ငြိမ်းချမ်းအောင် - ပညာရေး ပျက်စီးမှုအကျိုးဆက်တွေ မျိုးဆက်သစ် ခံနေရပြီ
(မိုးမခ) ဇန်နဝါရီ ၁၈၊ ၂၀၁၆
(မိုးမခ) ဇန်နဝါရီ ၁၈၊ ၂၀၁၆
ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာတာ မ၀င်လာသေးတာ အသာထား၊ လောလောဆယ်မှာတော့ မြန်မာပြည်မှာ NGO တွေ တော်တော်များနဲ့ တချို့သော အနောက်နိုင်ငံက ကုမ္ပဏီကြီးတွေ ၀င်ရောက်နေပြီဖြစ်သည်။ အလုပ်အကိုင် အခွင့်အလမ်း တွေနဲ့ ပတ်သက်ပြီး ပညာရေးနိမ့်ကျခဲ့သော အကျိုးဆက်ကို သာမန်ပြည်သူလူထု မျိုးဆက်သစ်တွေ ခံစားနေရပြီ ဖြစ်သည်။
အလုပ်သမား အလိုရှိသည်နှင့် ကျွမ်းကျင်အလုပ်သမား အလိုရှိသည်က အဓိပ္ပါယ်ချင်း မတူကြ။ လူဖြစ်ပြီးရော အလုပ် သမားလိုတာလား၊ အတတ်ပညာရှိသည့် အလုပ်သမားလိုတာလားဆိုသည့် ခွဲခြားမှုဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်အစိုးရ လက်ထက်ကစပြီး ဦးသိန်းစိန်အစိုးရလက်ထက်အထိ တက္ကသိုလ်ပေါင်း၊ ကောလိပ်ပေါင်း ဘယ်လောက်များများ ဖွင့်လှစ်ခဲ့ သလဲ ကျနော်မသိ။ သို့သော် ထိုကောလိပ်ကျောင်းများမှ အရည်အချင်းမီမီ၊ ပညာတတ်သော ကျောင်းသားများ မွေးထုတ် ပေးနိုင်မည့် အနေအထားကတော့ ရှိချင်မှ ရှိလိမ့်မည်။
စစ်တပ်အာဏာသိမ်းသည့် အချိန်က စပြီး၊ ယနေ့အချိန်ထိ စစ်ဗိုလ်သားသမီးများ၊ ခရိုနီသားသမီးများ၊ ပိုက်ဆံရှိ အသိုင်း အ၀န်း၏ သားသမီးများက ပြည်တွင်းမှာ ဗိုက်ထဲက ထွက်လာကတည်းက ပုဂ္ဂလိက ကျောင်းများ၊ အင်တာနေရှင်နယ် စကူလ်းတွေမှာ တက်ကြသည်၊ အသက်အရွယ်ရောက်လာတော့ ဘန်ကောက်၊ စင်ကာပူမှသည် အနောက်နိုင်ငံများအထိ ငွေကို လမ်းခင်းပြီး ပညာကို ၀ယ်ယူတော့သည်။ သူတို့တွေ ပညာတင် ရကြတာမဟုတ် မြန်မာနိုင်ငံပြင်ပက ဗဟုသုတများ၊ အတွေ့အကြုံများကို ရင်ဝယ်ပိုက်ပြီး ပြန်လာကြသည်။
ပြည်သူအများစု ကတော့ အစိုးရဖွင့်ထားသည့် ကျောင်းတွေမှာ၊ တက္ကသိုလ်တွေမှာ ချို့ချို့တဲ့တဲ့နဲ့ ကျောင်းတက်ပြီး ဆင်းရဲမှု ကွာဟချက်တွေကို တွက်ချက်ကာ လူ့ဘ၀မှာ လက်မှတ်ကလေးတခုကို ရဖို့ ဘ၀တွေပျက်ကြ၊ မိဘတွေရုန်းကန်ကြနဲ့ ကျောင်းတခုပြီးဖို့ ကြိုးစားရုန်းကန်ကြရသည်။ ပြင်ပကနေ လေ့လာကြရသည်။ ပိုပြီး ကြိုးစားကြရသည်။ လမ်းတွေက အချိန်တွေစားသလို၊ ကားတွေက မျှော်လင့်ခြင်းတွေနဲ့ မောင်းနှင်တော့ ငယ်စဉ်ကမက်ခဲ့သည့် အိပ်မက်တော်တော်များက အဝေးသင်မှာ ကျောင်းတက်ရင်း အငွေ့အဖြစ် ပျံသွားခဲ့တာ တော်တော်များများ ဆုံးရှုံးမှု ဖြစ်သည်။
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေရောက်လာတော့ လက်မှတ်တွေက စကားပြောလာသည်။ ဘွဲ့ချင်းအတူတူတောင် ဘန် ကောက်၊ စင်ကာပူ၊ အနောက်နိုင်ငံများမှ လက်မှတ်များက မြန်မာနိုင်ငံက ဘွဲ့လက်မှတ်ထက် နိုင်ငံခြားသား အလုပ်ရှင်များက မျက်စိကြကြသည်။ အလုပ်လခကလည်း ကွာခြားတော့ ပြည်တွင်း ကုမ္ပဏီတွေထက် ပြည်ပ ကုမ္ပဏီတွေမှာ အလုပ်ချင်း တူရင် လုပ်ချင်ကြသည်။ ပညာဆက်လက် သင်ကြားခွင့် အခွင့်အလမ်းကလည်း နိုင်ငံခြားက လာရောက်ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများတွင် ပိုပြီး ရှိတာလည်း ပါဝင်ပါသည်။ သို့သော် မြန်မာ့ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်သည့် ဘွဲ့လက်မှတ်များက နိုင်ငံခြားရင်းနှီးမြှုပ်နှံသည့် အလုပ်ရှင်များကို မဆွဲဆောင်နိုင်ကြ။
မြန်မာနိုင်ငံ၏ ပညာရေး ပျက်စီးယိုယွင်းမှုက သာမန်လက်လုပ်လက်စား လူတန်းစားက မျိုးဆက်သစ်များကို တိုက်ရိုက်ထိ ခိုက်နေတာတော့ ကျိန်းသေသည်။ လူအများစုကို ထိခိုက်စေသည့် ပညာရေးကို ကျနော်တို့ ဘယ်လိုပြင်ကြမလဲ၊ မြန်မာ့ ပညာရေး ကမ္ဘာ့အဆင့်မီအောင် ဘယ်လိုလုပ်ကြမလဲ။ အပြသဘော တက္ကသိုလ်များစွာ၊ ကောလိပ်များစွာ ဖွင့်မည့်အစား အရည်အချင်းရှိသည့် တက္ကသိုလ်များ၊ ကောလိပ်များဖြစ်ဖို့အတွက် ပညာရေးကို ဘယ်လိုပြောင်းလဲမည်လဲ၊ ကျွမ်းကျင်သူ အတတ်ပညာရှင်၊ အသိပညာရှင်များကို လွတ်လပ်စွာ စီမံခန့်ခွဲခွင့် ဘယ်လိုပေးမလဲ၊ ပြည်သူ့အတွက် ပညာရေးဖြစ်ဖို့ ဒီမိုကရေစီပညာရေးတောင်းဆိုမှုများကို ထောက်ခံကြဖို့နဲ့ ထပ်မံတောင်းဆိုကြဖို့သာ တိုက်တွန်းပါရစေ။
မောင်ကြီးငြိမ်းချမ်း @ ငြိမ်းချမ်းအောင်
ဓာတ်ပုံအညွှန်း - ဒီမိုကရေစီပညာရေးကျောင်းသားသပိတ် အကြမ်းဖက်မဖြိုးခွင်းမီ သပိတ်မှောက်ကျောင်းသားများက လုံးခြုံရေးဝန်ထမ်းရဲများ၏ အတားအဆီးများကို ကျော်လွှားရန် ကြိုးပမ်းနေကြစဉ်၊
မတ်လ ၁၀ ရက် ၂၀၁၅ ခုနှစ်၊ လက်ပံတန်း
ဓာတ်ပုံဆရာ - Photo By Gemunu Amarasinghe @ Associated Press