ပင်းတယ စော်ဘွားဟော် |
မောင်မောင်စိုး - ဓနုတို့၏ ပင်းတယ
(မိုးမခ) ဇန်န၀ါရီ ၁၊ ၂၀၁၆
(မိုးမခ) ဇန်န၀ါရီ ၁၊ ၂၀၁၆
ပင်းတယသည် အောင်ပန်း ရပ်စောက် ဟဲဟိုးတို့အကြားရှိ ရှမ်းပြည်တောင်ပိုင်းမှကုန်းမြင့်မြေပြန့်တခုဖြစ်သည်။ ထိုဒေသ တွင် အများစုနေထိုင်ကြသည်မှာ ဓနုတိုင်းရင်းသားများဖြစ်သည်ဟု ဆိုသည်။ ၂၀၀၈ ခြေဥအရ တိုင်းရင်းသားလူမျိုးတစ်သိန်း ရှိလျှင် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသရရှိသည်ဖြစ်ရာ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ် ၂ ခုအား ဓနုကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ သတ်မှတ်ထားသည်။
ပင်းတယမြို့နယ်တွင် ရွာပေါင်း ၁၃၀ ရွာငံမြို့နယ်တွင် ရွာပေါင်း ၉၀ ရှိသည်။ ထိုရွာ ၂၂၀ ထဲတွင် ပလောင် ၃ ရွာ ပအို့ ၈ ရွာ မှအပ ကျန်ရွာအားလုံးမှာ ဓနုရွာများဖြစ်သည်ဟုဆိုသည်။ သို့သော် ထိုဓနုရွာများထဲတွင် တောင်ရိုးများကိုပါထည့်သွင်းတွက်ချက်ထားသည်။ တောင်ရိုးလူဦးရေမှာ တစ်သောင်းခန့်ရှိသည်။ ဓနုနှင့်တောင်ရိုးသည် မျိုးနွယ်တခုထဲဟုဆိုသော်လည်း ကွဲလွဲမှုတော့ အနည်းငယ်ရှိသည်။ ဓနုစကားမှာ မြန်မာစကားနှင့်တူညီသော်လည်း စကားပြောမြန်၍ စကားဝဲကာ အသုံး အနှုန်းတချို့မတူဟု ဆိုသည်။ ဓနုအချင်းချင်းစကားပြောလျှင် မြန်မာစကားနှင့်တူသည်ဆိုသော်လည်း မြန်မာတို့ နားမ လည်နိုင်ပေ။ တောင်ရိုးတို့၏ စကားက ဓနုတို့ထက်ပိုဝဲ၍ ပိုမြန်သည်ဟု ဆိုသည်။ ဝတ်စားဆင်ယဉ်မှုတွင်လည်း ကွဲပြားမှုရှိ သည်။ ဓနုတို့၏ ဝတ်စားမှုပုံစံက ရှမ်းနှင့် ပိုနီးစပ်သည်ဟု ဆိုနိုင်သည်။ တောင်ရိုးအမျိုးသမီးများကတော့ ကရင်များကဲ့ သင်တိုင်းရှည်ဝတ်ဆင်ကြသည်ဟု ဆိုပါသည်။
ပလောင်ရွာ ၃ ရွာကတော့ ပင်းတယမြောက်ဖက် မြင့်မားသော ရှေ့မြင်နောက်မြင်တောင်ကြောပေါ်တွင်ရှိသည်။ ယာစကျီဆို သည့် အိမ်ခြေ ၃၀၀ ခန့်ရှိသည့် ပလောင်ရွာကြီးကတော့ ထင်ရှားသည်။ ကျယ်ပြန့်သော လက်ဘက်ခင်းများ ပိုင်ဆိုင်သည့် ရွာကြီးဖြစ်သည်။ ထိုပလောင်ရွာကြီးတွင်တင်းကြပ်သော စည်းမျဉ်းများရှိ၍ ရွာသားများ အရက်သေစာသောက်စားလေ့ မရှိဟုဆိုသည်။ ထို့ပြင် အခြားလူမျိုးကွဲနှင့်လက်ထပ်သူများကို ရွာတွင်ဆက်လက်နေထိုင်ခွင့်မပြုဟု ဆိုသည်။ ရှမ်းပြည် တောင်ပိုင်းတွင်ရောက်ရှိနေ၍ လူနည်းစုဖြစ်နေသောပလောင်လူမျိုးတို့၏ မိမိမျိုးရိုးကို ထိမ်းသိမ်းသည့်နည်းလမ်းတခုဖြစ်ပေလိမ့်မည်။
ရိုးရာမပျက်ထိမ်းသိမ်းနေသော ထိုပလောင်ရွာကြီးသည် ယခုအခါ နိုင်ငံခြားခရိးသွား ခြေလျင်တောင်တက်ခရီးသွားရောက် လေ့လာသောနေရာဖြစ်သည်။ ပင်းတယမြို့မှစထွက်လျှင် ဆယ်နာရီိခန့် လမ်းလျှောက်ရသည်ဟုဆိုပါသည်။
ရန်ကုန် မန္တလေးကားလမ်းမကြီးမှ မိတ္ထီလာတွင် အရှေ့စူစူးဆီသို့ကားလမ်းသည် တောင်ကြီးသို့လမ်းခွဲဖြစ်သည်။ မိတ္ထီလာ လမ်းခွဲမှ ယင်းမာပင်ထိတော့ လမ်းပြေသေးသည်ဟုဆိုရမည်။ ယင်းမာပင် ကျော်လျှင်တော့ တောင်တက်ခရီးစပြီ။ ဝက်ဖြူ
ရေမှ ရေယားအထိ အတက်ကြမ်းသည်ဟုဆိုရမည်။ ရေယားမှ ကလော အောင်ပန်းအထိတော့ ကားလမ်းပြေသည်။ အောင်ပန်း တောင်ကြီးဆီသို့ အရှေ့စူးစူး ခရီးနှင်ရသည်။ အောင်ပန်းမှ မြောက်ဖက်လမ်းခွဲအတိုင်း ထောင်တက်ပါက ပွေးလှ ပင်းတယ ရွာငံ ရေဦးဆိုသည့် ဓနုဒေသသို့ရောက်သည်။
မူလဓနုဒေသအုပ်ချုပ်ရေးမှာ ပွေးလှစော်ဘွား ပင်းတယ စော်ဘွား ရေဦးစော်ဘွားတို့က အုပ်ချုပ်သည်။ အင်္ဂလိပ်များ မြန် မာပြည်ကိုသိမ်းပိုက်စဉ်ကာလက ပင်းတယစော်ဘွားမှာ စောစွန်ညိုဖြစ်သည်။ နောက်ပိုင်းသူ၏သားဖြစ်သူ စောဝင်းကြည် က ဆက်ခံသည်။ စော်ဘွားများအုပ်ချုပ်စဉ်ကာလက အုပ်ချုပ်ရေးတရားစီရင်ရေးနှင့် အခွန်အကောက်များကို စော်ဘွားက တာဝန်ယူသည်။ စော်ဘွားတွင် ပုလိပ်အဖွဲ့ရှိသည်။ ထိုစဉ်က စော်ဘွား၏ပုလိပ်အဖွဲ့ဟုသာခေါ်သည်။ ဓနုတို့၏ သူ့လူမျိုး သူ့ဒေသ သူတို့၏ကိုယ်ပိုင်အုပ်ချုပ်သည့်စနစ်တရပ် ကြာမြင့်စွာကပင် တည်ရှိခဲ့ကြောင်းပြသည်။
ပင်းတယစော်ဘွား စောစွန်ညိုမိသားစု |
၁၉၆၀ နောက်ပိုင်း ရှမ်းပြည်စော်ဘွားများ မြန်မာစစ်ဖက်၏ အဖမ်းခံရသည်။ ပင်းတယစော်ဘွား ရေဦးစော်ဘွားတို့ အဖမ်းဆီး ခံရသည်။ ကံကောင်းထောက်မစွာပင် ၅ နှစ်အကြာတွင်ပြန် လွတ်သည်။သီပေါစော်ဘွားကဲ့သို့ လက်စလက်န အဖျောက်မခံ လိုက်ရဟု ဆိုရမည်။ ပွေးလှစော်ဘွားကတော့ မြန်မာစစ်ဖက်နှင့် ပလဲနံပသင့်၍ အဖမ်းမခံခဲ့ရဟု ဆိုသည်။ မြန်မာစစ်ဖက်အရာရှိဟောင်းတစ်ဦးလည်းဖြစ် လက်ရှိရှမ်းပြည်နယ်ဝန်ကြီးချုပ်လည်းဖြစ်သူ စဝ်အောင်မြတ်မှာ ပွေးလှစော်ဘွား၏မြေးဖြစ် သည်ဟု ဆိုပါသည်။
လက်ရှိအချိန်တွင် ပင်းတယစော်ဘွားဟော်သည် ပင်းတယ မြို့လယ်တွင်ရှိနေဆဲဖြစ်ပြီး စော်ဘွား၏ အဆက်အနွယ်များ နေထိုင်ကြဆဲဖြစ်သည်။ ပင်းတယစော်ဘွားဟော်သည် ယခင်ပုံစံအတိုင်းရှိသေးသည်။ ပြုပြင်ထိမ်းသိမ်းနိုင်မှုနည်းသဖြင့် အိုမင်းဟောင်းနွမ်းခြင်းကိုတော့ ဖေါ်ပြနေပေပြီ။ သို့သော် သမိုင်း၏ပုံရိပ်များကိုတော့ ဖေါ်ပြနေဆဲဖြစ်သည်။ ဓနုတိုင်းရင်းသား တို့၏ အစဉ်အလာ မိမိလူမျိုးမိမိအုပ်ချုပ်ခဲ့သည့် လွမ်းမောဘွယ်အချိန်များကိုတော့ ဖေါ်ပြနေဆဲဖြစ်သည်။
ယခုတော့ ၂၀၁၁ မှစ၍ ထိုဒေသသည် ပင်းတယ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသဖြစ်ခဲ့သည်။ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ် ၂ ခုပါဝင်သည်။ ပွေးလှကတော့ပင်းတယမြို့နယ်တွင်းမှ တိုက်နယ်မြို့ကလေးဖြစ်သွားသည်။ ထို့အတူ ယခင်ရေဦးစော်ဘွား လက်အောက်ခံ ရွာငံက မြို့နယ်အဆင့်ဖြစ်သွားသည်။ မန္တလေး ရွာငံ တောင်ကြီး ကားလမ်းသစ်က ရွာငံက ပိုစည်ကား သွားသည်။ ရေဦးကတော့ ရွာငံမြို့နယ်ထဲမှ တိုက်နယ်အဆင့်ဖြစ်သွားသည်။ ပင်းတယကတော့ မပြောင်းမလဲရပ်တည်နေ ဆဲဖြစ်သည်ဟု ဆိုရပါမည်။
ပင်းတယနယ်၏ အဓိကအသက်မွေးဝမ်းကျောင်းမှာ စိုက်ပျိုးရေးဖြစ်သည်။ ကုန်စိမ်းဟုဆိုရမည့် ပန်းဂေါ်ဖီ ပန်းမုန်လာ မုန်ညှင်း ခရမ်းချဉ် ကြက်သွန် ပန်းနှမ်း ဂျုံ အာလူး ဖရုံသီး အစရှိသည့် ရာသီပင်များကို အဆက်မပြတ် စိုက်ပျိုးကြသည်။ ထို့ အတူ နှစ်ရှည်ပင်ဟုဆိုရမည် လက်ဘက် လိမ္မော် ကော်ဖီ စသည်တို့လည်း စိုက်ပျိုးကြသည်။ နောက်ပိုင်းတွင် စိန်တလုံး သရက် နဂါးမောက်ပင်တို့လည်းတိုးချဲ့စိုက်ပျိုးကြသည်။ ရာသီမပြတ် ကုန်းစိမ်းထွက်နေ သောဒေသဖြစ်သည်။ ကုန်စိမ်း၏ သဘော သဘာဝအတိုင်း အမြတ်အစွန်းများသည့်နှစ်များရှိသကဲ့သို့ ရှုံးသည့်နှစ်များလည်းရှိသည်။ ကုန်စိမ်းဒိုင်အများစု ကတော့ ပင်းတယတွင်မရှိ။ လမ်းပမ်းဆက်သွယ်ရေးအနေအထားအရ အောင်ပန်း၌ရှိသည်။ ယခုတော့ ပင်းတယ ဒေသ လမ်းပမ်း ဆက်သွယ်ရေးကောင်းမွန်လာ၍ ပင်းတယတွင် ကုန်စိမ်းဒိုင်အချို့ စတင်ပေါ်လာပြီဟုဆိုပါသည်။
ဓနုဒေသတွင် ကုန်းစိမ်းများမပြတ်ထွက်နေသော်လည်း လယ်ကွင်းနည်းပါးသည်။ ဒေသတွင်းဆန်မဖူလုံပေ။ ပြည်မမှ ဆန် တင်သွင်းရသည်။ ပင်းတယသို့ တပတ်လျှင် ၁၂ ဘီးကား ဆယ်စီးခန့် ဆန်တန်ချိန် ၁၅၀၀ မှ ၂၀၀၀ ကြား ဝင်ရောက် လေ့ရှိသည်ဟုဆိုသည်။ စပါးစိုက်ရန် အဓိကပြဿနာမှာ လယ်ရေသွင်းရန် ဖြစ်ပုံရသည်။ ကုန်စိမ်းစိုက်သည့်အခင်းများ က တော့ ရေများစွာမလို။ ရှမ်းကုန်းပြင်မြင့်တွင်ရွာသည့်မိုးနှင့် အဆင်ပြေပုံရသည်။
ဓနုဒေသသည် စိုက်ပျိုးရေးဒေသသက်သက်ဖြစ်သည်။ တွင်းထွက်သတ္တုရတနာ ထွက်သည်ကိုမတွေ့ခဲ့ရ။ လာရောက်တူး ဖေါ်သူများအားလည်း ပင်းတယဒေခံများ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြသည်ဟုဆိုသည်။ လက်ရှိဓနုဒေသ ရွာငံနှင့် ဟန်မြင့်မိုကြားတွင် သံသတ္တုအစမ်းတွင်း ဆယ်နေရာခန့် စမ်းသပ်တူးဖေါ်နေပြီး တူးဖေါ်ရသည်များကို ကားကြီးများဖြင့် သယ်ဆောင်နေ၍ ရွာငံဒေသခံများ ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြသည်။ ထို့ကြောင့်လည်း ပင်းတယဒေသသည် သယံဇာတကျိန်စာမှ ကင်းလွတ်နေပုံရသည်။ ဤသို့ သယံဇာတတူးဖေါ်သည့်လုပ်ငန်းများမရှိ၍ ပြင်ပမှလူများလာရောက် အခြေချ လုပ်ကိုင်ခြင်းနည်းပါးသည်။ ပင်းတယမြို့ပေါ်တွင် တရုတ်အိမ် ၂ အိမ်ခန့် ကုလားမိသားစု ၅ အိမ်ခန့်သာ ရှိသည်ဟုဆိုသည်။ ဝန်ထမ်းအဖြစ်လာရောက်သည့် မြန်မာတချို့ ပင်စင်ယူပြီးနောက် အခြေချနေထိုင်ကြသည့် အိမ်ထောင် စုတချို့ရှိသည်မှအပ အများစုကြီးမှာ ဒေသခံများသာဖြစ်ကြသည်ဟုဆိုသည်။ ထို့ပြင်ဒေသခံများထဲမှ ပညာတတ်အချို့ ပြည်မ သို့မဟုတ် နိုင်ငံရပ်ခြားသို့ သွားရောက်အလုပ်လုပ်ကိုင်သည်များရှိသော်လည်း ဒေသခံလူငယ်များ ထိုင်း မလေးရှားစသည်တို့သို့ အလုပ်သွားလုပ်သည်မှာ နဲပါးသည်ဟုဆိုသည်။ ဒေသခံလူငယ်များသည် ရိုးစင်းသောဘဝကိုဖြတ် သန်းနေကြ၍ အရက် ဘီယာ သောက်သုံးခြင်းများရှိသော်လည်း မူးယစ်ဆေးဝါးပြဿနာကြီးကြီးမားမား မရှိဟုဆိုကြပါသည်။
ထို့ကြောင့်လည်း ဓနုဒေသတွင်း သူခိုးသုဝှက်မရှိသလောက် နည်းသည်ဟုဆိုကြသည်။ မြို့ရွာနှင့် အတန်ငယ်လှမ်းသော စိုက်ခင်းများတွင် အလုပ်လုပ်သူအားလုံး လယ်ယာသုံးပစ္စည်းများအား ညနေအလုပ်သိမ်းချိန်တွင် အစောင့်မထားဘဲ စိုက် ခင်းများတွင်ထားခဲ့သော်လည်း အပျောက်အရှမရှိဟု ဆိုပါသည်။
ရာသီမပြတ် ကုန်စိမ်းလုပ်ကိုင်နေကြရာ အလုပ်အကိုင်မရှားဟုဆိုသည်။ မြေပိုင်မရှိသူအချို့အတွက်လည်း စိုက်ပျိုးရေးလုပ် ငန်းများတွင် အလုပ်မပြတ်၍ အလုပ်အကိုင်မရှားဟုဆိုနိုင်သည်။ ဟင်းသီးဟင်းရွက်မရှား၍ ဟင်းစားမရှားဟု ဆိုကြသည်။ ပင်းတယဒေသ၌ စိုက်ပျိုးရေးလုပ်သားတယောက်၏ တနေ့လုပ်ခမှာ ၃၀၀၀ ကျပ်ဖြစ်သည်။ သိပ်အမြင့်ကြီးတော့မဟုတ်။ အခြေခံလူမှုစားရိတ်လောက်သာ ဖြေရှင်းနိုင်ပုံရသည်။
မည်သို့ဆိုစေ သဘာဝစိုက်ပျိုးရေးသာထွန်းကားသော ပင်းတယဒေသသည် တကယ့်ကိုသဘာဝအတိုင်းရှိနေသည့် အပျို စင်ဒေသဟု ခေါ်ဆိုလောက်ပေသည်။ သယံဇာကျိန်စာမိပြီး လောဘသားများ၏ ဖျက်ဆီးခြင်းမခံရစေရန် မည်သည့်သယံဇာ တမှ မထွက်ပါစေနှင့်ဆုတောင်းရမည့်ပုံပေါ်သည်။
သို့သော် ဒေသတွင်းလူထု၏ လူနေမှုဘဝတိုးတက်ရန် စိုက်ပျိုးရေးနည်းပညာသစ်များပံ့ပိုးပေးခြင်း စီးပွားဖြစ်သီးနှံမျိုး စိတ်သစ်များပံ့ပိုးပေးခြင်းဒေသနှင့်ကိုက်ညီသော သီနှံမျိုးစိတ်များ ထွက်ပေါ်ရန်ရည်ရွယ်၍ စိုက်ပျိုးရေးသုတေသနခြံများတည် ဆောက်ပေးခြင်း စိုက်ပျိုးရေးချေးငွေများထုတ်ပေးခြင်း လက်ဘက် စသည်ကဲ့သို့ ဒေသထွက်သီးနှံများအား တန်ဖိုးမြင့် အချောထည် ထုတိလုပ်ရန်အားပေးခြင်းတို့ဖြင့် ဒေသ၏ လူမှုစီးပွားဘဝ တိုးတက်အောင်လုပ်ဆောင်ပေးရန်လိုအပ်ပေမည်။
ပင်းတယဒေသရှိ အများစုဖြစ်သည့် ဓနုများသည်လည်းကောင်း ကျန် တောင်ရိုး ပအို့ ပလောင်များသည်လည်းကောင်း ဗုဒ္ဓ ဘာသာဝင်များဖြစ်ကြပြီး ဘာသာရေးကိုင်းရှိုင်းကြသည်။ ပင်းတယမြို့နယ် ထယ်သွန်းရွာအနီးရှိ ကုန်လုံဆရာတော်ကြီး သည် ကျော်ဇောသည်။ ဆရာတော် ပျံလွန်သွားပြီဖြစ်သော်လည်း ဘုရားဖူးများသွားလာနေဆဲဖြစ်သည်။
ပြည်တွင်း ပြည်ပ ဘုရားဖူးများ အများဆုံးလာရောက်သည့် နေရာကတော့ ပင်းတယမြို့အနောက်ဖက်တောင်ပေါ်ရှိ ရွှေဥမင် လိုဏ်ဂူဖြစ်သည်။ ဂူဆီသို့တက်ရန် စောင်းတန်းနှင့် ဓါတ်လှေခါး ၂ စီးတည်ဆောက်ထား၍ ဂူပေါက်ဝကို အဝေးက မမြင်နိုင် တော့။ လိုဏ်ဂူအတွင်း အောက်ခြေတွင် ကြွေပြားအပြည့်ခင်းထားသည်။ တနေရာနှင့်တနေရာကူးရန် စတီးလက်ရမ်းနှင့် တံတားများ ဆင်ထားသည်။ လိုဏ်ဂူနံရံအပြည့် ဘုရားအဆူဆူ အရွယ်အစားမျိုးစုံတည်ထားသည်။ ကြမ်းပြင်ကွက်လပ် များတွင်လည်း စေတီ ပုထိုး အရွယ်စုံတည်ထားသည်။ လိုဏ်ဂူအမိုးမှကို မော့ကြည့်လျင်သာ ကျောက်ဆွဲ ကျောက်ခက်များနှင့် သဘာဝ လိုဏ်ဂူဖြစ်ကြောင်းသိသာတော့သည်။ ကြည်ညို သဒ္ဒါတရား ထက်သန်မှုနှင့် သဘာဝတရားသည် သဟာ ဇာတ ဖြစ်ပုံမရချေ။ ရွှေဥမင်လိုဏ်ဂူရှိရာတောင်ပေါ်မှ အရှေ့ဖက်ဆီမျှော်ကြည့်လျှင် ပင်းတယမြို့နှင့်တောတောင် သဘာဝအလှကို ရှုမငြီးဘွယ် မြင်တွေ့ခံစားနိုင်ပါသည်။
၂၀၁၅ ဒီဇင်ဘာ ၁၃ ရက်ည ၈ နာရီလောက်က ပင်းတယသို့ရောက်သည်။ တမြို့လုံးသန့်ရှင်းနေသည်ကို တွေ့ရသည်။ ပင်းတယ မြို့မှ NLD အင်အားစု ၈၀၀ ခန့်က ဒေါ်အောင်ဆန်းစုကြည် လှုံ့ဆော်မှုနှင့်အတူ သန့်ရှင်းရေးလုပ်ထားသည်ဟု ဆိုသည်။ ပင်းတယ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပင်းတယနှင့် ရွာငံမြို့နယ် ၂ ခုပါပြီး အမျိုးသားလွှတ်တော်အမတ် ၁ နေရာ ပြည်သူလွှတ်တော်အမတ် ၂ နေရာ ပြည်နယ်လွှတ်တော်အမတ် ၄ နေရာ စုစုပေါင်း အမတ် ၇ နေရာ ရွေးကောက် တင်မြှောက်ရသည်။ ၂၀၁၀ တုန်းကတော့ ကြံ့ခိုင်ရေးကအနိုင်ရခဲ့သည်။၂၀၁၅ မှာတော့ ပင်းတယမှ ပြည်နယ်အမတ် ၁ နေရာ ရွာငံမှ ပြည်နယ်အမတ် ၁ နေရာ ပေါင်း ၂ နေရာမှအပ ကျန်အမတ် ၅ နေရာကို NLD မှအနိုင်ရခဲ့သည်။ ဓနုတို့သည် အပြောင်းလဲကို NLD နှင့်အတူပြောင်းမည်ဟု ဆုံးဖြတ်ခဲ့ကြသည်ဟုဆိုသည်။
ကြံ့ခိုင်ရေးမှ အမတ် ၁ နေရာ အနိုင်ရသူမှာ ပွေးလှစော်ဘွား၏မြေးဖြစ်သူ စဝ်အောင်မြတ်ဖြစ်သည်။ သူသည် ၂၀၁၀ တုန်းက လည်း ယင်းနယ်မှပင်အနိုင်ရခဲ့ပြီး လက်ရှိရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖြစ်သည်။
ဓနုတို့တွင် အစိုးရအားပုန်ကန်တိုက်ခိုက်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့မရှိခဲ့ဟုဆိုသည်။ လက်ရှိပါတီစုံခေတ်တွင် ဓနုအမျိုးသားဒီမိုကရက် တစ်ပါတီနှင့် ဓနုတိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီဟူ၍ ဓနုပါတီ ၂ ခုပေါ်ခဲ့သော်လည်း လက်ရှိအချိန်တွင် NLD နှင့်အတူပြောင်းလဲရန် ဓနုတိုင်းရင်းသားအများစုက ဆုံးဖြတ်ခဲ့ကြသည်ဟုဆိုသည်။ အလားတူ ပလောင် ပအို့တို့ကလည်း ဆုံးဖြတ်ခဲ့ကြသည်ဟုဆိုသည်။ ဓနု NLD အဖွဲ့ဝင်များအနေနှင့် လာမည့် ၂၀၁၆ တွင် ဓနုကိုယ် ပိုင်အုပ်ချုပ်ရေးအား NLD ပါတီဝင် ဓနုများကိုယ်တိုင်စီမံခွင့်ရရန် မျှော်လင့်အားထားနေကြသည်။
NLD အားဝိုင်းရံ၍ NLD နှင့်အတူပြောင်းလဲရန်ကြိုးစားခဲ့ကြသည့် ဓနုမိတ်ဆွေများ၏ အဆိုအရ NLD အနေဖြင့်ဘဲရေ ရှည်ဆက်သွား မည်လောသို့မဟုတ် ဓနုတိုင်းရင်းသားပါတီအဖြစ်ပြောင်းလဲရပ်တည်မည်လောဆိုသည်ကို ၂၀၂၀ ကျမှဆုံး ဖြတ်မည်ဟုဆိုသည်။ NLD ၏ လုပ်ဆောင်ချက်ကိုစောင့်ကြည့်မည်ဟူသည့် သဘောပါပုံရသည်။ လောလောဆယ်မတော့ ဓနုကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွင် NLD အသာစီးရနေသည်ဟု ဆိုရမည်။
ဒီဇင်ဘာ ၁၃ ရက်ည ပင်းတယရောက်၍ ၁၅ ရက်မနက်တွင် ပင်းတယမှ ပြန်လည်ထွက်ခွာခဲ့သည်။ ချမ်းအေးသည့် ပင်းတယ၏ ၂ ညတာအတွင်း ဓနုမိတ်ဆွေသစ်များနှင့် လက်ဆုံကျခဲ့သမျှ ပြန်လည်မျှဝေလိုက်ပါသည်။