ဥဩ (ချယ်ရီမြေ) - အပြုံးမဝေဖြာနိုင်တဲ့ ဖုန်းဝေဒနာ
(မိုးမခ) ဒီဇင်ဘာ ၁၃၊ ၂၀၁၅
အခုမှသာ ဖုန်းကို အပြစ်ဖို့ရတာပါ။ ဟိုးတုန်းကတော့ ဖုန်းလေးကို ခါးမှာချိတ်လို့ စတိုင်ထွားနေကြတဲ့သူငယ်ချင်းတွေကိုကြည့်ပြီး ဖုန်းတလုံးလောက်ပိုင်ချင်စိတ်ကအပြည့်အသိပ်။ ဟိုတုန်းက ဖုန်းပိုင်တဲ့သူက ဘုန်းတန်ခိုးရှင်ပါပဲ။ အဲ့ဒီတုန်းက ဖုန်း ဆိုတာက ယောင်လို့များ အိပ်မမက်နဲ့၊ စိတ်ပျက်ရလောက်အောင် ဈေးကြီး၊ မနီးလှတဲ့ မျှော်လင့်ချက်တခုနှယ်၊ ကွယ်ရာမှာ သက်ပြင်းချ၊ ချက်ချင်းများရလိုက်ရင်ဆိုတဲ့ အတွေးစူးရှ၊ ရူးခဲ့ရတဲ့ဘဝ ... ဆိုပြီး စာချိုးလိုက်ချင်ပါရဲ့။ ဟုတ်တယ်။ အဲ့ဒီတုန်း က ဖုန်းတလုံးက သိန်းလေးဆယ်၊ ရတဲ့ လခက သောင်းဂဏန်း။ သိပ်တော့ မကွာပါဘူး။ သိန်းဂဏန်းနဲ့ သောင်းဂဏန်းဆိုတော့ အဆင့်တဆင့်ပဲ ကွာတယ်လို ထင်ချင်စရာ။ တကယ်တော့ မိုးကောင်းကင် ဝတိံအဆင့်မှာ တိမ်တွေလွင့်နေသလိုပါပဲ။ ကိုယ့် ဘဝနဲ့ဖုန်းက လမင်းနဲ့ ပိုစုန်းကြူ၊ နံ့သာဖြူနဲ့ အီးအီးလို မနီးခဲ့ပါဘူးလေ။ ဖုန်းဆိုတာက ကိုယ့်အတွက် မာနကြီးတဲ့ သူဌေးသမီး ကို ပိုးရသလို ကျိတ်ပိုးလေးပဲ ပိုးရတာပါ။
နိုင်ငံခြားက သူငယ်ချင်းတွေက သူများနိုင်ငံတွေမှာ ဖုန်းဆိုတာ ချောကလက်ဝယ်သလောက်ပဲလို့ပြောရင် အပြောကလက် တယ်လို့ ယူဆခဲ့ပါတယ်။ လမ်းဘေးက ဈေးသည်တွေတောင် ဖုန်းကိုင်နိုင်တယ်လို့ပြောရင် ယုံတမ်းစကားတခုကို ကြား လိုက်ရသလိုပဲ။ ကိုယ့်နိုင်ငံမှာက ဖုန်းကျတာက ထီပေါက်တာလို။ အင်မတန့် အင်မတန်ကံကောင်းလွန်ခါမှ မတော်တဆရ တတ်တာမျိုးလေ။ တမင်တကာ ရကြတာကတော့ နီးစပ်ပတ်သက်ရာ လူကြီးသားသမီးတွေပါပဲ။ အဲ့ဒီတုန်းကတော့ အဲ့ဒီလို ရေပေါ်ဆီတွေကို မုန်းတီးမိပါတယ် အဟုတ်။ ကိုယ်လိုမျက်နှာမွဲကို ခဲနဲ့ပစ်သလိုဆက်ဆံတဲ့ ဖုန်းမချပေးတဲ့ လူကြီးမင်းတွေ ကိုလည်း ဟစ်တလာလို ရက်စက်လှတဲ့သူကြီးတွေ ထင်ခဲ့မိပါတယ်။
အဲ့ဒီတုန်းက မှတ်မိပါသေးတယ်။ ... ဟဲလို ဟဲလို ... ဆိုတဲ့အသံက ငေးမောချင်စရာ။ ကိုယ့်ဘေးနားမှာ လက်ကိုင်ဖုန်း နဲ့ ဖုန်းပြောနေပုံက တာဝတိံက နတ်တပါး လူပြည်ဆင်းသက်လာတုန်းတွေ့ရသလို အားကျ ငေးမောရတာလေ။ အဲ့ဒီတုန်းက ဖွတ်ကျောပြာစု၊ ခရုအဆံကျွတ်တဲ့ ကျွန်တော်ကတော့ နယ်က အမေဆီဆက်ချင်လည်း ပြေး။ အဝေးက သူငယ်ချင်းဆီ ဆက်ချင်လည်း ပြေး။ ပီစီအိုဆီ ပြေးရတာပါ။ အဲ့ဒီတုန်းက မိန်းခလေးတွေက ဟန်းဖုန်းပါမှ၊ ကားပါးမှ။ အထာက အဲ့သလို။ အဲ့လောက်ထိတောင် ဖုန်းပါဝါက ကြီးတာပါ။
ဘယ်လိုမှ မနီးစပ်တော့ပါဘူးလို့ စိတ်လျှော့လိုက်ခါမှ မှတ်ပုံတင်နံပါတ်တောင် မပါလိုက်ရပါဘူး။ ဖုန်းကျလာပါတော့တယ်။ ဟာ ထီပေါက်သလိုပါပဲ။ ဖုန်းကို ခါးမှာချိတ်ပြီး အပျိုမဒီတွေကြား၊ စတိုင်ထွားဖို့ဆိုတာ နည်းနည်းနောနော အခွင့်အရေးမှ မဟုတ်တာ။ အဲ့ဒီတုန်းက ဖုန်းဈေးက နည်းနည်းကျနေပြီဆိုပေမယ့် နှစ်ဆယ့်ခုနှစ်သိန်းလောက် ပေါက်ပါသေးတယ်။ ဘာပဲ ပြောပြော ဖုန်းက ရပ်ကွက်ထဲမှာ အာဏာမရှိတော့ပေမယ့် ဩဇာကျန်နေသေးတဲ့ ရပ်ကွက်လူကြီးအဟောင်းလိုပါပဲ။ မျက် နှာပွင့်ပါတယ်။ အဲ့ဒီတုန်း ဖုန်းငှားခ ဆယ့်ငါးသိန်း၊ တိုင်းရံပုံငွေတသိန်း စုစုပေါင်း ဆယ့်ခြောက်သိန်းကို ပျော်ပျော်ကြီး ချေး ငှားပေးသွင်းခဲ့တာပေါ့လေ။ ချေးငွေတွေက အတိုးထပ်ထပ်ပေမယ့် အဖိုးမဖြတ်နိုင်တဲ့ဖုန်းကလေး ခါးချိတ်ဖို့ ငါးမျှားချိတ်မှန်း မသိတဲ့ငါးလို အခါခါပျော်ခဲ့မိပါတယ်။
ဘာရမလဲ ငါ့ကွဆိုတဲ့အထာနဲ့ ဟန်းဆက်လေး ကမန်းကတမ်းပြေးဝယ်၊ ပွဲစားဈေးသည်တွေက ခုနှစ်သိန်းအမြတ်ပေးပေမယ့် မရောင်းဘူးလို့ အပြတ်ဟစ်ကြွေးခဲ့ပါတယ်။ အခုတော့ ရင်နင့်စရာ မမြင်ဝံ့စရာအဖြစ်ဆိုးလို စနစ်ဆိုးကိုပဲ ကျိန်ဆဲချင်မိပါတော့ တယ်။ အကြွေးတွေ ကျေသလောက်ဖြစ်လို့ ဖေတယောက် စတိုင်ထုတ်မယ်လို့ မလိုင်လုပ်နေတုန်းမှာ ဘုန်းခနဲဆို တဝုန်းဝုန်း နဲ့ပြုတ်ကျ။ ကျွန်တော်မှာ ကားခနဲ။ အားခနဲတောင် မအော်နိုင် မှိုင်ခဲ့ရပါတော့တယ်။ ပထမတော့ ငါးသိန်းတန်၊ နောက်တော့ သုံးသိန်တန်။ ဪ သြော် ဖုန်းဘေလ်ကတော့ ဆယ့်ငါးသိန်းတန်ဖုန်းက အစိတ်၊ ကျန်တဲ့ဖုန်းက ငါးဆယ်ဆိုတော့ တော် ပါသေးတယ်လို့ဖြေသိမ့်ပေမယ့် နေစိမ့်တဲ့လူထူဆန်းကြီးတွေက ဖုန်းဘေလ်တွေကိုလည်း နှစ်ဆတက်လို့ ရက်စက်ခဲ့ကြပါ တယ်။ ကျွန်တော့်မှာ ပက်လက်လန်၊ ယက်ကန် ယက်နဲ့။ ကိုယ့်မျက်စိအောက်မှာပဲ ကိုယ့်ရဲ့ချွေးနှဲစာ လခစုဆောင်းငွေ အတိုးပါ ဆယ့်ကိုးသိန်းလောက်က ရေထဲကိုပစ်ချလိုက်သလို ပလုံ ပလုံဆိုပြီး မြည်သွားပါတယ်။ ပျော်လိုက်ရတဲ့ရင်က နာ လိုက်ရတာနဲ့မကာမိ။ ဘယ်သူ့ကို ကျိန်ဆဲရမှန်းလည်း မသိ။
ထောင့်ငါးရာတန်ဖုန်းတွေ လှိုင်လှိုင်ပေါတဲ့အခါကျတော့ ဖုန်းဆိုတာကို စိတ်နာ။ ဟိုတုန်းက ဖုန်းချပေးတဲ့လူတွေကို စိတ်ဆိုး၊ ပိတ်တောင်ထိုးလိုက်ချင်ပါရဲ့။ လူတန်းစားအလွှာမရွေး ဖုန်းကိုင်နိုင်တာဝမ်းသာပေမယ့် ကိုယ့်ပိုက်ဆံ သိန်းနှစ်ဆယ်လောက် ကို အလှူခံသွားတဲ့ လူကြီးမင်းတွေကိုတော့ နဖူးက အမာရွတ်မြင်တိုင်း နာကျဉ်းတတ်တဲ့ပုဏ္ဏားလို နာကျည်းမိပါတယ်။ အခု တော့ လူတိုင်းလည်း ဖုန်းချိတ်နိုင်ခဲ့ပါပြီ။ နိုင်ငံခြားကသူငယ်ချင်းတွေပြောတဲ့ စကားမှန်ကြောင်း ချွေးနှဲစာ သိန်းနှစ်ဆယ် လောက်ကုန်ကာမှ သိလိုက်ရပါတယ်။ နောင်တပန်းတွေ လှိုင်လှိုင်ပွင့်ကာမှ ဖုန်းတွေကပေါလိုက်တာ မပြောပါနဲ့။ စိတ်နာမိ တဲ့ အမ်ပီတီ၊ တယ်လီနော၊ အော်ရီဒူး ဘာကိုရွေးမလဲ မိရွှေသဲ။ လိုင်းမိတာကို ရွေးပေါ့။ ကိစ္စမရှိပါဘူး။ အမ်ပီတီမမိတော့ တယ်လီနော။ တယ်လီနောမရရင် အော်ရီဒူး တကယ့်ထူးတဲ့ ကုသိုလ်ကံ၊ အိုဘားမားကတောင် မြန်မာလူမျိုးတွေ အင်္ကျီသာ မဝတ်နိုင်တာ ဖုန်းတော့ကိုင်နိုင်ကြပါ့လားဆိုပြီး ဩချသွားရပါတယ်။ ဪ သြော် အိုဘားမားရယ် ဩမချပါနဲ့။ ကျွန်တော် ပြောပြရင် ခင်ဗျားပါ ဒေါထသွားလောက်တယ်။
စတိုင်မထုတ်လိုက်ရဘဲ ငုတ်သွားရတဲ့သူမို့ မထူးဘူးကွာဆိုပြီး ထောင့်ငါးရာတန်ဖုန်းတွေ ဝယ်လိုက်ပါတယ်။ အခုတော့ ဟိုဖုန်းမရရင် ဒီဖုန်း၊ ဒီဖုန်းမရရင် ဟိုဖုန်း ဖုန်းဖိုးဘေလ်တွေကုန်အောင်ပြောမယ့် မြန်မာပြည်သားပါကွယ်လို့တောင် ပြော ရမယ် ထင်ပါရဲ့။ သူကလည်း ဖုန်း သုံးလေးလုံး၊ ကိုယ်ကလည်း ဖုန်းသုံးလေးလုံးဆိုတော့ ဘယ်နံပါတ်က ဘယ်သူ့ဟာမှန်း မသိတော့ပါဘူး။ လာလိုက်ကျတဲ့ ဖုန်းတွေကလည်း တဂွမ်ဂွမ်။ ဟိုတုန်းကတော့ မောင်ဘုန်းဆီဆက်မယ့်သူက ချစ်ကြင် စရာ မဒီခင်ကညာနဲ့ မိဘတွေပဲ ရှိပါတယ်။ အခုတော့ သိသမျှလူတိုင်းက ဖုန်းနဲ့ဆက်ကြပါတယ်။ ဖုန်းကို စိတ်နာပေမယ့် မစိမ်းကားနိုင်ပါဘူး။
မစိမ်းကားနိုင်ဘူးဆိုကာမှ ဖုန်းနဲ့ပတ်သက်လို့ကြုံရတာတွေကလည်း ငိုရမှာလား။ ရီရမှာလား ဘာမှန်းမသိ။ ဖုန်းသံကြားလို့ကောက်ကိုင်လိုက်ရင် ဘယ်သူမှန်း မသိ။ ဘယ်သူ့နာမည်မှန်းမသိ။ ဖုန်းတွေ မှားပြီး ခဏခဏဆက်ကြပါတယ်။ ဖုန်းကိုင်လိုက်တာနဲ့ဘယ်သူလဲဆိုတာလည်းမမေး ကိုသားကြီးလား။ အရင်အပတ်ကပြောထားတဲ့ကိစ္စ ဘယ်လို့လဲ။ အခုဝယ်လက်က လာမေးနေတယ်ဆိုတာမျိုးနဲ့ တရစပ်လွှတ်ပါတော့တယ်။ ကိုယ့်မှာ ဘာတွေပြောမှန်းလည်းမသိ။ ဘယ်သူ့ကို ပြောမှန်း လည်းမသိ။ ဘာမှလည်း ပြောမရ။ သူ ပြောတာပြီးမှ ဘယ်သူ့ကို ဆက်တာလဲမေး။ ဖုန်းမှားနေတယ် ပြောရပါတယ်။ အံမာ တခါတလေ သူကလည်း ဖုန်းမှားဆက်သေး။ ကိုယ့်ကိုတောင် ဘုတောသွားပါသေးတယ်။ နဂိုတည်းက ဖုန်းကို အချဉ်ပေါက် နေပါတယ်ဆိုမှ ဘယ်လိုလူတွေနဲ့လာတွေ့ရတယ်မသိ။ တချို့ကျတော့လည်း ဖုန်းမှားနေပါတယ်လို့ပြောတာတောင် အရစ် က ရှည်နေသေးတယ်။ ကိုဘယ်သူလေ မဟုတ်ဘူးလား။ မဟုတ်ဘူးလား လုပ်နေပါသေးတယ်။ ကိုယ်ကပဲ သူ့ကို လိမ် နေသလိုလို။ တချို့ကျတော့လည်း ရုပ်တည်ကြီးနဲ့ကို ဘယ်သူကို သွားခေါ်ပေးပါဆိုပြီး ပြောတဲ့သူကရှိသေး။ တနေ့ တနေ့ အဲ့လိုလူတွေနဲ့ကြုံနေရတော့ စိတ်ပေါက်လာပါတယ်။ စိတ်ပေါက်ပေမယ့်လည်း ပိတ်တော့ မဟောက်လိုက်ပါဘူး။ ရိုင်းရာကျ မှာစိုးလို့ပါ။ တခါတလေ မစ်ကောတွေ တွေ့ရလို့ ဖုန်းပြန်ဆက်တော့ သူမဆက်ပါဘူး လုပ်တတ်ပါသေးတယ်။ တကယ်ပါ ပြောရရင် ကုန်နိုင်ဖွယ် မရှိပါဘူး။ ကျွန်တော် ရင်မှာမချိပါဘူး။
ဖုန်းဆက်တယ်ဆိုတာလည်း ဖုန်းအန်းတီးကတ်တော့ ရှိသေးတယ်ဆိုတာ မသိတဲ့လူကလည်း ရှိပါသေးတယ်။ တခါတလေ သန်းခေါင်းယံအချိန်မတော်မှ ဖုန်းက ထမြည်ပါတယ်။ ကိုင်လိုက်တော့ ဘယ်က မှန်းမသိတဲ့လူက ဘာတွေမှန်းမသိ လာ ပြောနေပါတယ်။ တော်တော် စိတ်တိုရပါတယ်။ ဖုန်းကို ချပစ်ရပါတယ်။ ဖုန်းကနေ အင်တာနက်လည်း သုံးလို့ရလာတော့ အကျိုးတော့ ရှိပါရဲ့။ သတင်းအချက်အလက်ကစလို့ ဆိုရှယ်နက်ဝဘ်တွေမှာ စကားပြောလို့ရလာပါတယ်။ အထူးသဖြင့် မြန်မာပြည်မှာ ဟော့နေတဲ့ ဖေ့ဘုတ်ကို တွင်ကျယ်စွာ သုံးလာကြပါတယ်။ ဖုန်းကို စိတ်နာပေမယ့် တလ တလ ဖုန်းဘေးလ်က မနည်းလှပါဘူး။ ဘယ်နည်းပါ့မလဲ။ အင်တာနက်သုံး။ စာမူကိစ္စနဲ့မဂ္ဂဇင်းတွေ ဖုန်းဆက်နဲ့ဖုန်းဘေလ်က တဖြောဖြောပါပဲ။ အင်တာနက်ကလည်း မီဂါဘိုက်နဲ့ဖြတ်တာဆိုတော့ ကုန်သလားမမေးပါနဲ့။ တခါတလေ အင်တာနက်ဝဘ်ဆိုဒ်ပွင့်ဖို့စောင့်ရတာနဲ့တင် ဖုန်းဘေလ် တော်တော်ကုန်ပါတယ်။
အရင်တုန်းက ဖုန်းမရှိတုန်းကတော့ မောင်ဘုန်းက အိုကေပါတယ်။ လက်ဖက်ရည်ဆိုင်ရောက်လည်း ကိစ္စမရှိပါဘူး။ ဘော လုံးပွဲသွားကြည့်နေလည်း ကိစ္စမရှိပါဘူး။ အခုတော့ ဖုန်းတွေရှိနေပြီဆိုတော့ မောင်ဘုန်း မချောင်တော့ပါဘူး။ အထက်အရာ ရှိကိုလည်း ပတ်လို့မရ။ မိန်းမကိုလည်း လှည့်လို့မရ။ လက်ဖက်ရည်ဆိုင်ထိုင်နေတုန်း ခေါ်လာပြန်ပြီ။ ဒီဖုန်းနဲ့။ ဘောလုံး ပွဲကြည့်နေတုန်း ခေါ်ပြန်ပြီ ဒီဖုန်းနဲ့။ ဒီလိုနဲ့ဖုန်းကို မုန်းစရာတွေ တိုးတိုးလာပါတယ်။ တခါတလေကျတော့လည်း ဖုန်း ပြော တာကို တဖက်လူကသာမသိတာ ကိုယ့်ရပ်ကွက်တခုလုံးကတော့ သိသွားပါတယ်။ အော်ပြောရတာ လည်ချောင်းတောင်နာ တယ်လေ။ တခါတလေကျတော့ ဟိုဘက်ကလည်း ဟဲလို၊ ဒီဘက်ကလည်း ဟဲလိုနဲ့ ဟဲလိုတလုံးပဲ ပြောလိုက်ရပါတယ် ဖုန်းဘေလ်တွေတက်သွားပါတယ်။ ဘာမှမပြောလိုက်ရပါဘူး။
အခုတော့ မြန်မာပြည်မှာ ဖုန်းနဲ့ပတ်သက်လို့ လူတိုင်း ခေတ်မီသွားကြပါပြီ။ ဘာပဲဖြစ်ဖြစ် ဒါ ကောင်းတဲ့တိုးတက်မှုပါ။ ကိုယ့် ဘာသာ ဖုန်းကိုစိတ်နာပေမယ့် ကောင်းကွက်ကိုတော့ အသိအမှတ် ပြုရမှာပါပဲ။ အခုတော့ အိမ်က ငါးနှစ်အရွယ်သားကလည်း ဖုန်းနဲ့။ ပဲပြုတ်သည်လည်း ဖုန်းနဲ့။ ရွာက ဂွက်ထော်လည်း ဖုန်းနဲ့။ အကုန်လုံး ဖုန်းကိုယ်စီနဲ့ဆိုတော့ ကမ္ဘာကြီးဟာ ရွာကြီး တရွာဖြစ်လာသလို မြန်မာဆိုတာလည်း ရပ်ကွက်တခုစာလောက်ပဲ ရှိတော့ပါတယ်။ ဖုန်းကိုယ်စီနဲ့မို့လူတိုင်းအပြုံးကိုယ် စီနဲ့ဖြစ်နေကြပေမယ့် ဤဖေကိုယ်ကတော့ အပြုံးမဝေဖြာနိုင်တဲ့ ဖုန်းဝေဒနာ တပွေ့တပိုက်ကို အခုထိ မကျေမချမ်းနိုင်သေး ပါဘူး။
သြော် သြော် ဖုန်း၊ ဖုန်း။ မရှိလည်းခက် ရှိလည်းခက်၊ မပြောလည်းခက် ပြောလည်း ခက်ပါတကား။