လင်းသက်ငြိမ် - ကျောင်းဖွင့်ချိန်
(မိုးမခ) ဇန်န၀ါရီ ၉၊ ၂၀၁၆
သောက်ရေအိုးဖိုး ပေးဖို့ဘယ်သူကျန်သေးလဲဟုမေးလာတဲ့ ဆရာမရဲ့မျက်လုံးတွေက ကျွန်တော့်ဆီအရောက်မှာ သက်ပြင်း တစ်ခုဖြစ်သွားတယ်။ တံမြက်စည်းဖိုးထည့်ဖို့ ဘယ်သူကျန်သေးလဲလို့မေးလိုက်တာနဲ့ စာသင်ခန်းထဲက ကျောင်းသူ၊ ကျောင်း သားတွေရဲ့အကြည့်တွေက ကျွန်တော့်ဆီကျောက်ချထားပြီးသားဖြစ်၏။ သိမ်ငယ်ရသောနေ့ရက်တွေကို ကျွန်တော်ရင်မဆိုင်လိုတော့ပါ။ အဖေနဲ့အမေရဲ့ ဝန်ထုပ်ဝန်ပိုးအဖြစ်ကို ကျွန်တော်မရယူလိုတော့ပါ။
အိမ်ဘေးနားက ပန်းရံဆရာတစ်ယောက်ဆီအကူအညီတောင်းပြီး ပန်းရံလုပ်ဖို့ပြောထားခဲ့ပြီး အမေ့ကိုဖွင့်ပြောတော့ ဝမ်း နည်းနေတဲ့အမေ့မျက်နှာမှာ စိတ်ပေါ့ပါးသွားတဲ့အရိပ်အယောင်ကို ကျွန်တော်မြင်တွေ့ခဲ့ရတော့ ကျွန်တော်အခန်းထဲဝင်ပြီး ငိုခဲ့ရတယ်။ ကျွန်တော့်ကျောင်းဝတ်စုံကို ညီလေးကိုပေးလိုက်တော့ သူ့ခမျာပျော်နေရှာတယ်။ ညီမလေးကတော့အစ်ကိုကြီး က ဘာလို့ကျောင်းမတက်တာလဲလို့မေးတယ်။ ကိုကြီးပျင်းလို့ပါ ညီမလေးရယ် အလုပ်လုပ်ရတာပျော်စရာကောင်းတယ်တဲ့... မျက်ရည်စကို သူမမြင်အောင်သိမ်းရင်းဖြေခဲ့တယ်။
အဖေကတော့စိတ်မကောင်းလို့ထင်ပါရဲ့။ တစ်နေ့လုံး စကားမပြောတော့ဘူး။ တကယ်တမ်းကျ အဖေလည်း လေးတန်း အထိပဲကျောင်းနေခဲ့ရတဲ့သူပဲလေ။ ကျွန်တော်တို့မိသားစုမှာ အမေပဲရှစ်တန်းအထိနေခဲ့ဖူးတယ်လေ။ ယောက်ျားလေးဟာရေးတတ်ဖတ်တတ်ရင်ပြီးတာပဲဆိုတဲ့အတွေးဟာ အဖေ့အဖေဆီကအဖေရခဲ့တဲ့အမွေလည်းဖြစ်မယ်ထင်ပါရဲ့။ အဖေ့ရဲ့မိဘတွေက တောင်သူတွေဆိုတော့ လယ်လုပ်နိုင်မှ ဘဝအတွက်အာမခံချက်ရမယ်ထင်တဲ့သူတွေပေါ့။ ကျွန်တော့်လွယ်အိတ်က
လေးကို ညီလေးအရပ်နဲ့တော်အောင်အမေက အပ်နဲ့ချုပ်ပေးနေတယ်။ မနက်ဖြန်ဆိုသူတို့တွေ ကျောင်းသွားရတော့မယ်လေ။ ကျွန်တော်ကတော့ သံဒယ်အိုးတွေ၊ ပေါက်ပြားတွေ၊ ဂေါ်ပြားတွေနဲ့ သဲပုံကြီးတွေဆီ၊ အုတ်နီခဲတွေဆီကိုသွားရပေလိမ့် မယ်။
မနက်ခင်းရဲ့နေရောင်ခြည်ဟာ ဒီနေ့မှ ပိုပူသလိုပဲလို့ ကလေးအတွေးနဲ့ ကျွန်တော်တွေးမိတယ်။ လမ်းမကြီးတစ်ခုရဲ့ဘေးမှာ ပန်းရံအလုပ်သမားများရောက်ရှိနေကြပေါ့။ သဲတွေကိုဂေါ်ပြားနဲ့ကော်ပြီး ဒယ်အိုးတွေထဲ ကျွန်တော်ထည့်ရတယ်။ ပန်းရံ သမများက ဦးခေါင်းနဲ့ရွက်ရင်းသယ်ကြပေါ့။ သဲပုံကြီးဟာ အကြီးကြီးပါပဲ။ အုတ်ပုံကြီးဟာအမြင့်ကြီးပါပဲ။ ဦးထုပ်အောက်ကချွေးများစီးကျလို့ ဂေါ်ပြားကိုင်လက်များ နီရဲကျိန်းစပ်လို့။
လမ်းပေါ်မှာ အဖြူနဲ့အစိမ်းများ။ လမ်းပေါ်မှာလွယ်အိတ်များ။ လမ်းပေါ်မှာ ပျော်ရွှင်မြူးတူးခြင်းများ။ စက်ဘီးများရဲ့ဘဲလ်သံမှာ ကျွန်တော်နာကျင်ရတယ်။ အဖြူအစိမ်းတွေကိုကြည့်ရင်း ကျွန်တော်မျက်ရည်ဝဲရတယ်။ ကျွန်တော့်သူငယ်ချင်းတွေ ကျွန်တော့်မမြင်ကြဘူး။ ကျွန်တော့်ဆရာမ ကျွန်တော့်ကိုမမှတ်မိဘူး။ အခုအချိန်ဆို ကျွန်တော်ဟာ စာသင်ခန်းထဲမှာ သူငယ်ချင်းတွေနဲ့ နွေရာသီကျောင်းပိတ်ရက်တွေအကြောင်း ပြန်ပြောရင်းပျော်နေရမှာပေါ့။
ဟဲ့ သဲထည့်လေ ဘာငေးနေတာလဲ။ သဲသယ်တဲ့အစ်မကြီးတစ်ယောက်ရဲ့ လှမ်းအော်သံက ကျွန်တော့်ကိုလက်ရှိဘဝထဲပြန်ဆွဲခေါ်လိုက်တယ်။ ဟုတ် ဘာမှမငေးပါဘူး အစ်မလို့ ပြန်ဖြေရင်း ဂေါ်ပြားနဲ့ မပြည့်တပြည့်သဲတွေကို သူ့ဒယ်အိုးထဲထည့်ပေးလိုက်တော့ သူကခေါင်းပေါ်တင်ပြီး ရွက်သယ်သွားတော့တယ်။ သူသယ်သွားတဲ့သဲတွေမှာ ကျွန်တော့်မျက်ရည်တွေပါ သွားတာ သူသတိမထားမိတာ သေချာပါတယ်။ ။
လင်းသက်ငြိမ်