ရဲရင့်သက်ဇွဲ - ခရီးသည် (၂)
(မိုးမခ) ဒီဇင်ဘာ ၁၉ ၊ ၂၀၁၅
ဆောင်းဦးကာလရဲ့မြူနှင်းတွေ
ဝင်ရိုးစွန်းဒေသမှာယင်းထနေပုံများ
မယုံနိုင်စရာငါ့အတွက်အသစ်ပါပဲ ..
လမ်းမများဖြောင့်ဖြူးကျယ်ဝန်း
ကောက်ကွေ့ကျဉ်းမြောင်း
သစ်တောများမျက်စေ့တဆုံး
ရေအိုင်ရေပြင်များနေရာတိုင်းမှာမြင်ရတယ်။
ဒါဟာ.. လတ်တလောငါ
ငါ့သားကိုစကိုက်ပ်ကနေပြောပြနေတဲ့
ဝင်ရိုးစွန်းနိုင်ငံတခုရဲ့တောင်ပိုင်းကို
ဖြတ်သန်းခြင်းအကြောင်းပေါ့……။
ငါ… ဒီဝင်ရိုးစွန်းမှာ
ကဗျာဆရာကြီးခင်အောင်အေးနဲ့တွေ့လိုက်ရတယ်
ကိုကိုသက်နဲ့တွေ့တယ်
နတ္တလင်းလူ့ဘောင်သစ်ကိုလင်းနဲ့တွေ့တယ်
ကဗျာဆရာမြတ်သစ်နဲ့တွေ့တယ်
ဘလောက်ဂါသာဆွေနဲ့တွေ့တယ်…
ကဗျာဆရာကြီးမောင်အောင်ပွင့်သား
ကိုငြိမ်းချမ်းနဲ့ဖုန်းပြောဖြစ်တယ်
ပြီးတော့ငါ့ဘ၀ကိုငါပြန်တွေးတယ်
ငါပြန်တွေးတယ်…..။
သေချင်လို့တံတားပေါ်ကနေ
ရေထဲခုန်ချလိုက်တယ်
ရေရဲ့အေးခဲမှုအထိအတွေ့က
အသက်ကိုကုန်းမြေအပေါ်ပြန်ဆွဲတင်ခဲ့တယ်
သံသရာမှာဝဠ်ကြွေးမကုန်ပုံများ
ဒါကိုဘ၀လို့ငါယုံလိုက်ရမှာလား။
ငယ်ငယ်တုံးကစာစုံဖတ်တယ်
အတွေးစုံတယ်ဖြစ်ချင်တာတွေစုံတယ်
အဲဒီထဲကမှမဖြစ်လာတာတွေအပုံပဲ
ကံကိုယုံလို့ဆူးပုံနင်းတယ်
ဆူးဆူးတာပဲအဖတ်တင်တယ်
တရွာမပြောင်းသူကောင်းမဖြစ်
သေချင်တဲ့ကျားငါဖြစ်သွားလား။
မီးစတဖက်ရေမှုတ်တဖက်
လောကရဲ့လှည့်စားချက်များ
ငါဘယ်သူလဲငါဘယ်ကလာတာလဲ
ငါဘယ်ကိုသွားမလဲအဖြေရှာ
ဝင်ရိုးစွန်းရဲ့အဝေးပြေးလမ်းမများအပေါ်
(ခင်ဝမ်းရဲ့အဝေးပြေးကိုသတိရ)
ပြေးလွှားနေတဲ့ကားကိုငါစီး
ဖျတ်ကနဲလက်သွားတဲ့အလင်းရောင်အာက်မှာ
ငါရှာနေတဲ့အရာ
ဇာတိဇရာဗျာဓိမရဏ….ငါ့ကိုစီးလို့……။