ကိုသစ် (သီတဂူ) - မင်းရဲ့သားကို မင်းလိုလူ အဖြစ်ခံနိုင်မလား
(မိုးမခ) ဇူလိုင် ၃၊ ၂၀၁၅
(မိုးမခ) ဇူလိုင် ၃၊ ၂၀၁၅
(၁)
ပုရာ အာဂစ္ဆတေ ဧတံ၊ အနာဂတံ မဟဗ္ဘယံ။
သုဗ္ဗစာ ဟောထ သခိလာ၊ အညမညံ သဂါရ၀ါ။
ရောက်ရှိမလာသေးသည့် ကိုယ်ကျင့်တရား ဖောက်ပြန်ပျက်စီးမှု ဘေးအန္တရာယ် ကြီးသည် သိပ်မကြာမီ ရောက်လာတော့မည်။ ထိုသို့ရောက်မလာမီအချိန်၌ ဆိုဆုံးမ လွယ်ကူသူ၊ နူးညံ့ပြေပြစ်သူ၊ အချင်းချင်းအပေါ် လေးစားစိတ်ရှိသူတို့ ဖြစ်ကြစေ။
ဖုဿမထေရ် (ထေရဂါထာပါဠိတော်)
ကျနော့်သူငယ်ချင်း ဗောဓိရိပ်ဘာသာရေးအနုပညာမဂ္ဂဇင်းကို ဦးစီးထုတ်ဝေနေတဲ့ စာရေးဆရာ၊ အယ်ဒီတာ သားအေးညက လက်ဆောင်နှင်းလို့ အမှတ်(၃)မေလ၊ ၂၀၁၄ -ခုနှစ်ထုတ် မဂ္ဂဇင်းလေးတစ်စောင် ကျနော့်ဆီမှာရှိပါသည်။ အထက်ပါ ဂါထာနှင့် စကားပြေလေးက အဲသည်မဂ္ဂဇင်းရဲ့ အစဆုံးစာမျက်နှာမှာ ပါတာပေါ့။ ကျနော်လို ဘာမှအဖြစ်မရှိတဲ့သူက ဖုဿမထေရ်မြတ်ရဲ့စကားကို ကောင်းလိုက်တာဗျာလို့တော့ မပြောဝံ့တာ၊ မပြောရဲတာ အမှန်ပါပဲ။
လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ကျော်ကမိန့်ခဲ့တဲ့ ဖုဿမထေရ်မြတ်ကြီးရဲ့ ဒဿန လေးက ခေတ်မီလိုက်တာ။ ရောက်ရှိမလာ သေးသည့် ကိုယ်ကျင့်တရား ဖောက်ပြန် ပျက်စီးမှုဘေးအန္တရာယ်ကြီးသည် သိပ်မကြာမီ ရောက်လာတော့မည်တဲ့။ ထိုသို့ရောက် မလာမီ ပြောဆိုဆုံးမရတာ လွယ်ကူသူဖြစ်ပါစေတဲ့၊ ကိုယ်စိတ်နှလုံး နူးညံ့ပြေပြစ်သူ လည်း ဖြစ်ပါစေတဲ့၊ အချင်းချင်းအပေါ် လေးစားစာနာစိတ်ရှိသူလည်း ဖြစ်ပါစေတဲ့။ သည်စကားတွေကို ဖုဿမထေရ်ကြီးက လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင်ကျော်ကတည်းက သတိပေးခဲ့တာ။ အဆုံးအမလေးတွေက တိုတောင်းလှပေမယ့် ထိရောက်လွန်း လှသည်။ သည်ကနေ့ ကျနော်တို့ခေတ်နဲ့ ကွက်တိပဲမဟုတ်လား။ ခေတ်တွေ စနစ်တွေ ဘယ်လိုပဲပြောင်းစေဦးတော့ မထေရ်မြတ်ရဲ့ အတွေးအခေါ်အဆုံးအမတွေကတော့ဖြင့် ခေတ်မီနေဆဲ၊ ခေတ်လူတွေကို လမ်းပြနေဆဲပဲပေါ့။
သည်ကနေ့ခေတ်ကြီးက ကိုယ်ကျင့်တရားပျက်စီးဖို့ အလွန်လွယ်ကူတဲ့ခေတ်ကြီး တဲ့။ ခလုတ်ကလေးတစ်ချက် ဒေါက်ခနဲနှပ်လိုက်ရုံနဲ့ ကျနော်တို့ရဲ့ ယိုင်နဲ့နဲ့ကိုယ်ကျင့် တရားလေးတွေကို အလွယ်တကူ ဖဲ့ဖဲ့ချွေယူသွားနိုင်တာ သည်ခေတတ်ကြီးထဲမှာပေါ့။ အင်တာနက်တွေ၊ တယ်လီဖုံးတွေကနေတဆင့် ကျနော်တို့ရဲ့ ကိုယ်ကျင့်သိက္ခာတွေ တွေ တစတစနဲ့ ပွန်းပဲ့ပါပါသွားနေလိုက်ကြတာ။ အယုတ္တအနတ္တတွေ ပြောနေ ဆဲနေ လိုက်ကြတာ။ သူ့အမ ကိုယ့်အမ၊ သူ့နှမကိုယ့်နှမ၊ နှမချင်းလည်း စာနာရကောင်း မှန်း မသိကြတော့။ အမချင်းလည်း စာနာရကောင်းမှန်း နားမလည်တော့။ အင်တာနက်တွေ တယ်လီဖုံးတွေကနေ သားပြောမယားပြောတွေ ပြောနေကြပြီပဲ မဟုတ်လား။
ကျနော့် မိတ်ဆွေတွေထဲက တစ်ယောက်သောသူမှာ မိန်းမသုံးယောက်ရှိလေ သည်။ သူက ပထမအိမ်ထောင်နှင့် ခြောက်လလောက်ပဲ ပေါင်းသည်။ အမေဖြစ်သူက သူယူလိုက်သော အမျိုးသမီးက တောသူမမို့ သဘောမတူဟု တင်းခံလေသောကြောင့် မပြောပလောက်သော ငွေစကြေးစကလေးပေး၍ ခွဲပစ်လိုက်ပါသည်။ ကာယကံရှင် မိန်းကလေးက ကျေနပ်သည့်တိုင် ကျနော့်စိတ်ထဲမှာ တမျိုးတမည်ခံစားနေမိသည်။ ဘယ်လိုကြီးပါလိမ့်။ သူက တနှစ်ခန့်ကြာသောအခါ နောက်အိမ်ထောင် ထပ်ပြုပါသည်။ ဒုတိယအိမ်ထောင်နှင့် သားယောကျာ်းကလေးမွေးပြီး လေးနှစ်လောက်အကြာမှာ ဇာတ် လမ်းက စပါလေတော့သည်။ အမျိုးအမည် အဖြူအမည်း အတိုအရှည် ဘာဆိုဘာမှ မသိလေသော အမျိုးသမီးတစ်ယောက်ကို အင်တာနက်ကနေ သူကချစ်ရေးဆိုလိုက် သတဲ့။ သူက မိကောင်းဖခင် သားသမီးပါပေါ့။ ရုပ်ချောရေလျှံပေါ့။ လူပျိုလူ လွတ်ပါပေါ့။ နောက်ဆုံးဖုံးဆက်ပြီး ချိန်းတွေ့ကြပါသည်။ အိမ်ကဇနီးဖြစ်သူကို ပြဿနာအမျိုးမျိုး ရှာပြီးနောက် နှစ်ယောက် အတူ တိုင်းပြည်တစ်ခုကို ထူထောင်ချင်လှပါရဲ့ဟုဆိုကာ အဆိုပါအွန်လိုင်းပေါ်ကအမျိုးသမီးကလေးနှင့် ထွက်ပြေးသွား ပါလေတော့သည်။ နုနုနယ်နယ် ရင်သွေးငယ်ကလေးနှင့် ကျန်ရစ်ခဲ့တဲ့ မိန်းမဖြစ်သူ ဘယ်လိုနေမလဲဆိုတာကို သူမစဉ်စားနိုင် ပါလေတော့။ ခလုတ်ကလေးတစ်ချက် နှိပ်လိုက်ရုံ၊ ဖုံးကလေးတစ်ချက် ခေါ်လိုက်ရုံနှင့် ဘ၀တစ်ခုလုံး ကျိုးကြေပဲ့ထွက်သွားနိုင်သည်ဖြစ်ရာ နည်းပညာခေတ် ကြီးက ကျနော်တို့လူမှုအဖွဲ့အစည်းရဲ့ ကိုယ်ကျင့်တရားတွေကို စမ်းသပ်စိမ်ခေါ် နေကြ လေပြီ။ ကျနော်တို့ရဲ့ ကြံ့ခိုင်မှုကို အမျိုးမျိုးစမ်းသပ်စစ်ဆေးနေကြလေပြီ။ တစ်နေ့ ကျရင် သည်လိုဖြစ်မယ်မှန်း ကြိုသိလို့လားတော့ မပြောတတ်ဘူး။ ဖုဿ မထေရ် ကြီးကတော့ နှစ်နှစ်ထောင်ကျော်လောက်စောပြီး ကြိုတင်သတိပေး ခဲ့ရှာပါသည်။ ကိုယ်ကျင့်တရား ဖောက်ပြန်ပျက်စီးမှုဘေးကြီးက မကြာမီ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက် ရှိလာတော့မည် တဲ့။ ကျနော်တို့ မည်သို့မည်ပုံ ကာကွယ်ကြမှာပါလိမ့်။
(၂)
ဖုဿမထေရ်ကြီးက ရောက်ရှိမလာသေးတဲ့ ကျုယ်ကျင့်တရား ဖောက်ပြန်ပျက်စီးမှု ဘေးကြီးက မကြာမီ ရောက်ရှိလာတော့ မည်တဲ့။ ထိုသို့မရောက်လာမီ ဆိုဆုံးမ လွယ်သူဖြစ်ပါစေတဲ့။
မိဘတွေ၊ ဆရာသမားတွေ၊ ပညာရှိသူတော်ကောင်းတွေ၊ တတ်သိပညာရှင်တွေက စေတနာရှေ့ထားပြီး အကျိုးလိုလားလို့ ပြောဆိုဆုံးမတဲ့အခါ ပြောဆိုဆုံးမရတာ လွယ်ကူသူဖြစ်ပါစေတဲ့၊ ပြန်မပြော နားမထောင် မလုပ်ပါနဲ့တဲ့။ သည်ခေတ်ကလေး တွေဟာ ပြောဆိုဆုံးမရတာ မလွယ်တော့ဘူးဟူသောအသံမှာ သည်ကနေ့ခေတ်ရဲ့ မိဘတွေဆီကနေ အကျယ်လောင် ဆုံးကြားနေရသည့် အသံပင်ဖြစ်ပါသည်။ သားသမီး တွေက မိဘစကားကို အပ်ကျမတ်ကျ နားမထောင်ချင်တော့ဘူးဆိုတဲ့ သဘောပေါ့။ မူးယစ်ဆေးဝါးအဖုံဖုံ၊ တံဆိပ်အမျိုးမျိုးတပ်ထားသည့် စိတ်ကြွဆေးအ ထွေထွေက ခေတ် ကာလသားပျိုသမီးပျိုများရဲ့ ကိုယ်ခံအားကို သွေးတိုးစမ်းနေကြပြီဖြစ်ရာ တစ်ချက် ကလေး သတိလွတ်သွားလိုက်ရုံမျှဖြင့် ဘ၀တစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားနိုင်သည်ပဲ မဟုတ်လား။ လားရှိုးမှာ ဘိန်းဖြူတွေမိသတဲ့။ တာချီလိတ်မှာလည်း စိတ်ကြွဆေးတွေ မိသတဲ့။ နောက် တမူးမှာ၊ ကလေးမှာ၊ မြ၀တီမှာ၊ ကော့သောင်းမှာ စသည်စသည်ဖြင့် နေရာ အတော်များ များမှာ ကြားနေရသည့်သတင်းတွေက ထိတ်လန့်စရာ။ နုနုနယ်နယ် အပျံသင်စ ကလေးလေးတို့ဘ၀ကို အမှောင်တွေက လက်တကမ်းက လှမ်းကြိုလို့ နေပါပြီ။ မိဘစကား နားမထောင်မိလို့ ဘ၀လမ်းကြောင်းပေါ်က လွဲချော်သွားသူတွေက ဒုနဲ့ဒေး။ ဆရာသမားဆုံးမတာကို ဂရုမစိုက်မိလိုက်လို့ ဒုက္ခရောက်သူတွေကလည်း အဖုံဖုံ။ ဆိုဆုံးမလွယ်သူဖြစ်ပါစေလေ။
(၃)
ပြီးတော့ ကိုယ်အမူအရာ၊ နှုတ်အမူအရာ နူးညံ့ပြေပြစ်သူလည်း ဖြစ်ပါစေတဲ့။ ကို့ရို့ ကားယား ကျွတ်ဆတ်ဆတ်ကြီး မဖြစ်စေနဲ့ပေါ့။ ကိုယ်အမူအရာလည်း ယဉ်ကျေးပါစေ၊ သူများကိုကြည့်တဲ့ အကြည့်တွေ မရိုင်းပါစေနဲ့၊ နှုတ်ကထွက်တဲ့ စကားလုံးတွေကို လည်း မရိုင်းမိစေနဲ့တဲ့။ ခေတ်စကားနဲ့ပြောရရင် “ငါ့ကို ဘာမှတ်နေလဲ၊ နယ်လှည့်ပြီး ပါးရိုက်လာတာကွ”ဆိုတဲ့ အချိုးမျိုးတွေ မချိုးနဲ့လို့ ပြောတာဖြစ်ပါလိမ့်မည်။ ကိုယ်အမူ အရာ နှုတ်အမူအရာ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်နှလုံး ပျော့ပျောင်း သိမ်မွေ့ခြင်းဟာလည်း ယဉ်ကျေးတဲ့လူမှုအဖွဲ့အစည်းအတွက် မရှိမဖြစ်လိုအပ်တယ်ဆိုတာ အားလုံးသိပြီးသားပါ။
သူငယ်ချင်းဖြစ်သူနိုင်ငံခြားထွက်ဖို့် ထောက်ခံစာလိုသည်ဟုဆိုသောကြောင့် တစ်ခါ တုန်းက ၀န်ကြီးဋ္ဌာနတစ်ခုကို အဖော်အဖြစ်လိုက်ပါသွားခဲ့ဘူးပါသည်။ တာဝန်ရှိသူနှင့် ပြောကြဆိုကြရင်း အဆင်မပြေဖြစ်ရာ ကျနော်က ဖြစ်နိုင်သောနည်းလမ်းကို စဉ်စား နေတုန်း “ခင်ဗျားတို့တောင်းတဲ့ ထောက်ခံစာ ကျနော်လုပ်မပေးနိုင်ဘူး။ ဒီနေရာမှာ တနေကုန်ထိုင်စောင့်နေမှာစိုးလို့ပြောတာ”ဟု ရင့်သီးစွာ ပြောပါလေတော့သည်။ တနေ ကုန်ထိုင်စောင့်ဖို့အထိလည်း မအားသေးပါဘူးဗျာဟုပြောပြီး လှည့်ပြန်ခဲ့ကြပါသည်။ ကျနော်တို့တိုင်းပြည်မှာ သည်လိုလူတွေက အများသား။ အဆိုပါဝန်ကြီးဋ္ဌာန အကြောင်း ကို ဆရာတော်တစ်ပါးက အင်တာနက်ပေါ် တင်လိုက်ရာ ထိုအရာရှိလည်း ပြုတ်၊ ၀န်ကြီးဋ္ဌာနလည်း အချိုးတွေပြောင်းသွားသည်ဟု သိရသည်။ အစိုးရ၀န်ထမ်းဆိုသည် မှာ ပြည်သူတို့၏ အရှင်သခင်မဟုတ်၊ ပြည်သူကို ငေါက်ငမ်းဖို့ ခန့်ထားခြင်းလည်း မဟုတ်၊ ပြည်သူကို အလုပ်အကျွေးပြုရန် ဖြစ်သည်ဆိုသောအချက်ကို ကျနော်တို့ လူ့အဖွဲ့အစည်းက မေ့ထားခဲ့သည်မှာ အလွန်ဝမ်းနည်းစရာကောင်းပါသည်။
(၄)
ဖုဿမထေရ်ကြီးရဲ့နောက်ဆုံးသတိပေးချက်ကလေးက အချင်းချင်းအပေါ် လေးစား စိတ်ရှိသူတို့ ဖြစ်ကြပါစေတဲ့။ ကိုယ်ထင်ရာ မစိုင်းကြနဲ့ပေါ့။ ကိုယ့်ထမင်းကိုယ်ရှာစားတာ ဘယ်သူ့မှ ဂရုမစိုက်ဘူးဆိုသောလူတွေကို ခပ်စိပ်စိပ်ကလေးတွေ့မြင်ရလေ့ရှိပါသည်။ ကမ္ဘာတလွှား နိုင်ငံအချင်းချင်း၊ လူသားအချင်းချင်း ကူးလူးသွားလာဆက်သွယ်ပြောဆို နေကြသည့် ခေတ်မှာ သည်အဆိုအမိန့်ကလေးက အတော်တာသွားပါသည်။ တစ် ယောက်ကိုတစ်ယောက် အသိမှတ်ပြုကြ၊ မထီမဲ့မြင် မလုပ်ကြနဲ့၊ အထင်လည်း မသေးမိ ကြစေနဲ့၊ အပြန်ပြန်အလှန်လှန် လေးလေးစားစားဆက်ဆံပါလို့ မထေရ်မြတ်ကြီးက မှာခဲ့တာ။ မလေးမစား မချေမငံ ပြောဆိုဆက်ဆံတဲ့သူတွေကို ကမ္ဘာကြီးက ဘယ်လို တုံ့ပြန်တယ်၊ ကိုယ့်လူမှုအ၀န်းအ၀ိုင်းက ဘယ်လိုတုံ့ပြန်တတ်ကြတယ်ဆိုတာကို တန် ပြန်တုံ့ပြန်သံတွေကို နားထောင်ကြည့်ရင် သိနိုင်တာပဲ မဟုတ်လား။ လူတစ်ယောက်က လူတစ်ယောက်ကို အသိမှတ်ပြုတဲ့စိတ်ဟာ ယဉ်ကျေးတဲ့ လူမှုအဖွဲ့အစည်းအတွက် မရှိမဖြစ်လိုအပ်နေတဲ့ အရာတစ်ခုပဲ မဟုတ်လား။ ကိုယ်ကိုယ်ကို လေးစားစိတ်ရှိခြင်း၊ သူတပါးကိုလည်း လေးစားစိတ်ရှိခြင်းဟာ လူပီသတဲ့ လူသားတွေရဲ့ တန်ဖိုးကြီးမား လှတဲ့ အရည်အသွေးတစ်ခုလည်းဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ရိုသေလေးစားတဲ့စိတ် ရှိမှ၊ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို တန်ဖိုးထားလေးစားတဲ့စိတ် ရှိမှလည်း မမှန်ကန် တဲ့၊ မလုပ်သင့်မလုပ်ထိုက်တဲ့ မတော်မတရားတဲ့ အလုပ်မျိုးတွေကို မလုပ်ဖြစ်တာ။ လွန်ခဲ့တဲ့ နှစ်လကျော်လောက်က ရန်ကုန်မြို့ထဲကအပြန် ရန်ကင်းကလေး ဆေးရုံအနီးမှာ ကားတွေပိတ်တာနှင့် ကြုံပါလေတော့သည်။ အချိန်က ညနေခြောက် နာရီခွဲလောက်ဆိုတော့ ကြပ်တော့ပေမပေါ့။ ခဏကြာတော့ ကျနော်စီးလာသော တက္ကစီကားကို နောက်ကကားတစ်စီးက ၀င်ဆောင့်ပါသည်။ ကားတွေက တလိမ့်ချင်း သွားနေကြတာဆိုတော့ ဆင်းကြည့်လို့ကလည်း မဖြစ်။ ရှေ့ဆက်သွားရင်း ကားနည်း နည်းရှင်းတဲ့နေရာရောက်တော့ ကားဆရာက သူ့ကားကိုလမ်းဘေးချရပ်ပြီး ဆင်းကြည့် ဖို့ လုပ်ပါသည်။ သူ့ကားကိုဝင်တိုက်သော ကားကလည်း သူ့နောက်က ၀င်ရပ်ပါသည်။ အင်း..မဆိုးဘူးဟ လို့တော့ စိတ်ထဲတွေးနေမိသည်။ နာရီဝက်ခန့် ပြောဆိုကြပြီးနောက် ကားဆရာပြန်လာသည်။ ဘန်ပါကျိုးသွားပါသည်တဲ့။ နေ့ပြန်တိုးနဲ့ယူမောင်းတာဖြစ်လို့ ပြန်ပြင်ဖို့ တစ်သောင်းခွဲတောင်းတာကို ဟိုပြောဒီပြော ဝေ့လည်ကြောင်ပတ် လျှောက် ပြောနေတယ်ဗျာ။ ကျနော်က မတန်တဆတောင်းနေတာ မဟုတ်ဘူး။ ကားပြန်အပ်ဖို့ အချိန်စိတော့မယ်။ ဒါနဲ့ တစ်ပြားမှ မပေးနဲ့တော့ဗျာလို့ ပြောလိုက်ရတယ်။ တကယ်ဆို ဖြစ်သင့်တာ ဘာလုပ်ပေးရမလဲ၊ ပြင်ပေးရမလား လျှော်ကြေးပေးရမလား။ ဒီလိုလာ ရမှာ။
စာဖတ်သူစိတ်တော့ မဆိုးနဲ့ဗျ။ ကျနော်တို့လူမျိုးတွေ ဆင်းရဲသွားတာ ပိုက်ဆံငွေကြေး တစ်ခုတည်းတင် မဟုတ်ဘူးတဲ့။ အသိပညာ၊ကိုယ်ကျင့်တရားနဲ့ တာဝန်ယူလိုစိတ် တွေပါ ဆင်းရဲသွားကြပြီတာလို့ တစ်ယောက်သောသူ အပြောမှာ ကျနော်ဘာမှပြန် မပြောနိုင်ခဲ့။
ရန်ကုန်မြို့ထဲက နာမည်ကြီးယာဉ်လိုင်းနှစ်ခုကို ဘ၀တူ ကားသမားတွေက လန့်ပါ သည်။ နည်းနည်းလောက် ပြဿနာဖြစ်တာနဲ့ ဘာမှ ဖြေရှင်းမနေတော့။ ကားပေါ်က ဆင်းပြီး အုံနဲ့ကျင်းနဲ့ ၀င်ရိုက်တော့တာပဲဟုဆိုပါသည်။ အဲသည်ယာဉ်လိုင်းမှာ ကား မောင်းချင်ရင် ကားမောင်းကျွမ်းကျင်ရဲ့လားလို့ မမေးဘူးတဲ့။ လူရိုက်ရဲလားလို့ပဲ အင်တာဗျူးမှာမေးသတဲ့။ လူရိုက်ပြီးရင် ဘာမှဖြေရှင်းမနေနဲ့၊ ကားထားခဲ့ပြီး လူသာ လွတ်အောင်ပြေးခဲ့လို့ မှာထားပါသတဲ့။
သည်အကြောင်းတွေကို နားထောင်ပြီး ကျနော်ကျောချမ်းလာမိသည်။ ကားနဲ့လူကို တိုက်ပြီး ထွက်ပြေးသွားကြလို့ ဘယ်သူဘယ်ဝါ တိုက်သွားမှန်းမသိဘဲ လမ်းပေါ်မှာ အသက်ထွက်သွားခဲ့ရတဲ့ ပြည်သူတွေ အများကြီး ရှိပါသည်။ ကားနဲ့အတိုက်ခံရသူ သေသေကျေကျေ လှည့်မကြည့်ပါလေတော့။ လူ့အသက်တစ်ချောင်းကို ကားတစ်စီး လောက်တောင် တန်ဖိုးမထားကြသူတွေ ကျနော်တို့ အဖွဲ့အစည်းမှာ များများမလာဖို့ ပြင်ဆင်ကြဖို့လိုပါသည်။ မှန်မှန်မှားမှား ပြဿနာဖြစ်ရင် ရိုက်မယ်နှက်မယ်ဆိုသော ဖြေရှင်းနည်းကတော့ဖြင့် မှန်ကန်သောဖြေရှင်းနည်း မဟုတ်။ ကျနော်တို့လူ့အဖွဲ့အစည်း အတွက်လည်း ရုပ်ဆိုးအကျည်းတန်လွန်းသလို ရှက်စရာလည်း ကောင်းပါသည်။
တစ်ခါတုန်းကလည်း ကံဘဲ့ဘူတာရုံလမ်းထဲမှာ လမ်းဘေးရပ်ထားသော ဆိုက်ကား တစ်စီးကို ကိုယ်ပိုင်ကားတစ်စီးက နောက်ဆုတ်ရင်း တိုက်မိသွားလေရာ ကားဆရာက ကားပေါ်ကဆင်းလာပြီး သူ့ကား ဘာဖြစ်သေးသွားလဲဟူသော အထာဖြင့် စေ့စေ့ငုငု ကြည့်ရှုလိုက်ပြီးနောက် ဆိုက်ကားဆရာကို “သေချင်လို့လား၊ ဆိုက်ကားမနင်းချင်တော့ ဘူးထင်တယ်”ဟုငေါက်ပြီး ကားကို ၀ူးကနဲ မောင်းထွက်သွားပါလေတော့သည်။ ဆိုက် ကား ဘာဖြစ်သွားသေးလဲဆိုတာ သူစိတ်မ၀င်စား။ ကျိုးကျိုးကျေကျေ၊ ဘယ်လိုနေနေ ဘာဖြစ်ဖြစ်ပေါ့။
(၅)
ခေါင်းစီးစာသားကလေးက နည်းနည်းကြမ်းသည်ဟု အတွေးရောက်လျှင်ဖြင့် ခွင့်လွှတ် ကြစေချင်ပါသည်။ သည်စကားလေးက ပြည်သူ့တရားရှင် ပေါင်ချိန်တရားသူကြီးရဲ့ စကားလေးပါ။ သည်အကြောင်းရေးသူက နောင်တော်ကြီး ဒေါက်တာအရှင် သုတာစာရာလင်္ကာရ။ သည်စကားဖြစ်ပေါ်လာပုံက သည်လိုပါတဲ့။
တဇောက်ကန်း လူသတ်သမားကို ပေါင်ချိန်တရားရုံးမှာ အမှုစစ်ဆေး၊ သူ့မှာ အမွှာညီ လေးရယ်၊ ခယ်မဖြစ်သူရယ်၊ လူသတ်ပြီး ခြေသလုံးအိမ်တိုင် ပြေးရင်းလွှားရင်း ရခဲ့သည့် သူ့ဇနီးရယ် တရားရုံးထဲမှာ ရှိနေကြသည်။ လူသတ်သမား မိုက်ခဲဖြစ်သွား ရခြင်း အကြောင်းရင်းက သူ့အဖေက နိုင်ငံတာဝန်ထမ်းဆောင်စဉ် အမှုတစ်ခုကို မှားယွင်းစီရင် မိသည့်အတွက် တဘက်လူနစ်နာသွားပါသည်။ ဒါကိုပေါင်ချိန်ကသိတော့ ရာထူးချ၊ ပြည်နှင်ဒဏ်ပေးလို့ ထွက်သွားရင်း လမ်းခရီးမှာ မိဘနှစ်ပါးလုံး မရှေးမနှောင်း ဆုံးပါး သွားခဲ့ကြ။ မိုက်ခဲက မိဘများအတွက် လက်စားချေလိုစိတ်နဲ့ သိုင်းပညာသင်ပြီး လူတွေ လိုက်သတ်။ နောက်ဆုံးပေါင်ချိန်တရားရုံးရောက်လာတော့ ပေါင်ချိန်က “မင်းလုပ်ရပ် တွေမှန်တယ်ဆိုရင် မင်းရဲ့သားကို မင်းလိုလူအဖြစ်ခံနိုင်ပါသလား”လို့ မေးလိုက်တော့ မိုက်ခဲတစ်ယောက် ငိုင်ကျသွားလေရဲ့။ သူ့ဇနီးက ကိုယ်ဝန်အရင့်အမာကြီးနဲ့။ သူ့ကို လှမ်းကြည့်လိုက်ချိန်မှာတော့ လူတွေသတ်ခဲ့မိကြောင်း၊ သူ့အကြီးကြီး မှားသွားခဲ့ ကြောင်း ပေါင်ချိန်ကိုဝန်ခံ။ သူ့သားကိုလည်း သူလိုလူ မဖြစ်စေရပါဘူးလို့ ကတိပေး လိုက်ပါသည်။
ကားသမားက ငေါက်၊ စပယ်ယာက ငေါက်၊ တရားရုံးတွေမှာ တရားသူကြီးတွေက မျက်ထောင့်နီကြီးတွေနဲ့ ငေါက်၊ ဆေးရုံ၊အလုပ်ရုံတွေမှာ ဂိတ်စောင့်က ငေါက်လိုငေါက်၊ နပ်စ်ကငေါက်၊ ဆရာဝန်တွေက ငေါက်၊ ဆိုင်ရာဆိုင်ရာတွေမှာ ဟိုလူကငေါက် သည်လူ ကငေါက် စသည်စသည်ဖြင့် ငေါက်ငမ်းနေကြသည်ဖြစ်ရာ ယဉ်ကျေးသိမ်မွေ့ ပါသည်၊ ဖော်ရွေပါသည်ဆိုသော ကျနော်တို့တစ်တွေက အငေါက်သံသရာကြီးထဲမှာ လည်နေပါ တော့သည်။ ဆရာကြီးအထာနှင့် ဂိုက်ပေးကြမ်းနေလိုက်ကြတာ။ ပြည်သူ့တရားရှင်ကြီး ပေါင်ချိန်မေးသလို မေးရလျှင်ဖြင့် မင်းလုပ်ရပ်တွေက မှန်တယ်ဆိုရင် မင်းရဲ့သားကို မင်းလိုလူအဖြစ်ခံနိုင်ပါသလား၊ မင်းရဲ့သမီးကို မင်းလိုလူ အဖြစ်ခံနိုင်မလား။ ကျနော်တို့ ကိုယ်တိုင်ကတဲ့ကော သည်လိုလူ အဖြစ်ခံနိုင်ပါသလား။ ကိုယ်တိုင်မေးခွန်းထုတ်ပြီး ကိုယ်တိုင်ပြန်ဖြေကြည့်ကြဖို့ရယ်ပါ။
ကိုသစ် (သီတဂူ)
30/6/2015