ဖိုးထက် - မေ့ထားကြတဲ့ အကြည့်တွေ
(မိုးမခ) ဇူလိုင် ၇၊ ၂၀၁၅
(မိုးမခ) ဇူလိုင် ၇၊ ၂၀၁၅
ဟိုက ဒီမိုကရေစီ၊ ဒီက ဒီမိုကရေစီ၊ သူက လူ့အခွင့်အရေး၊ ငါက လူ့အခွင့်အရေး ဖြစ်နေကြသည့် လက်ရှိကမ္ဘာကြီးတွင် အိမ်ဖော်ဆိုသည့် အလုပ်သမား လူတန်းစားသည် သိပ်တော့မနိပ်လှပါ။ သို့သော်လည်း လိုအင်ဆန္ဒတွေ၊ လိုအပ်ချက်တွေ တစ်ထောကြီးနှင့်ခေတ်ကြီးကို ဒရောသောပါး အမှီလိုက်ကြရသော မိသားစုများအတွက် အိမ်မှုကိစ္စများကို ကူညီညာ ၀ိုင်း ကူဖို့ လုပ်အားလိုလာသည်။
ခေတ်ကြီးက သုဝဏ္ဏသာမတို့ခေတ်မဟုတ်။ သုဝဏ္ဏသာမက မိအို၊ ဖအိုကြီးကို လုပ်ကျွေးဖို့ တောထဲမှာ သစ်သီး၊ သစ်ဥ၊ သစ်ဖုလောက် ရှာဖွေကျွေးမွေးရုံမျှဖြင့် လုံလောက်သည်။ ပြီးတော့ သူက ဘုရားအလောင်းပီပီ လိုအင်ဆန္ဒလည်း နည်းသည် မို့လား။ ဒီတော့ တောထဲထွက်ပြီးအစာရှာပြီးလျှင် ကျောင်းသင်္ခန်းကို အမြန်ပြန်လာပြီး ခြေဆုပ်လက်နယ် ပြုစုသည်။ အခုက တစ်ရက်ကို (၈) နာရီခန့် သူဌေးလည်း အလုပ်လုပ်။ အလုပ်သမားလည်း အလုပ်လုပ်ကြရသည့်ခေတ်။ အလုပ်ပြီးတော့ ရောင်စုံမီးရောင်တွေ၊ အဆင်အသွေး အဆန်းတွေ၊ တပ်မက်မှုတွေက အိမ်ကို မေ့နေစေသည်။ အထူးသဖြင့် အချိန်။ ခေတ် က မြန်သလောက်၊ တယောက်နှင့် တယောက် ချက်ချင်း လက်ငင်း ဆက်သွယ်နိုင်နေကြပါရဲ့နှင့် အချိန်က ဆင်းရဲသထက် ဆင်းရဲလာကြသည်။ မြန်မြန်သွား မြန်မြန်စား။ မြန်မြန်အိပ်။ စောစောထကြရသည့်ခေတ်။
ဒီတော့ အစစအရာရာက ရယ်ဒီမိတ် အသင့်ပြုလုပ်ထားသည့် အရာများဖြင့် နိစ္စဓူဝဘ၀ကို ဖြတ်သန်းနေကြရသည်။ အရာ ရာမှာ အသင့်ပြုလုပ်ထားတာတွေနှင့် အသားကျလာသည်။ အိမ်မှုကိစ္စတွေကို မဖြစ်မနေလုပ်ရသည့်ကိစ္စတွေမှလွဲပြီး မလုပ် ချင်ကြတော့။ အ၀တ်လျှော်ရာမှာလဲ စက်၊ ဟင်းချက်ရာမှာလည်း စက်၊ ဟင်းနွှေးရာမှာလည်း စက်၊ ဖုန်စုပ်တာလည်း စက်၊ ဒီလို စက်တွေကိုခိုင်းစေဖို့သော်မှ ကိုယ်တိုင်လုပ်ဖို့ အချိန်ဆင်းရဲ၊ ပျင်းရိကြသောအခါ အိမ်အကူလုပ်သားဈေးကွက် ပေါ် ပေါက်လာတော့သည်။ မိအို၊ ဖအိုကြီးတွေ၊ ကလေးငယ်လေးတွေကို စောင့်ရှောက်ဖို့ အိမ်ဖော်ဈေးကွက်က မရှိမဖြစ် ဖြစ် လာကြသည်။
အထူးသဖြင့် မနွယ်နီ အလုပ်လုပ်သည့် စင်္ကာပူနိုင်ငံ။ အရှေ့တောင် အာရှနိုင်ငံတွေထဲမှာ ကမ္ဘာ့ပထမတန်းစား ချမ်းသာသည့် နိုင်ငံအဖြစ် ဒင်ပြည့် ကျပ်ပြည့် ရောက်ရှိပြီး ဖြစ်သည့် စင်္ကာပူမှာ အိမ်အကူလုပ်သား ဈေးကွက်က ကြီးမားသည်။ မနွယ်နီက စင်္ကာပူ အိမ်ဖော်အေးဂျင့် ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်သည်။ “အသက်တစ်ရာ မနေရ အမှုတစ်ရာပွေရ” ဆိုသည့် မြန်မာ စကားသည် မနွယ်နီအတွက် သိပ်မှန်သည်။ သူ့ကိုယ်ပိုင်အမှုတွေ မဟုတ်။ အိမ်ဖော်နှင့် အိမ်ရှင်။ အိမ်ရှင်နှင့် အေးဂျင့်။ အေးဂျင့်နှင့် အိမ်ဖော်။ သုံးဦး သုံးဖလှယ်။ လူတဦးသော်မှ သူ့စိတ်နှင့်သူ တည့်အောင်မနေနိုင်ကြသည့် လူ့ဘ၀မှာ လူပေါင်း များစွာ၏ စိတ်၊ လိုအင်ဆန္ဒ၊ တရားမျှတမှု၊ မတရား အနိုင်ကျင့်မှု၊ ပျင်းရိမှု၊ လူဝါးဝမှု၊ လိမ်လည်မှု၊ ခိုးမှု၊ တဆိတ်ကို တအိတ် လုပ်မှုတွေကြားမှာ မနွယ်နီတယောက် ခေါင်းမဖော်နိုင်အောင် အလုပ်များလှသည်။ ရုံးမှာ ပြဿနာတွေများစွာ ကိုင်တွယ် ရှင်းလင်းခဲ့ရသည့်နေ့များတွင် တခါတရံ အစားလည်း မစားချင်တော့။ စကားလည်း မပြောချင်တော့လောက်အောင် ခြေကုန် လက်ပန်းကျနေတတ်သည်။ ပြောလိုက်ရတဲ့စကား။ ရှင်းလိုက်ရတဲ့ ပြဿနာ။ “အို…တကယ့် တကယ့်ကိုရှုပ်ထွေးလှတဲ့ လူ့ဘ၀နော်…ဟင်း..ဟင်း” လို့ကို အံကြိတ်ပြီး အော်ပြစ်ချင်လောက်အောင် စိတ်တွေတိုနေတတ်သည်။
တကယ်ဆိုရင် စင်္ကာပူက ဒီမိုကရေစီနိုင်ငံ မဟုတ်မှန်း မနွယ်နီသိသည်။ အရောင်ဆောင် ပါလီမန်ရှိသည်။ ရောင်ပြလွှတ် တော်ရှိသည်။ သို့သော် လူတွေကို ဘယ်လိုအုပ်ချုပ်၊ စီမံခန့်ခွဲရမည်ဆိုသည့် တိုင်းပြည်အုပ်ချုပ်သည့်အနုပညာကို ကောင်း မွန်စွာတတ်ကျွမ်းသည့်မျိုးဆက်တခုက နိုင်ငံကိုမောင်းနှင်နေသည်။ ဘာပြဿနာမှမရှိ။ မရှိအောင် ဖန်တီးထားသည်။ ထို့ ကြောင့် အိမ်ဖော်လုပ်သားဈေးကွက်မှာလည်း စင်္ကာပူအစိုးရက ဥပဒေတွေ၊ စည်းကမ်းတွေ၊ စည်းမျဉ်းတွေဖြင့် ကျပ်ကျပ် တည်းတည်း ဖန်တီးထားသည်။
စင်္ကာပူ နိုင်ငံသားတစ်ယောက် အိမ်ဖော်ခေါ်တော့မည်ဆိုလျှင် အစိုးရ အင်တာနက်ဝဘ်ဆိုဒ်တစ်ခုမှာ ဒါမလုပ်ရ၊ ဒါလုပ်၊ ဒါတော့သိ၊ ဒါကိုနားလည်ဆိုသည့် သဘောမျိုးရသည့် Test တခု ဖြေရသည်။ အဲဒါ အောင်မှ၊ သိပြီးဖြစ်မှ အိမ်ဖော်ခေါ်ပိုင် ခွင့်ရသည့် စင်္ကာပူအိမ်ရှင် ဖြစ်လာသည်။ သဘောက နောင်မှ မသိလို့ပါ ဘွာတေးလို့ ပြောလို့မရဘူးဆိုသည့်သဘော။ အိမ်ဖော်တစ်ယောက်၏ လစာထဲမှ ဘာအကြောင်းပြချက်နှင့်မှ လစာမဖြတ်ရ။ လစာကို နှုတ်ယူထားပိုင်ခွင့် မရှိ။ ကုန်ကုန် ပြောရလျှင် အိမ်ဖော်အတွက် ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ သွားတိုက်ဆေး စသည့် အသေးသုံးကိစ္စများက အစ တာဝန် ယူရမည်။ အိမ်ဖော်ကြောင့် ပန်းကန်ကျကွဲတာ၊ အ၀တ်လျှော်စက်ပျက်တာ စသည့်ကိစ္စတွေမှာလည်း နင့်ကြောင့်ဟုဆိုကာ လစာထဲမှ ဖြတ်တောက် အလျော်တောင်းပိုင်ခွင့် လုံးဝမရှိ။ နောက်ပြီး ရှိသေးသည်။
အိမ်ဖော်ကို ကိုယ်ထိ၊ လက်ရောက် ဘာဆို ဘာနဲ့မှ မကျူးလွန်ရ။ အသက်အန္တရာယ်ရှိသည့်အလုပ်ကိစ္စမျိုး မခိုင်းရ။ အိမ် ဖော်ကိုခေါ်သော အိမ်ရှင်ဖော်ပြထားသည့် အိမ်လိပ်စာရှိ အိမ်မှလွဲပြီး ကျန်သည့်အိမ်မှာ အလုပ်လုပ်ဖို့ မခိုင်းရ။ ဆိုလိုတာက ငါ့အိမ်မှာလဲ အလုပ်လုပ်။ ညနေကျရင် ငါ့အမေအိမ်မှာသွားလုပ်ဆိုပြီး ခိုင်းလို့မရ။ အိမ်ဖော်တယောက်သည် အိမ်တအိမ်၊ မိသားစုတစုအတွက်သာ ဖြစ်ရမည်။ ဒါတွေကို မနွယ်နီက အိမ်ဖော်တွေကိုသိစေချင်သည်။ အထူးသဖြင့် မြန်မာအိမ်ဖော် တွေကို သိစေချင်သည်။ ဥပဒေတွေ၊ စည်းကမ်းတွေကို သိထားတော့ မမှားဘူးမို့လား။ အိမ်ရှင်ကို ကလန်ကဆန်လုပ်၊ ကတောက်ကဆ ဖြစ်အောင် မြှောက်ပေးချင်တာမဟုတ်။ လူအချင်းချင်း ဆက်ဆံ အလုပ်လုပ်ကြရသည့်ကိစ္စမှာ နှစ်ဦးနှစ် ဖက် အဆင်ပြေအောင်၊ အလွန်အကျွံကြီးမဖြစ်အောင် နှစ်ဖက်စလုံးက ညှိယူ၊ လုပ်ယူကြရတာဘဲ မဟုတ်လား။ ဒါကိုမှ တစ်ဖက်ဖက်က အတင်းကာရော လွန်ကျွံလာလျှင် စည်းကမ်းဘောင်ထဲက ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်စေဖို့ သိစေ ချင်ခြင်းသာ။
မနွယ်နီက သူ့ဘာသာ ဘယ်လောက်ဘဲ မြန်မာအိမ်ဖော်မလေးတွေကို သိစေချင်သည်ဖြစ်စေ စင်္ကာပူမှာ အနှိမ်ခံကြရသည့် အိမ်ဖော်လူမျိုးကိုပြပါဆိုလျှင် မြန်မာအိမ်ဖော်တွေဘဲ ရာခိုင်နှုန်းများတာ သိသည်။ မြန်မာကောင်မလေးတွေက အားနာသည်။ ကြောက်တတ်သည်။ ဘာသာစကား အခက်အခဲရှိသည်။ ဒီတော့ ခံရပြီဟေ့ဆိုလျှင် အင်ဒိုအိမ်ဖော်တွေလည်း ဒီလောက် မဟုတ်။ ဖိလင်းပင်း အိမ်ဖော်တွေကတော့ အလည်ဆုံး။ ဘာသာစကား ကျွမ်းသည်။ လည်သည်။ ဥပဒေကို နားလည်သည်။ ပြီးတော့.. တကယ်တော့ ဒီ.. “ပြီးတော့” ဆိုသည့် နောက်ဆက်တွဲကို မနွယ်နီက သိပ်မပြောချင်။ ဆက်ပြောရင် မြန်မာနိုင်ငံက အစိုးရလူကြီးမင်းများကို ဒေါသထွက်လို့မဆုံးနိုင် ဖြစ်ရသည်။ စိတ်နာလို့မဆုံး ဖြစ်ရသည်လေ။ ဖိလင်းပင်းအိမ်ဖော်တွေကို သူ့နိုင်ငံ သံရုံးက အပြည့်အ၀ အကာအကွယ်ပေးသည်။ Shelter လို့ခေါ်သည့် အဆင်မပြေရင် ခဏတဖြုတ် နားခိုလို့ရအောင် အမိုး၊ အကာတခုကို ဖန်တီးပေးထားသည်။
လွန်ခဲ့သည့်သုံးနှစ်လောက်က အိမ်ရှင် နှိပ်စက်လွန်းလို့ အေးဂျင့်ဆီကို ငိုယိုလာတိုင်သည့် ဖိလင်းပင်း အိမ်ဖော်ကောင်မ လေးကို စလုံးအိမ်ရှင်က အေးဂျင့်ဆီ ပြန်ပို့ပေးမယ်ဟု အိမ်ပြန်ခေါ်လာ အခန်းထဲထည့် သော့ပိတ်ပြီး ပါးတွေ၊ နားတွေ ရိုက် သည်။ အေးဂျင့်က အဖော်ထည့်ပေးလိုက်သည့် အင်ဒိုအိမ်ဖော်ကောင်မလေးက ဒုတိယအခေါက် စင်္ကာပူကို အိမ်ဖော် လာ လုပ်သူဆိုတော့ ရဲကို ခေါ်ရကောင်းမှန်းသိကာ ၉၉၉ ကိုနှိပ်ပြီး ရဲခေါ်သည်။ ရဲရောက်လာတော့ အိမ်ရှင်နှိပ်စက်နေတာကို လက်ပူး လက်ကြပ် သက်သေနှင့်တကွ မိသည်။ လုပ်ထုံး လုပ်နည်းဥပဒေအရ စင်္ကာပူ လူဝင်မှုကြီးကြပ်ရေးဌာနက အိမ်ရှင် ကို တရားစွဲသည်။
အမှုက (၂) နှစ်ခန့် ကြာသည်။ သူ့လူမျိုးလွန်သည့်အမှုဆိုတော့ ဟိုတလောက မြန်မာ PR တယောက် မြန်မာအိမ်ဖော် ကောင်မလေးကိုနှိပ်စက်တော့ တပတ်အတွင်း ဒဏ်ရိုက်၊ အမိန့်ချသလို မမြန်ခြင်းဖြစ်သည်။ အမှုက ဒီလောက် ထင်ရှားနေ တာကို အချိန်မကြာ ကြာအောင်ဆွဲဆန့်ထားသည့် စင်္ကာပူဥပဒေကို လူ့အခွင့်အရေး ဘာ ညာ သွားပြောလည်း အပိုဖြစ်မည်။ ထို (၂) နှစ်အတွင်း ဖီလိပိုင်သံရုံးက ကောင်မလေးကို သံရုံးထဲက Shelter ထဲမှာ ခေါ်ထားသည်။ ကိုယ်ပိုင်ရှေ့နေ ငှားပေး သည်။ နောက်ဆုံးမှာ ကောင်မလေး လျော်ကြေးရသည်။ ပြဿနာဖြစ်သည့်အိမ်ရှင်ပီပီ နောက်ထပ် အိမ်ဖော်ခေါ်ပိုင်ခွင့် မရှိ တော့။ အင်ဒိုသံရုံးလည်း ဘာထူးသနည်း။ သူ့အိမ်ဖော်လုပ်သားတွေကို တတ်နိုင်သလောက် အကူအညီတွေပေးနေတာ မနွယ်နီက လူမျိုးပေါင်းစုံ အိမ်ဖော်တွေနှင့်ဆက်ဆံနေတော့ အသိဆုံးပေါ့။
မြန်မာသံရုံးကတော့ တကယ့်သြချယူရသည်။ အိမ်ဖော် ကောင်မလေးတွေ ဖုန်းဆက်အကူအညီတောင်းလျှင် ခန့်ထားသည့် စလုံး တရုတ်မတွေက အင်္ဂလိပ်စကားနဲ့ချည်း စကားပြန်သည်။ မြန်မာလိုပြောတဲ့သူနဲ့ပြောပါရစေဆိုတော့လည်း စလုံးမက “ဟင့်..အင်း…အင်္ဂလိပ်လိုဘဲပြော” တဲ့။ မနွယ်နီက မြန်မာလူမျိုးပီပီ မြန်မာသံရုံးတွေကို နားလည်ပါသည်။ နိုင်ငံခြားတိုင်းပြည် တွေမှာရှိသည့် မြန်မာသံရုံးတွေ၏ ၀န်ထမ်းအသိုင်းအ၀ိုင်းသည် ဒီစစ်ဗိုလ်၊ စစ်အရာရှိများနှင့် ဆက်စပ်ပတ်သက်သူတွေ များနေတယ်ဆိုတာသိပါသည်။ လုပ်နိုင်တုံး လုပ်ကြသည့်ကိစ္စ။ လုပ်ချင်လို့ လုပ်နေကြသည့်ကိစ္စ ဘာမှလဲထူးဆန်း အံ့သြ မနေနိုင်အား။ သို့သော် သက်ဆိုင်ရာနိုင်ငံ၏ဘာသာစကားကို လည်လည်ဝယ်ဝယ် ပြောနိုင် ဆိုနိုင်သည့် ကိုယ့်လူမျိုး ၀န် ထမ်းကိုသော်မှ ၀န်ထမ်းမခန့်ဘဲ သူများနိုင်ငံသားကို ကိုယ့်သံရုံးမှာ ၀န်ထမ်းပြန်ခန့်တာ မနွယ်နီ စိတ်တိုသည်။ အပြည်ပြည် ဆိုင်ရာ သံတမန်ဆက်ဆံရေးမှာ သံရုံးဖုန်းကို ဖြေသူသည် သက်ဆိုင်ရာနိုင်ငံသားကို ပြန်ခန့်အပ်ရမည်ဟုများ သတ်မှတ်ချက် ရှိသလော။ အခုတော့ ကိုယ့်သံရုံးမှာ ဖုန်းလက်ခံဖြေသူက မြန်မာစကားမရ။ အင်္ဂလိပ်စာနှင့် တရုတ်စာဘဲရရင် ဖြစ် သည်ဆိုသည့်သဘော။ ဒီကတည်းက ရှင်းနေသည်။ မြန်မာလူမျိုးအချင်းချင်း ဖုန်းခေါ်လျှင် သိပ်ပြီး အရေးအရာ လုပ်နေဖို့ မလို ဆိုသည့်သဘောလို့ မနွယ်နီက သတ်မှတ်ထားသည်။
တကယ်…မြန်မာအိမ်ဖော်တွေလောက် အနှိမ်ခံရ။ ကိုယ့်သက်ဆိုင်ရာနိုင်ငံ၏ အကူအညီမရဘဲ နစ်နာရတာ မြန်မာ အိမ် ဖော်တွေဘဲ ရှိမည်ထင်သည်။ အခုတော့ မနွယ်နီ သတင်းတွေကြားသည်။ အိမ်ဖော် မတင်ပို့ရတဲ့။ လာတဲ့သူတွေကတော့ လာနေဆဲ ရှိသည်။ စင်္ကာပူအစိုးရက အိမ်ဖော်ပွဲစားတွေ၊ အိမ်ဖော်ရှာပေးသူတွေကို အိမ်ဖော်ဆီမှ နှစ်လစာ တရားဝင် တောင်းယူပိုင်ခွင့်ပြုထားသည်။ ပိုတောင်းလို့ တိုင်လာရင် ပြဿနာအကြီးကြီး ဖြစ်နိုင်သည်မို့ စင်္ကာပူအေးဂျင့်တွေက နှစ်လ စာတော့ ရအောင်ယူသည်။ ပိုတော့ မယူရဲ။ သူများနိုင်ငံ အိမ်ဖော်တွေနှင့် မြန်မာအိမ်ဖော်တွေ အေးဂျင့်ကြေး နှိုင်းယှဉ်ကြည့် လျှင် မြန်မာက ဘယ်တော့မှအောက်တန်းမကျ။ အမြဲတမ်း နံပါတ်တစ်၊ လယ်ဗယ်တူလိုက်သည်။ မြန်မာအိမ်ဖော် အေး ဂျင့်တွေက လေးလစာလောက်ယူကြသည်။ ဒီဘက်က သူတို့နှင့် ဖက်စပ် အလုပ်တွဲလုပ်သူ စင်္ကာပူနယ်ခံအေးဂျင့်က နှစ် လစာ။ အဲဒီမှာ စုစုပေါင်းခြောက်လစာ။ လူတယောက်က ခြောက်လ ထမင်းစား၊ ကျွန်ခံ၊ အလုပ်လုပ်ရသည်။ ဖိလပင်း၊ အင်ဒိုတွေ အလွန်ဆုံးပေးရလှ လေးလစာ။
တခါ တရံကျတော့ မနွယ်နီ ဘယ်လိုမှကို လူတွေကို နားလည်ပေးလို့မရလောက်အောင် ခုနှစ်လစာ၊ ရှစ်လစာ ပေးရသည့် မြန်မာအိမ်ဖော်ကောင်မလေးတွေကို တွေ့ရသည်။ ဘယ်လို စိတ်ထား၊ စိတ်မျိုး၊ စိတ်အပြင်အဆင်တွေနဲ့များ လူတယောက်၏ လုပ်အားကို ရက်ရက်စက်စက် ဖြတ်တောက်ယူနိုင်ရက်ကြသနည်း။ မနွယ်နီလည်း အိမ်ဖော်အေးဂျင့်မှာ အလုပ်လုပ်သူဘဲ။ ယူသင့်ယူထိုက်တာကို ယူရမယ်ဆိုတာ နားလည်ပါသည်။ တချို့ အိမ်ဖော်ကောင်မလေးတွေက လေယာဉ်ဘီးကြွ၊ စင်္ကာပူ ကိုသွားရလျှင် ပြီးပြီဆိုသည့်သဘောဖြင့် ဘယ်နှစ်လစာဖြစ်ဖြစ် ပေးမည်ဟုသဘောတူကြသည်။ ပေးတိုင်း ယူသင့်ကြသ လား။ ကိုယ့်နိုင်ငံထဲမှာ အလုပ်အကိုင် မည်မည်ရရမရှိလို့ သူများနိုင်ငံ၊ သူများမိသားစု လူမျိုးခြား တစိမ်းတွေကြားမှာ အိမ် ဖော်လုပ်ကြရမည့်ကောင်မလေးတွေ၏ ချွေး၊ သွေးတွေကို ဘာကြောင့်များ ပျော့၊ ဖတ်၊ ယိုင်နဲ့သွားအောင် သွေးစုပ်ချင် နေကြပါသနည်။ မြန်မာလူမျိုး မနွယ်နီက မြန်မာလူမျိုးကို တကယ့်ကိုနားမလည်နိုင် ဖြစ်ရသည်။
နောက်ပြီး မနွယ်နီ နားမလည်တဲ့ အဆိုးဆုံးကိစ္စတခု ရှိသေးသည်။ မြန်မာအိမ်ဖော်တွေအချင်းချင်း ဇာတ်တူသား စားကြ သည့်ကိစ္စ။ မြန်မာအိမ်ဖော်အချင်းချင်း ဆက်စပ်ပတ်သက်ပြီး ငါပြောပေးမယ်။ ပိုကောင်းတဲ့အိမ် ပြောင်းရအောင် ငါလုပ် ပေးမယ်။ ငါလုပ်တတ်တယ်။ ငါ့ကို တလစာပေးထားဟုဆိုပြီး ဒုက္ခရောက်နေသူထံက ပိုက်ဆံယူသည်။ နောက်တယောက်ကို ဒီလိုထပ်ပြောပြီး ထပ်ပြီး တလစာယူသည်။ ဒီလိုနှင့် လူဆယ်ယောက်လောက်ဆီက တလစာဆီတောင်းပြီး မြန်မာနိုင်ငံ ပြန်သွားကြသူတွေ အခုတလော ကြားလာရသည်။ တလစာယူပြီး ဖုန်းနံပါတ်ပြောင်းကာ အတွေ့မခံတော့တာတွေလည်း အခုတလော ရှိလာသည်။ တခြား ဘယ်လူမျိုးမှာမှ ဒီလိုကိစ္စတွေဖြစ်တယ်လို့ မနွယ်နီ မကြားဘူး။ တကယ်ဆို မနွယ်နီ အလုပ်လုပ်နေသည့်အေးဂျင့်က မြန်မာလူမျိုး အကိုင်နည်းသည်။ ဖိလပင်း များသည်။ အင်ဒိုများသည်။ ဒီလိုကိစ္စ၊ သတင်း၊ အတင်းမျိုး ဖိလပင်း၊ အင်ဒို အိမ်ဖော်တွေဖြစ်တယ်လို့ မနွယ်နီမကြားဘူး။
နောက်တခု မနွယ်နီ စိတ်လည်းတို၊ ဒေါသလည်းထွက်၊ နားလည်း မလည်နိုင်သည့်ကိစ္စ ရှိသေးသည်။ စင်္ကာပူ MOM မှာ မြန်မာစကားပြန်တွေ ရှိသည်။ အိမ်ဖော်နှင့် အိမ်ရှင် ပြဿနာဖြစ်လာလျှင် ကြားထဲက ဘာသာစကား အခက်အခဲမဖြစ်စေဖို့ ခန့်ထားသည့် ၀န်ထမ်းတွေ။ တကယ် ပြဿနာဖြစ်ကြပြီဆိုလျှင် “အို..ညည်းတို့ကလည်း ဒါလောက်လေးကို ဖြစ်မနေပါနဲ့။ ကျေအေးလိုက်ပါ။ နောက် ဒါမျိုးမဖြစ်အောင် ညည်းတို့က ဆင်ချင်” ဆိုသည့် စကားပြန်တွေက အများစု။ မနွယ်နီသိသည်။ တချို့အိမ်ဖော်တွေ ဆိုးတာ၊ အိမ်ရှင်ကောင်းတာ သိပါသည်။ အခုတော့ မြန်မာလူမျိုးစကားပြန်တွေက ဟို MOM အရာရှိက ဘာမှ မမေးရသေးခင် သူတို့က မြန်မာအိမ်ဖော်ကောင်မလေးကိုကပ်ပြီး အထက်ကစကားတွေ ပြောကြသည်။ တကယ့်ကို နားမလည်။ တခြားလူမျိုး ဖိလင်းပင်း စကားပြန်၊ အင်ဒို စကားပြန်တွေများ တက်တက်ကြွကြွ၊ အားကိုးချင်စရာရှိလာအောင် ကြားက အကျိုးဆောင်ပေးသည်။ သူတို့ကတော့ လုပ်မနေနဲ့ ဒါ နင့်နိုင်ငံမဟုတ်ဘူး။ ခံလိုက်ဟဲ့ဆိုသည့်အပေါက်တွေ ချိုး ကြတာများသည်။ မနွယ်နီ တကယ်စိတ်ညစ်ရသည်။
ဒီနေ့တော့ မနွယ်နီ နေသိပ်မကောင်း။ မနက်အိပ်ရာထကတည်းက ခေါင်းတွေ အုံခဲနေသည်။ ထပ်ပြီး နေ့ခင်းကြတော့ အိမ်ရှင် အိန္ဒိယအမျိုးသမီးဖြစ်သူက စိတ်တိုပြီး မြန်မာအိမ်ဖော်မလေးကို လက်ညှိုးနှင့် ပါးစပ်ကိုထိုးရင်း လက်လွန်ကာ သွား တစ်ချောင်းနဲ့သွားသည့်ကိစ္စ ရှင်းနေရသည်။ အိန္ဒိယအိမ်ရှင်တွေက စလုံးမှာ အဆိုးဆုံးလို့ မနွယ်နီထင်သည်။ “အတော် အာ ရှည်၊ လျှာရှည်တဲ့ကုလားမ” လို့ မနွယ်နီစိတ်ထဲက ကျိတ်ပြီးဆဲရင်း ဖြေရှင်းပေးနေရသည်။ မြန်မာကောင်မလေးကို အိမ် ပြောင်းခွင့် ပေးဖို့၊ ပြောင်းခွင့်မပေးရင် ပြဿနာပိုကြီးတော့မယ် ဘာ ညာဆိုပြီး ဥပဒေတွေကိုဖတ်ပြတော့မှ လက်လျှော့ သွားသည်။ သူလွန်တာကို နောက်ဆုံးမှာလက်ခံသွားသည်။
ညနေ ခြောက်နာရီထိုးတော့ မနွယ်နီခမျာ ယဲ့ယဲ့ဘဲ အသံထွက်တော့သည်။ လက်တွေ၊ ခြေတွေကို ဖြစ်နိုင်ရင် ရုံးမှာ ဖြတ် ထားခဲ့ပြီး အိမ်ကို ပြန်ချင်လှပြီ။ အိမ်က အိပ်ရာကို စိတ်ကမှန်းရင်း ပြန်လာကာ ရထားပေါ်မှာ သတင်းတွေဖတ်လာသည်။ ရွေးကောက်ပွဲ မဲတွေမှားကြသတဲ့။ အစိုးရကြောင့် ရန်ကုန်ဆေးရုံကြီး တိုးတက်လာသတဲ့။ စစ်သားလွှတ်တော် အမတ်တွေက ဆက်ပြီးကန့်ကွက်ကြဆဲတဲ့။ ဆက်မဖတ်တော့ဘဲ မျက်လုံးကို အသာမှိတ်၊ မှိန်းရင်း ရထားစီးလာခဲ့သည်။ ရထားပေါ်က ဆင်းပြီး အိမ်ကိုအမြန်ပြန်လာသည်။ အိမ်ရောက်တော့ ရေတခွက် အ၀သောက်သည်။ ပြီးတော့ အ၀တ်အစားပင်မလဲ နိုင် တော့ဘဲ အိပ်ယာပေါ်သို့ ၀မ်းလျားမှောက်လျက်ကြီး ၀င်လှဲနေရင်း အိပ်ပျော်သွားသည်။ အိပ်မက်တွေ မက်သည်။ အိပ်မက် ထဲမှာ နေ့ခင်းက မျက်နှာလေးငိုမဲ့မဲ့ ဖြစ်နေသည့်၊ သူ့ကိုအားကိုးတကြီး မော့မော့ကြည့်နေသည့် မြန်မာအိမ်ဖော် ကောင်မ လေးအကြည့်တွေကို မြင်မက်နေမိတော့သည်။
ဖိုးထက်