မောင်အောင်ထက် - ကြိုးဝိုင်းပေါ်က ဆန္ဒ (သို့မဟုတ်) အသားလေးတစ်တုံးကို တက်မက်မိသူ
(မိုးမခ) ဇန်န၀ါရီ ၁၈၊ ၂၀၁၆
(မိုးမခ) ဇန်န၀ါရီ ၁၈၊ ၂၀၁၆
စာအုပ်အမည် ဂျက်လန်ဒန် ၀တ္တုတိုများ
မြန်မာပြန်သူ နတ်နွယ်
တန်ဖိုး ၂၅၀ ကျပ်
အုပ်ရေ ၁၀၀၀
ထုတ်ဝေသည့်ခုနှစ် ဇန်န၀ါရီ ၂၀၀၂
စာမူခွင့်ပြုချက်အမှတ် ၁၄၄၆/၂၀၀၁ (၁၁)
ထုတ်ဝေဖြန့်ချိ မုံရွေးစာအုပ်တိုက်
ထုတ်ဝေသူ ဦးထွန်းလှိုင်
လူဟူသည် ……. ….. ….
တိုက်ခိုက် သတ်ပုတ်နေသော သတ္တ၀ါများ
တိုက်ပွဲဝင် တိရိစ္ဆာန်ကြီးများ
လူတယောက်၏ ဘ၀သည် သွေးကြောများ၏ဘ၀လော
အင်နှင့် အားနှင့် ထိုးလိုက်ကြိတ်လိုက် … သတ်လိုက် ပုတ်လိုက်
ကိုယ်က ကြိုးတန်းပေါ် ရောက်သွားလိုက်
ကိုယ့်ပြိုင်ဘက်ကို ကြိုးတန်းပေါ်ပို့လိုက် .. .နှင့် ….
…. ….. …..
လူ့ဘ၀ပင်လယ်ပြင်ကြီး၏ အ၀န်းအ၀ိုင်းသည်ကား ကျယ်ဝန်းလှသည်။ ထိုပင်လယ်ပြင်ကြီးထဲတွင် ကူးခတ်သူတိုင်းအဖို့ လှိုင်းဒဏ် လေဒဏ်နှင့် တခြားတခြားသော ဒဏ်ရာ အနာတရများကို ထိတွေ့လက်ပန်းကျရမည်မှာ သဘာဝပင်ဖြစ်သည်။
အသားကလေးတစ်တုံးကို တက်မက်မိသူ တွမ်ကင်းသည်လည်း လူထဲက လူသားတစ်ဦးပင်ဖြစ်သည်။ ဇနီးသည်နှင့် ကလေးနှစ်ဦးနဲ့ ကြေးစားလက်ဝှေ့သမားအလုပ်ဖြင့် ဘ၀ကို ခက်ခက်ခဲခဲရတည်နေသည်ဟုလည်းမဆိုသာ … သို့သော်လည်း နိမ့်တုံမြင့်တုံ လူ့ပင်လယ်ပြင်ကြီးထဲ သူသည်လည်း လှိုင်းဒဏ် လေဒဏ်ကို ခံရသူတဦးပင်ဖြစ်သည်။ သူ၏ ဘ၀တလျောက်လုံး အမြဲတမ်း တိုက်ခိုက် သတ်ပုတ်နေရပုံကို ဖော်ပြနေသည့် အမှတ် အသားများက တွမ်ကင်း၏ မျက်နှာနှင့် ကိုယ်ခန္ဓာအနှံ့တို့တွင် သူ့နေရာနှင့်သူ ….။
ချွတ်၍ မရနိုင်တော့သည့် အစွန်းများဖြင့် နှစ်သျှီလင်တန် အပေါစား ပိတ်အင်္ကျီပါးကို ၀တ်ဆင်ထားသည့် သူ့၏ခန္ဓာကိုယ်မှ ဧရာမကြွက်သားစိုင်များသည် မာကျောကျော ထုံပေပေနှင့် … အလေးဒဏ်ကို အပိခံရသည့်အလား …
မျက်နှာထား မှုန်သည်။ မုတ်ဆိတ်ကျယ်စွယ်များ ပြောင်နေအောင် ရိတ်ထားသည်။ သူ၏ နှုတ်ခမ်းအစုံက ပုံပန်းသဏ္ဍာန်မရှိ။ သူ့ပါးစပ်က အပိုအလိုမရှိ … မျက်နှာပေါ်တွင် ထင်နေသည့် အရေးအကြောင်းတစ်ခုမျှသာ။ မေးရိုးကတော့ မာန်ရှိသည်။ ကြမ်းတမ်းသည်။ ကြီးမားသည်။ မျက်လုံးများက လှုပ်ရှားမှုနှေးသည်။ မျက်ခွံထူထဲသည်။ ကြမ်းတမ်းပြီး ကျုံ့ထားသော မျက်ခုံးများအောက်တွင် သူ့မျက်လုံးများက အမူအရာကင်းမဲ့သလောက် ဖြစ်နေသည်။ တိရိစ္ဆာန်ကြီး တစ်ကောင်မျှသာ ဖြစ်သော သူ့ကိုယ်တွင် သူ့မျက်လုံးများ တိရိစ္ဆာန်နှင့်အတူ ဆုံးဖြစ်နေသည်။
သူ့နှာခေါင်းက နှစ်ကြိမ်ကျိုးထားပြီး မရေမတွက်နိုင်သော ထိုးနှက်ချက်များကြောင့် ပုံအမျိုးမျိုး ဖြစ်ပေါ်နေသည်။ ပန်းဂေါ်ဖီ နှင့်တူသော နားရွက်တွေက အမြဲတမ်းလို ရောင်ကိုင်းနေပြီး နှစ်ဆလောက် တွန့်လိမ်နေသည် ….။
တွမ်မည်မျှ လောကဓံရဲ့အထုအထောင်းကို ခံခဲ့ရပြီးသည်ကို သူ့ရုပ်ဝတ္တုကိုယ်ကြီးကို ကြည့်ရုံမျှနှင့်ပင် မေးစရာမလိုလောက် အောင် ပြည့်စုံလှသည်။
သူ၏အလုပ်သည်ကား ကြေးစားလက်ဝှေ့သမား …
အတိုက်အခိုက် အသတ်အပုတ်တို့ဖြင့် ကျင်လည်နေရသူ ….
သို့သော်လည်း သူသည်ကား လက်ဝှေ့ထိုးသတ်သည့်အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေရသည်ဖြစ်သည့်အညီ လက်ဝှေ့ထိုးသတ်နေသည့် အချိန်အတွင်းသာ ရက်စက်ကြမ်းကြုတ်သည့် အတိုက်အခိုက်များဖြင့် တပါးသူအား ထိခိုက်ဒဏ် ရာ ရစေမည်ဖြစ်သော်လည်း ကျန်သည့်အချိန်များတွင် မည်သူ့ကိုမှ ဒုက္ခပေးတတ်သူတစ်ယောက်မဟုတ်။ ကြိုးဝိုင်းအပြင် ဘက်တွင် ဖြည်းဖြည်းလေးလေးနှင့် အေးအေးဆေးဆေး နေလိုသူတစ်ယောက်ပင်ဖြစ်သည်။
…. …. ….
…. …. ….
လူဟူသည့် သတ္တ၀ါသည် မိမိတို့ ပင်ကိုယ်သရုပ်သဘာဝကို မပေါ်လွင်စေရန် တတ်နိုင် သမျှ ထိန်းချုပ်တတ်ကြသည်။ အတွင်းဖြောင့်သော်လည်း အပြင်ကောက်၊ အပြင်ကောက် သော်လည်း အတွင်းဖြောင့်ဟူသည့်အတိုင်း ခန့်မှန်းရခက်လွန်းလှ သည်။
စာရေးဆရာ၏ တွမ်သည်ကား ပကတိရိုးဖြောင့်သူတစ်ယောက်ဟု မဆိုနိုင်သော်လည်း ကောက်ကျစ်ယုတ်မာတတ်သူ တစ်ယောက် ဟုတ်ပုံမရပါ ….။
သူသည် အာဃာတမထားတတ်။ ရန်သူဟူ၍လည်း နည်းပါးလှသည်။ သူက ကြိုးဝိုင်း ထဲတွင်သာ နားအောင်ထိုးတတ်သည် ….
ဟူသည်က သူ့ဇာတ်ကောင်၏ စိတ်နေ စိတ်ထားကို တစ်စွန်းတစ်စ လှစ်ဟပြထားသည်။
တွမ်သည်ကား လူ့ဘ၀ အတက်အကျ အနိမ့်အမြင့်လှိုင်းအပေါ်တွင် စုန်ဆန်ကူးခတ်နေရသူတဦးဖြစ်ပြီး လူထဲကလူ ပီသ သည့်အတိုင်း … တခါ တခါတွင်ကား မွတ်သိပ်စွာဖြင့် သူ၏ အတ္တစိတ်လေး အစွန်းထွက်လာပုံကို …
အားပါး … အသားကလေး တစ်တုံးလောက်မှ ငါ မစားရတော့ဘူးလား ….
… …. ….
တွမ်၏ ဘ၀ပိတ်ကားပြင်ကား လင်းတလှည့် မှိန်တလှည့်ဖြင့် … အရောင်အမျိုးမျိုးသည် အလျှင်အမြန်ပင် ကူးပြောင်းလျှက် ရှိသည်။
သူ့ခေတ် သူ့အခါက … တွမ်သည်ကား ပြိုင်ဘက်မရှိ …။ သို့သော် သဘာဝတရားကြီးက သူ့အား အကန့်အသတ်နှင့်သာ ဖြစ်စေခဲ့သည်။ စာရေးဆရာက ပျိုမြစ်ငယ်ရွယ်ခြင်း၏ ဘာသာဘာဝကို ….
အသစ်မွေးဖွားလာသော ကလေးငယ်များ၊ တောင့်တင်းကြံ့ခိုင်စွာကြီးပြင်းလာကြပြီး လူကြီးများကို ဆွဲချကြသည်။ သူတို့ နောက်တွင် ကလေးငယ်များ အဆုံးမရှိ ထွက်ပေါ်လာသည်။ လူငယ်တို့တွင် စိတ်ဆန္ဒပြင်းပြပြီး ထိုဆန္ဒသည် မည်သည့်အခါ တွင်မှ သေဆုံးလိမ့်မည် မဟုတ်ပါ ..။
ထို့ပြင် တွမ်ကျင်လည်ရာ လူ့သဘာဝပင်လယ်ကြီး၏ လောကဓံလှိုင်းလေ အတက်အကျ အနိမ့်အမြင့်ကိုလည်း …
၎င်းတို့သည် လူဟောင်းများ၏ ကိုယ်ခန္ဓာများကိုနင်းပြီး အောင်မြင်မှုဆီသို့ တက်လှမ်းသွားကြသည်။ သူတို့တက်လှမ်း သွားကြသလို နောက်ထပ်လူငယ်များလည်း တက်လာကြသည်။ အာသာမပြေနိုင်သော … မတားဆီးနိုင်သော လူငယ်များ၊ သူတို့သည် လူဟောင်းများကို မောင်းထုတ်ရင်း သူတို့ကိုယ်တိုင် လူဟောင်းများ ဖြစ်လာကြပြီး ထုံးစံအတိုင်း အဆင်းလမ်း သွားကြရပြန်သည်။ …..
လူ့လောကသဘာဝ၏ ဖြစ်လေ့ဖြစ်ထရှိသည့် သဘောတရားများကို ရှင်းလင်းပွင့်လန်းစွာ ဖွင့်ချပြထား၏ …။ တွမ်သည် ကားလည်း ကိုယ်တိုင်ကိုယ်ကျ ငယ်ရွယ်ခြင်းနှင့် လက်ပွန်းတတီး ရှိခဲ့ဖူးသူပင် ….။ ငယ်ရွယ်ခြင်းသည် ယခုအခါတွင် သူ့အား စိန်ခေါ်လျှက်ပင် ရှိသည်။ ငယ်ရွယ်ခြင်းသည်ကား ငယ်ရွယ်ခြင်းကို ကိုယ်တိုင်ပင် ဖျက်ဆီးပစ်လိုက်သည်။ နုပျိုခြင်းသည်ကား အစဉ်အမြဲပင် နုပျိုလျက်ပင် …။
… … ….
တွမ်သည်ကား လူထဲက လူပင်ဖြစ်သည် ….။
အောင်ပန်းဆင်သော ပြိုင်ပွဲများ … ပွဲစဉ်များအကြား ကောင်းကောင်းနားမည်။ ကောင်း ကောင်းစားမည်။ ချီးမွမ်းသူတွေက တသီတတန်းကြီး …။ ကျောကိုပုတ်ကြသည်။ လက်ဆွဲနှုတ်ဆက်ကြသည်။ သူနှင့် ငါးမိနစ်လောက် စကားပြောရဖို့ အရက် တစ်ခွက်ကိုင်ရလျှင် ၀မ်းသာနေကြသူများ..။ ဘ၀ဂ်လျှံသော အော်ဟစ်အားပေးသံများ၊ လေအဟုန် ပွဲသိမ်း ဒိုင်လူကြီး … ကင်း နိုင်တယ်… ဟူသော ကြေညာသံ …။ နောက်တစ်နေ့ သတင်းစာများတွင် ပါလာသော သူ့နာမည် ….။
တွမ်သည်ကား အမှန်တကယ်ပင် လူစစ်စစ်ဖြစ်လှသည်။ သူသည်လည်း ငယ်ရွင်ခြင်းနှင့် ပျိုမြစ်ခြင်းကို တပြိုင်တည်းရရှိခဲ့စဉ် အခါက .. အောင်မြင်မှုတွေ တသီကြီးကို ပိုက်ထွေးထားနိုင်သည့် တချိန်တစ်ခါက … …. ….
အသားကလေးတစ်တုံလောက် စားချင်နေရှာသော …
အိမ်လခပေးရန် ရက်လွန်နေရှာသော …..
လူဟောင်းကြီး စတိုရှာဘီလ်ကို ယှဉ်ပြိုင်ထိုးသတ်ရင်း အောင်ပွဲခံခဲ့သည်။
ထိုစဉ်က ၀မ်းပမ်းတနည်းငိုကြွေးနေသည့် လူဟောင်းကြီးဟာ ဟက်ဟက်ပက် ပက်ရယ်မောကာ သူ့အောင်မြင်မှုအတွက် ၀ံ့ကြွားခဲ့ဖူးသည် …။ လူဟောင်းကြီး၏ ခံစားချက်ကို သူ့၏ ငယ်ရွယ်ခြင်းနှင့် အောင်မြင်မှုတို့က လျစ်လျူပြုခဲ့သည်။
တွမ်သည်လည်း လူထဲကလူ …သို့သော် လှိုင်းလေဒဏ်ကို ခံရသည့်အခါ….
လူငယ်ကလေး …ဆန်ဒယ်နှင့် လူဟောင်းကြီးဖြစ်လာသူ တွမ်တို့ ရင်ဆိုင်တွေ့ကြရသည့် အခါ … ကြိုးဝိုင်းပေါ်တွင် ဆန် ဒယ်၏ လက်သီးချက်များကို သတိထားရှောင်တိမ်းရင်း … ပျိုမြစ်ခြင်းတို့ကို သိမ်းပိုက်ရယူထားသော လူငယ်ကလေး ဆန် ဒယ်ကို အပြီးလှဲသိပ်နိုင်ဖို့ မလွယ်ကူလှသော်လည်း ဟာကွက်ကို ချောင်းမြောင်းရင်း …
ကံကောင်းပါစေတွမ် ..ရှင်သူ့ကိုနိုင်မှာပါ …
… … ….
ကျမ စောင့်နေမယ် ….
ချစ်လှစွာသော ဇနီးသည်၏ အားပေးသံနှင့်အတူ အိမ်အပြန်စောင့်မျှော်နေမယ့်မျက်နှာ …
ဘာမျှစားရပုံမပေါ်သေးသည့် လူမမယ် ရင်သွေးလေးနှစ်ယောက်ရဲ့ အိပ်မောကျနေမယ့်မျက်နှာ …..
ပေးရန်ရှိနေတဲ့ …. အိမ်စရိတ်စကနဲ့ ကြွေးရှင်တွေရဲ့မျက်နှာ ….
မျှောင်လင့်ချက်မရှိတော့တဲ့ သူ့အတွက် အသားကလေးတစ်တုံးလောက်တောင် အကြွေးမပေးချင်တော့သည့် မိတ်ဆွေ ဟောင်းများ … …. …
လူငယ်လေးဆန်ဒယ်ရဲ့ ပြင်းထန်လှတဲ့လက်သီးချက်တွေအောက်မှာ အလူးအလဲ ခုခံကာကွယ်ရင်း ..တွမ် သဘောပေါက် နားလည်လိုက်သည့်ခဏ ….
သူ ဆာလာသည်။ ရိုးရိုးစာလာခြင်းမဟုတ်။ တဖြည်းဖြည်းဆာလာခြင်းမဟုတ်။ ဗိုက်ထဲက တုန်ပြီး ဆာလာခြင်းဖြစ်သည်။ တကိုယ်လုံးတုန်ယင်လာသည်။
တွမ် မက်မက်မောမော ညည်းညည်းညူညူ ရင့်ကြူးလိုက်မိသည် …။
….. အသားကလေးတစ်တုံးလောက်မှ …. ငါမစားရတော့ဘူးလား ….
လူဟူသည် …
တိုက်ခိုက် သတ်ပုတ်နေသော သတ္တ၀ါများ …..
…. …. …
ကိုယ်က ကြိုးတန်းပေါ် ရောက်သွားလိုက်
ကိုယ့်ပြိုင်ဘက်ကို ကြိုးတန်းပေါ်ပို့လိုက်နှင့် …။
…. …. ….
တွမ်၏ မျက်ဝန်းများမှ မျက်ရည်များသည် တဖြည်းဖြည်း အရှိန်အဟုန်ရကာ စီးဆင်းလျှက်ရှိသည်။ ရုတ်တရက် ဟိုစဉ်အခါက စတိုရှာဘီလ်၏ သနားစရာကောင်း သောငိုးကြွေးသံကို နားထဲတွင် ကျယ်ကျယ်လောင်လောင်ကြားယောင်လျှက်ရှိသည်။
… …. ….
၁၀ နှစ်သားအရွယ်မှာကတည်းက သတင်းစာပို့သမားလေး ….ထို့နောက် ခြေသလုံးအိမ်တိုင်… ပင်လယ်ဓားပြ … ကြေးစား လက်ဝှေ့သမား … နောက်ဆုံးတွင် စာရေးဆရာဖြစ်လာခဲ့ပြီး လောကဓံကို နောကျောခဲ့ပုံရသည့် ဂျက်လန်ဒန်သည်ကား….
သူ့ဘ၀မှ သူ့စာ ….. သူ့စာများက သူ့ဘ၀ကို ညွှန်းဆိုရင်း ….
အသက် (၄၀) ကျော်တွင် လူ့လောကို စွန့်လွန်ခဲ့လေသူ …။
အသားကလေးတစ်တုံးသည် တိုတောင်းလှသည့် ၀တ္တုတိုလေးတစ်ပုဒ်မျှသာဖြစ်သော်လည်း ဘ၀ကို ကြေးစားလက်ဝှေ့သမား အဖြစ်ရပ်တည်နေသူတယောက်ရဲ့ နိမ့်ချည် မြင့်ချည်၊ သဘာဝလောကကြီး၏ အကန့်အသတ်နှင့် ခံစားခွင့်ပြုထားပုံတို့ကို ပေါ်လွင်စေအောင် ဂျက်လန်ဒန်သည်ကား သူ့၏ ဖြတ်သန်းခဲ့ရသည့်လောကဓံကို ထည့်သွင်းစီးမျှော ထားခဲ့ပုံရသည်ဟု ခန့် မှန်းမိသည်။
… …. ….
ဘာသာပြန်လုပ်ငန်း၏ အခြေခံအရည်အချင်း (၃) ခုဖြစ်သည့် မိမိဘာသာစကားကိုကျွမ်းကျင်ခြင်း၊ မူရင်းဘာသာစကားကို ကျွမ်းကျင်ခြင်း၊ ပြန်ဆိုသည့်အကြောင်းအရာကို ကျွမ်းကျင်ခြင်းတည်းဟူသည့်အချက်များကို စွဲကိုင်ထားသည့် …. ဘာသာ ပြန်သူ ဆရာနတ်နွယ်သည်လည်း ဂျက်လန်ဒန်စာစုများအား မြန်မာပရိတ်သတ်နှင့်ယဉ်ပါးစေအောင် စီမံနိုင် စွမ်းရှိသူပင်ဖြစ် သည် …။
အဖ ဦးဘ၀မ်း၊ အမိ ဒေါ်စောလုံတို့ရဲ့ တဦးတည်းသော သားဖြစ်သည့် ဆရာနတ်နွယ်ကား
ကျောင်းသူမ ကဗျာဖြင့် စာပေနယ်သို့ စတင်ခြေချခဲ့ပြီး …. ဘ၀ဟူသည် (ဘာသာပြန်) …၊ ရောမက မိန်းမပျက် (ဘာသာပြန်) နှင့်ကား စာဖတ်ပရိတ်သတ်အနေဖြင့် မစိမ်းလှဟု ထင်မိသည်။ ကာရာမာဇော့ ညီအကိုများနှင့် ၂၀၀၂ ခုနှစ်တွင် ဘာသာပြန် စာပေဆုကို ရရှိခဲ့သူဖြစ်ပြီး ဘာသာပြန်ဝတ္တု၊ အမှီးဝတ္တု၊ ပင်ကိုယ်ရေးဝတ္တု၊ ခရီးသွားစာပေ စသည်တို့ကို ရေးသားခဲ့သူဖြစ် ပြီး ကလောင်ခွဲပေါင်း (၁၄) ခုခန့်ရှိသည်။
ဆရာနတ်နွယ် ဘာသာပြန်ထားသော ဂျက်လန်ဒန်၏ ၀တ္တုတိုများတွင် အသားလေးတစ်တုံးအပါအ၀င် ဆရာနတ်နွယ် စိတ်ကြိုက် အခြားသောဝတ္တုတို (၃) ပုဒ် ပါပါဝင်ပါသည်။ ဆရာနတ်နွယ်ကား သူ့စိတ်ကြိုက်များကိုသာရွေး၍ဘာသာပြန်ထားခြင်းဖြစ်ကောင်းလည်း ဖွင့်ဟထားသည်။
ဆရာနတ်နွယ် ဘာသာပြန်ဆိုထားသည့် အသားလေးတစ်တုံးဟူသော ဂျက်လန်ဒန်ဝတ္တုတိုလေးအပါအ၀င် အခြားသော (၃) ပုဒ်သည် လူဘာသာဘာဝအလေ့အထနှင့် ယနေ့ထက်တိုင် စနစ်တကျ စီးဆင်းနေသည့် လူ့ယဉ်ကျေးမှုပြယုဒ်ကို တစွန်းတဒေသ လှစ်ဟဖော်ဆောင်ထားသည့်ဟု ထင်မြင်မိသည့်အတွက် စာဖတ်သူပရိတ်သတ်တို့အတွက် တစ်စုံတစ်ရာ ထိမိသော အတွေးစအချို့ကို ပေးနိုင်စွမ်းရှိသည့်စာတစ်အုပ်ဖြစ်ကြောင်း ညွှန်းဆို တင်ပြအပ်ပါသည် ….။
ဇွန် ၁၄၊ ၂၀၁၀