(မိုးမခ) ဇန်န၀ါရီ ၁၈၊ ၂၀၁၆
မှန်ဘီလူးကိုင်ထားသော စုံထောက် ဦးရှံစားကိုမြင်တဲအခါ ဦးဒိန်းဒေါင်နဲ့ ခင်မောင်သိန်းထွန်းဝင်း ကိုပါ မြင်ယောင်လာတယ်။ ကာတွန်းတင်အောင်နီရဲ့ ဇတ်ကောင် ပြာလောင်ကို သူ့တူလေးနှစ်ယောက်နဲ့ တွေ့ရတယ်။ ရွှေထုပ် လက်ကကိုင်ထားတဲ့ ငတက်ပြားကို မြင်တွေ့ရတော့ “ညွှတ်ချွှာဖြား” လို့ ဘုရား တ တတ်ပုံ၊ နန်းဆောင် မင်းသမီးဆောင်ပေါ် ခိုးတက် တတ်ပုံတွေ မြင်ယောင်လာမိတယ်။ မုဆိုးကျော်ဖိုးထော်ကိုတော့ နောက်လိုက်တပည့်လေး မပါဘဲ တွေ့ရတယ်။ ရွှေဂေါင်းပြောင်ကို နောက်လိုက် ရောင်းရင်းတွေနဲ့ တွေ့ခဲ့ရတယ်။ လေးမွန်၊ ထွေးမွန်က သူ့ဦးလေးနဲ့။ နှလုံးသားကိစ္စတွေနဲ့ စံရွှေမြင့်၊ ရှင်ဂွမ်းဂွိ မပါတဲ့ သမိန်ပေါသွပ်။ သမိန်ပေါသွပ်ကိုတော့ အကြိုက်ဆုံးပါ။ တောင်ပုလုမြို.စား၊ အာတာလွတ်မြို.စား၊ ညောင်ရမ်းဂွတို ...။
ကျွန်မတို့ ကလေးဘ၀က ကာတွန်းတွေအကြောင်းပြောမယ်ဆို မှတ်မိသလောက် သက်စု၊ နေကျောက်ခဲ၊ ကာတွန်းသန်းကြွယ်၊ သန်းနွယ်။ လူ့ဘ၀တွေကို ထင်ဟပ်တဲ့ မိုက်မိုက်(ပြည်)၊ ကျွန်မတို့ ခေတ် အပါတ်စဉ်ထုတ် ရွှေသွေးမှာ အဆွဲများသူကတော့ ဦးဘကြည်။ ငွေကြည်။ တောတွင်းသားလေးကိုပုံဖော်သူ သော်က ရဲ့ အရိုင်း။ တရံရောအခါ ကာတွန်းဆွဲတဲ ဘထွေး။
ကျွန်မတို့ငယ်ငယ်က ကလေးဘ၀တွေမှာ အဖော်ပြုခဲ့ရတာက ကလေးစာပေတွေဖြစ်တဲ့ ရွှေသွေး၊ တေဇ စာစောင်တွေပါ၊ ပြီးတော့ အဲဒီခေတ်က ထုတ်တဲ့ ငွေတာရီမဂ္ဂဇင်း၊ (မြ၀တီတိုက်က ထုတ်တဲ့) ဘာသာပြန်ထားတဲ့ ကာတွန်း လင်းပိုင်ပြာကျွန်း၊ တာဇံဝတ္ထုတွေ၊ ဗိုလ်တာရာ(ရဲဘော်သုံးကျိတ်) တောလိုက်ဝတ္ထုတွေ။
သည်ကနေ့ခေတ်မှာလို တယ်လီဗေးရှင်း၊ ဗွီဒီယိုကြည့်စရာ မရှိပါဘူး။ အပါတ်စဉ်ထုတ် လစဉ်ထုတ် တွေစောင့် ဖတ်ရတာ အရသာထူးလှပါတယ်။ စာအုပ်အငှားဆိုင်တွေမှာ ကာတွန်းတွေ ငှားဖတ်ဖို့ မုန့်ဖိုးတွေ စုထားရတယ်။ သည်ကနေ့ခေတ်မှာတော့ ကလေးတွေ ကာတွန်းမဖတ်တော့ပါဘူး။ နိုင်ငံတကာ ကာတွန်းကားတွေ၊ မြန်မာဗွီဒီယိုဇတ်ကား၊ MRTV-4 ၊ 5 CARTOON တို့လို တယ်လီဗေးရှင်းချယ်နယ်တွေ ကြည့်တာ ဂိမ်းဆော့တာနဲ့ပဲ အပျင်းဖြေကြရတယ်။ ကျွန်မတို့ခေတ်မှာ ကျူရှင်မလို၊ ကျောင်းသင်ပညာနဲ့သာ လုံလောက်ရာက ခေတ်ပြောင်းပြီး ကျောင်းက ဆင်းရင် ကျူရှင်ပြေးရတဲ့ ကလေးတွေဘ၀က သနားစရာပါ။
“ယခု အသက် ၅၀ကျော် အရွယ်တို့ ငယ်စဉ်ကာလ စာဖတ်တတ်စတွင် စွဲစွဲလန်းလန်းဖတ်ခဲ့ကြသော ယနေ့တိုင် မမေ့နိုင်ကြသည့် ကလေးစာစောင်တစ်ခုကို ပြောပါဆိုလျှင် - ထိုစဉ်က ရွှေသွေးဂျာနယ် ကိုပင် လွမ်းလွမ်းဆွတ်ဆွတ် ပြောပြကြပါလိမ့်မည်။ ဇတ်လမ်း ဇတ်အိမ်ကောင်းကောင်း၊ သရုပ်ဖော်လက်ရာ ကောင်းကောင်း ဦးတည်ချက်မလွဲ မစောင်းဘဲ၊ ဆရာ့ဆရာကြီးများ ကြိုးစားအားထုတ်ခဲ့ကြသည့် ရောင်စုံစာမျက်နှာများမှာ ယနေ့ထိ မမေ့ရက်စရာပေ”
“ယခု အသက် ၅၀ကျော် အရွယ်တို့ ငယ်စဉ်ကာလ စာဖတ်တတ်စတွင် စွဲစွဲလန်းလန်းဖတ်ခဲ့ကြသော ယနေ့တိုင် မမေ့နိုင်ကြသည့် ကလေးစာစောင်တစ်ခုကို ပြောပါဆိုလျှင် - ထိုစဉ်က ရွှေသွေးဂျာနယ် ကိုပင် လွမ်းလွမ်းဆွတ်ဆွတ် ပြောပြကြပါလိမ့်မည်။ ဇတ်လမ်း ဇတ်အိမ်ကောင်းကောင်း၊ သရုပ်ဖော်လက်ရာ ကောင်းကောင်း ဦးတည်ချက်မလွဲ မစောင်းဘဲ၊ ဆရာ့ဆရာကြီးများ ကြိုးစားအားထုတ်ခဲ့ကြသည့် ရောင်စုံစာမျက်နှာများမှာ ယနေ့ထိ မမေ့ရက်စရာပေ”
အဆိုပါ စာရေးသားထားသော ရွှေသွေးတစ်ခေတ်စာအုပ် ကို မိမိဖတ်ရန်၊ မိမိသားငယ်နှင့် သမီးငယ်လေး ဖတ်ရန် ၀ယ်ယူခဲ့ပါတော့၏။