![]() |
ကာတွန်း စောငို ၏ အစဉ်ခေတ်မီနေသော ကာတွန်း (၂၀၁၂ တုန်းကတည်းက ဆွဲထားတာ) |
မောင်လူရေး - မိဘများအမှူးပြုနတ်လူသာဓု ခေါ်စေသောဝ်
(မိုးမခ) ဒီဇင်ဘာ ၂၅၊ ၂၀၁၅
မြန်မာတော်တော်များများအများမြင်နိုင်ကြားနိုင်သည့်လုပ်ငန်းတွေဆိုရင်ဘာလုပ်ငန်းဘဲ လုပ်လုပ်မိဘကိုရည်စူး၏။မိဘကိုအမှူးထား၏။
ဒီအစဉ်အလာသည်အများနှင့်ဆိုင်သည့် လုပ်ငန်းတိုင်းအပေါ်သက်ရောက်လာ၏။ရပ်ရွာနှင့်ဆိုင်ရာဘာလုပ်လုပ် “မိဘပြည်သူများခများ”ဟုစကားစချီကြတော့၏။အနို့သို့မို့ကြောင့်အများပြည်သူနှင့်ဆိုင်သော ကိစ္စရပ်တိုင်းတွင်ဘာဘဲလုပ်သည်ဖြစ်စေမိဘများအတွက် လုပ်နေရသည်ဟူသောအသိသညာအလိုလိုကပ်ရကားမဟုတ်တယုတ် မလုပ်ဖြစ်တော့ပေ။အမွန်အကောင်းတွေကိုကောင်းကောင်းမွန်မွန်လုပ်အောင်ထိန်းကျောင်းသလိုဖြစ်သွားတော့သည်။
ယင်းအစဉ်အလာကိုသမတကြီးသည်ကမ္ဘာသိပရိုမိုရှင်းလုပ်သည့်အနေဖြင့်လစဉ်မိန့်ခွန်းတိုင်းတွင်"မိဘပြည်သူများခများ"ဟုရွတ်ဆိုမြည်တမ်းလေ့ရှိ၏။ကောင်းလေစွ။
သို့သော်သမတကြီးကားမိဘပြည်သူများကိုရန်သူသဖွယ် မယုံသင်္ကာဖြစ်လာသည့်အတွက် အကာအကွယ်ယူရေးဥပဒေ ထုတ်ပြန်ဖို့ ကျိုးစားလာသည်ကိုမယုံနိုင်ဘွယ်ရာတွေ့လာရသည်။
ယင်းသို့သမတကြီး၏ဖြစ်ပုံကိုထောက်ချင့်ကြည့်လျှင်မိဘပြည်သူများခမျာအစဉ်အလာ၏အနှစ်သာရဖြစ်သည့်မိဘများအတွက်လုပ်နေရသည်ဟူသောအသိသညာကပ်ပါမလာတော့ဟုဆိုရပေမည်။ဤကားမြန်မာ့လူ့အဖွဲ့အစည်းအတွက်ကြောက်မက်ဖွယ်ရာပင်။အလွန်တရာပင်ကြောက်မက်ဖွယ်ကောင်းလှတော့သည်။
ယင်း - အကာအကွယ်ယူဥပဒေ ထုတ်ရန်လုပ်ဆောင်ချက်သည်ကိုယ့်မိဘကိုကိုယ် မယုံတော့၊ဘယ်သူ့ကိုမှမိဖသဖွယ် သဘောမထားနိုင်တော့ဟုဆိုလိုရုံမျှမကရန်သူတွေမယုံရသူတွေအဖြစ်သဘောထားပြောင်းသွားခြင်းပင်ဖြစ်လေရကားထိုမှတဆင့်တက်လျှင်ခြေမှုန်းရမည့်သူတွေအဖြစ်ဆက်လက်ပြောင်းလဲသွားတော့မည်။
သမတကြီးတောင်ဒီလိုဖြစ်သည်ဆိုလျှင်တိုင်းနဲ့ပြည်နယ်မြို့နယ်ရပ်ကျေးအဆင့်ဆိုလျှင်မိမိတို့ရပ်သူရွာသားများအပေါ်သဘောထားပုံမှာအဘယ်သို့လျင်ဆိုဘွယ်ရာရှိချေတော့မည်နည်း။
မြန်မာ့မေတ္တာကိုအိုးမဲသုတ်လောက်အောင်အခြေအနေထိဆိုက်ရောက်လာသောယင်းသို့သောအခြင်းအရာထူးသည်အဘယ့်ကြောင့်ဖြစ်ဘိလေသနည်းဟုသုံးသပ်ဆင်ခြင်သောအခါသမတကြီးသည်အစဉ်အလာကိုတဝက်တပျက်သာပရိုမိုရှင်း လုပ်မိသောကြောင့်ဖြစ်ကြောင်းတွေ့ရလေသည်။
မြန်မာ့အစဉ်အလာတွင်မိဘများကိုရည်စူးအမှူးထားသောလုပ်ငန်းတိုင်းတွင်နတ်လူသာဓုခေါ်စေသောဝ်ဟုအဆုံးသတ်ထားတတ်သည်။ယင်းမှသာကောင်းရာမွန်ရာတွေကိုချည်းလုပ်မည်။ကောင်းကောင်းမွန်မွန်လုပ်မည်။နတ်ရောလူရောဗြဟ္မာရောမြင်သမျှကြားသမျှသာဓုခေါ်မည်။ကောင်းချီးပေးမည်။ကောင်းချီးပေးစရာပျော်ရွှင်စရာတွေချည်းလုပ်မည်။မိဘများအတွက်လုပ်နေသည်ဟူသောအသိသညာအမြဲကပ်နေမည်။ယင်းရည်ရွယ်ချက်အထိပေါက်မြောက်စေရန်ရည်ရွယ်ထားသော"နတ်လူသာဓု ခေါ်စေသောဝ်"ဟူသောအချက်ကိုသမတကြီး၏ မိန့်ခွန်းအဆုံးတွင်ထည့်သွင်းရွတ်ဆိုခဲ့ခြင်းမရှိပေ။ထို့ကြောင့်ရကားသမတကြီးလက်ထက်တွင်ရိုက်နှက်ခြင်း၊သတ်ဖြတ်ခြင်း၊ထောင်သွင်းခြင်း၊မီးလောင်တိုက်သွင်းခြင်း၊စစ်ပြုခြင်းစသည့်နတ်လူစိတ်ညှိုးနွမ်းစရာများဖြစ်ပေါ်ခဲ့ပေသည်။
နောက်တက်လာမည့်အစိုးရအဆက်ဆက်သည်လက်ရှိသမတကြီးဦးသိန်းစိန်လို “မိဘပြည်သူများခများ” လောက်တင် မဟုတ်ဘဲ “နတ်လူသာဓု ခေါ်စေသောဝ်” ထိလုပ်ကြရန်မေတ္တာရပ်ပါသည်။
အနို့သို့မဟုတ်လျှင်သမတကြီး၏အကာအကွယ်ယူမှုဥပဒေကိုထောက်ခံကြရန်သာ ရှိတော့ပါကြောင်း။