လင်းသက်ငြိမ် - မိုးကာအင်္ကျီ (အက်ဆေး)
(မိုးမခ) ဒီဇင်ဘာ ၂၉၊ ၂၀၁၅
(မိုးမခ) ဒီဇင်ဘာ ၂၉၊ ၂၀၁၅
ကျွန်တော့်အဖေမှာ မိုးကာအင်္ကျီကြီးတစ်ထည်ရှိတယ်။ ထိုမိုးကာအင်္ကျီဟာ အဖေတို့ရုံးက မိုးရာသီအတွက်ထုတ်ပေးတဲ့ မိုးကာအင်္ကျီကြီးပဲဖြစ်တယ်။
ကျွန်တော့်အဖေက မီးရထားဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်။ သာမာန်အောက်ခြေအဆင့် ဝန်ထမ်းတစ်ယောက်ပါပဲ။ အဖေဟာ ကျွန်တော်တို့မိသားစုကို အလုပ်မျိုးစုံနဲ့ ရှာဖွေကျွေးမွေးခဲ့သူလည်းဖြစ်တယ်။ အခုမီးရထားဝန်ထမ်းအလုပ်ဟာ အဖေ့ရဲ့ နောက်ဆုံးလုပ်ငန်းပဲဖြစ်ပါတယ်။ အဖေပြောလေ့ရှိတဲ့စကားတစ်ခွန်းကတော့ ယောက်ျားဆိုတာ ဒေါင်ကျကျ ပြား ကျကျ နေရမယ်ဆိုတာပါပဲ။ အဖေ့အသက်သည် ငါးဆယ်ကျော်ခဲ့ပြီ။ ပင်ပန်းတဲ့အလုပ်တွေကို ကျွန်တော်မလုပ်စေချင်တော့ဘူး။
အဖေ့ကိုအလုပ်မလုပ်စေချင်တဲ့ ကျွန်တော်ကိုယ်တိုင်က အခုချိန်ထိတည်ငြိမ်တဲ့လုပ်ငန်းတစ်ခုနဲ့ မရပ်တည်နိုင်သေး ဘူး။ ကျွန်တော်လည်း အဖေတူသားလို့ပဲဆိုရမလားမသိပါ။ အလုပ်အမျိုးမျိုးပြောင်းလဲခဲ့ရပြီး မိသားစုရဲ့ဝန်ကို တည်တည်ငြိမ်ငြိမ်ထမ်းနိုင်မယ့်လုပ်ငန်းနဲ့ အခုထိမတိုးခဲ့သေးဘူး။ စီးပွားရေးအသိအမြင်နည်းပါးခြင်းလို့ တွေးမိတိုင်း ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်စိတ်ပျက်ခဲ့ရတယ်။ အဖေနဲ့ အမေကို မပူမပင်လေးထားနိုင်ဖို့စိတ်ကူးဟာ လေကိုကြိုးနဲ့ချည်မိတဲ့အိပ်မက်အဖြစ်ပဲရှိနေဆဲပါပဲ။ အသက်ကသုံးဆယ်နားကပ်နေပြီ အခုထိအသိအမြင်အတွေးအခေါ်မရင့်ကျက်သေးဘူးလို့လည်း ကိုယ့်အကြောင်းကိုယ်ရေးသားထားမိတယ်။ ငွေဟာ ကျွန်တော့်အတွက် ကျွန်တော်တို့အတွက် တကယ်လိုအပ်နေတဲ့အရာဖြစ်တယ်လို့ စာအိတ်တစ်ခုထဲထည့်ရေးပြီး ရေထဲမျှောချဖူးတယ်။
မိုးကာအင်္ကျီအကြောင်းပဲပြောပါတော့မယ်။ မိုးကာအင်္ကျီဟာ အပြာရောင်။ ဆိုဒ်ကလည်းအကြီးကြီးပဲ။ သူ့ပုံစံဟာ စက်ဘီး တို့ ဆိုင်ကယ်တို့စီးတဲ့အချိန် ဝတ်ဖို့ထုတ်လုပ်ထားခြင်းပဲဖြစ်တယ်။ လမ်းလျှောက်သွားရင် ဘယ်လိုမှကြည့်လို့ အဆင်မပြေ၊ ပုံစံကလည်းအတော်တုံးတယ်လို့ ကျွန်တော်ထင်တယ်။ အဖေဟာ မိုးကာအင်္ကျီကိုသတိရတိုင်းမေးတယ်။ အမေကရှိပါတယ်ဆိုတဲ့အကြောင်း မကြာခဏထုတ်ထုတ်ပြရတယ်။ အဖေက မိုးကာအင်္ကျီမေးတဲ့အခါ အမေ့ရဲ့ မြည်တွန်တောက်တီးသံကို ကျွန်တော်နဲ့အဖေ ပြုံးပြီးကြည့်နေခဲ့ရတယ်။
မိုးရာသီအစမှာ မိုးဟာ ထုံးစံအတိုင်းပဲ သူ့အကြောင်း သူပြတာပေါ့။ တဖွဲဖွဲကျလိုက်၊ သည်းသည်းထန်ထန်ရွာသွန်းလိုက်။ အဖေဟာ သူ့မိုးကာကြီးကို ထုတ်မဝတ်ပါဘူး။ အမေက အဖေ့ကို မိုးကာဝတ်သွားဖို့ပြောတိုင်း အဖေဟာ မဝတ်ဘူးလို့ငြင်း ပြီး သူ့ထီးအနက်ရောင်ကြီးကိုပဲ ဆောင်းဆောင်းသွားပါတယ်။ ဒီမှာပြောဖို့ကျန်ခဲ့တာတချက်က အဖေက အလုပ်ကိုခြေလျင်ပဲ သွားတယ်။ ကျွန်တော့်ကိုတော့ ဆိုင်ကယ်နဲ့ပဲသွားခိုင်းပါတယ်။ ကျွန်တော်အပြင်သွားတဲ့အချိန်တွေမှာ မိုးရွာနေတဲ့အခါ အဖေက သူ့မိုးကာအင်္ကျီကြီးကိုဝတ်သွားခိုင်းပါတယ်။ အဖေ့မိုးကာအင်္ကျီကပုံတုံးကြီး ကျွန်တော်မဝတ်ချင်ဘူးလို့ပြောပြီး အမြဲ ငြင်းခဲ့တယ်။
တစ်မနက်မှာတော့ မိုးကသည်းသည်းမည်းမည်းကြီး ရွာနေတယ်။ကျွန်တော့်အလုပ်ချိန်ကလည်း နောက်ကျနေပြီ။ ထီးတစ်ဖက်ဆိုင်ကယ်တစ်ဖက်နဲ့လည်း အဆင်ပြေမှမဟုတ်ဘူး ။အဖေက သူ့ထုံးစံအတိုင်း သူ့မိုးကာအင်္ကျီကြီးကို ဝတ်ခိုင်းပါတော့တယ်။ ကျွန်တော်ငြင်းတယ်။ အဖေကဝတ်သွားဖို့ ထပ်ထပ်ပြောနေတယ်။ အမေကလည်း ဝတ်သွားဖို့ဝင်ပြောတော့ နောက်ဆုံး မအီမလည်နဲ့ပဲ အဖေ့ရဲ့မိုးကာအင်္ကျီကြီးကိုဝတ်သွားမယ်လို့ပြောတော့ အဖေ့မျက်နှာဝင်းခနဲဖြစ်သွားပြီး သူကိုယ်တိုင် သူ့မိုးကာအင်္ကျီကြီးကို ကျွန်တော့်ကိုဝတ်ပေးတယ်။ အဖေ့မျက်နှာက ထူးခြားနေသလိုပဲ။ အဖေ့မိုးကာကြီးဟာ ကျွန်တော့်နဲ့အရမ်းကြီးနေပေမယ့် အဖေကတော့ ကျွန်တော်ခြံဝဘက်ရောက်တဲ့အထိကို ကျေကျေနပ်နပ်ကြီး ငေးကြည့်လို့။
ဆိုင်ကယ်စီးနေရင်း ရင်ထဲမှာတစ်မျိုးကြီးပဲ။ လမ်းတလျှောက်လုံး အဖေ့ရဲ့မျက်နှာကိုပဲမြင်ယောင်နေမိတယ်။ အဖေ့ရဲ့ပုံတုံး တုံး မိုးကာအင်္ကျီဖားရားကြီးက အလွန်လုံခြုံပါတယ်။ မိုးရေတွေ တစ်စက်မှမစိုခဲ့သလို ဖြတ်မောင်းသွားတဲ့ကားဘီးတွေဆီ ကရွံ့ရေတွေလည်း မစင်အောင်ကာကွယ်နိုင်ခဲ့ပါတယ်။ နောက်ရက် နောက်ရက်တွေမှာတော့ ကျွန်တော်အပြင်သွားတိုင်း ဆိုင်ကယ်တူးဘောက်ထဲအဖေ့ရဲ့အင်္ကျီကြီးကို မမေ့မလျော့အမြဲယူယူသွားတော့ ကျွန်တော့်ကိုကြည့်နေတဲ့ အဖေရဲ့မျက်နှာပေါ်မှာ ကြည်နူးမှုလား၊ ပီတိတွေလား ကျွန်တော်မခွဲခြားတတ်တဲ့အပြုံးတွေတွဲခိုနေတာ ကျွန်တော်မြင်နေရတယ်။
လင်းသက်ငြိမ်