(မိုးမခ) ဇန်န၀ါရီ ၁၁၊ ၂၀၁၆
၂၀၀၃ ခုနှစ်၏ အစ ၄၈ နာရီမပြည့်မီတွင် အဖေလူ့လောကထဲမှ ထွက်ခွာသွားခဲ့သည်။ ၂၀၀၂ ခု ကုန်ခါနီး ဆေးရုံပေါ်တွင် ဝေဒနာနှင့် အားပြိုင်နေရစဉ် မြန်မာနိုင်ငံ၏ အာဏာရှင် ဦးနေ၀င်း ကွယ်လွန်သွားခဲ့သည်။ ထိုအဖြစ်ကို အဖေသာ သိခဲ့လျင် ဘယ်လိုခံစားရမည်လဲဟု ကျွန်တော့်စိတ်ထဲ ဖြစ်နေမိသည်။ ဘာကြောင့် ဦးနေ၀င်း ကွယ်လွန်သည့် အဖြစ်နှင့် အဖေ မကွယ်လွန်မီ ဝေဒနာရောဂါနှင့် နပန်းလုံးနေရသည့်အဖြစ်က သက်ဆိုင်သနည်းဟု မေးစရာရှိပေလိမ့်မည်။
အဖေသည် ဦးနု၏ သန့်ရှင်း ဖဆပလ ကိုထောက်ခံသူဖြစ်သည်။ နိုင်ငံရေးတွင် ဦးနုကို လေးစားသူဖြစ်သည်။ ကျွန်တော်တို့ ကလေးဘ၀ ကတည်းက ညစဉ် ဘီဘီစီ မြန်မာပိုင်းရေဒီယိုကိုဖွင့်ပြီး နိုင်ငံရေးသတင်းတွေကို စိတ်ဝင်တစား နားထောင်သည့် ပရိသတ် တဦးဖြစ်သည်။ ည ၈ နာရီကျော်လျင် ဘီဘီစီ မြန်မာပိုင်းကို လိုင်းဖမ်းသည့် အသံ၊ လှိုင်းတိုမီတာဖြစ်၍ လိုင်းကောင်းကောင်း မမိသည့်အခါများတွင် ဆူညံနေလေ့ရှိသည့် လေသံများအကြား အဖေကတော့ သတင်းများကို စိတ်ဝင်တစားအာရုံစိုက် နားထောင်လေ့ရှိသည့် ပုံရိပ်များက အမှတ်ထင်နေဆဲ။
အဖေကမြန်မာ့နိုင်ငံ အခုလိုဆင်းရဲ ကြပ်တည်းရသည့် လက်သည်တရားခံမှာ ဦးနေ၀င်းဟု ကောက်ချက်ချထားပြီး သူ ကွယ်လွန်ချိန်ထိ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်ဖို့ ခဲယဉ်းသည်ဆိုသည့် အယူအဆရှိသူဖြစ်ရာ ဦးနေ၀င်းကွယ်လွန်သည့် သတင်းကြားသိရသည့်အခါ သူမျှော်လင့်ခဲ့သည့် မြန်မာနိုင်ငံရေး အပြောင်းအလဲ နီးစပ်လာပြီလားဆိုသည်ကို အဖေအား ကျွန်တော် မေးချင်သည့် ဆန္ဒဖြစ်နေခဲ့သည်။ အဖေ မျှော်လင့်ခဲ့သည့် တိုင်းပြည်၏ အပြောင်းအလဲဖြစ်မည့် အခြေအနေမျိုး ရောက်ချိန်တွင် အဖေကိုယ်တိုင် ဝေဒနာနှင့် နပန်းလုံးနေရသည့် အဖြစ်က ကံကြမ္မာ၏ သရော်ချက်လေလားဟုလည်း တွေးမိသည်။
အဖေဟု ဆိုလျင် ကျွန်တော် မျှော်လင့်မထားသည့် တုံ့ပြန်မှု အဖေ့ထံမှ ရခဲ့သည့် အချိန်ကာလ နှစ်ခုကို စွဲစွဲထင်ထင်ရှိနေသည်။ ပထမအကြိမ်မှာ ၈၂ ခုနှစ် အဖမ်းခံရပြီး၊ စစ်ထောက်လှမ်းရေးအချုပ်၊ အင်းစိန်ထောင်တို့မှ တဆင့် မော်လမြိုင်ထောင်သို့ ပို့ပြီး သီတင်းပတ် အနည်းငယ်အကြာ ထောင်ဝင်စာတွေ့သည့် ကာလဖြစ်သည်။ ကျွန်တော့်အနေဖြင့် ယခုလို နိုင်ငံရေးနှင့်ဆက်နွယ်သည့် ဖမ်းဆီးခံရခြင်းအပေါ် အဖေပြစ်တင်မည်လားဆိုသည့် အတွေးနှင့် ပထမဆုံးအကြိမ် ထောင်ဗူးဝ သံတံခါးတဖက်တချက်စီတွေ့ဆုံရစဉ် နေထိုင်ရတာ အဆင်ပြေလား၊ ဘာမှ အားမငယ်ဖို့ အားပေးသည်ကို ကြုံခဲ့ရသည်။ ကျောင်းတက်နေစဉ် နိုင်ငံရေးနှင့် ဆက်နွယ်သော ကိစ္စရပ်တွင် ပါဝင်ပတ်သက်ခြင်းကို အပြစ်တင်သည့် သဘော တစိုးတစိမျှ မရှိခဲ့ခြင်းအတွက် အဖေကို သတိရနေစေခဲ့သည်။
နောက်ပိုင်းမှ ပြန်သိရသည်မှာ ကျွန်တော့်ကို လာဖမ်းဆီးသွားသည့်ည ဖြစ်ရပ်နှင့် ဆက်နွယ်၍ အဖေ့တွင် ရုပ်ဒဏ်ရာနှင့် စိတ်ဒဏ်ရာ ဆယ်စုနှစ်နှင့် ချီရခဲ့သည့် အဖြစ်ဖြစ်သည်။ ဖမ်းဆီးခံရသည့်ညက သတင်းတပ်ဖွဲ့က မေးမြန်းစရာ အနည်းငယ်ရှိ၍ လိုက်ခဲ့ပါရန် ခေါ်စဉ် အဖေအမေတို့က အ၀တ်အစား၊ စောင်စသည် ထည့်ပေးလိုက်မည်ဆိုသည်ကို သတင်းတပ်ဖွဲ့က အများဆုံး ၂ ရက် ၃ ရက်သာ ကြာမည်ဖြစ်၍ မလိုအပ်ကြောင်း ပြောဆိုသည်။ ယင်းသို့ ပြောဆိုမှုကြောင့် အဖေ့မှာ ပြန်လာနိုး ဖြင့် တရက်တရက် မျှော်ရင်း သီတင်းတပတ်ကျော်မှ မြို့မ ရဲစခန်းတွင်ထားရှိကြောင်း မိသားစုကို အသိပေးပြီး တမင်းဟင်း တကြိမ်ပို့ခွင့်ရသည်။ ယင်းနောက် တလလောက် အင်းစိန်ထောင်ပို့လိုက်ပြန်ရာ ဘယ်ရောက်နေသည် မသိဘဲ အစအနေပျောက်နေခဲ့ရသည်။ အဖေမှာ ကျွန်တော့်ကို ဖမ်းဆီး ခေါ်ဆောင်သွားသည့် နောက်ရက်တွေမှာ သားဖြစ်သူ ပြန်လာပို့လေမလား ဆိုသည့်မျှော်လင့်ချက်ဖြစ် ညအတော်များများ အိပ်မပျော်ခဲ့ပေ။ ယင်းအိပ်မပျော်သည့် ညတွေရှည်လာသည့်နောက် ချောင်းဆိုးသည့် ရောဂါရလာကာ ယင်းရောဂါက အဖေကွယ်လွန်သည်ထိ နှစ်ရှည်လများ စွဲကပ်ခဲ့သည်။ ထိုသို့သော ချောင်းဆိုးသည့် ရုပ်ပိုင်းဒဏ်ရာနှင့် ညဘက် အိမ်အနီးနားတွင် ကားရပ်သံ၊ ခွေးဟောင်သံ ကြားလျင် စိုးရိမ်တတ်သည့် စိတ်ဒဏ်ရာက ဆယ်စုနှစ်များစွာ အဖေ့ထံ စွဲကပ်ခဲ့ပေသည်။
ဒုတိယ တုံ့ပြန်မှုမှာ ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး မကြာမီ လက်နက်ကိုင်တော်လှန်ရန် ဆုံးဖြတ်ပြီး နယ်စပ်သို့ ထွက်ခွာသွားခဲ့စဉ် အဖေ့ကို လုံးဝ အသိမပေးခဲ့ရ။ အိမ်မှထွက်ခွာသည့် နံနက်တွင် အမေ့ကို ဖွင့်ပြောပြီး သံဖြူဇရပ်မှတဆင့် နယ်စပ်သို့ထွက်ခွာသွားခဲ့သည်။ အဖေက အဲဒီညဘက် ကျွန်တော် အိမ်ပြန်မလာတော့မှ တောခိုသွားပြီဆိုသည့်အဖြစ်ကို အမေက ဖွင့်ပြောခဲ့သည်။ တလခွဲကျော်အကြာ နယ်စပ်မှ အိမ်ပြန်ရောက်လာသည့်အခါ ပထမဆုံးအဖေ မေးသည့်မေးခွန်းက ဟိုမှာ ဘယ်လိုနေခဲ့ရလဲ ဒုက္ခရောက်ခဲ့သလား၊ ပါသွားတဲ့လက်စွပ်တွေ ရောင်းပြီး မသုံးခဲ့ဘူးလား ဆိုသည့် မေးခွန်းဖြစ်သည်။ အမှန်တော့ ထွက်သွားစဉ်က ငွေကျပ် ၄၀၊ ၅၀ နှင့် လက်ပတ်နာရီတလုံးသာပါသွားခဲ့သည်။ လက်စွပ်ကို သွားမည့်မနက်က အိမ်မှာချွတ်ပြီးထားခဲ့သည်။ အဖေက လက်စွပ်ပါသွားသည် ထင်၍ ထိုသို့မေးခြင်းဖြစ်သည်။ ယခု ဒုတိယအကြိမ်တွင်လည်း ကျွန်တော့်အပေါ် ချစ်သည့်မေတ္တာကို ခံစားရသဖြင့် နွေးထွေးသည့် ခံစားမှုခံစားခဲ့ရသည်။
အဖေနှင့် ပတ်သက်လျင် အထက်က ဖြစ်ရပ် နှစ်ခုကို အစဉ်အမြဲ အမှတ်ရနေခဲ့သည်။ အဖေသည် တရားရုံး၊ ရဲစခန်းနှင့် အကျဉ်းထောင် တို့နှင့် ပတ်သက်ရမည်ဆိုလျင် ဝေးဝေးမှာ နေမည့် သူမျိုးဖြစ်သည်။ ကျွန်တော်တို့ လူငယ်တွေက မိမိတို့ယုံကြည်သည့် ယုံကြည်မှုအတွက် အကျဉ်းထောင် ရဲစခန်းနှင့် ပတ်သက်လျင် ပတ်သက်ပါစေ မလွှဲမရှောင်သာ လုပ်ဖို့ ဆုံးဖြတ်ထားခဲ့ကြသူများဖြစ်သည်။ အဖေအဖို့ သူ ကြောက်ရွံ့သော၊ မပတ်သက်ချင်သော နေရာများနှင့် ကျွန်တော့်ကိစ္စကြောင့် ပတ်သက်လာရသည့်အခါ သားဖြစ်သူကို ချစ်သည့် မေတ္တာကြောင့် အဖေ ရင်ဆိုင်လာရသည့် အနေအထားဖြစ်သည်။ ထိုတုံ့ပြန်မှု နှစ်ခုကိုအဖေနှင့် ပတ်သက်လျင် ကျွန်တော့်အဖို့ တသက်တာလုံး မှတ်မှတ်ရရ ဖြစ်နေခဲ့သည်။
အဖေသည် စိတ်ရှည်သည့်အခါ အတော်စိတ်ရှည်ပြီး ယင်းအတိုင်းအတာပမာဏကို ကျော်လွန်သွားသည့်အခါမျိုးတွင် ဘာမှမပြောတော့ပဲ နှုတ်ဆိတ်နေလေ့ရှိကာ တခါတခါတွင် ဆန့်ကျင်ဘက် အစွန်းသို့ ရောက်သွားလေ့ရှိသည်။ တနည်းအားဖြင့် ထိုသို့သော အခြေအနေမျိုး ဘယ်လိုအချိန်တွင် ကျရောက်လာမလဲ ဆိုသည်ကို ခန့်မှန်းရခက်သည်။
ကျွန်တော်တို့ ညီအစ်ကိုတွေ အပေါ် ယေဘုယျအားဖြင့် အလိုလိုက်သူ တယောက်ဖြစ်သည်။ အဖေသည် နေ့ခင်း ဈေးဖွင့်ချိန်တွင် ဈေးနှင့် အလုပ်ရှိရာခြံသို့ စက်ဘီးဖြင့် ပစ္စည်းပို့လိုက် ပြန်သယ်လိုက်ရှိပြီး ညနေစောင်းတွင် အလုပ်ရှိရာ ခြံသို့ စက်ဘီးဖြင့် အလုပ်သိမ်းသွားလေ့ရှိရာ ထိုသို့သောအချိန်တွင် ကျွန်တော်နှင့် ကျွန်တော့်အထက်က အစ်ကိုက စက်ဘီးလိုက်စီးပြီး ခြံထဲသို့ လိုက်လေ့ရှိသည်။ စက်ဘီးနောက်ခုံတွင် သစ်သားခွက်ဖြင့် ညီအစ်ကို နှစ်ယောက်ကို အဖေက တင်နင်းသွားလေ့ရှိသည်။ ထိုမြင်ကွင်းကို မြင်ရသူများက သားသမီး ကို အလိုလိုက်လွန်းသော ဖခင်တဦးအဖြစ် မြင်လေ့ရှိသည်။ သို့သော် တခါတခါ စိတ်တိုသည့်အခါ ကျွန်တော်တို့ကို အနားရှိသည့် တုတ်ဖြင့် ရိုက်လေ့ရှိသည်။ ယင်းအဖြစ်မျိုးမှာ မကြာခဏတော့မဟုတ် နှစ်နှင့်ချီမှ ဖြစ်လေ့ရှိသည်။
ကျွန်တော့်သမီးက အဖေဖြစ်သူအပေါ် မည်သို့မည်ပုံ ခံစားမှတ်မိနေမည်ကိုတော့ ကျွန်တော် အနေနဲ့ မှန်းဆခြင်းငှာ မတတ်နိုင်။ တနေ့ကျလျင် အဖေနှင့်ပတ်သက်သည့် ကျွန်တော့်ရေးထားသည့် အမှတ်ရစာတမ်းကို ဖတ်မိပြီး သူလည်းတချိန်ချိန်တွင် ရေးကောင်းရေးပေလိမ့်မည်။