မောင်ခေတ်ပိုင် - သတိရတိုင်း လွမ်းစိတ်တွေ ဝေနေဆဲပါ ဦးဝင်းဦးနဲ့ ဒေါ်ခင်ယုမေတို့ရေ
(မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၁၅
ဟိုတုန်းကရုပ်ရှင်မင်းသားမင်းသမီးဖြစ်ဖို့ဆိုတာ၊ယနေ့ခေတ်လိုမီဒီယာ မထွန်းကားသေးတော့မလွယ်ပါဘူး၊ ရုပ်ရှင် လောကဆိုတာအဆက်အသွယ်ကလည်းကောင်းမှ မိမိကိုယ်တိုင်လည်း အနုပညာ အရည်အသွေးရှိပြီး ထင်ပေါ်မှသာရုပ်ရှင် စင်တော်က ကောက်တာကိုး ။ ယနေ့ခေတ်လို တီဗွီ ဗီဒိယို အင်တာနက် မရှိသေးတော့ ဟိုတခေတ်မြန်မာ့အသံကလာတဲ့ အသံလွင့် ဇာတ်ကလေးတွေမှာ ရုပ်ရှင်အနုပညာရှင်တွေက အသံနဲ့ သရုပ်ဆောင်တာလေးတွေကိုပဲ ကြားကြရတာပါ။ မင်သား မင်းသမီးကို အကောင်လိုက်မြင်ချင်ရင်တော့ ရုပ်ရှင်ရုံမှာ အပြေးအလွား သွားကြည့်ကြတာပါပဲ။ အဲဒီခေတ်က ကာလာရောင်စုံ မရှိသေးတော့ အဖြူအမဲကိုပဲ သဲကွဲအောင် ကြိုးစားကြည့်ရင်း စိတ်ကျေနပ်ကြတာအမှန်ပါ။ ရုပ်ရှင်ဇတ်ကားတွေကလည်း ဇာတ်လမ်း ဇာတ်ကွက်က အစ သေသပ် ကောင်းမွန်လှပါတယ်။ ကောင်းတာလဲ မပြောနဲ့လေ ၊ ဇာတ်ကားထဲမှာ ပါဝင်သူ သရုပ်ဆောင်အားလုံးက ဒါရိုက်တာကို အလွန် လေးစားရိုသေကြောက်ရွံ့ ကြတာကြောင့်လည်း သရုပ်ဆောင်မှုတွေပီိပြင်ကြတော့ ဇာတ်ကားတွေ အရည်အသွေး အဆင့်အတန်းမြင့်တာပေါ့လေ။ ခုခေတ်လူငယ်တွေ အရင်ရုပ်ရှင်ကားဟောင်းတွေကို ပြန်လေ့လာရင် သိမှာပါ။
၁၉၅၀ အလွန်ကနေ ၁၉၈၀ မတိုင်မီအထိ အဖြူအမဲကားတွေ မညံ့ကြပါဘူး။ခုလို နှစ်ပေါင်း ၃၀ အတွင်း ပြည်သူကြိုက်တဲ့ မင်းသား၊ မင်သမီးဆိုတာ လက်ရေချိးလို့ ရပါတယ်။ အဲဒီအထဲမှာ မင်းသားဝင်းဦးနဲ့ မင်းသမီး ခင်ယုမေတို့က ထိပ်ဆုံးက ပါဝင်သလို၊ သူတို့စူပါနှစ်ဦးကြားက ထူးခြားမှုလေးတွေ - သိနေသူ ကျနော့်အဖို့ သူတို့ကို သတိရတိုင်း လွမ်းစိတ်တွေ ဝေနေရဆဲပါ။
ခုထိ မြန်မာ့အသံက ရုပ်ရှင်ကားဟောင်းမှန်သမျှ သူတို့ပါရင် မလွတ်တန်း ကြည့်နေမိတာပါပဲ။ ကြည့်နေတုန်းလည်း ကိုယ့်စိတ်က သူတို့ကိုမြင်ပြီး လွမ်းသလိုလို ဆွေးသလိုလို အမြဲ ခံစားမိတာကိုပဲ အရသာလို့ ထင်နေမိတာခင်ဗျ။ ရုပ်ရှင်ကြည့် ပရိသတ်ဆိုတာ မင်းသား မင်းသမီးကို ဗဟိုပြုပြီး ကြည့်ကြတာမို့ ပရိသတ်စိတ်တွေထဲမှာ မင်းသား မင်းသမီးအစွဲဆိုတာ ကိန်းအောင်းနေတတ်လို့ ပြောပါရစေအုံး။
အဲဒိခေတ်တုန်းက ကိုဝင်းဦးကို ကြိုက်လွန်းလို့ ကျနော့်အိမ်နီးနားချင်း ကုလားဇနီးမောင်နှံက သူတို့မွေးတဲ့ အသားမဲမဲယောင်္ကျားလေးကို ပေးတဲ့အမည်ကိုက ၀င်းဦး ပါ သတဲ့ဗျာ။ နောက်တယောက် ဒေါ်တရုတ်မကြီးကလည်း သူ့သားကို မောင်ဝင်းဦး တဲ့။ ကျနော့်ငယ်သူငယ်ချင်း ညီအငယ်ဆုံး မွေးတော့လည်း သူတို့က ခရစ်ယာန် ဘာသာဝင်ပေမဲ့ အမည်ပေးပြန်တော့လည်း ၀င်းဦး ကောင်းရော။ ဟော ... ဒေါ်ခင်ယုမေကို အသဲစွဲနေကြတဲ့ မိန်းကလေးတွေက ခင်ယုမေဆိုတဲ့ 'စကားတက္ကသိုလ်'ဆိုတဲ့ သီချင်းလေးကို ပါးစပ်ကဆိုပြီး ခင်ယုမေဖက်ရှင် ထမီတိုတိုကို ၀တ်လို့၊ ခေါင်းမှာ ပါဝါပါးလေးခြုံပြီး လမ်းသလားနေကြတာ မြင်ယောင်မိသေးတယ်ဗျာ။ သူတို့ကိုသာ ပြောနေ မြင်နေတာ ကိုယ်ကရော ဘာထူးလို့တုန်း။ ကိုဝင်းဦးလို ကိုယ်ကာယလှအောင် အိမ်နားက အလေးမရုံမှာ သွားပြီး ၀ိတ် မ နေလိုက်၊ မကြာခင်မှာပဲ လက်မောင်းနှစ်ဖက်က..ယောင်ပြီး ကြီးလာတော့၊ ဟုတ်လှပြီ ထင်ပြီး စပို့ရှပ်အနီလေး လက်မောင်းနဲ့ကြပ်အောင် ၀တ်ပြီး၊ ရပ်ကွက်ထဲ လမ်းသလားပြနေတာ ... ကိုဝင်းဦးစတိုင်လ် ကိုးဗျ။ ရပ်ကွက်ထဲက ကောင်မလေးတွေက - နင်က ၀င်းဦးတော့ မဟုတ်ဘူး..ဟဲ့။ ၀င်းတွင်းရူး..တဲ့ဗျာ။ အဲဒီဟာမတွေ ပြောတာကို ခုထိ ပြန်ကြားနေမိလို့၊ ပြန်စဉ်းစားတိုင်း ခုထိ ရှက်မိသေး။ ငယ်ငယ်က ရူးတာပြောပါတယ်။ ခုလည်း မကောင်းပါဘူးလေ။
ကိုဝင်းဦး၊ သာမန် အရပ်သားဘ၀က အမည်က မောင်လှမြင့်။ ၁၉၅၂ ခုနှစ် တပ်ထဲရောက်တော့ ဗိုလ်လှမြင့်။ ၁၃ ရက် မတ်၊ ၁၉၃၅ မှာ မိခင် ဒေါ်နှင်းရီခေါ် ၀င်နီဘခက် ၊ ဖခင်က ဦးဘညွှန့် ။ ရန်ကုန်တက္ကသိုလ်က ဆရာ။ အဆိုလည်းကောင်းတယ်။ သူလည်း အနုပညာသမားပဲ။ သူ ဆိုပြီး နံမည်ကျော်ကြားလာတဲ့သီချင်းက.. 'ချစ်ဒုက္ခ..'အမည်နဲ့မို့ ချစ်ဒုက္ခ ဦးဘညွှန့် လို့ လူသိများပါတယ်။
ဗိုလ်လှမြင့် တပ်မတော်က ထွက်တော့ ၁၉၆၂ခုနှစ်။ သြစတေးလျ လေထီးသင်တန်း သွားတက်ဘူးပါတယ်။ တပ်ထဲမှာ နေကတည်းက ကဗျာရေးတယ်။ ညိုမင်းလွင် အမည်နဲ့ ရှုမ၀စာပေတိုက် ကို ပို့တယ်။ အောင်မြင်လာတယ်။ နောက် တပ်က ထွက်ပြီး ရုပ်ရှင်မင်းသမီးကြီး အကယ်ဒမီိ ဒေါ်တင်တင်မူနဲ့ အကယ်ဒမီမင်းသားကြီး ဦးကျော်ဝင်းတို့ နဲ့ခင်မင်ပြီး၊ သူတို့ပိုင် မြတ်မော်ဦး ရုပ်ရှင်ကုမ္မဏီနဲ့ 'နှစ်ယောက်တည်း နေချင်တယ်'ဇာတ်ကားနဲ့ အောင်မြင်ပြီး၊ မင်းသား ၀င်းဦး ဖြစ်လာတာပါပဲ။
ပြောရအုံးမယ် - ၀င်းဦး ဆိုတဲ့အမည်ကို ယူတာကလည်း သူ့အမအကြီးဆုံး ဒေါ်တင်တင်ဦးအမည် နောက်ဆုံးက 'ဦး'ဆိုတာကို ယူပြီး၊ သူ့အကိုကြီး ကိုဝင်းညွှန့်ရဲ့ အမည်ရှေ့က '၀င်း'ကို ယူပြီး '၀င်းဦး'အမည်နာမ တွင်စေတာပါ။ ကိုဝင်းညွှန့်ဆိုတာလည်း နောင် မင်းသားဖြစ်လာပြီး ၊ ဒေါ်တင်တင်မူရဲ့ သမီးနိုင်ငံကျော် အကယ်ဒမီ ဒေစီကျော်ဝင်း နဲ့ ညား သူပါ။ သူတို့ ညီအကိုတွေ အကုန် ရုပ်ရှင်ထဲမှာ အောင်မြင်ခဲ့ကြပါတယ်။ ကြည်ရွှင်။ အောင်မိုး။ ခုတော့ အကုန် ကွယ်လွန်သွားကြပါပြီ။
ဝင်းဦးကို စွယ်စုံရမင်းသားကြီးလို့လည်း ပြောနိုင်သူပါ။ မင်းသား ၊ ဒါရိုက်တာ။ စာရေးဆရာ၊ အဆိုတော်၊ ရုပ်ရှင်ထုတ်လုပ်သူ၊ စာပေတိုက် 'စန္ဒာ'ကို ဖွင့်ခဲ့သူပါ။ ဓါတ်ပြားတိုက်လည်း 'ကင်းဝန်'ဆိုတဲ့အမည်နဲ့ တည်ထောင်ခဲ့သူပါ။ သူ ရုပ်ရှင်ပိုးဝင်ပြီး ဒေါ်တင်တင်မူနဲ့ နှစ်ယောက်ထဲနေချင်တယ် ဇာတ်ကားရိုက်ဖို့ မင်းသမီးရွေးဖို့ ပြင်ဆင်ချိန်မှာ မူလက ဒေါ်တင်တင်မူ ပါဝင်သရုပ်ဆောင်ဖို့ အစီအစဉ်မရှိပါဘူး။ အဲဒိခေတ်က သူ့အရင် ရုပ်ရှင်ထဲရောက်နင့်နေပြီး အဆိုတော်ဘ၀ကစပြီး ၁၉၅၈ မှာပင် ပြည်သူကြိုက် မင်းသမီးဖြစ်နေသူ ခင်ယုမေနဲ့ ဒီကားကိုရိုက်ဖို့ စီစဉ်ပေမယ့်၊ ခင်ယုမေက မင်းသားကြီးကျော်ဆွေ နဲ့တွဲပြီး ကားတွေ မနားရအောင် ရိုက်နေတဲ့အချိန်နဲ့ တိုက်ဆိုင်နေလို့လားမသိ၊ မင်းသမီးက ကားရိုက်ဖို့ ငြ င်းပယ်လိုက်တာကို၊ မင်သားအသစ်နဲ့ မင်းသမီးက တွဲမရိုက်ချင်လို့ ဆိုတဲ့အတွေးမျိုး တဖက်မှာ ၀င်စရာတော့ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒေါ်တင်တင်မူက အနုပညာသမားအချင်ချင်း နားလည်မှုပေးပြီး သူကိုယ်တိုင်ပဲ မင်းသမီးနေရာက ပါဝင်ရိုက်ကူးပေးလိုက်မှုကြောင့် နှစ်ယောက်ထဲနေချင်တယ် ဇတ်ကားဟာ ပိုပြီး ဇတ်လမ်းနဲ့အညီ ပီပြင်ပြီး ထိရောက်တော့ ခုခေတ်အပြောနဲ့ဆိုရင်တော့ ကိုဝင်းဦး တစ်ကားတည်းနဲ့ ပေါက်သွားတယ် ပေါ့နော်၊။
ကိုဝင်းဦးကလည်း ကြိုးစားလွန်းတော့ နောက်ပိုင်း ကိုယ်တိုင်ထုတ်လုပ်သူ၊ ဒါရိုက်တာ စာရေးဆရာ၊ အကယ်ဒမီများရှင်အပြင် ပြည်သူချစ်သောအနုပညာရှင် ဆိုတဲ့ဘွဲ့ထူးကို စိုက်ထူရင်း ရုပ်ရှင်ကားပေါင်းများစွာ ရိုက်ကူးခဲ့သော်လည်း ဒေါ်ခင်ယုမေနဲ့တော့ မရိုက်ဖြစ်ခဲ့ကြတော့ ပါဘူး။
ပရိတ်သတ်က ၀င်းဦးနဲ့ ခင်ယုမေအတွဲကို သိပ်ကြည့်ချင်နေကြတာကို ထုတ်လုပ်သူတွေက သတိထားပေမဲ့၊ သူတို့နှစ်ဦးအကြားမှာ ညှိနှိုင်းပေးမဲ့သူ မရှိလို့လား၊ ဒါမှမဟုတ် နှစ်ယောက်ထဲနေချင်တယ် ပြသာနာကြောင့်လား ဆိုပြီး အတွေးနယ်ချဲ့နိုင်တာမျိုးကလည်း ရှိနေတော့ ကြားလူတွေက မ၀င်ကြဟန်တူပါတယ်။ ဒါပေမယ့် သူတို့ဟာ ပညာတတ်တွေဖြစ်တာရယ်၊ ဒေါ်ခင်ယုမေကလည်း အရင်က အကြောင်းမညီညွှတ်လို့ ကိုဝင်းဦးနဲ့ ကားမရိုက်ခဲ့တာကိုလည်း သူက အမှတ်ထားပုံ မရရှာပါဘူး။ ၁၉၇၈ လောက်မှာတော့ ကြားက စေ့စပ်ဆွေနွေးပေးမှုကြောင့် 'တိမ်ဦးလေပြေ မောင့်ကိုစေ' ဆိုတဲ့ ရုပ်ရှင်ကားမှာတော့ သူတို့အတွဲ ပထမဦးဆုံးနဲ့ နောက်ဆုံး ချစ်သော ပရိသတ်ကြီးအတွက် ရိုက်ကူးပေးခဲ့ကြပါတယ်။ သူတို့နှစ်ဦး စုံတွဲသဘောလည်း အတူ သီချင်းတပုဒ်ကို ဆိုခဲ့ကြဘူးပါတယ်။ ၁၉၈၀ အလွန်မှာတော့ ကိုဝင်းဦးနဲ့ ခင်ယုမေတို့ အတူ သီချင်းလေးတပုဒ်ကို တွဲဆိုခဲ့ကြပြန်ပါတယ့််။ မြန်မာ့ရုပ်မြင်သံကြားပေါ်ဦးစ အချိန်ကပါ။ ခင်ယုမေ သီဆိုထားတဲ့ 'သက်ဆိုင်သူသို့'သီချင်းလေးမှာ ကိုဝင်းဦးက တွဲဆိုခြင်းမျိုး မဟုတ်ပေမဲ့ သိချင်းနောက်က ဟာမိုနီလိုက်ပေးရင်း ဆိုခဲ့ကြဘူးတာလည်း ဒီသီချင်းတပုဒ်ပဲ ရှိခဲ့တာပါ။
ဘာပဲပြောပြော အနုပညာသည်အချင်းချင်း အနုပညာမာနတွေကို မိမိထင်ပေါ်ကျော်ကြားစဉ်ကာလမှာ သတိရှိရှိနဲ့ အနုပညာအလုပ်တွေလည်း လုပ်ရင်း ပြည်သူချစ်သောအနုပညာရှင်ဘ၀နဲ့သာ အဆုံးသတ်နိုင်အောင် ကြိုးစားကြဖို့ ပြင်ဆင်ထားကြရ ပါလိမ့်မယ်။
မင်းသမီး ဒေါ်ခင်ယုမေဟာ မျက်နှာပေး အလွန်ချိုသူ တဦးဖြစ်ပါတယ်။ တရုတ်သွေးစပ်လို့ အသားကလည်းဖြူ၊ ရုပ်ရည်ကလည်း ချောသူမို့ ၁၉၅၃မှာ သူမဟာ ဂီတလောကထဲ စတင် ၀င်ရောက်ပါတယ်။ သူ သရုပ်ဆောင်မဖြစ်ခင်ကတည်းက ဟိုတုန်းက ထုတ်ဝေခဲ့ကြတဲ့ ချိုတေးသံဂျာနယ်တွေမှာ သူ့ဓါတ်ပုံက လူသိများလွန်းသူပါ။
သူ့ကို အမိ ဒေါ်ကျင်မြိုင်၊ အဖ ဦးယုစွမ်တို့မှ ၂၃ မတ် ၁၉၃၇ ခုနှစ် ရန်ကုန်မြို့မှာ မွေးဖွားခဲ့သူပါ။ သူ့မှာ ညီမအရင်းဆိုလို့ ခင်ယုဆွေ ဖြစ်ပြီး၊ သူမလည်း မြန်မာ့အသံအဆိုတော်တဦး ဖြစ်ပါတယ်။ ရုပ်ရှင်နယ်ထဲကို ၁၉၅၈ခုနှစ်မှာ ရွှေညာမောင် ဦးချင်းစိန်က ခေါ်ပြီး 'အသက်'ဆိုတဲ့ဇတ်ကားက စတင်ပြီး ရုပ်ရှင်နယ်ထဲ ရောက်ခဲ့သူပါ။ အဲဒီနှစ်မှာပဲ လူရွှင်တော်ဖိုးပါကြီးက ဒါရိုကတာလုပ်ပြီး 'ဤဘ၀၀ယ်'ဇတ်ကားနဲ့ ထပ် အောင်မြင်ပြန်ပါတယ်။ နောက် မန္တလေးရုပ်ရှင်က ရိုက်ကူးတဲ့ ဒါရိုက်တာ တက္ကသိုလ်ဝင်းဖေ (စွယ်စုံရဒါရိုက်တာ ဦးဝင်းဖေမဟုတ်) က 'ကိုယ်ပိုင်မေတ္တာ'ဇာတ်ကားနဲ့ ၁၉၆၁ ခုနှစ်အတွက် ခင်ယုမေက ပထမဆုံး အကယ်ဒမီ ရရှိပါတယ်။ ဒုတိယအကြိမ် အကယ်ဒမီကတော့ ဆရာကြီးဦးသုခ ရိုက်တဲ့ ၁၉၇၅ခုနှစ်က ထုတ်လုပ်တဲ့ 'ရွှေချီ ငွေချီတန်းပါလို့'နဲ့ ရသွားပါတယ်။
ကျနော်အကြိုက်ဆုံး ခင်ယုမေကားတွေကတော့ 'ပုလဲမျက်ရည်'၊ 'ပန်းတွေနဲ့ ဝေ'၊ 'ဗိုလ်မြဒင်'တို့ဖြစ်ပြီး အကယ်ဒမီိခင်ယုမေဟာ အိမ်ထောင်ရေးတော့ ကံမကောင်းရှာပါဘူး။ ဦးကျော်ဆွေနဲ့ သားတစ်ယောက်ရပြီးနောက်ပိုင်း ကွယ်လွန်သည်အထိ အိမ်ထောင်မပြုတော့ဘဲ သားရှိရာ အမေရိကားကိုလည်း သွားလည် ခဲ့ဘူးပါတယ်။
ဒေါ်ခင်ယုမေဟာ ရုပ်ရှင်နယ်ထဲကို ၁၉၅၈ ခုနှစ်က စ၀င်ပြီး၂၀၀၈ ခုနှစ်အထိ နှစ်ပေါင်း ၅၀ သက်တန်းရှိတဲ့ ၀ါရင့်အနုပညာရှင်မို့ အစဉ် လေးစားနေမိတာလည်း ဖြစ်ပါတယ်။ ပြည်သူချစ်တဲ့ အနုပညာရှင် ဒေါ်ခင်ယုမေဟာ ၂၃ ဇန်န၀ါရီလ ၂၀၁၄၊ အသက် ၇၇ နှစ်အရွယ်မှာ ကမ္ဘာအေးဘုရားလမ်း၊ သူနေတဲ့ 'စိမ်းလဲ့မေ'အိမ်ဂေဟာလေးမှာ အေးချမ်းစွာ ကွယ်လွန်သွားရှာပါတယ်။
မင်းသားကြီး ကိုဝင်းဦးကတော့ ၁၄ ဒီဇင်ဘာ၊ ၁၉၈၈ ခုနှစ် မှာပဲ လမ်းမတော်က မြရတနာဆေးခန်းလေးမှာ အူမကြီးကင်ဆာနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ သူရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေမှန်သမျှ အောင်မြင်ခဲ့တာ များပါတယ်။
၁။ နှစ်ယောက်ထဲ နေချင်တယ်။ ၂။ ချစ်သော သူတယောက်။ ၃။ မောင်တို့ ချယ်ရီမြေ။ ၄။ ဤစံအိမ်ဝယ်။ ၅။ ဘယ်ရပ်ဋ္ဌာနီ။ ၆။ ပိတောက်ရိပ်ဝယ်။ ၇။ မုန်းတလှဲ့ပြုံးတလှဲ့။ ၈။ သိကြားစေ သက်သေညွှန်း။ ၉။ ဆောင်းတည၀ယ်။ ၁၀။ ဗိမ္မိသာရ။ ၁၁။ မိုးပုလဲနဲ့တိမ်မဲညို။ ၁၂။ အတွယ် အတာ။ ၁၃။ မုန်းပါတယ်မောင့်ကို။ ၁၄။ ဆောင်းအိမ်မက်။ ၁၅။ မှုန်ရွှေရည်။ ၁၆။ ချစ်သူရွေးမယ် ချစ်ဝဲလယ်။ ၁၇။ နှင်းပျောက်တဲ့နွေ။ ၁၈။ တကျော့နှစ်ကျော့တေးကိုသီ။ ၁၉။ တိမ်ဦးလေပြေ မောင့်ကိုစေ။ ၂၀။ ဝေလု။ ၂၁။ တိမ်လွှာမို့မို့ လွင်။ ၂၂။ ကျွန်တော်ချစ်ချင်တဲ့ အချစ်အကြောင်း။ ၂၃။ လိုင်ထိပ်ထားနဲ့ ကြံတိုင်းအောင်။ ၂၄။ ဘယ်ပြေးမလဲ မိချိုသဲ။ ၂၅။ ချစ်သူကြင်သူမြတ်နိုးသူ။ ၂၆။ သစ္စာတူပြိုင်။ ၂၇။ ပန်းမြို့တော်နဲ့ ခြေလှမ်းသုံးဆယ်။
ဦးဝင်းဦးဟာ ၁၉၆၂ခုနှစ်ကနေ ၁၉၈၈ ကွယ်လွန်သည်အထိ ရုပ်ရှင်ကားပေါင်း၂၇ ကားကိုသာ ရိုက်ကူးပြီး၊ ရုပ်ရှင်သက်တန်းကတော့ ၂၆နှစ်ပဲ ဆိုရပါလိမ့်မယ်။ သူ မကွယ်လွန်မီ ဒေါ်အိုင်းရင်တင်လှနဲ့ လက်ထပ်ပြီး ခရစ်ယာန်ဘာသာသို့ ကူးပြောင်းခဲ့သူလည်း ဖြစ်ပါတယ်ပါတယ်။