မောင်လူရေး - အိမ်သာ ဘယ်မှာလဲ
(မိုးမခ) ဇန်န၀ါရီ ၅၊ ၂၀၁၆
နှစ်သစ်ကူးမှာ စိတ်ကလေး ဟိုလူးဒီလူး လူးတာနှင့် ခြေဦးတည့်ရာ သွားလိုက်ရာ။
ပထမတရက် ရွှေကျောင်းကြီး။ ဟိုကြည့် ဒီကြည့် ဟိုရိုက် ဒီရိုက်။ တမက်ရှိုက်ရှိုက်မြန်မာ့လက်မှု
လက်ရာများကို အားပါးတရ ရှုပြီးသကာလ သောက်သောအရေ (အရည်) တွေအတွက် ပေါက်တော ဖွေရှာဆက်သောခါ ဘယ်မှာမှ မတွေ့။
သို့နှင့် အောင့်နဲနဲအီးကာ နန်းတော်တွင်းသို့ ချဉ်းခဲ့ရာ။ ဟိုငေး ဒီငေး မင်းတုန်းမင်းကြီး ဆောင်တော်ကူးပုံတွေ တွေးမောရင်း ပေါက်တောရှာပြန်သောခါ ပျောက်သောသူ ရှာရင်တွေ့နိုင်ပေမဲ့ ပေါက်တောမူ ရှာလေ မတွေ့ချေ။
မင်းတုန်း၏ ဆောင်တော်ကူးပုံကို ဆက်လက်မစဉ်းစားအား သွက်သွက်အတင်းသားပင် တည်းခိုရာ ၂၆/ ၆၂ လမ်း ကျောင်းသို့ ဆိုင်ကယ်တက်စီနှင့် ဂျောင်းရပေတော့သည်။
ညပိုင်းတွင် ကျုံးတော်မဟာနှင့် ရေပန်းအက ရှုစားရန်ကြွချေရာ နှစ်သစ်အတက်ကို ဝတ်လစ်စလစ်အရက်နှင့် ကြိုမည့်သူများကြား တိုးရင်းဝှေ့ရင်း ရေပန်း မကတက ကြည့်ခဲ့ရသည်။
နှစ်သစ်မနက် ၂:၃၀တွင် တည်းခိုရာကျောင်းမှ ဘူတာကြီးသို့ နှစ်သစ်ကူး ပုလင်းကွဲ အံဖတ်များ ကို ကျော်ခွ ခုန်လွှား ခြေကစားပြီးနောက် မနက် ၄နာရီ ထွက်မည့် လားရှိုးရထားပေါ်ရောက်ခဲ့ပေတော့သည်။
ဘူတာကြီး၏ ပုတ်အဲ့အဲ့ အနံ့အသက်များကို ရှူရှိုက်ရင်း မနက်ခင်း မလတ်မဆတ်ကို ခေတ္တ အဆက်ဖြတ်မည်ပြုစဉ် နိုင်ငံခြားသားက သူနှာစေးနေလို့ ကိုယ့်ဘေးက အပေါက်ကို ပိတ်ဖို့ကျိုးစားရာ လူသုံးယောက် ဆယ်မိနစ်ခန့် လုံးပမ်းလိုက်မှ တံခါးချလို့ရပေသည်။ ကိုယ့်ရှေ့က အပေါက်ပိတ်ဖို့ ကျိုးစားသည့်နိုင်ငံခြားသားတွေထဲက တယောက်ကတော့ လေကောင်းလေသန့်ရအောင် တမင်လုပ်ပေးတာဟု ပြောရင်း လက်လျော့သွားကြသည်။ အထက်တန်းတွဲ၏ အထက်တန်းကျပုံကား ဤသို့ တည်း။
ဘူတာတွေမှာလဲ သတိထားမိသလောက် အိမ်သာမတွေ့ရ။ ရထားပေါ်သွားဖို့လဲ သိပ်မဟန် ခြေစုံကန် လက်စုံကန် ကိုယ့်ဟာ ကိုယ့်ပြန်မစင်အောင်ပင် ရှောင်လင်သမှု ပြုရချေသေးသည်။
လမ်းဘေးယာဝဲ ရှုခင်းတွေထဲမျက်လုံးလှမ်းပြန်တော့ တလမ်းလုံး တောင်ကတုံးတွေ။ တောမယ်မယ်ရရ မတွေ့ရ။ တောနဲ့တောင်စွယ်တို့ စုံတောမြိုင်တို့ တောင်ယံတောက မောလေအောင်တို့နှင့် စိတ်ကူး မြူးမလို့ဟာ။ အင်း တောတွေအတွက်ကိုပဲ ဘယ်ဝယ်ဘယ်ဆီ တမ်းတကာ မှန်းဆကာ လွမ်းရပါ့မည်ကို ခုနှစ်သံချီရမလို။ ဂုတ်ထိပ်တံတားအောက်ပဲ စိမ်းစိမ်းအုပ်အုပ်မြင်ရတော့သည်။ ဒါတောင် ဘယ်ရွှေ့ဘယ်မျှ သယ်ကြလေပြီမသိ။ အလောင်းတော် ကဿပသွားတုန်းက သစ်ခုတ်သည့်သူတွေတွေ့လို့မေးကြည့်တော့ ပိုက်ဆံပေးပြီး နေ့တိုင်းဝင်ခုတ်နေကြတာဘဲ ဆိုသောစကား ကြားယောင်နေတုန်း။ နောင်ပိန်ကနေ အစုန်ရထားပြန်စီး ဂုတ်ထိပ်ခရီး ပြီးလေပြီ။
နှစ်သစ်၏ ဒုတိယရက်တွင် အင်းဝဘက် ထွက်ခဲ့၏။ သပြေတန်းခံတပ်ကို အရင် ဝင်သည်။
ခံတပ်ကား ခြုံနွယ်ပိတ်ပေါင်းတို့အောက်တွင် ဇာတိမာန်ပျောက် ဗျာဓိဟန်ပေါက် နေပေပြီ။
ဤခံတပ်၏ အပေါ်နှင့် အောက်တွင် မြက်ခင်းလှလှလေးစိုက်၍ ပါတီပွဲတွေ ဒင်နာတွေ မင်္ဂလာပွဲတွေ စတိတ်ရှိုးပွဲတွေ လုပ်လိုက်ရလျှင် အဘယ်မျှ ကောင်းချိမ့်မည်နည်း။ လက်ပန်ပင်ကြီး သုံးပင်၊ အမြောက်ကြီးနှစ်လက်၊ စစ်ကိုင်းတံတားအဟောင်း မြစ်မင်းဧရာနှင့် အဘယ်မျှလှပချိမ့်မည်နည်း။ အော် စကားမစပ် တံတားဂိတ်ကလူတွေ သုံးဖို့ထင့်၊ ခံတပ်ဝထိပ် သစ်ခြုံရိပ်မှာ အိမ်သာလေးတွေ့ခဲ့ရသည်။
သပြေတန်းမှ အင်းဝသို့ကူးခဲ့ပြီး ဆင်ကျုံးခံတပ်၊ လောကသရဖူ၊ ဗားကရာကျောင်း၊ မြင်းမိုရ် ကြောင်လိင် ဝင်္ကဘာဘက်။ ပြီးတော့ ပဟိုရ်စင်၊ စင်ပေါ်တော့ မတက်ရတော့။ မကောင်းသည့်လှေကား မပြင်ဘဲ ပိတ်ထားသည်။ ရတနာဆီမီးဘုရားထဲလဲ ခြုံနွယ်အပြည့်။ ရှေးဟောင်းဌာနက ဝင်ကြေးတော့ ကောက်သည်။ မြင်ရေးဖြောင့်အောင်ကား မလုပ်။
မယ်နုအုတ်ကျောင်းရောက်တော့ "မယ်နု၊ သူ့ကြွေးရှိရင် ဆပ်ရလိမ့်မယ်"ဆိုသည့် ဆရာတော်ဗုဓ်၏ သေဒဏ်ကျ ကျောင်းအမ မိဖုရားကြီးအပေါ် မိန့်မှာစကားကို ကြားယောင်မိသည်။ မယ်နု၏ အားနည်းချက်မှာ နောက်ကြောင်းပြန် အရေးမယူရဥပဒေ မရေးခဲ့နိုင်ခြင်းပင်။
အင်းဝသည် သင်ဦးချ၍ အမျှဝေရာ စေတီသာနှင့် သစ္စာအရောင် ဉာဏ်တန်ဆောင်သာ ပြောင်လျက် ဝင်းလျက် ကျန်ခဲ့သည်။ နန်းတော်ရာကိုကား မတွေ့။ ထူးပေစွ။
"မြန်မာစကားမှာ အရေးအကြီးဆုံး စကားလုံး ဘာလဲ၊ သိလား"ဟု နိုင်ငံခြားသားတယောက်က မေးဘူးသည်။ မသိဘူး ဆိုတော့ "အိမ်သာ ဘယ်မှာလဲ"ဆိုသော စကားဖြစ်ကြောင်း ပြောဘူးသည်။ အဲဒါ သူ မြန်မာပြည် နှစ်ခေါက်ရောက်ချိန်မှာ ထိုးထွင်းသိမြင်သွားသော အမှန်တရားတခုဖြစ်သည်။ အင်းဝမှာလဲ ခရီးသွားတွေအတွက် အိမ်သာမတွေ့ပေ။ ရှေးဟောင်းဌာနကို ခေတ်သစ်အိမ်သာများ လုပ်ဆောင်ပေးရန် မေတ္တာရပ်ခံ အပ်ပါသည်ခများ။
အင်းဝမှအပြန် ကျောက်စိမ်းဘုရားဝင်သည်။ ကျောက်စိမ်းဈေးကြီး တည်နေတုန်း။ ဤဘုရားက ကျောက်စိမ်းများတွင် လူ့အသက်ပေါင်း ဘယ်လောက် ပါဝင်နေမည်မသိ။ ဖားကန့်မှာ လူ အစုလိုက်အပြုံလိုက် သေနေတုန်း။ ယန္တယားကြီးပေါင်းမြောက်များစွာဖြင့် ဖားကန့်တနယ်လုံး ထိုးလှန်နေတုန်း။ ဝိသမချုပ်မှူးကြီးတို့၏ အဖြိုဖျက်ခံ နယ်မြေ ဖြစ်နေတုန်း။ မြန်မာပြည်၏ သယံဇာတ ထွက်ပေါ်ရာနေရာတိုင်း ဆုတ်ပြတ်နုံချာနေပြီး ထုတ်ယူသူ လူမသမာများသာ ဖွံ့ဖြိုး တိုးတက်နေကြသည်မှာလည်း စကြာဝဠာတတိုက်လုံး အသိ။ ကျောက်စိမ်းဘုရားမှာတော့ အိမ်သာရှိ မရှိ၊ မသိ။ လူတွေကတော့ ကြိတ်ကြိတ်တိုး။
ထိုမှ တောင်သမန်။ လူတွေ လူတွေဆိုတာ တံတားကြီး ညွတ်ကိုင်းကြလုနီးနီး။ တိုး၍ ခွေ့၍ တရွေ့ရွေ့သာ လှမ်းရရှာ။ တောင်သမန်ရွှေအင်းမှာ လေညှင်းဆော်ရင်တော့ အော်ဂလီဆန်ပေမည်။ ရေတွေ ပုတ်နေပြီ။ အမြုပ်တစီစီ။ စက်မှုဇုန်ရေဆိုးနှင့် အသရေညှိုးတော့မည့် တောင်သမန်။ အဲသည်မှာတော့ အိမ်သာလေးရှိသည်။ အဲသည်မှာလဲ ကျိတ်ကျိတ်တိုး။
သို့သော် သွားခဲ့သမျှ ဘယ်နေရာမှာမှ အမှိုက်ပုံး မတွေ့ခဲ့ရပေ။ အမှိုက်မပစ်ကြလို့တော့ ဟုတ်ဟန်မတူ။
ဤတွင်၍ ပြီးပြီ။
မောင်လူရေး