မောင်စွမ်းရည် - ရန်ဖြစ်ဖက်သူငယ်ချင်း ဇော်ဇော်အောင်
(မိုးမခ) ဇန်န၀ါရီ ၂၉၊ ၂၀၁၆
(မိုးမခ) ဇန်န၀ါရီ ၂၉၊ ၂၀၁၆
ဇော်မြင့်သက်ခေါ် ဇော်ဇော်အောင်က ၁၉၅၃ မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ၁၀ တန်းအောင်ပြီး တက္ကသိုလ်ရောကခဲ့သတဲ့။ ကသာကြွယ်ဝင်း၊ မောင်မိုးသူ၊ ကြည်အောင်၊ မောင်စွမ်းရည်တို့က ၁၉၅၆ ကျမှ တက္ကသိုလ်ကို အတူရောက်လာကြတာ။ ဇော်ဇော်အောင်က တက္ကသိုလ်လျှောက်တာစောပေမယ့် မွေးသက္ကရာဇ်ကတော့ အားလုံးအတူတူ ၁၉၃၇။
မောင်မိုးသူက သူငယ်ချင်းတွေထဲမှာ အစောဆုံးအိမ်ထောင်ကျတယ်။ မောင်မိုးသူရဲ့အိမ်ကိုပဲ ဇော်ဇော်အောင်နဲ့ မောင်စွမ်း ရည်တို့က သမီးရည်းစားချိန်းတွေ့စရာ စခန်းသာအဖြစ်အသုံးပြုခဲ့ပြီး သူတို့လည်း အသီးသီးအိမ်ထောင်ကျသွားခဲ့ ပါတယ်။ သူတို့အိမ်ထောင်ဖက်များက ကျောင်းဆရာတွေဆိုတော့ သူငယ်ချင်းနှစ်ယောက် ကံတူအကျိုးပေးပါပဲ။ အိမ်ထောင်သည် ဘ၀မှာ ငြိမ်ဝပ်ပိပြားသွားခဲ့ပါတယ်။
မောင်စွမ်းရည်ရဲ့ရွာက မြင်းခြံမြို့နယ်က အလံနီသူပုန်များရဲ့ ရွာဖြစ်ခဲ့ဖူးပါတယ်။ ဇော်ဇော်အောင်ကလည်း မုံရွာအလံနီအုပ်စု ကဆိုပဲ။ ဒါကြောင့် မန်းတက္ကသိုလ်ရဲ့ အလံနီအုပ်စုခေါင်းဆောင် ဇော်ဇော်အောင်က မြင်းခြံအလံနီနယ်ကလာတဲ့ မောင်စွမ်း ရည်ကို ချည်းကပ်တယ်။ စာပေ၀ါသနာပါတဲ့ မောင်စွမ်းရည်မှာ တက္ကသိုလ်ရောက်စအခါက စာပေသူငယ်ချင်းမရှိပါ။ ကျောင်းသားကြီးဇော်ဇော်အောင်လုပ်တဲ့ စာပေပြိုင်ပွဲကို ၀င်ပြိုင်ခဲ့ပါတယ်။ ပြိုင်ပွဲကို တက္ကသိုလ်မြန်မာစာအသင်းကြီးက ဦးစီးကျင်းပသတဲ့။ ဥက္ကဌလား၊ အတွင်းရေးမှူးလား မသိခဲ့ရတဲ့ ကိုဇော်မြင့်ခေါ် ဇော်ဇော်အောင်က ဦးစီးကျင်းပတာပါ။ ပ - ဒု - တ သုံးဆုပေးဖို့ စီစဉ်ထားတဲ့ ကဗျာပြိုင်ပွဲမှာ လေးယောက်ဝင်ပြိုင်တာဆိုတော့ နောက်ဆုံးလူကို စတုတ္ထပေးလိုက်ရပါတယ်။ မောင်ဝင်းဖေ (မြင်းခြံ) အမည်နဲ့ ကလောင်သွေးနေတဲ့ မောင်စွမ်းရည်ပေါ့။ အစီအစဉ်မရှိပဲပေးရတဲ့ဆုကို ဥက္ကဌ ဦးဇော်မြင့်က သူ့လွယ်အိတ်ထဲမှာ အသင့်ပါလာတဲ့ မြန်မာစာပေသမိုင်း (ဦးဖေမောင်တင်) စာအုပ်နဲ့ ချီးမြှင့်လိုက်ပါတယ်။ စာအုပ်မှာ ဘာမှမရေးထားလို့ မောင်စွမ်းရည်ကပဲ မောင်ဝင်းဖေ၊ ကဗျာစတုတ္ထဆုလို့ သူ့ဖာသာရေးထိုးထားလိုက်ခဲ့ပါတယ်။
ဇော်ဇော်အောင် ရန်ကုန်ပြောင်းသွားတော့ မောင်စွမ်းရည်က မောင်သာနိုးတို့နဲ့ပေါင်းနေပါပြီ။ မောင်သိန်းနိုင်တို့၊ တင်မိုးတို့က လည်း မြန်မာစာရောက်သူတွေနဲ့ ရောက်လာလို့ စာပေအဖွဲ့တောင့်နေပါပြီ။ မောင်သာနိုးတို့အဖွဲ့ကို ဇော်ဇော်အောင်က မကြည်ပါ။ ဘာဖြစ်လို့မကြည်ကြတာလဲဆိုတာ မောင်စွမ်းရည်ကလည်း အစက မသိခဲ့ပါ။ မောင်မိုးသူရဲ့ အိမ်က စာပေသက်တမ်းစာအုပ်တွေကို အင်္ဂလိပ်လိုဖတ်ပြီး လက်ယားလာတဲ့ မောင်စွမ်းရည်က ကဗျာဆရာကြီးဒေါင်းနွယ်ဆွေကို ဝေဖန်လိုက်ပါတယ်။ ဆရာကြီးဒေါင်းနွယ်ဆွေက ဇော်ဇော်အောင်ရဲ့ ဆရာကြီးဆိုကိုး။ ဒါကြောင့် ဒေါင်းနွယ်ဆွေအခြစိုက်တဲ့ ရှုမ၀မဂ္ဂဇင်းမှာ ဂိုဏ်းဖွဲ့ပြီး မောင်စွမ်းရည်ကို တိုက်ပါတော့တယ်။ ဇော် - ဖော်- မော်- သင်း၊ လေးဦးဂိုဏ်း။ ဇော်ဇော်အောင်၊ မောင်စံမော်၊ မင်းမော်၊ အောင်သင်း။
ကျနော်ရန်ကုန်ပြောင်းလာပြီး အတန်ကြာတော့ ငြိမ်းကျော်၊ မင်းကျော်၊ နတ်နွယ်၊ ဆရာမြသန်းတင့်စတဲ့ ပုဂ္ဂိုလ်တွေ ကွယ်လွန်းကုန်ကြပြီး တင်းမိုးကလည်း ပြည်ပထွက်သွားပြီဆိုတော့ ကိုအောင်သင်းမှာ စာပေဟောပြောဖော် ကင်းမဲ့သွားရှာ တယ်။ သူ့မှာ တန်းတူရည်တူ၊ ခရီးဖော်မရှိတော့လို့ဆိုပြီး မောင်စွမ်းရည်ကိုလာခေါ်တယ်။ စစ်ပြေငြိမ်းကြစို့တဲ့။ စာပေဟော ပြောပွဲခရီးတခုမှာ ကျနော်က ကျနော်နဲ့ဇော်ဇော်အောင်တို့ တအိပ်ရာတည်းအတူအိပ်ကြပုံ၊ ကျနော့်ရွာကိုလည်း သူရောက်လာခဲ့ပုံ၊ အလံနီရွာသားချင်းဆိုတဲ့ သွေးပြောလို့ ခင်မင်နေကြရာက အလံနီမဟုတ်တော့ဘူးဆိုတော့ အခင်အမင် လျော့သွားပုံတွေကို ပြောပြတယ်။ သူက အံ့သြနေတယ်။ တက္ကသိုလ်မှာ နိုင်ငံရေးပါတီကြီးတွေကြောင့် သူငယ်ချင်းချင်း ဆက်ဆံရေးပျက်ရသလားတဲ့။ ကျနော်က ခင်ဗျားတို့ မန္တလေးကလူတွေကို တုံ့ပြန်နေတာက ရိုးရိုးပါ။ ဒါပေမယ့် သူ နောက်ကတွန်းနေတဲ့ အဓိပ္ပါယ်ကို သဘောမပေါက်ခဲ့ဘူး။ ကျုပ်ကလည်း မြှောက်ပေးရင် ချွေးထွက်ကောင်းအောင် ကတတ်တာကိုးလို့ ရယ်ရယ်မောမောနဲ့ နောက်ကြောင်းပြန်ခဲ့ကြဖူးပါတယ်။ ကျနော်ကလည်း သူလို နိုင်ငံရေးသဘောတ ရားနဲ့လာတဲ့လူက စစ်ထောက်လှမ်းရေးကို တိုက်လိုက်လုပ်ပြီး ကွန်မြူနစ်တွေကို လိုက်လံတိုက်ခိုက်နေတဲ့ အပစ်အခတ်၊ အညှစ်အသတ်၊ အထစ်အဖြတ် ၀တ္ထုမျိုးတွေကို ရှုတ်ချဝေဖန်ရေးသားခဲ့ပါတယ်။ လူချင်းကတော့ အချစ်မပျက်ပါဘူး။ အရေး ရယ်ဘာကြောင့်ရယ်ဆိုရင် ကိုမိုးသူနဲ့ ကျနော်က သူ့ကို သတိရတတ်ပါတယ်။ မန္တလေး စာပေသမားတစုက စနေစာပေ ၀ိုင်းဆိုပြီး ဘီအိုစီကောလိပ်လက်ဖက်ရည်ဆိုင်မှာ ဆုံလေ့ရှိပါတယ်။ နောက်တော့ တောင်ငူဆောင် မြန်မာစာဌာနရှေ့က တောင်ပိန္နဲပင်အောက်ရွှေ့လာခဲ့တယ်။ အသိုင်းအ၀ိုင်းမတူလို့ ဇော်ဇော်အောင်က ကျနော်တို့ဝိုင်းကို မလာပါ။ ကျနော့်အိမ်ကို လည်း လာလေ့မရှိပါ။ ကျနော်ကတော့ သူ့အိမ်ကို ရောက်တတ်ပါတယ်။ သူ့စာတွေကိုလည်း မလွတ်တမ်းဆိုသလောက် ရှာဖတ်ခဲ့တယ်လို့ ထင်မှတ်ခဲ့ပေမယ့် ခု သူကွယ်လွန်လို့ သူ့စာစုစာရင်းကိုကြည့်တော့ ကျနော်မဖတ်ဘူးတာတွေ အများကြီး ပါပဲ။ ဖတ်အား ရေးအားအလွန်ကောင်းပါတယ်။ သူ့လောက်ထူတဲ့စာအုပ်ကြီးတွေ ကျနော်မရေးဘူး၊ မထုတ်ဖူးပါ။
ကျနော်သူနဲ့စသိတုန်းက သူက ကဗျာဆရာပါ။ ကဗျာတွေပဲ ရေးနေပါတယ်။ ဇော်သလ္လာတဲ့။ သူနဲ့အတူ မုံရွာသား အလံနီ လေးတယောက်က စိုးသလ္လာတဲ့။ သလ္လာဆိုတာ တချို့က ဘာမှန်းမသိပါ။ သလ္လာဝတီ၊ ချင်းတွင်းရဲ့ ရာဇ၀င်ထဲက နာမည်ပါ။ နံရံကပ်စာစောင်မှာသူရေးတိုင်း စောင့်ဖတ်ပါတယ်။ အားကျလို့ပါ။ အဘိဓမ္မာရဲ့သစ်ရွက်တရွက်ဆိုတာမျိုး အထူးအဆန်းတွေ ကို ဒေါင်းနွယ်ဆွေရေးသလို ရေးလေ့ရှိပါတယ်။ သူတို့မှာ အလံနီကျောင်းသားတွေရဲ့ နံရံကပ်စာစောင် သီးခြားရှိပါတယ်။ အယ်ဒီတာကတော့ ဥသျှာ ခေါ် ခင်မောင် ဖြစ်ပါတယ်။ စာစောင်နာမည်ကို အတိအကျမမှတ်မိပါ။ အရုဏ် ဆိုသလိုလိုပါပဲ။ ဇော်ဇော်အောင်ရဲ့ကလောင်အမည်ခွဲတွေမှာ သလ္လာမောင်သင်းရည်လို့ပါ မှတ်မိပါတယ်။ သူက သွေးသောက်မဂ္ဂဇင်းမှာ စပြီး ရေးတာပါ။ ကျနော်က ရှုမ၀မဂ္ဂဇင်းမှာ တပုဒ်စ၊ နှစ်ပုဒ်စ ပါဖူးပါတယ်။ မောင်ဌေးဦးကလောင်အမည်နဲ့ ကဗျာရေးနေတဲ့ ရွှေဘိုသား ကိုခင်မောင်ဌေးခေါ် ပန်းချီ အိပ်ခ်ျလွင်နဲ့ အတူ တကယ်စရေးတော့ မောင်စွမ်းရည်မဟုတ်သေးပါဘူး။ သူက လည်း ဇော်ဇော်အောင် မဟုတ်သေးပါဘူး။ ဇော်သလ္လာခေါ် သလ္လာမောင်သင်းရည်ပဲ ရှိပါသေးတယ်။
ဇော်သလ္လာ၊ မိုးသလ္လာနဲ့ မောင်ဝင်းဖေ (မြင်းခြံ) သုံးဦးသားတွဲခဲ့ကြတာကတော့ အလံနီနယ်သားချင်းဆိုတဲ့ သဘောပါခဲ့ပုံ ရပါတယ်။ ရေစကြိုက ပိုပြီးအလံနီမူရင်းကျပါတယ်။ သခင်စိုးကြီးတို့ ရုံးစိုက်ခံခဲ့ဖူးတာမဟုတ်လား။ ရေစကြိုက မောင်ဘဂျမ်း (တင်မိုး) ရောက်လာပြန်တော့ တင်မိုးနဲ့ ၀င်ဖေ (မောင်စွမ်းရည်) တို့ အလံနီနယ်သားတွေဆိုပြီး အလံနီအုပ်စု ချဉ်းကပ်လာခဲ့ ပြန်ပါတယ်။ ကျနော်တို့သုံးဦး (မောင်သိန်းနိုင်အပါအ၀င်) က ကျနော်တို့စာရေးဆရာတွေ၊ အထူးသဖြင့် ကဗျာဆရာတွေက တသီးပုဂ္ဂလသမားတွေ (အင်ဒီဗီကျူယယ်လစ်စ်တွေ)၊ နိုင်ငံရေးပါတီဆိုတာ ဗဟိုဦးစီးချုပ်ကိုင်မှုရှိတယ်။ ပုဂ္ဂလိကသမားတွေ ကို ချုပ်ကိုင်ရင် ပါတီမှာပဲ နာမည်ပျက်မယ်။ ပါတီဝင်မဟုတ်ပဲ (ကိုယ်စိတ်ပါတဲ့အခါ) ထောက်ခံအားပေးကူညီပါမယ်လို့ ပြောပြီး ဘယ်ပါတီမှာ မ၀င်ဘဲ ကြားနေလုပ်ခဲ့ပါတယ်။ ကြားနေကို အဲဒီအခါ အင်္ဂလိပ်လို နျူထရယ်စတင်း (Neutral Stand) လို့ ခေါ်ခဲ့ကြပါတယ်။ ကျနော်တို့က စာပေသား ကိုသာနိုး၊ တက္ကသိုလ်ဝင်းတို့နဲ့အတွဲများလို့ ဇော်ဇော်အောင်က ကျနော်တို့ ကြားနေဆိုတာကို မယုံတော့ပါ။ သူရန်ကုန်ပြောင်းသွားတာ ကျနော်တို့ကို တွယ်တော့တာပါပဲ။ လူချင်းတွေ့ရင်တော့ လှိုက်လှိုက်လှဲလှဲ ရှိခဲ့ကြပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံကြီးမှာတော့ သူနဲ့ကျနော်နဲ့ စင်မြင့်တခုပေါ်မှာ ပြန်ဆုံကြပါတယ်။ စစ်အာဏာရှင်စနစ်ကို အားရပါးရ ကလောခဲ့ကြပါတယ်။ သူနဲ့ကျနော် စင်ပေါ်ကနေ လည်ပင်းဖက်ပြီး ဆင်းလာခဲ့ကြပါတယ်။ ဒို့နှစ်ယောက် ဘုံရန်သူကို တိုက်ဖို့ တဖွဲ့တည်း ပြန်လည်ပူးပေါင်းမိခဲ့ကြပြီလို့ ပြောဆို ကြွေးကြော်ခဲ့ပြီးနောက် သူနဲ့ ကျနော့်ကြားမှာ ဘာအခုအခံမျှ မကျန်တော့ပါ။ တနေ့တော့ သူငယ်ချင်း ကိုစောထွန်းဆီက စာလာပါတယ်။ သူကလည်း မန်းတက္ကသိုလ်ထွက် စာရေးဆရာ စောလူ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ မြောက်အီလီနွိုက်တက္ကသိုလ်မှာ မြန်မာစာပြနေပါတယ်။ သူက ကျနော်နဲ့ဇော်ဇော်အောင် နှစ်ယောက်၊ တယောက်ယောက် နယ်သာလန်နိုင်ငံကို စာပေညီလာခံတခုတက်ရောက်ဖို့ ဖိတ်စာပို့ပါတယ်။ ဇော်ဇော်အောင်က စာတမ်းရေးဖို့ရေ၊ သွားဖို့ရော ငြင်းပါတယ်။ ကျနော်က ထောက်လှမ်းရေး (၆) က ခေါ်တာ နှစ်ခါရှိပြီဆိုတော့ ပြည်ပကိုပြေးဖို့ပြင်နေရတဲ့အတွက် ထွက်ပေါက်ရသွားပါတယ်။ ဒါကြောင့် ကျနော်ထွက်ခဲ့တဲ့အခါ သူ့တယောက်တည်းကိုပဲ နှုတ်ဆက်ထွက်ခွာခဲ့ပါတယ်။ ၂၀၀၂ နိုဝင်ဘာဆိုတော့ ခုဆိုရင် ဒွဒသဟို - တဆယ့်နှစ်နှစ်ကာလ ကျော်ခဲ့ပါပြီ။ ဒါကြောင့် ဗမာပြည်ကို အလည်ပြန်ခဲ့ပါတယ်။ ၂၀၁၅ နိုဝင်ဘာထဲမှာ ပြန်ခဲ့ပါတယ်။ ရောက်လျှင်ရောက်ခြင်း အကိုကြီး ကိုသာနိုးကို သွားရောက်ဂါရ၀ပြုပါတယ်။ ပြီးတော့ သူ့ဆီသွားပြီး အဦးဆုံးနှုတ်ဆက်ပါတယ်။ ဆရာဇော်ဇော်အောင် ရှိပါသလားဆိုတော့ သွားမဲ့ပါးပိန်နဲ့ တကယ့်အဖိုးကြီးနဲ့တူတဲ့ ဇော်ဇော်အောင် ထွက်လာပါတယ်။ ဒုတ်ကောက်ကြီးတဒေါက် ဒေါက်နဲ့ပါ။ ဘယ်သူလဲဟ ဆိုပြီး မျက်မှောင်ကြုတ်ကြည့်ရင်း ၀င်းတံခါးဆီကို ထွက်လာပါတယ်။ ကျနော်မှန်းသိတော့ အိမ်ထဲကို ခေါ်သွားပါတယ်။ ဧည့်ခန်းမှာ သူ့ဇနီးဆရာမကြီးက ကုလားထိုင်ပေါ်မှာ ကြုံ့ကြုံ့လေး မမာထိုင်ထိုင်နေရာက ပြုံးနှုတ်ဆက်ပါတယ်။ မကျန်းမာလို့ ထနိုင်ဟန်မတူပါ။ လာနှုတ်ဆက်တာ ပြီးမှ ဆုံကြရအောင်လို့ပြောပြီး မထိုင်တော့ပဲ ပြန်တော့မယ်ဆိုတော့ သူ့သမီးယူလာပြီး ကျနော့်ကို သူ့အဖေနောက်ဆုံးထုတ်တဲ့ စာအုပ်ထူကြီး (ကျောင်းသားမဂ္ဂအကြောင်း) ကို လက်ဆောင်ပေးလိုက်ပါတယ်။ ဆောင်းပါးပေါင်းချုပ်စာအုပ်ကြီးပါ။
သူငယ်ချင်း မောင်သိန်းနိုင်က သူငယ်ချင်းတွေဆုံရအောင်ဆိုပြီး ထမင်းစားပွဲတခုစီစဉ်ပါတယ်။ ဇော်ဇော်အောင်၊ မောင်မိုးသူ၊ ကသာဝင်းကြွယ်၊ မောင်သိန်းနိုင်၊ ပန်းချီဝင်းဖေ၊ မောင်စွမ်းရည်တို့ မန်းတက္ကသိုလ် ငယ်သူငယ်ချင်းတွေ ဆုံစည်းမိကြပါတယ်။ ကျနော်က စပြီးတော့ ချစ်တယ်ဆိုတာ မုန်းလို့မရပါလားနော် ... ကိုထွန်းစိန် ဆိုတဲ့စကားပါ။ မန်းတက္ကသိုလ်နားက ပုဂ္ဂလိက ဘော်ဒါဆောင်မှာ ခင်မောင်ဝင်း (၀င်းကြွယ်) တခန်း၊ ကျနော်တခန်းနေကြတော့ မောင်မိုးသူနဲ့ ဇော်ဇော်အောင်တို့ လာတတ်တယ်။ ၀င်းကြွယ်ရဲ့အခန်းတံခါးရွက်မှာ အဲဒီစာတန်းရေးထားတာ ကျနော်မှတ်မိနေတယ်။ မူလက ... ချစ်တယ်ဆိုတာ မုန်းလို့မရပါလားနော် ဆိုတဲ့စာတမ်းလေးပဲ ရှိတယ်။ ကိုထွန်းစိတ်ဆိုပြီး ဖြည့်သွားတာက ဇော်ဇော်အောင်ကိုပဲ ကျနော်မှတ်မိနေလို့ပါ။ ကိုထွန်းစိန်းဆိုတာ ၀င်းကြွယ်ရဲ့အဖေ ဦးထွန်းစိန်ပါ။ သူ့အဖေလာတော့ သူ့သားကို တွေ့မသွားရဖူး ထင်ပါတယ်။ အဲဒါကြောင့် ဇော်ဇော်အောင်က ဖြည့်ခဲ့တာ ဖြစ်မယ်ထင်ပါတယ်။ (မောင်မိုးသူ ဒါမျိုး မနောက်တတ်ရှာပါ) ဘယ်သူရေးတာလဲ၊ ဖိုးဇော်မြင့်မဟုတ်လားဆိုတော့ ရယ်လျက်ပဲနေပါတယ်။ ခက်တာက သူ့ခမျာ နားလေးနေရှာပါတယ်။ မကြားရတော့ ရယ်ရုံပဲနေရတတ်ပါတယ်။ ကျနော့်မှာက ဒေါ်လာ တထောင့်ရှစ်ရာတန် နားကျပ်အသစ်ကြီးနဲ့ဆိုတော့ ကြားရပါတယ်။ ထမင်းဝိုင်းမှာတော့ သူနဲ့ ကျနော် ၀ိုင်တခွက်ကိုပြီး (ချီးယား) လုပ်ကြပါတယ်။ တကယ်တော့ သူမသောက်တော့ပါလို့ သိထားပါတယ်။ (ကျနော်က အိမ်ရှင်ကို အားနားလို့ သုံးခွက်သောက်ပြီး ချီးမြှင့်လိုက်ပါတယ်) အဲ့ဒီပွဲမှာ အသွားအပြန်ကားတစီးနဲပ အတူ သွားဖို့ပြန်ဖို့ သူငယ်ချင်း မောင်သိန်းနိုင်က စီစဉ်ပေးပါတယ်။ အလွမ်းဖြေကြ၊ ပျော်ကြရပါတယ်။
မောင်စွမ်းရည်နှင့် မိတ်ဆွေများစာပေစကားဝိုင်း ဆိုတာကို နိုဝင်ဘာ ၁၇ ရက် အင်္ဂါနေ့မှာ မိုးမခမီဒီယာနဲ့ ဟုမ်းမီဒီယာတို့ ပူးတွဲစီစဉ်ပါတယ်။ ဒိုင်ခံဆွေးနွေးကြမယ့် ပုဂ္ဂိုလ်တွေထဲမှာ ယာဘက်အစွန်က ထိုင်နေသူ အသားညိုညိုနဲ့ ပုဂ္ဂိုလ်ဟာ ဆရာဇော်ဇော်အောင်ပါပဲ။ သူ့ဝဲဘက်က စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦး၊ အလယ်မှာ မောင်စွမ်းရည်၊ နောက် မောင်မိုးသူ၊ မောင်သိန်းနိုင်၊ ပန်းချီဝင်းဖေ၊ မန္တလေးတက္ကသိုလ်ကချည်းပါပဲ။ တက္ကသိုလ်မှာ အစောဆုံးနဲ့ အသက်အကြီးဆုံးက ဒေါ်ခင်ဆွေဦးပါ။ ပြီးတော့ ၁၉၅၃ မှာ တက္ကသိုလ်ရောက်တဲ့ ဇော်ဇော်အောင်နဲ့ ပန်းချီဝင်းဖေပါ။ ဆွေးနွေးပွဲမှာ မြန်မာစာသင်ကြားရေးအကြောင်းကစပြီးမေးတာဆိုတော့ တက္ကသိုလ်က မြန်မာစာဆရာလည်းဖြစ်၊ မြန်မာစာမဟာဝိဇ္ဇာလည်းဖြစ်တဲ့ ဆရာဇော်ဇော်အောင်နဲ့ ဆယ်တန်းမြန်မားစာဂုဏ်ထူး၊ မန္တလေးစိုက်ပျိုးရေးတက္ကသိုလ်မြန်မာစာဆရာဟောင်း မြန်မာစာ ကျူရှင် လောကဆုရှင် ဂုဏ်ထူး ဦးသိန်းနိုင်တို့က အဓိကဖြစ်ပါတယ်။ မောင်စွမ်းရည်ကတော့ ဒေါ်အမာ့ရာပြည့်ပွဲအကြောင်း မေးတာကို ဖြေပါတယ်။ သတင်းစာဆရာနဲ့စာပေအနုပညာရှင် မြန်မာ့အနုပညာယဉ်ကျေးမှုများကို မော်ကွန်းထိုးသူ ပညာရှင် အဖြစ် ပြောကြားခဲ့ပါတယ်။
ဒီပွဲဟာ ဆရာဇော်ဇော်အောင်အနနဲ့ သူ့ရဲ့သူငယ်ချင်းကျောင်းနေဘက်များ၊ စာရေးဘော်များနဲ့ နောက်ဆုံးတွေ့ဆုံနှုတ်ဆက် တဲ့ပွဲ၊ ပရိသတ်လည်း နောက်ဆုံးနှုတ်ဆက်ပွဲဆိုတာ သူကိုယ်တိုင်လည်း မသိလိုက်ပါ။ သူ့အပေါင်းအသင်းများလည်း မသိလိုက်ကြပါ။ ဒီဇင်ဘာတလခြားပြီး ဇန်န၀ါရီ ၂၆ မှာ မမျှော်လင့်ပဲ အမှည့်ကြွေလို ကြွေသွားခဲ့ရှာပါတယ်။ နောက်တနေ့မှာ ၀ါရှင်တန်က မေငြိမ်းက ဇော်ဇော်အောင်ရက်လည်စာစောင်လေး ထုတ်ဖို့ စာတမျက်နှာလောက်ပေးပါဆိုလို့ ရေးပေးလိုက်ရ တော့ မျက်ရည်မဆည်နိုင်ပါ။
မနက်ခင်းတိုင်း ထုံးစံအတိုင်း ဘုရားဆွမ်းကပ်၊ ပန်း ရေချမ်းကပ်ရင် သူငယ်ချင်းအတွက် လှိုက်လှုက်လှဲလှဲ ကုသိုလ် အမျှဝေပေးလိုက်တယ်။ သူငယ်ချင်းရေ ... အမျှ .. အမျှ .. အမျှလို့ ....။
သြော် ... ဘုရားသော်မျှ ရှောင်လွှဲလို့မရနိုင်တဲ့ ဒီခရီးကို နောက်ဆုံးတော့ အားလုံးသွားကြရမှာပါပဲကလား။ သူငယ်ချင်းရေ သွားနှင့်လေတော့ ....
သူငယ်ချင်း
မောင်စွမ်းရည်
၂၀၁၆ ဇန်န၀ါရီ ၂၇၊ ဗုဒ္ဓဟူး။
ပန်ချီသည် မောင်ညိုဝင်း လက်ရာဖြစ်သည်။