။ ထင်းနေတာပဲ။ အရာရှိတယ်ဆိုတော့လည်း အရာရှိပေါ့ဗျာ။ ဒီတော့ သူ့မိန်းမကလည်း အော်တိုမစ်တစ် အရာရှိကတော်ဖြစ်ပြီလို့ ပြောကြပါစို့ဗျာ။ အဲဒီအရာရှိကတော်ဝယ်တဲ့နားက မြေကွက်တွေကို ကျုပ်ဝယ်တော့တာပဲ။ ကျုပ် တို့လင်မယား ပိုင်ဆိုင်တဲ့ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေပြောင်းနိုင်တဲ့ပစ္စည်းတွေကို ရောင်းလို့ရတာအကုန်ရောင်း၊ ဟို လူ့ဆီကငွေဆွဲ၊ ဒီလူ့ဆီက ငွေချေးပြီး ပုံအော ဝယ်ထည့်လိုက်တာပဲ။ သို့သော်လည်း အဲဒီနေရာက ဈေးတက်ဖို့နေနေသာသာ လာကြည့်တဲ့သူတောင်မရှိဘူး။ ချေးငွေတွေ အတိုးတက်ပြီး ကျုပ်လည်း အကျပ်ရိုက်နေတာ … အိမ်ကမိန်းမနဲ့ နေ့စဉ် ရန်ဖြစ်ရတိုင်း ခင်ဗျားကို သတိရနေတာပေါ့ဗျာ။
ဉာဏ်လင်း ပြောပြချက်အရဆိုလျှင် သူကတော့ ကျွန်ုပ်၏ အကြံပေးချက်အတိုင်း အတိအကျ လိုက်နာသူဖြစ်မှန်း စာဖတ်သူ မိတ်ဆွေတို့ ငြင်းနိုင်မည်မဟုတ်ပေ။ သို့သော်လည်း အရာရှိကတော်ဟူသော ဝေါဟာရနှင့်ပတ်သက်ပြီး သူ ဖွင့်ဆိုချက် ထုတ်ရာတွင် မှားယွင်းသွားခြင်းဟူသော အားနည်းချက်သာ ရှိလေသည်။ ထိုအားနည်းချက်က သူ့ကို ဒုက္ခ ကောင်းကောင်း ပေးနေလေပြီ။
ဉာဏ်လင်းတစ်ယောက် ရန်လိုကျွဲနှင့်လည်း အလုပ်မဖြစ်၊ အရာရှိကတော်နှင့်လည်း အလုပ်မဖြစ်သောကြောင့် မော်ကွန်းရုံး ခန်းရှိ သူ၏ကွန်ပြူတာရှေ့တွင် မျက်နှာမသာမယာနှင့် ထိုင်နေသည်မှာ ယနေ့တိုင် ဖြစ်လေသည်။
ရန်လိုကျွဲလည်း အထူးပင် စိတ်မကောင်းဖြစ်မိသည်။ လှည့်ပြန်ရန်အတွက် အားလုံးကိုနှုတ်ဆက်လိုက်သည်။ "ကဲ…. ပြန်ဦးမယ်ဗျာ။ ကျွန်တော့ရဲ့ စီးပွား၊ ကြီးပွား အိုင်ဒီယာများက မော်ကွန်းဝိုင်းတော်သားတို့နဲ့ သဟဇာတ မဖြစ်တဲ့အတွက် အထူး စိတ်မကောင်းဖြစ်မိပါတယ်"ဟု ဆိုလိုက်သည်။ ထိုအခိုက် အခန်းထောင့်ရှိ ချိုင်းထောက်နှင့်လူတစ်ယောက်က "ဘာကြောင့် အကျိုးမဖြစ်ရမှာလဲ၊ အကျိုးသိပ်ဖြစ်တာပေါ့ဗျာ"ဟု ပြောကာ ရန်လိုကျွဲထံသို့ တစ်လှမ်းချင်း တစ်လှမ်းချင်း လျှောက်လာလေသည်။ ဖြည်းဖြည်းချင်း တစ်လှမ်းချင်း လျှောက်လာရခြင်းမှာ အကြောင်းရှိသည်။ သူ၏ ခြေထောက် တစ်ဘက်တွင် ပတ်တီး စီးထားပြီး၊ သွားလာရာတွင်လည်း ချိုင်းထောက်နှစ်ဘက်ကို အားပြုနေရသောကြောင့်ပင်။
ကျွဲ။ ။ ဟာ.. ကောင်းမြတ်မိုး၊ ဘယ်လိုဖြစ်တာလဲကွ … ပတ်တီးကြီးနဲ့ပါလား။
မိုး။ ။ ပတ်တီးကြီး စီးထားရတာ ကျွန်တော့ခြေထောက် အကြီးအကျယ် ပွန်းပဲ့သွားလို့ပေါ့ဗျာ။
ကျွဲ။ ။ သြော်… မင်းတို့က ကပ်စေးနဲပြီး ရုံးခန်းကို ဒီတိုက်မှာ ငှားထားတာကိုး။ လှေကား ဒီလောက် မတ်စောက်တာ… ငါထင်သားပဲ… တစ်ယောက်မဟုတ်တစ်ယောက်တော့ ပြုတ်ကျပြီး ထိပ်ပေါက်ခေါင်းကွဲတော့မှာပဲလို့။
မိုး။ ။ တော်ပါတော့။ ဒီလှေကားနဲ့ ဘာမှ မဆိုင်ဘူး။ အခု ကျုပ်ခြေထောက် ပတ်တီးဖြူလွှလွှ ဆင်မြန်းထားရတာ ခင်ဗျားကြီး ပေးတဲ့ ငွေရှာနည်းအကြံကောင်းတွေကြောင့်ပေါ့။
ကောင်းမြတ်မိုး ထိုသို့ပြောသော်လည်း ရန်လိုကျွဲ ရုတ်တရက် နားမလည်။ ဒီသတင်းထောက်ကို ဘာအကြံ ပေးမိပါလိမ့်ဟု စဉ်းစားနေမိသည်။
မိုး။ ။ ခင်ဗျား အခုမှ မသိသလိုလို ဘာလိုလို လုပ်မနေနဲ့။ ကားတိုက်ခံရ ဟန်ဆောင်ပြီး ဒရိုင်ဘာတွေဆီက ငွေညစ်ဖို့ ခင်ဗျား ကျုပ်ကို အကြံပေးတာ မှတ်မိသေးရဲ့လား။
ထိုသို့ နောက်ကြောင်းပြန်ပြမှ ကျွန်ုပ် ရန်လိုကျွဲလည်း သူ့ခြေထောက်တွင် ပတ်တီးရတနာ ဆင်မြန်းထားရခြင်း အကြောင်း ရင်းကို သဘောပေါက်မိလေသည်။ ကောင်းမြတ်မိုးက ရုံးရှေ့မျဉ်းကျားတွင် ကားတိုက်ခံရ ဟန်ဆောင်ပြီး ရန်ကုန်မှ ကားဆရာတို့ကို ငွေညစ်ခဲ့ကြောင်း၊ ကားဆရာတချို့ထံမှ လျော်ကြေးငွေ မြိုးမြိုးမြတ်မြတ် ရခဲ့ကြောင်း သူက ရှင်းပြသည်။ ရန်လိုကျွဲလည်း သူ့အကြံ အလုပ်ဖြစ်သားပဲဟု ကြိတ်ပြီး မှတ်ချက်ချ ဂုဏ်ယူလိုက်မိသည်။
ကျွဲ။ ။ အင်း… ကျုပ်ပေးတဲ့အကြံအတိုင်း လက်တွေ့ လုပ်ကိုင်ရာကနေ အချီကြီး ရလိုက်တယ် ဆိုတာ ကြားရတဲ့အတွက် အင်မတန် ဝမ်းသာပါတယ်။ သို့သော်လည်း မေးစရာ ရှိတာက … ဟောဒီခြေထောက်ကြီးက ဘယ်တုန်းက၊ ဘယ်နေရာမှာ၊ ဘာအတွက်ကြောင့်၊ ဘာဖြစ်သွားတာလဲ၊ ဘယ်သူ့လက်ချက်လဲ၊ ဘယ်လိုလုပ်လိုက်တာလဲ ပြောပါဦး။
မိုး။ ။ ဟုတ်ကဲ့…. စီးပွားရေးအကြံပေးရဲ့ ဘကုန်းခြောက်လုံးမေးခွန်းကို ဖြေရမယ်ဆိုရင်ဖြင့် ရုံးရှေ့မျဉ်းကျားမှာ ကျုပ် လုပ် စားနေတယ်ဆိုတဲ့သတင်းက Facebook က တစ်ဆင့် ကားဒရိုင်ဘာတွေ သိသွားကြပါတယ်။ တစ်နေ့တော့ မျဉ်းကျားမှာ ကိုယ့်အလုပ် ကိုယ်လုပ်ဖို့ ပြင်တယ်ပေါ့ဗျာ။
ယာဉ်ကြောပိတ်ချိန်တော့ မဟုတ်သေးဘူး။ မဟုတ်ပေမယ့်လည်း လုပ်ငန်းခွင်ဆိုတာ စောစောသွားလေ ကောင်းလေပဲ မဟုတ်လား။ အဲ.. လုပ်ငန်းခွင်လည်းအရောက် ကားတွေလည်းမောင်းလာချိန်မှာ ကျုပ်လည်း မျဉ်းကျားကနေ လမ်းကူးတယ်။ လမ်းကို စပြီး ဖြတ်တဲ့အချိန်အထိတော့ သာသာယာယာပဲဗျ။ လမ်းအလယ်လောက်ရောက်မှ ကားတစ်စီးက အရှိန်မလျှော့ဘဲ ကျုပ်ကို တကယ် ၀င်တိုက်သွားတာ။
တကယ်တိုက်မယ့်ကားမှန်း သိချိန်မှာ ကျုပ်လည်း ရှောင်ပေမယ့် နည်းနည်း နောက်ကျသွားတယ်။ ကျုပ်ရဲ့ ညာဘက် ခြေထောက် ပွန်းပဲ့သွားလို့ အခုလို ပတ်တီးစီးထားရတော့တာပဲ။
ကျွဲ။ ။ ဟာ… ကောင်းတာပေါ့။ ဒဏ်ရာတွေပြပြီး ပိုက်ဆံကောင်းကောင်း မတောင်းလိုက်ဘူးလား။ ဒါ တကယ့် ခွင်ပဲ။
မိုး။ ။ ကားဆရာဆီက ငွေတောင်းဖို့နေနေသာသာ သူဘယ်သူလဲ၊ ဖြူသလား၊ မည်းသလားမသိရပါဘူး။ ကျုပ်ရဲ့ ခြေ ထောက်သာ ဟောဒီလို ပတ်တီးတွေနဲ့ ဖြူပြီး ကျန်ရစ်ခဲ့တာပါပဲဗျာ။ ပြီးတော့ ကျွန်တော့ရဲ့ Facebook မှာ အကောင့်တုနဲ့ လာရေးသွားသေးတယ်၊ မင်းလုပ်စားနေတာ ငါတို့ကားသမားအားလုံးသိပြီးပြီ တဲ့။
မိတ်ဆွေ စာရှုသူ… ဤသည်တို့မှာ ကျွန်ုပ်၏ ငွေရှာနည်းအကြံဉာဏ်များကို ရယူပြီး လက်တွေ့ အကောင်အထည်ဖော်ကြသော မော်ကွန်းမဂဇင်း ဝိုင်းတော်သားတို့နှင့် တွေ့ဆုံရပုံ၊ ၎င်းတို့၏ နာကျင်စွာ ရှင်းပြချက်တို့ကို ရေးသားဖော်ပြခဲ့ခြင်းဖြစ်ပေသည်။
အလွန်တရာ ရင်းနှီးရသော မော်ကွန်းမဂဇင်းရုံးသို့ ကျွန်ုပ် ရန်လိုကျွဲ မသွားရဲ၊ ခြေဦးမလှည့်ရဲ၊ အနော်ရထာလမ်းသို့ ရောက် လျှင်ပင် ရုံးရှိရာသို့ မော့်မကြည့်ရဲသည့်အနေအထား ဖြစ်ခဲ့ရခြင်းကို မိတ်ဆွေတို့ နားလည် သဘောပေါက်ပြီဟု ယူဆပါသည်။
မည်သို့ပင် ဆိုစေကာမူ ကျွန်ုပ် ရန်လိုကျွဲသည် ကောင်းမြတ်သော စိတ်ရင်းကို အခြေခံလျက် စီးပွားရေးဆိုင်ရာ အကြံပြု ချက်များ၊ ငွေရှာခြင်းဆိုင်ရာ စိတ်ကူးကောင်းများကို ပေးဝေရန် အသင့် ရှိနေပါသည်။
ရန်လိုကျွဲထံမှ ကြီးပွားရာ ကြီးပွားကြောင်း အကြံဉာဏ်ကောင်းများ ရရှိလိုလျှင်ဖြင့် မော်ကွန်းမဂဇင်းမှတစ်ဆင့် အချိန်မရွေး ဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။ ။
ပထမပိုင်း