ဖိုးထက် - ရှစ်နာရီအတွင်း ဘန်ကောက်မှာ တန်းစီပြီး
(မိုးမခ) ဒီဇင်ဘာ ၂၇၊ ၂၀၁၅
ကြိုက်တယ်။ ဒါမျိုးမှ ကြိုက်တာ။ အားရတာ။ ကျေနပ်တာ။ ပီတိဖြစ်ရတာ။
လူဆိုတာ ဒါမျိုးမှ။ကိုယ့်ခွန်အားကို ကိုယ်သိတဲ့လူဆိုတာ လူသူတော်ကောင်း။ ပညာရှိ မဟုတ်ဘူးလား။
နေပါအုံး။ ဆိုင်းမဆင့် ဘုံမဆင့် ပတ်မဆင့် ဘာတွေ ပြောနေတာလဲလို့ သိချင်လာရင် ဆန္ဒမစောကြပါနဲ့လို့ လေချိုလေးနဲ့ ပြောရမှာဘဲ။ ပြောပါ့မယ်။ တဖြည်းဖြည်းတော့ ဇာတ်ရည် လည်လာမှာပေါ့။ ကျုပ် ကျေနပ် ပီတိ အားရတဲ့ အကြောင်းတွေကိုပေါ့။
ကျုပ်မှာ သူငယ်ချင်းစာရင်း ၁၁ ယောက် တိတိကြီးများတောင် ရှိတဲ့ Facebook အကောင့် ရှိတယ်။ ခေတ်ကြီးကို အမှီလိုက်ဖို့ သတင်းတွေ အမြဲ up to date ဖြစ်ဖို့နဲ့ မနက်မိုးလင်း facebook နဲ့ မျက်နှာသစ်၊ status လေးတစ်ခုမှ မတင်ရရင် လေဖြတ်ချင်သလိုလို၊ သွက်ချာပါဒ လိုက်ချင်သလို ဖြစ်နေတတ်တဲ့ အမျိုး အရင်းကြီးတွေနဲ့ ဆက်သွယ်ရအောင် လွယ်ကူဖို့ ကျုပ် Facebook သုံးတယ်ဘဲ ဆိုပါတော့။ ကျုပ်ကို ခိုးကြောင်ခိုးဝှက်သုံးတယ်၊ လူရာမ၀င်လို့ အဲဒီလို သုံးတယ်ဆိုပြီး အမျိုးမျိုး သမုတ်ကြတာဘဲ။ ကြိုက်သလို ပြောပေါ့။ ကျုပ်က စိတ်ရှုပ်မခံနိုင်ဘူးရယ်။ လူတွေရဲ့ မနာလို ၀န်တိုမှုတွေ၊ အောက်ကလိအာ ပြောသံတွေ၊ ကြွားဝါတာတွေ၊ ကိုယ်သိ ကိုယ်တတ်လုပ်တာတွေ၊ ငါနဲ့ မတူ ငါ့ရန်သူ လုပ်ကြတာတွေ ကျုပ်မခံနိုင်ဘူး။ ထားပါ။ ကျုပ်ပြောချင်တာက ကျုပ် FB အကောင့်က သတင်း ဖတ်ဖို့နဲ့ အမျိုးအရင်းတွေနဲ့ လိုအပ်ရင် ဆက်သွယ်ဖို့။
ဒီနေ့တော့ ကျုပ်ရဲ့ FB အကောင့်လေးကို သုံးပြီး သတင်းတွေ ဖတ်နေတုံး ကျုပ် အမျိုးရင်းကြီး တစ်ယောက်က Status တစ်ခုကို ရှယ်တယ်။ မူရင်း ရေးသူက ဖေစစ်ကြီးဆိုလား ဖေမစစ်ကြီးဆိုလား။ သူ့ဘာသာ ဖေ စစ်စစ်၊ မစစ်စစ် ကျုပ်အလုပ် မဟုတ်ပါဘူးလေ။ သူက လက်ရှိ ထိုင်းမှာ မြန်မာ ကောင်လေး နှစ်ယောက် သေဒဏ်ပေးခံရတာနဲ့ ပါတ်သက်ပြီး ပြောတာပါ။ ဘာတဲ့ “ တိုက်ခွင့်သာ ပေးပါ တပ်ချုပ်ကြီး။ ၂၄ နာရီအတွင်း ဘန်ကောက်မှာ လူစစ်၊ တန်းစီပြီးသား ဖြစ်ရမယ်” တဲ့။ ကျုပ်က အဲဒါတွေ အားရတာ။ မြန်မာ့ တပ်မတော်ရဲ့ ခွန်အား ဒီလူ ကောင်းကောင်း သိတာပါရော။
အခုခေတ်ကြီးမှာ စစ်လက်နက်ကြီးတွေ ဘယ်လောက် မိုးပျံအောင် ခေတ်မှီပါစေ ခြေလျင်တပ်က မသိမ်းပိုက်နိုင်ရင် အလကားဘဲ။ လက်ရှိ ဆီးရီးယားက ISIS တွေ စီးထားတဲ့ နေရာကို ကြည့်ပါ့လား။ လေကြောင်းကနေ၊ ရေထဲကနေ မျိုးစုံ ၀ိုင်းဆော်နေကြတာဘဲ။ ခြေလျင်တပ် မလိုက်နိုင်တော့ အလကား ပိုက်ဆံ ကုန်တာဘဲ အဖတ်တင်တာဘဲ။ ဘယ်မှာ မျိုးပြုတ်အောင် တွယ်နိုင်လို့တုံး။ ထိုင်းမှာ လေယာဉ်တင် သဘောင်္၊ ရေငုပ် သဘောင်္၊ F16 တိုက်လေယာဉ် ဘယ်နှစ်စီး ရှိရှိ ကျုပ်တို့ရဲ့ “တပ်မတော်ကြီးလဲ ချီလာပါပြီ။ အောင်တပ်မတော်ကြီးလဲ ချီလာပါပြီ။ မြန်မာအာဇာနည်။ ခိုင်မာအောင်သာ ငါတို့ ကြံဆောင်မည်။ အောင်ပြီ။” ဆိုတဲ့ သီချင်းလိုဘဲ ကျုပ်တို့ မြန်မာစစ်တပ်က အောင်တပ်တော်ကြီး ဟုတ်ဘူးလား။
ကျုပ်က မြန်မာ့ တပ်မတော်ကို သိပ်အားရတာ။ ဂုဏ်ယူရတာ။ အားကျလွန်းလို့ ဆယ်တန်းအောင်ပြီးတော့ မွေးသမိခင် ကျေးဇူးရှင်က ဇွတ်အတင်းကာရော ဗိုလ်သင်တန်းသွားဖြေခိုင်းတော့ ကျုပ်သွားဖြေတာပေါ့။ ရန်ကုန်ကို နယ်ကနေ ဘ၀မှာ ပထမဦးဆုံး ရောက်ဖူးခြင်း။ တစ်ယောက်တည်း အမေမပါဘဲ ခရီးသွားခြင်းဘဲ။ စာပို့ရထားကြီးနဲ့ သွားတယ်။ ဘုရင့်နောင် ဧည့်ရိပ်သာမှာ ခဏတည်းတယ်။ ပြီးတော့ မင်္ဂလာဒုံ အထွက်က ဗိုလ်လောင်း ရွေးချယ်ရေး အဖွဲ့ဆီ သွားပြီး အရွေးခံရတယ်။ ကျုပ်က ဘယ်ကျူရှင်မှလဲ မယူထားဘူး။ ဘယ်သင်တန်းမှလဲ တက်မထားဘူး။ ဒါပေမယ့် ဗိုလ်ဖြစ်ချင်တဲ့ ဆန္ဒကတော့ အခြားကောင်တွေထက် မလျော့ဘူး။ ဗိုလ်တောင်မှ ရိုးရိုးဗိုလ်မဟုတ်ဘူး။ လေတပ်ဗိုလ်။ လေတပ်ကို လျှောက်တယ်။ ရေးဖြေ။ ဖြေနိုင်ဘူး။ ချက်ကရီ သီရိဒုံ မန္တလေးလာတော့ ဘယ်ဘုရားမှာ ဘာလှူသွားလဲလို့ မေးတာတော့ မှတ်မိတယ်။ သူ့ဘာသာ အားလို့ လာလည်ပြီး သွားချင်တဲ့ ဘုရားသွားပြီး လှူချင်တာ လှူတာ။ကျုပ်က ဘယ်နှယ့်လုပ် သိမှာတုံး။ ဟုတ်ဘူးလား။
လက်တွေ့။ အဖွဲ့လိုက် အခက်အခဲ ဖြတ်ကျော်ခြင်း။ တစ်ဦးတည်း အခက်အခဲ ဖြတ်ကျော်ခြင်း။ ဖြေနိုင်တယ်လို့ ထင်လား။ ဘယ်ကလာ။ ကျုပ်မဖြေနိုင်ပါဘူး။ လူငယ်ကလေးတွေထဲကမှ ခပ်ရဲရဲ တင်းတင်းရင်းရင်း ရှိတဲ့ သူတွေ ရွေးတာမို့လား။ အမျိုးအဆွေတွေထဲမှာ စစ်မျိုး စစ်နွယ်ပါရင်တော့ မျှော်လင့်ချက် ပိုရှိတာပေါ့လေ။ ကျုပ်လို အမျိုးထဲမှာ စစ်သားမရှိတဲ့သူ လူကြောက်တတ်၊ အရည်အချင်း မရှိ၊ ခေါင်းမဆောင်တတ်တဲ့ ကောင်မျိုး လက်တွေ့မှာ ရလိုက်မယ့်အမှတ်။ စဉ်းစားသာ ကြည့်ပါတော့။
ဟော ... လူတွေ့စာမေးပွဲက နောက်ဆုံး။ ဗိုလ်မှူးကြီးတွေက ရေတပ်၊ ကြည်းတပ်၊ လေတပ် အစုံကဘဲ။ လေးယောက်လား ငါးယောက်လား မမှတ်မိတော့ဘူး။ သူတို့အကုန်လုံးက ကျုပ်ကို ၀ိုင်းကြည့်။ ကျုပ်လို မျက်နှာငယ်ငယ် နှာပြည်စုတ် စုတ်ချွန်းချွန်းအကောင်ကို မြင်ကတည်းက သိပုံရပါတယ်။ အထင်မကြီးဘူး ထင်ပါတယ်။ မေးတဲ့ မေးခွန်းတွေ ကြည့်အုံး။
“မင်းက မန္တလေးကဘဲကွ။ မန္တလေး တည်ထောင်တဲ့ ခုနှစ်သိသလား”
“သိပါတယ်။ အုတ်ကျစ်ကျော်အေး မန္တလေးပါ။”
သူတို့ အကုန်လုံး မျက်လုံးပြူးကုန်တယ်။ ဒီအကောင် တယ်လာပါလားပေါ့။ ငါတို့ကို စာနဲ့ ပေနဲ့ ဖြေတယ်ပေါ့။
“ကိုင်း ဒါဆို လုပ်စမ်းပါအုံး။ ခုနှစ် သက္ကရာစ်နဲ့ ဆိုရင်ကောကွာ”
“ဦးကျော်အေး အုတ်ကျွတ်တွေ ရောင်းတဲ့ နှစ်ပါ”
ရီလိုက်ကြတာ ပါတ်တုတ်မရဘူး။ သူတို့ခမြာ အိဒြေ္နကို ပျက်ကုန်ရော။ ကျုပ်ကတော့ ခပ်တည်တည်ဘဲ။ အထဲကို မ၀င်ခင်ကတည်းက အပြင်မှာ သေချာ မှာလိုက်တယ်မို့လား။ လေမရှည်နဲ့။ လူကြီးတွေ ရီရင် လိုက် မရီနဲ့လို့လေ။ ဒါနဲ့ နောက်တစ်ယောက်က မေးခွန်းဆက်တယ်။ စိတ်ထဲလဲ ရှိလို့မေးဟန် မတူပါဘူး။ ဒီကောင် ဟာသကောင်၊ ဂျိုကာကောင် ၀တ်ကျေတန်းကျေ မေးလိုက်မယ်ဆိုတဲ့ သဘောနေမှာပါ။
“မင်းက လေတပ် လျှောက်ထားတယ် မို့လား”
ကျုပ် ခေါင်းငြိမ့်တယ်။
“ဟရောင် ပါးစပ်မပါဘူးလား။ မင်း ပါးစပ်က အနေသလား။ လူကြီး မေးတာ မခံ့လေးစားနဲ့။ ပါးစပ်နဲ့ ဖြေ။ ဖင်ထဲက အသံနဲ့ မဖြေနဲ့။ ခပ်ကျယ်ကျယ်ဖြေ။”
ကျုပ် အောင့်သွားတယ်။ ကျုပ်က မရိုသေလို့လဲ မဟုတ်ဘူး။ မလေးစားလို့လဲ မဟုတ်ဘူး။ သူတို့ရီထားကြတဲ့ အရှိန်နဲ့ လူက ထူပူပြီး ခေါင်းငြိမ့်ဖြေမိတာ။ ဒီလောက်ကြီး ငေါက်လာတော့ အိမ်မှာအငယ်ဆုံး စကားတောင် ခပ်တင်းတင်း အပြောမခံရတဲ့ ကောင် စိတ်က ခုပြီပေါ့။
“ဟုတ်ကဲ့” လို့ ခပ်ကျယ်ကျယ်လေး ဖြေလိုက်တယ်။
“ကိုင်း ဒါဆို ဒီအခန်းရဲ့ အနံ ဘယ်လောက် ရှိမလဲ” ဆိုပြီး ကျုပ်ကို မျက်နှာကျက်ကို လက်ညှိုးထိုးပြတယ်။
မျက်နှာကျက်မှာ လေးပေမီးချောင်း နှစ်ချောင်း ဆက်ထွန်းထားတယ်။ မြန်မာတွေ အခန်းဖွဲ့ရင် ကိုးလို့ကန့်လန့် အနံကိုမယူဘူးဆိုတာ ကျုပ်သိတယ်။ ဆိုလိုတာက ရှစ်ပေ အခန်းတို့ ခုနှစ်ပေ အခန်းတို့၊ ဆယ့်နှစ်ပေ အခန်းတို့ဆိုတဲ့ အခန်းအနံကို မြေနေရာသာ မငဲ့ရရင် ယူခဲတယ်။ ဒီတော့ ဆယ်ပေအခန်းပေါ့။ ဒါပေမယ့် ခက်တာက ကျုပ် မဖြေချင်တော့ဘူး။ စိတ်မပါတော့ဘူး။ နဂိုကမှ စိတ်က ပါတာ မဟုတ်ဘူးရယ်။ အမေစိတ်ချမ်းသာအောင်ရယ်၊ ကျုပ် ရန်ကုန် ရောက်ဘူးတယ် ရှိအောင်ရယ်။ ဒီနှစ်ခု ပေါင်းပြီး လာဖြေတာ။ အခုလို ငေါက်ငန်းနေတာ မကြိုက်ဘူး။ ဒီတော့
“မသိပါဘူး”
“ဟရောင် လေတပ်လဲ လျှောက်သေးတယ်။ ဒါလေးတောင် မသိဘူးလား။ မင်း လေယာဉ်ပေါ်က ငုံ့ကြည့်လို့ မြစ်ကြီးက ဘယ်နှစ်ပေ လောက် ကျယ်တယ်။ တောင်ကုန်းက ဘယ်နှစ်ပေလောက် ကျယ်တယ် ဆိုတာလောက်ကို ဒီပုံနဲ့ ဘယ်လို ခန့်မှန်းမတုံး။ အေး…အေး…ဒါဘဲ ဒါဘဲ..သွားနိုင်ပြီဆိုပြီး ကျုပ်ကို မောင်းထုတ်လိုက်ကြတယ်။ ထင်တဲ့ အတိုင်း ကျုပ် မအောင်ပါဘူး။
ကျုပ်ဝန်ခံပါတယ်။ ကျုပ်ညံ့လဲ ညံ့ပါတယ်။ ဗိုလ်လောင်းပါဖို့ အရည်အချင်းလဲ မရှိခဲ့ပါဘူး။ ဒါပေမယ့် ကျုပ်နဲ့ မန္တလေးကနေ အတူတူ လာခဲ့တဲ့ သူငယ်ချင်းတွေ အများစု ဗိုလ်လောင်း အရွေးခံရတယ်။ တစ်ချို့ဆို အခု ဗိုလ်မှူး၊ တပ်ရင်းမှုးတွေတောင် ဖြစ်နေပြီ။ ကျုပ် စစ်တပ်အပေါ်မှာ သံယောဇဉ်က ပြတ်မသွားပါဘူး။ မြန်မာပြည်စစ်တပ် ခေါင်းဆောင်ပိုင်း ဘယ်လောက် သောက်သုံးမကျပါစေ ကျုပ်စစ်တပ်ကိုမုန်းလဲ မမုန်းဘူး။ စိတ်လဲ မနာပါဘူး။ တကယ်က ကမ္ဘာပေါ်မှာ သိပ်သနားစရာ ကောင်းတဲ့ စစ်တပ်ပါ။ ငတ်က ငတ်ရသေး။ သောက်ပြစ်လဲ အတင်ခံရသေးဆိုတဲ့ စစ်တပ်ဟာ မြန်မာပြည်စစ်တပ်ဘဲ။ အငတ်ငတ် အပြတ်ပြတ်ဘ၀တွေထဲကနေ မြန်မာပြည်စစ်တပ်ဟာ ကမ္ဘာ့အဆင့်ဝင်တာ ကျုပ်သိပါတယ်။ ကမ္ဘာ့ပေါ်က အင်အားကြီး စစ်တပ်ကြီးတွေတောင် ကျုပ်တို့ စစ်တပ်လောက် ကျင့်သားရမယ် မထင်ဘူး။ လေ့ကျင့်ခန်း ဆင်းစရာ ရှိမယ် မထင်ဘူး။ ကြိုက်တဲ့ အချိန်၊ ကြိုက်သလို ထတိုက်ပြီး လေ့ကျင့်ခန်း ယူလို့ရနေတဲ့ စစ်တပ် အဆင့်က မမှီ ရှိမလားလို့ နော့။
ဟော…အခု အဲဒီ ဖေစစ်ကြီးဆိုတဲ့ ဘဲကြီးက ၂၄ နာရီအတွင်း ဘန်ကောက်ထိ ရောက်မယ်ဆိုတာ သူများတွေ ယုံချင်ယုံ မယုံချင်နေ ကျုပ်ယုံတယ်။ ဒါ လုပ်ရမယ့် ကိစ္စ။ ထိုင်းတရားရေး၊ မြန်မာပြည် တရားရေး ဆိုတာ မောရစ်ကောလစ်တို့ အင်္ဂလိပ်ခေတ်ကလို အားကိုးလို့ မရတဲ့ တရားရေးတွေဆိုတာ ကျုပ်တို့ သိကြသားဘဲ။ အုပ်ချုပ်ရေးပိုင်းက ကြိုက်သလို ၀င်ချယ်လှယ်နေတဲ့ တရားရေးတွေဆိုတာ လူတိုင်းသိတာဘဲ။ နည်းနည်းမှ သုံးစားမရတဲ့ တရားရေးတွေ။
ဒီတော့ သူတို့တရားရေးကို အားကိုးမနေဘဲ ခပ်ပြောင်ပြောင်တင်းတင်း တက်တိုက်ပြီး ၂၄ နာရီအတွင်း ဘန်ကောက်ကို သိမ်းတာ မကောင်းဘူးလား။ ထိမ်းထိမ်းသိမ်းသိမ်း လုပ်တွေ ဘာတွေ စတဲ့ ရွှေပြည်အေး တရားတွေ မဟောနဲ့။ နောက်ပြီး ကျုပ်တို့ သမိုင်းမှာလဲ ဘုရင့်နောင်တို့၊ တပင်ရွှေထီးတို့ ရှိခဲ့တာဘဲ။ သူတို့တုန်းကတောင် နိုင်သေးတာဘဲ။ ကျုပ်တို့လဲ မနိုင် ရှိမှာလားလို့။ ဒါကြောင့်လဲ သူက ဘန်ကောက်မှာ တန်းစီပြီး ဖြစ်ရမယ်လို့ ခပ်ရဲရဲ ပြောနိုင်တာပေါ့။ ဒါတွေကို ကျုပ်က ခိုက်ရတာ။ အားရတာ။ ဂုဏ်ယူတာလို့ ပြောတာပါ။
လုပ်လိုက်ပါ တပ်ချုပ်။ အမိန့်သာ ပေးလိုက်ပါ။ ဖေစစ်ကြီးဆိုတဲ့ ဘဲကြီးကမှ ၂၄ နာရီ ယူသေးတယ်။ ကျုပ်က ရှစ်နာရီအတွင်း ဘန်ကောက်ကို ရောက်စေရမယ်။ ဘန်ကောက် နန်းတော်ရှေ့က အစောင့်ဘေးမှာ တန်းစီ ဓာတ်ပုံ ရိုက်ပြီးသား ဖြစ်စေရမယ်။ ကျုပ်ကို နောက်နေတယ် မထင်နဲ့။ ကျုပ်မှာ Thai Airway က အလကားရထားတဲ့ Open Ticket တစ်စောင်ရှိသေးတယ်။ ဖိုးထက် ရှစ်နာရီအတွင်း ဘန်ကောက်ရောက်ရုံတင် မကဘူး။ ဟို သနားစရာကောင်းတဲ့ ကောင်လေး နှစ်ယောက်ဆီကိုပါ ငပိကြော်ပို့ပြီး ဖြစ်စေရမယ်။ ကျုပ်ကို မျက်ကန်း မျိုးချစ်ပြောပြော၊ မျက်မမြင် မျိုးချစ်ပြောပြော ကျုပ်ကတော့ ရှစ်နာရီကနေ တစ်စက္ကန့်မှတောင် မတိုးနိုင်ဘူး။
ဟဲ…ဟဲ…ဟဲ… (လှောင်ရယ်သံ မဟုတ်။ ယုံကြည်မှု မြင့်မားလွန်းသည့်အခါ ရယ်သော အသံ)
ဖိုးထက်