အေးငြိမ်း - AEIS (Admissions Exercise For International Students) အကြောင်း သိကောင်းစရာ
(အေးငြိမ်း၏ ဖေ့စ်ဘွတ်) မိုးမခ၊ ဇန်န၀ါရီ ၁၅၊ ၂၀၁၆
(၁) အဘယ်ကြောင့် စင်ကာပူတွင်ကျောင်းထားရန် ကြိုးပမ်းကြရသနည်း
OECD (Organisation of Economic Co-operation and Development) ၏ လေ့လာမှုများအရ ၇၆ နိုင်ငံတွင် စင်ကာပူ သည် သင်္ချာနှင့်သိပ္ပံတွင် ထိပ်ဆုံး၌ ရှိနေ၏။ ၎င်းမှာ အသက် ၁၅ နှစ်အရွယ် ကျောင်းသားများကို Programme for International Student Assessment စာမေးပွဲဖြေခိုင်းပြီး ရလာသောရလဒ်များနှင့် အသက် ၁၄ နှစ်အရွယ် ကျောင်းသား ကလေးများကို ပြုလုပ်သော Trends in International Mathematics and Science Study လေ့လာချက်များအပေါ်မှ ကောက်ချက်ဆွဲထားခြင်း ဖြစ်သည်။
“ဒီရလဒ်နှစ်ခုစလုံးကို ပေါင်းပြီးမှ အဖြေထုတ်တာပါ။ ဒါပေမဲ့ လေ့လာချက်နှစ်ခုစလုံးကအဖြေတွေဟာ သိပ်တော့ ကွာခြားမှု မရှိပါဘူး” ဟု ထို အစီရင်ခံစာကို ရေးသားသူများဖြစ်သည့် စတန်းဖို့တက္ကသိုလ်မှ ပါမောက္ခ Erick Hanushek နှင့် မျူးနစ် တက္ကသိုလ်မှ ပါမောက္ခ Ludger Woessmann တို့က ပြော၏။
လေ့လာချက်များက အာရှသည် ထိပ်ဆုံးတွင်ရှိနေပြီး ဥရောပ နှင့် ကနေဒါတို့က အာရှနောက်မှ လိုက်သည်။
Image may be NSFW.
Clik here to view.
Overall rankings based on maths and science, at age 15
Singapore
Hong Kong
South Korea
Japan (joint)
Taiwan (joint)
Finland
Estonia
Switzerland
Netherlands
Canada
အမေရိကန်ကတော့ နံပါတ် ၂၈ နေရာတွင်ရှိသည်။ OECD က အနှစ် ၄၀ စာအချက်အလက်များကို လေ့လာသုံးသပ်လျှက် ကျွမ်းကျင်မှုနှင့် စီးပွားရေး ဆက်နွယ်မှုကိုလည်း ထောက်ပြခဲ့၏။
မိဘဟူသည် ကိုယ့်သားသမီးကို ဆင်စီးပြီး မြင်းရံတာကို တွေ့လိုသူချည်းဖြစ်၏။ ကိုယ်မည်မျှပင် ဆင်းရဲနေပါစေ၊ ကိုယ့် သားသမီးကိုတော့ ချမ်းသာစေချင်သည်။ ကိုယ်မည်မျှပင် ပညာမတတ်ပါစေ၊ ကိုယ့်သားသမီးကိုတော့ ပညာတတ်စေချင် ကြသည်။ ဤသည်မှာ သဘာဝပင်ဖြစ်၏။ ဤသဘာဝထဲ၌ ကျွန်တော်တို့မြန်မာနိုင်ငံမှ မိဘများလည်း ပါ၏။
ထို့ပြင်တ၀ ကျွန်ုပ်တို့ရွှေပြည်ကြီးမှ ပညာရေးစနစ်အကြောင်းကို မြန်မာနိုင်ငံသားမှန်က အနည်းနှင့်အများတော့ တီးမိခေါက်မိ ရှိလေ၏။
အထက်ပါအချက်များကို ပေါင်းစုလိုက်လေသော် စင်ကာပူနှင့် တစ်နည်းနည်းနှင့်အဆက်အသွယ်ရှိသော သို့မဟုတ် ပိုက်ဆံ တတ်နိုင်သော မြန်မာမိဘများသည် မိမိတို့သားသမီးများကို စင်ကာပူနိုင်ငံ၌ ကျောင်းထားရရေး တတ်စွမ်းသမျှ ကြိုးပမ်း ကြလေတော့၏။
သည်ရေစီးကြောင်းကြီးကို မလွန်ဆန်နိုင်သော ကျွန်ုပ်သည်လည်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မွေးထားသော သားကလေးကို စင်ကာပူတွင် ပညာသင်ယူစေနိုင်ရန် အပတ်တကုတ် ကြိုးစားရလေသော ဟူသတတ်။
(၂) အဘယ်ကြောင့် ဤဆောင်းပါးကို ရေးရသနည်း
“ကျမတို့က ပညာရေးနဲ့ သိပ်မနီးစပ်ဘူး၊ စင်ကာပူမှာ အမျိုးတွေရှိပေမဲ့ သူတို့ကလည်း ပညာရေးအကြောင်း နားမလည်ဘူး။ အဲဒီတော့ သားကို စင်ကာပူမှာကျောင်းထားဘို့ ကျမတို့ မနှစ်တုံးက စင်ကာပူလာပြီး ကျောင်းတွေလိုက်မေး၊ ဟိုလူ့မေး၊ ဒီလူ့မေးနဲ့ နောက်ဆုံး MOE ကိုရောက်သွားမှ AEIS အကြောင်း သိရတာ။ အတော်လေး ဒုက္ခများတယ်။ အခုလည်း ဒီစာမေးပွဲဖြေဘို့ လာသာလာတာ။ ဘာမှ သေသေချာချာ သိတာမဟုတ်ဘူး။” ဟု မိမိ၏သားကလေးကို ဆင်စီးပြီး ရွှေထီး ဆောင်းတာ မြင်ချင်သော မြန်မာပြည်မှ မိခင်တစ်ဦးက ဆို၏။
အမှန်ကိုဆိုရလျှင် ကိုယ်နှင့်သိပ်မသက်ဆိုင်လေတော့ ကျွန်တော်လည်း ယခင်က စင်ကာပူမှာကျောင်းထားသည့်အကြောင်း ကြားဖူးနားဝသာ ရှိပြီး ဂဃနဏ မလေ့လာခဲ့ဖူးပါ။ သားကိုကျောင်းထားမည်ဆိုတော့မှ အူယားဖားယားနှင့် ဟိုလိုက်မေး၊ သည် လိုက်မေး၊ မေးရတာဖြစ်၏။
သို့မို့ကြောင့် သားသမီးများကို စင်ကာပူတွင်ကျောင်းထားလိုသော မြန်မာပြည်မှ မိဘများအနေနှင့် ပြည့်စုံခိုင်လုံသော သတင်း အချက်အလက်များ ရစေရန် အားထုတ်ရေးသားလိုက်ရပါကြောင်း။
(၃) AEIS လျှောက်ပုံလျှောက်နည်း အဆင့်ဆင့်
နိုင်ငံခြားသား ကလေးသူငယ်များ စင်ကာပူအစိုးရကျောင်းများတွင် တက်လိုလျှင် စင်ကာပူ၊ ပညာရေးဝန်ကြီးဌာန (MOE - Ministry of Education) မှ ကျင်းပသော AEIS (Admissions Excercise For International Students) စာမေးပွဲကို ဖြေရသည်။
AEIS စာမေးပွဲကို နှစ်စဉ် စက်တင်ဘာ၊ အောက်တိုဘာလများတွင် ကျင်းပ၏။ ထိုစာမေးပွဲအောင်လျှင် နောက်နှစ် ဇန္န၀ါရီလ တွင်ဖွင့်မည့် အတန်းများကို စတက်ရသည်။ AEIS တွင် အရေးအဖတ်အတွက်များအတွက် အင်္ဂလိပ်နှင့် သင်္ချာကို စစ်သည်။ ထို စာမေးပွဲအောင်လျှင် နေရာလပ်ရှိသည့်အပေါ်မူတည်ကာ မိမိတို့နေထိုင်ရာနှင့်နီးသော ကျောင်းများသို့ ချပေးသည်။ သူတို့ ချပေးသောကျောင်းကိုသာ တက်ရမည်ဖြစ်ပြီး အရိုးများသော၊ ချေးခါးသော ရွေးလို့မရ။ ကျောင်းရွေးနိုင်ရန် AEIS ဖြေရန် လျှောက်လွှာတင်စဉ်ကတည်းက မိမိနေမည့်နေရာကို ကြိုတင်အကြောင်းကြားထားရသည်။
စာမေးပွဲရလဒ် (အမှတ်စာရင်း) ကို မထုတ်ပြန်ပါ။
စင်ကာပူတွင်ကျောင်းတက်လိုသူများအဖို့ စင်ကာပူတွင် အင်္ဂလိပ်ဘာသာသည် ရုံးသုံးဘာသာစကားဖြစ်သဖြင့် ဘာသာ အားလုံး အင်္ဂလိပ်လိုချည်း သင်မည်ဖြစ်သောကြောင့် AEIS စာမေးပွဲမတိုင်မီ အင်္ဂလိပ်လို ရေးတတ်၊ ပြောတတ်ရန် အထူး အလေးထား လေ့ကျင့်ပေးထားရမည်ဖြစ်ကြောင်း သတိချပ်ကြရမည်။ နောက်တစ်ခုမှာ မိမိတက်လိုသောအတန်း (ဥပမာ - Primary 3) တွင် ပြဌာန်းထားသော အင်္ဂလိပ်နှင့် သင်္ချာကို ကြိုတင် လေ့လာထားသင့်လှ၏။
AEIS စာမေးပွဲသည် မည်သူများအတွက် ဖြစ်သနည်း
လာမည့်နှစ် ဇန္န၀ါရီလတွင်ဖွင့်မည့် Primary 2 to 5, Secondary 1 to 3 အတန်းတက်မည့် နိုင်ငံခြားကျောင်းသားများ ယခုနှစ်တွင် AEIS စာမေးပွဲကို ဖြေရပါမည်။
၂၀၁၅ ခုနှစ်အတွက် AEIS စာမေးပွဲမှာ အောက်ပါအတိုင်း ဖြစ်၏။
Image may be NSFW.
Clik here to view.![]()
လိုအပ်သောစာရွက်စာတမ်းများ
စာမေးပွဲဖြေမည့်ကျောင်းသား
Ø မွေးစာရင်းမိတ္တူ (မြန်မာဘာသာဖြင့်ဖြစ်ပါက Notri လုပ်ပါ)
Ø ဓာတ်ပုံပါသော ပတ်စ်ပို့စာအုပ် စာမျက်နှာ မိတ္တူ
Ø Deed Poll (ရှိလျှင်)
Ø Dependant’s Pass (ရှိလျှင်)
Ø Immigration Exemption Order (ရှိလျှင်)
Ø Student’s Pass (ရှိလျှင်)
မိဘများ (အဖေနှင့်အမေနှစ်ဦးစလုံး)

Ø Singapore NRIC (ရှိလျှင်)
Ø Re-entry Permit (ရှိလျှင်)
Ø Employment Pass/Work Permit (ရှိလျှင်)
AEIS စာမေးပွဲ ဖြေခွင့်ရနိုင်သူများPrimary LevelPrimary Level အတွက် စာမေးပွဲ နှစ်မျိုးရှိ၏။ တစ်မျိုးမှာ Primary 2/3 ၀င်ခွင့်အတွက်ဖြစ်ပြီး နောက်တစ်မျိုးမှာ Primary 4/5 ၀င်ခွင့်အတွက် ဖြစ်၏။ စာမေးပွဲဝင်ခွင့် လျှောက်ထားလိုသူများအနေနှင့် ကလေး၏ အသက်အလိုက် အောက်ပါအတန်းများ အတွက် လျှောက်ထားနိုင်ပါသည်။
Image may be NSFW.
Clik here to view.![]()
ဥပမာအားဖြင့် ပြရလျှင် အသက် ၈ နှစ်နှင့် ၉ နှစ်ကြားကလေးများသည် AEIS P2/P3 စာမေးပွဲကို ဖြေသည်ဆိုပါစို့။ သူတို့ ဖြေခဲ့သော ရမှတ်ပေါ်မူတည်လျှက် P3 (သို့) P2 (သို့) P1 အတန်းများသို့ တက်ခွင့်ပေးပါမည်။ အမှတ်နည်းလျှင်မူ တက်ခွင့် ရမည်မဟုတ်ပါ။ သတ်မှတ်ထားသော အသက်ထက် ၂ နှစ် ပိုကြီးနေသော ကလေးများကို ထိုအတန်း တက်ခွင့်မပြုဘို့ များပါသည်။
Secondary LevelSecondary Level အတွက် Secondary 1, Secondary 2, Secondary 3 အတန်းများတက်ရန် AEIS စာမေးပွဲ ဖြေနိုင်၏။ ထိုစာမေးပွဲအတွက် အသက်ကန့်သတ်ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။
Image may be NSFW.
Clik here to view.![]()
မည်ကဲ့သို့လျှောက်ထားရမည်နည်းကျောင်းဝင်ခွင့်စာမေးပွဲ လျှောက်ထားသည်မှအစ ကျောင်းတက်သည်အထိ လုပ်ကိုင်ပုံအဆင့်ဆင့်မှာ အောက်ပါအတိုင်း ဖြစ်၏။
၁။ မိမိတက်လိုသည့်အတန်းနှင့် ခွင့်ပြုသောအသက်ကန့်သတ်ချက် ကိုက်ညီမညီ စစ်ဆေးပါ။
၂။ မည်သည့်ရက်တွင် AEIS စာမေးပွဲဖြေရမည်ကို လေ့လာပါ။
၃။ AEIS စာမေးပွဲဖြေရန် အွန်လိုင်းမှ လျှောက်ထားပါ။
၎။ ထို့နောက် ဖြေခွင့်ပြုသည့်လက်မှတ်ကို အီးမေးမှတဆင့် ရယူပါ။
၅။ သတ်မှတ်ထားသောရက်တွင် သတ်မှတ်ထားသောနေရာ၌ AEIS စာမေးပွဲဖြေပါ။
၆။ စာမေးပွဲအောင်စာရင်းနှင့် ၀င်ခွင့်ရသောကျောင်း အဖြေကိုစောင့်ပါ။ အီးမေးမှ ပို့ပေးပါလိမ့်မည်။
၇။ တက်ခွင့်ရသောကျောင်းသို့ သတင်းပို့ပါ။
၈။ တက်ခွင့်ရသောကျောင်းမှတဆင့် Student’s Pass လျှောက်ပါ။ ICA မှ ထုတ်ပေးသော Student’s Pass ပေါ်မူတည်၍ ကျောင်းဝင်ခွင့်ပြုပါမည်။
Image may be NSFW.
Clik here to view.![]()
AEIS စာမေးပွဲအတွက် သွင်းထားသော ၀င်ကြေးကို ပြန်မအမ်းပါ။
အကယ်၍ ဖြေဆိုထားသော AEIS စာမေးပွဲမအောင်လျှင် ထိုစာမေးပွဲနှင့် level တူ သို့မဟုတ် တစ်ဆင့်မြင့် အတန်းအတွက် ဖြေဆိုရန် AEIS စာမေးပွဲဝင်ခွင့် ထပ်မံလျှောက်ထားနိုင်ပါသည်။ သို့မဟုတ် အခြားပုဂ္ဂလိကကျောင်းများသို့ လျှောက်ထားနိုင် ပါသည်။
S-AEIS (Supplementary Admissions Exercise For International Students)
၂၀၁၂ ခုနှစ်မှစ၍ စင်ကာပူ၊ ပညာရေးဝန်ကြီးဌာနသည် နိုင်ငံခြားသားကျောင်းသားများအတွက် S-AEIS စာမေးပွဲများကို နှစ်စဉ် ဖေဖော်ဝါရီနှင့် မတ်လများ၌ ကျင်းပပေးခဲ့၏။
ထို့ကြောင့် စင်ကာပူ၌ ကျောင်းတက်လိုသူများသည် ကျောင်းဝင်ခွင့်စာမေးပွဲကို တစ်နှစ်လျှင် နှစ်ကြိမ်ဖြေဆိုနိုင်လေသည်။ တစ်ကြိမ်မှာ စက်တင်ဘာ/အောက်တိုဘာတွင် ဖြစ်ပြီး နောက်တစ်ကြိမ်မှာ ဖေဖော်ဝါရီ/မတ်လများတွင် ဖြစ်၏။
၂၀၀၈ ခုနှစ်မှစကာ စင်ကာပူတွင်ကျောင်းတက်လိုသူ အသက် ၇ နှစ်နှင့်အထက် နိုင်ငံခြားသားကလေးများအား ကျောင်းဝင်ခွင့်စာမေးပွဲ (AEIS test) များကို နှစ်စဉ် စက်တင်ဘာ/အောက်တိုဘာလများတွင် ကျင်းပပေးခဲ့သည်။
၂၀၁၂ ခုနှစ် မတိုင်မီကမူ စက်တင်ဘာ/အောက်တိုဘာ စာမေးပွဲတွင် မအောင်မြင်သူ သို့မဟုတ် ထိုစာမေးပွဲဖြေရန် မမီလိုက်သူများသည် သက်ဆိုင်ရာကျောင်းများက ကျင်းပသော Qualifying Test (QT) များသို့ဝင်ဖြေကာ ကျောင်းတက်နိုင်သည်။ သို့သော် ၀င်ခွင့် ဖြေဆိုသူများသည် ကျောင်းဝင်ခွင့်ရရန်သေချာစေရေးအတွက် QT test ကို တစ်ကျောင်းမက ၀င်ရောက်ဖြေဆိုကြလေရာ သက်ဆိုင်ရာ ကျောင်းများမှာ မလိုအပ်ဘဲ ၀န်ထုပ်ဝန်ပိုး ဖြစ်ရသည်။
ထို့ကြောင့် ၂၀၁၁ ဇူလိုင်လမှစကာ QT စနစ်ကို ရပ်လိုက်ပြီး ၎င်းအစား S-AEIS စာမေးပွဲစနစ်ဖြင့် အစားထိုးလိုက်၏။ ထိုစနစ် အရ S-AEIS စာမေးပွဲရမှတ်ပေါ်မူတည်ကာ ပညာရေးဝန်ကြီးဌာနက တက်ရမည့် ကျောင်းများကို သတ်မှတ်ပေးပါလိမ့်မည်။ ၀င်ခွင့်ရရန် ကျောင်းများသို့ ပုဂ္ဂလိကတစ်ဦးချင်း သွားရောက်ဆက်သွယ်ခြင်းကို လက်မခံတော့ပါ။
ထို့ကြောင့် ၂၀၁၆ ဇန္န၀ါရီလတွင်ဖွင့်မည့် အတန်းသို့တက်လိုသူ မြန်မာကျောင်းသားများအနေဖြင့် ၂၀၁၅ ခုနှစ် စက်တင်ဘာ/ အောက်တိုဘာတွင်ကျင်းပမည့် AEIS စာမေးပွဲကို ဖြေဆိုနိုင်ရန် ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် လျှောက်ထားရပါမည်။ ထို စက်တင်ဘာ/အောက်တိုဘာတွင်ကျင်းပသည့် စာမေးပွဲတွင် မအောင်မြင်ပါက နောက်ထပ် supplementary စာမေးပွဲ ဖြေနိုင်ရန် ၂၀၁၆၊ ဇန္န၀ါရီလ ၄ ရက်နေ့မှစတင် လျှောက်ထားနိုင်၏။ ကျောင်းများ၌ လစ်လပ်နေသောနေရာများ ပြည့်သွား သည်နှင့်တပြိုင်နက် လျှောက်လွှာပိတ်မည်ဖြစ်၍ အမြန်ဆုံးလျှောက်ထားရန် အရေးကြီး၏။
S-AEIS လျှောက်ထားပုံအဆင့်ဆင့်
Image may be NSFW.
Clik here to view.![]()
Ø S-AEIS ဖြေဆိုရန် လျှောက်ထားပုံ၊ လိုအပ်သောစာရွက်စာတမ်းများ နှင့် စာမေးပွဲကြေးတို့မှာ AEIS နှင့် အားလုံးအတူတူပင် ဖြစ်ပါသည်။
Ø စာမေးပွဲကြေးကို credit card ဖြင့်သော်လည်းကောင်း၊ NETS ဖြင့်သော်လည်းကောင်း ပေးနိုင်၏။
Ø စာမေးပွဲကြေး မှာ စင်ကာပူဒေါ်လာ ၆၇၂ ဖြစ်ပါသည်။
S-AEIS စာမေးပွဲ အချိန်ဇယား
Image may be NSFW.
Clik here to view.![]()
ü စာမေးပွဲမစခင် အနည်းဆုံး ၄၅ မိနစ်စောရောက်နေရမည်။
ü စာမေးပွဲစာပွဲခုံသို့ အနည်းဆုံး ၁၅ မိနစ်စောရောက်နေရမည်။
ü ကျောင်းသား၏ မူရင်းပတ်စ်ပို့ ယူခဲ့ပါ။
ü စာမေးပွဲဝင်ခွင့်စာရွက် ယူခဲ့ပါ။
(၄) ကျွန်ုပ်၏ ကိုယ်တွေ့ခံစားရချက်များ
ကျွန်တော် AEIS စာမေးပွဲအတွက် သားကို ကျူရှင်ထားပေးသည်။ အင်္ဂလိပ်စာနှင့် သင်္ချာ ဖြစ်၏။
ကျွန်ုပ်အတွက် အဓိက ပြဿနာမှာ ကျေးဇူးရှင်က စာကိုစိတ်မ၀င်စားခြင်း ဖြစ်သည်။ မနည်းခြိမ်းခြောက် ဟိန်းဟောက်လုပ်ပြီး အတင်းရော၊ အဓမ္မပါ သင်ပေးရ၏။ ကျွန်တော်က အွန်လိုင်းမှ မေးခွန်းဟောင်းများဝယ်ကာ အားလုံးပရင့်ထုတ်ပြီး တစ်စောင်ပြီးတစ်စောင် ဖြေစေ သည်။
ကျွန်တော်တို့ ရွှေပြည်ကြီးက မေးခွန်းတွေတင် မှားတာမဟုတ်ပါခင်ဗျာ။ သူတို့ဆီက မေးခွန်းတွေမှာလည်း အမှားတွေ ပါတာပါဘဲ။ ပိုဆိုးတာက ဟို ပရော်ဖက်ရှင်နယ်ကျူရှင်တွေက ထုတ်ထားတဲ့ စံပြအဖြေတွေမှာတောင် အဖြေမှားတွေ ပါနေတာ အတော်များများ တွေ့ရပါသည်။
ကျွန်တော်ဝယ်တာ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄ မေးခွန်းတွေဖြစ်သည်။ အင်္ဂလိပ်စာ၊ သင်္ချာနှင့် တရုတ်စာ မေးခွန်းများ ဖြစ်၏။ စင်ကာပူကျောင်းပေါင်းစုံက မေးခွန်းတွေကို စုစည်းထားတာဖြစ်၍ တစ်နှစ်စာကို စာမျက်နှာ ၆၀၀ လောက်ရှိလေသည်။
စက်တင်ဘာ ၃၀ တွင် AEIS စာမေးပွဲဖြေရသည်။ Expo Hall 9 တွင် ဖြစ်၏။
အားပါး - မနည်းမနောပါလားခင်ဗျာ။ နိုင်ငံပေါင်းစုံက လာကြတာဖြစ်သည်။
စာမေးပွဲခန်းတွင်းဝင်ရန် ကျွန်တော်တို့က တန်းစီစောင့်သည်။ တန်းကတော်တော်နှင့်မရွေ့။ အင်း - တခုခုတော့ တခုခုပဲ ဟု ထင်သဖြင့် သားရေ၊ အဲဒီမှာ ခဏနေခဲ့အုံးဟု သူ့ကို ဆက်တန်းစီခိုင်းကာ ၀င်ပေါက်သို့ သွားကြည့်သည်။
အဘားလေး - တရုတ်မတွေမှာ ကွိစိကွစဖြင့် ဆူညံပွက်လောရိုက်လျှက် တန်းမစီဘဲ အတင်းတိုးဝှေ့ဝင်နေသည်ကို တွေ့ရလေ၏။
ပြောလို့လည်းမရ၊ ဆိုလို့လည်းမရ။ ဘယ်လိုဟာတွေနဲ့ လာတွေ့နေရမှန်းမသိဘူး ဟု ဆိုကာ security အဖိုးကြီးမှာ လက်မှိုင်ချ လျှက် မလှမ်းမကမ်းမှ ရပ်ကြည့်နေလေသည်။
ကျွန်တော်လည်း အသည်းယားလာသည်ဖြစ်၍ ခပ်သုတ်သုတ် သားကိုပြန်ခေါ်လျှက် ဒီလောက်တောင်ရှိလှတာ ဆိုကာ တိုးဝှေ့နေသော တရုတ်မများအကြား အတင်းတိုးဝင်လိုက်ရာ ရှေ့ဆုံးသို့ ရောက်သတည်း။ ကျွန်တော့်ရဲ့ ဖြစ်ပုံ၊ ဖြစ်ပုံ အဆန်းစုံ ဟုသာ အော်တုတ်လိုက်ချင်တော့သည်။
စာမေးပွဲချိန်စေ့တော့ အခန်းတံခါးမကြီးကို ဖွင့်ပေးလိုက်ရာ တိုးဝှေ့ ၀င်ကြရပြန်လေ၏။ ၀င်ခွင့်ကဒ်များကို အ၀ါနှင့် အစိမ်းဟု နှစ်မျိုးခွဲထားရာ ကျွန်တော်တို့က အစိမ်းရောင်ကဒ်များဖြစ်၏။ P3 အတွက် အစိမ်း၊ P2 အတွက် အ၀ါ ထင်ပါသည်။
ကလေးများဖြေသည့် စာမေးပွဲခန်းများမှာ hall ကြီး၏ အခြားတစ်ဖက်တွင် ရှိသည်။
အတော်ကြီးကြာမှ ကလေးများ တန်းစီထွက်လာကြသည်။ ကိုယ့်ကလေးကိုယ်ကြည့်ကြ ဟု တစ်ယောက်က လိုက်အော် နေ၏။
လူအများကြားတွင် ဗိုက်ကြီးကိုရှေ့ပစ်ကာ ငေါ့ငေါ့ ငေါ့ငေါ့နှင့်ထွက်လာသော သားကို တွေ့တော့ လှမ်းခေါ်။ ဖြေနိုင်လားဆိုတော့ ဖြေနိုင်တယ် ဆို၏။
သို့နှင့် မနက်ပိုင်း ၉ နာရီမှ ၁၁ နာရီထိ သင်္ချာ၊ နေ့လည်ပိုင်း ၂ နာရီခွဲမှ ၃ နာရီခွဲထိ အင်္ဂလိပ်။ ဖြေပြီးလေသည်။
စာမေးပွဲဖြေပြီးတော့ ရင်တမမနှင့် စောင့်။ အောင်စာရင်းက ဒီဇင်ဘာ ၁၄ ရက်မှ ထွက်မည်။
ဒီဇင်ဘာလ ၁၄ ရက်နေ့ မနက်အစောကြီး အီးမေးရောက်နေသည်။ unsuccessful ပါတဲ့။ မျက်လုံးများ ပြာဝေသွားလျှက် ဘာလုပ်ရရင်ကောင်းမလဲ အပြေးအလွှားစဉ်းစား။ နောက်တော့ MOE သွားမေးတာအကောင်းဆုံးပဲဟု သွားမေးတော့ S-AEIS ထပ်ဖြေဘို့ ပြောလိုက်၏။
နောက်တော့ ကျူရှင်ထပ်ပေးရန် စုံစမ်း။ JE Education College တွင် သွားမေးတော့ ကျူရှင်လခမှာ ၆ လ တစ်တန်းကို ၇၀၀၀ ဆိုပါလား။ မြတ်စွာဘုရား။
ငါ နက်ဖြန်ကစပြီး ဖေဖော်ဝါရီလ ၂၃ ရက်နေ့ထိ ထားမယ်။ ၂ လစာပဲထားပေးလို့ရမလား။ ဘယ်လောက်ကျမလဲ တွက်စမ်းပါဦးဆိုတော့ စာရေးမကြီးမှာ တွက်လိုက်၊ စာပွဲကို ပြေးသွားပြီး စာရွက်များလှန်လိုက်၊ ပြန်လာလိုက်ဖြင့် ရှုပ်ရှက်ခပ်လျက် ရှိလေသည်။ သုံးခါလောက် ချာလပတ်ရမ်းနေပြီးမှ ၂၈၈၀ ကျတယ်ဟု ဆိုလေသည်။
အိမ်မှာခေါ်သင်လျှင်လည်း ရသည်။ သို့သော် အိမ်မှာနေတော့ အိမ်စိတ်ပဲ ဖြစ်မှာပဲ။ နောက်ပြီး နာရီပိုင်းလေးပဲ သင်ရမှာ။ ဒီမှာဆိုတော့ တစ်နေ့လုံးသင်ရမယ်။ တခြားအတန်းဖော်တွေနဲ့ဆိုတော့ စာလည်း ပိုစိတ်ဝင်စားမယ် ဟု တွက်ကာ ကိုင်း၊ ဒီတချီတော့ ကုန်စမ်းကွာဟု တခါတည်း ကျောင်းအပ်ခဲ့လေသတည်း။
နိဂုံး
ပညာရေးဆိုတာ ပြန်မရတဲ့ရင်းနှီးမြှုပ်နှံမှု ဟု ကျွန်ုပ်တို့တိုင်းပြည်မှ မဟာပြင်ညာယှိကြီးက ကမ္ဘာကျော်မည့် အဆိုအမိန့်ကို ချန်ရစ်ခဲ့လေသည်။ ပြန်မရသည့် ရင်းနှီးမြှုပ်နှံမှုအတွက် သည်မျှ အပင်ပန်းခံမြှုပ်နှံနေသူ ကျွန်ုပ်မှာ သူ့အဆိုအတိုင်းဆို လူမိုက်စင်စစ် ဖြစ်နေချေ လေပြီ။
ကျွန်ုပ်ကဲ့သို့ မမိုက်မဲမိကြစေရန် မိတ်ဆွေအပေါင်းအား စေတနာရှေ့ထား၍ သတင်းစကား ပါးလိုက်ရပါကြောင်း။
ဖတ်ရှုအားပေးသူအားလုံးကို ကျေးဇူးအထူးတင်ပါသည်။
အေးငြိမ်း
၁၄ ဇန္န၀ါရီ၊ ၂၀၁၆
Reference:http://www.moe.gov.sg/education/admissions/international-students/admissions-exercise/