Photo - Irrawaddy News |
တူမောင်ညို - “ဖက်ဒရယ်ပြည်ထောင်စု” ကို ဘယ်လို တည်ဆောက်ကြမလဲ"
(မိုးမခ) ဇန်န၀ါရီ ၂၀၊ ၂၀၁၆
လက်တွေ့အခိုင်အမာ ဘယ်လိုတည်ဆောက်မယ်ဆိုတာကို ယတိပြတ်ပြောဖို့ခက်ခဲသော်လည်း၊ စစ်အုပ်စုက စစ်တပ်ကို ခါးပိုက်ဆောင်တပ်သဖွယ်လုပ်ပြီး နိုင်ငံရေးမှာ လွှမ်းမိုးခြယ်လှယ်နေသမျှ၊ ပြည်တွင်းစစ်ရှိနေသမျှ “ဖက်ဒရယ်ပြည်ထောင်စု” မတည် ဆောက်နိုင်ဘူးဆိုတာကိုတော့ အလွယ်တကူပြောနိုင်ပါတယ်။
ဘယ်လို “ဖက်ဒရယ်ပြည်ထောင်စု” တည်ဆောက်မလဲဆိုတဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုရဲ့ အခိုင်အမာပုံစံပြာ(blue print)ကို တန်းတူရည်တူရှိပြီး ဒီမိုကရေစီနည်းကျညှိနှိုင်းနိုင်မယ့် “တိုင်းပြုပြည်ပြုညီလာခံကြီး” တစ်ရပ်ခေါ်ယူပြီးညှိနှိုင်းဆွေးနွေးဆုံးဖြတ် ကြရမှာလို့ ယေဘုယျသဘောပြောနိုင်ပါတယ်။
အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုရဲ့ ပုံစံဟာ တိုင်းပြည်နဲ့ လူမျိုးပေါင်းစုံပြည်သူများရဲ့ ဒီမိုကရေစီရေး၊ တန်းတူရေး နဲ့ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိရေး၊ ညီညွတ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဘုံရည်မှန်းချက်အဖြစ် အရှည်သဖြင့်ဦးတည်ပြီး ခိုင်ခိုင်မာမာတိတိ ကျကျအာမခံနိုင်ရမယ်။
လူမျိုးပေါင်းစုံပြည်သူများအတွက် “ ဒီမိုကရေစီ၊ တန်းတူမှုနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ တိတိကျကျ ခိုင်ခိုင်မာမာရှိမှသာ ညီညွတ် စည်းလုံးနိုင်မှာဖြစ်တယ်။ ညီညွတ်စည်းလုံးမှသာ အရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မယ်။ အရှည်တည်တံ့ခိုင်မာတဲ့ တန်းတူရေး၊ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးတွေရှိမှသာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ဘက်ကို ထာဝစဉ်မျက်နှာမူနိုင်မှာဖြစ်ပါတယ်။ ဒီလို အခြေခံကောင်းတွေ ညှိနှိုင်းချမှတ်နိုင်မှသာ ဒေသတွင်းနဲ့နိုင်ငံတကာမှာ နိမ့်ကျနေတဲ့ တိုင်းပြည်နဲ့လူထုရဲ့အဆင့်နေရာကို မြှင့်တင် နိုင်မှာလည်းဖြစ်ပါတယ်။
လွတ်လပ်ရေးရရှိခဲ့တာ ၆၈ နှစ်ကြာမြင့်ခဲ့ပါပြီ။ စစ်အုပ်စုက နိုင်ငံရေးမှာချုပ်ကိုင်လွှမ်းမိုးစွက်ဖက်ခဲ့တာ ၁၉၆၂ ကနေ စတင်ရေ တွက်ရင် ၅၄ နှစ်ရှိခဲ့ပါပြီ။ တိုင်းပြည်ဟာ အဆင်းရဲဆုံးနိုင်ငံ (LDC) ဘဝ သက်ဆင်းကျရောက်ခဲ့ရပါတယ်။ အခုထိ ဒီဘဝက ရုန်းမထွက် နိုင်ခဲ့ပါဘူး။ အိမ်နီးအိမ်ဝေးတိုင်းပြည်တွေကို မော့ကြည့်ပြီး ဘက်ပေါင်းစုံအကူအညီကို ခေါင်းငုံ့လက်ဖြန့်တောင်းနေရတဲ့ ဘဝအခြေအနေ ဖြစ်ပါတယ်။ အုပ်စိုးသူတွေမှာထားစရာမရှိအောင် ချမ်းသာကြွယ်ဝသလောက် ပြည်သူလူထုဘဝက ကုန်းကောက်စရာမရှိအောင် ဆင်းရဲ မွဲတေလှပါတယ်။ ဒါဟာလက်တွေ့တိုင်းပြည်နဲ့လူထုကျရောက်နေတဲ့ ပကတိအရှိတရားပဲဖြစ်ပါတယ်။
တိုင်းပြည်မှာ ပုံစံတမျိုးမျိုးနဲ့ ပြည်တွင်းစစ်ရှိနေသမျှ ၊ စစ်အုပ်စုနဲ့စစ်အာဏာရှင်လွှမ်းမိုးခြယ်လှယ်နေသမျှ သိကြားမင်းဆင်းပြီး ထူထောင်ရေးလုပ်လည်း အိတ်ပေါက်နဲ့ဖားကောက်သလိုသာဖြစ်နေမှာပါ။ ပြည်တွင်းစစ်၊ စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်က အုပ်စိုးသူ တွေကိုသာ မဟားဒယား ချမ်းသာစေပြီး၊ တိုင်းပြည်နဲ့ ပြည်သူလူထုကို ဆင်းရဲမွဲပြာကျစေတဲ့ အဖြစ်ဆိုးနဲ့စနစ်ဆိုးတွေဖြစ်တယ် ဆိုတာ ကို လွတ်လပ်ရေးသက်တမ်း ၆၈ အတွင်းမှာ အခိုင်အမာသက်သေထူခဲ့ပြီဖြစ်ပါတယ်။ ဒီအချက်ကို လေးလေးနက်နက် သင်ခန်းစာယူပြီး ဒီအဖြစ်ဆိုး၊ စနစ်ဆိုးထဲကနေ ကျနော်တို့ ပြည်သူတွေ၊ နိုင်ငံရေးအင်အားစုတွေ ရုန်းထွက်ကြဖို့ပဲဖြစ်ပါတယ်။
လွတ်လပ်ရေးသက်တမ်း ၆၈ နှစ်အတွင်း တိုင်းပြည်မှာ ၂၀၀၈ အခြေခံဥပဒေအပါအဝင် အခြေခံဥပဒေ ၃ ခုရှိခဲ့ပါတယ်။ ၃ ခု စလုံး “ဖက်ဒရယ်ပြည်ထောင်စု” ဖွဲ့စည်းပုံ မဟုတ်ပါဘူး။
အခုလက်ရှိ “ဖက်ဒရယ်ပြည်ထောင်စု” ပုံစံကို စဉ်းစားနေကြတဲ့ကာလနဲ့ “ပင်လုံစာချုပ်” ချုပ်ဆိုတဲ့ကာလရဲ့ အရပ်ရပ်အခြေ အနေဟာ လုံးဝမတူခြားနားသွားပြီဆိုတာကို ဖက်ဒရယ်ပြည်ထောင်စုကို သွေးရိုးသားရိုးလိုလားတဲ့သူတိုင်း အသိအမှတ်ပြုကြမှာဖြစ်ပါ တယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားတွေပင်လုံစာချုပ်ချုပ်ဆိုတဲ့ သမိုင်းအခြေအနေက ပြည်ပကိုလိုနီအုပ်စိုးသူ ဗြိတိသျှတို့အဖို့ အိန္ဒိယနိုင်ငံကြီးကို လုံးဝလက်လွှတ်ရတော့မယ့်အခြေအနေ၊ ဖက်ဆစ်ဂျပန်တော်လှန်ရေးဆင်နွှဲပြီးတမျိုးသားလုံး (ဖဆပလ) အလံတော် အောက်မှာ သွေးစည်းညီညွတ်မှု အရှိန်ကောင်းရနေချိန်ဖြစ်ပါတယ်။ ဗြိတိသျှနယ်ချဲ့သမားဟာ မြန်မာပြည်ကို လွတ်လပ်ရေး မပေးရင် မရတော့တဲ့အခြေအနေလည်းဖြစ်ပါတယ်။ ဒီလို ပြည်တွင်းပြည်ပ အခြေအနေနောက်ခံကားပေါ်မှာ “ပင်လုံစာချုပ်” ကို ချုပ်ဆိုခဲ့ကြတာ ပါ။
စာချုပ်အနှစ်သာရက တန်းတူစည်းလုံးတဲ့ ပြည်ထောင်စုကိုတည်ဆောက်ဖို့ဖြစ်ပါတယ်။ ဒီသဘောတူညီချက် အပေါ်မှာ ဒီသဘော တူညီချက်ကို အပြည့်အဝအကောင်အထည်ဖော်နိုင်မယ့် အဲဒီကာလတိုင်းပြည်တည်ဆောက်ရေး၊ ပြည်သူ့ဘဝထူထောင်ရေးကိုမျက်နှာ မူနိုင်မယ့် ပြည်ထောင်စုနိုင်ငံထူထောင်ကြဖို့ ရည်မှန်းခဲ့ကြတာပါ။ ပိုပြီးခိုင်မာလေးနက်စေဖို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဲ့လေးနက်ခိုင်မာမှု ကို လက်တွေ့အားဖြင့်လည်း အသိမှတ်ပြုတဲ့အနေနဲ့ ၁၉၄၇ အခြေခံဥပဒေမှာ “အခန်း ၁၀ - ခွဲထွက်နိုင်သော အခွင့်အရေး” ကို ထည့်သွင်း ရေးဆွဲခဲ့ကြတာပါ။ ဒါပေမယ့် နယ်ချဲ့သမားရဲ့စနက်နဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ ရေတိမ်နစ်သွားရတဲ့အခါ အာဏာရလာတဲ့ အုပ်စိုးသူ များက တပြည်ထောင်စနစ်ပုံစံ ဖွဲ့စည်းပုံကိုသာရေးဆွဲခဲ့ကြတယ်။ ၁၉၄၇ အခြေခံဥပဒေဟာ တပြည်ထောင်စနစ်သာ ဖြစ်တယ်ဆိုတာ ထို အခြေခံဥပဒေရေးဆွဲရာ မှာကိုယ်တိုင်ပါဝင်ခဲ့သူကိုယ်တိုင်က ဝန်ခံခဲ့ပြီးလည်းဖြစ်ပါတယ်။
ဒီကနေ့အခြေအနေက ဗိုလ်ချုပ်တို့ “ပင်လုံစာချုပ်” ချုပ်ဆိုတဲ့ အချိန်ကာလမျိုးမဟုတ်ပါဘူး။ ဗိုလ်ချုပ်သမီး ဒေါ်အောင်ဆန်း စုကြည် ခေါင်းဆောင်တဲ့ (NLD)ပါတီဟာ စစ်အုပ်စုကစိတ်ကြိုက်ရေး ဆွဲအတည်ပြုထားတဲ့ “၂၀၀၈အခြေခံဥပဒေ” အရ ကျင်းပ “ ၂၀၁၅ ရွေးကောက်ပွဲ” မှာ တခဲနက်အနိုင်ရထားတဲ့အနေအထားဖြစ်ပါတယ်။
တိတိကျကျပြောရရင် ပြည်တွင်းစစ်၊ စစ်အုပ်စုနဲ့စစ်အာဏာရှင်စနစ်ဟာ “၂၀၀၈ အခြေခံဥပဒေ” နဲ့အညီတည်ရှိနေသေးတဲ့ အခြေအနေနဲ့အချိန်ကာလဖြစ်ပါတယ်။ ဒါကြောင့် “ဖက်ဒရယ်ပြည်ထောင်စု” ကို “၂၀၀၈ အခြေခံဥပဒေ” ဆိုတဲ့ အခြေခံပေါ်ကနေ စဉ်းစားနေလို့/ တည်ဆောက်အကောင်အထည်ဖော်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ “ဖက်ဒရယ်ပြည်ထောင်စု” ကို တကယ်တန်း အကောင် ထည်ဖော်ဖို့ဆိုရင် ပြည်တွင်းစစ်ကိုရပ်စဲရမယ်။ စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ကို အကုန်အစင်ဖယ်ရှားရမယ်။ ဒါမှသာ “ဖက်ဒရယ် ပြည်ထောင်စု” ဆိုတဲ့ ပဒေသာပင်ဟာ ပေါက်ရောက် ရှင်သန်ကြီးထွားနိုင်ပါလိမ့်မယ်။
တနည်းအားဖြင့်ပြောရရင် “၈ ပြည်နယ်မူ” ဆိုတာကို အသေဆုပ်ကိုင်ထားလို့ မဖြစ်သလို၊ “တိုင်းဒေသကြီး ၇ ခုနဲ့ ပြည်နယ် ၇ ခု”ဆိုတာကိုလည်း အလျှော့မပေးစတမ်းဆုပ်ကိုင်ထားလို့မဖြစ်ပါဘူး။ အနှစ်သာရဖြစ်တဲ့ တကယ့်ဒီမိုကရေစီရေး၊ တကယ့်တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးဆိုတဲ့မူတွေကို နိုင်ငံရေးအင်အားစုတွေအကြားမှာ တန်းတူရည်တူဒီမိုကရေစီနည်းကျ ညှိနှိုင်းဆွေးနွေးချမှတ်နိုင် ဖို့လိုပါတယ်။
ဒီလိုချမှတ်နိုင်ဖို့သိက္ခာရှိတဲ့ တိုင်းပြုပြည်ပြုညီလာခံကြီး တစ်ရပ်လိုပါတယ်။ ဒီအချက်တွေကိုသာ ပီပီပြင်ပြင်ချမှတ်နိုင်ခဲ့ကြပြီ ဆိုရင် ဒီလိုမူတွေနဲ့အညီ ဖက်ဒရယ်ပြည်ထောင်စုရဲ့အခိုင်အမာပုံစံကို လက်တွေ့မှာအခိုင်အမာတည်ဆောက်ဖို့မခက်ခဲတော့ဘူးလို့ ယူဆ ပါတယ်။ ဒီလို “တိုင်းပြုပြည်ပြုညီလာခံကြီး” ကို ပေါ်ပေါက်လာတော့မယ့် “အစိုးရသစ်” က ခေါ်ဆိုနိုင်မလား။
အဓိကအချက်ကတော့ “စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု”ကို “တကယ့်ပင်လုံစိတ်ဓါတ်” နဲ့ ဝိုင်းဝန်း ကြံဆစဉ်းစားဆွေးနွေး လုပ်ကိုင်နေကြတာကို (၈ ပြည်နယ်မူ၊ ၁၄ ပြည်နယ်မူ၊ စသဖြင့် ကိုယ်သန်ရာသန်ရာကိုင်စွဲပြီး အငြင်းပွားနေကြတာကို) “စစ်အုပ်စု” က အသာတကြည် လက်ပိုက်ကြည့်နေပါ့မလားဆိုတဲ့ အချက်ဖြစ်ပါတယ်။ ၁၉၆၀ တုန်းက မြန်မာ့အသံ အဆောက်အအုံမှာ ပြည်ထောင်စု စစ်စစ်အရေးနဲ့ပတ်သက်ပြီး အာဏာရ(ပထစပါတီ)နဲ့ လူမျိုးစုခေါင်းဆောင်တွေ နှီးနှောကြ တာ “၁၉၄၇ အခြေခံ ဥပဒေဘောင်” ထဲကနေ ဆွေးနွေးတိုင်ပင်ကြတာဖြစ်ပါတယ်။ ဒါကို ဗိုလ်နေဝင်းစစ်အုပ်စုက “ဖက်ဒရယ် (ခွဲထွက်ရေး)” ကို အကြောင်းပြပြီး စစ်အာဏာသိမ်းခဲ့ တယ်မဟုတ်ပါလား။ သမိုင်းဟာ ထပ်တူမဖြစ်နိုင်ပေမယ့် တပတ်တော့ လည်တတ်ပါတယ်။
ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ကာချုပ်ဗိုလ်မင်းအောင်လှိုင် ပြောသွားတဲ့ စကားတခွန်းက စိုးရိမ်မယ်ဆိုရင် တကယ်ပဲ စိုးရိမ် စရာပါ။
“ကျွန်တော်တို့နိုင်ငံတော်ဟာ ပြည်နယ်နှင့်တိုင်းဒေသကြီးများ စုစည်းထားတဲ့ ပြည်ထောင်စုနိုင်ငံဖြစ်ပါတယ်။”
“၂၀၀၈အခြေခံဥပဒေ” ဆိုတာ စစ်တပ်နဲ့ကာချုပ်ကို ဥပဒေနဲ့အညီ အာဏာသိမ်းခွင့်ပေးထားတဲ့ အခြေခံဥပဒေ မဟုတ်ပါလား။
“၂၀၀၈အခြေခံဥပဒေ ကို ထိန်းသိမ်းကာကွယ်သည့်ဥပဒေ” ဆိုတာကလည်း ပူပူနွေးနွေးပြဋ္ဌာန်းထားတယ် မဟုတ်ပါလား။
ညွန်း
၁၉၄၇ အခြေခံဥပဒေ
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ ကာချုပ်၏ နှုတ်ခွန်းဆက်စကား (၁၂-၁-၂၀၁၆)