ထင်အောင် - ကျွန်တော် အင်မတန်ညံ့ပါတဲ့ မြန်မာစာ
(မိုးမခ) ဖေဖော်ဝါရီ ၈၊ ၂၀၁၆
မြန်မာစာကို မြန်မာလူမျိုးအားလုံးနီးပါး ရေးနိုင် ဖတ်နိုင်ကြပါတယ်။ တခြားသောနိုင်ငံများမှ လာ၍ စီးပွါးလာရှာသူများပင်အချိန်အနည်းငယ်အတွင်း နှုတ်ခွန်းဆက်တတ်လာကာ ထမင်းစားရေသောက် ပြောတတ်လာကြပါတယ်။ ယနေ့ခေတ်မိဘများက မိမိတို့ ၏သားသမီးတွေကို ပညာအလွန် ထူးချွန်စေလိုသော ဆန္ဒတွေကြောင့် ကလေးအများစုမှာ အသက်မပြည့်ခင်ကတည်းက မူကြိုကျောင်းကို သွားတက်ကာ ဗျဉ်း ၃၃ လုံးကို အော်ဟစ် ဆိုနေရပြီဖြစ်ပါတယ်။ ပိုက်ဆံပေါများသူများ ဟန်ထုတ်လိုသူများကတော့ ကလေးတွေကို အလွတ်ပညာသင်ကျောင်းလို ကျောင်းတွေကိုပို့ ကာ ဗျဉ်း ၂၆ လုံး သင်စေပါတယ်။ သူတို့ နိုင်ငံတွင် ဘာအလုပ်လုပ် ဘာဘွဲ့ တွေရမှန်းမသိ သူများကို ကျောင်းအုပ်အဖြစ် တာဝန်ပေး၊ ကျောင်းပြီးကာစ အဖြူရောင်တွေကို စာသင်ရန် တာဝန်ပေးကြပါတော့တယ်။ ဒီကျောင်းတွေက အင်္ဂလိပ်ဘာသာကိုသာ အဓိကထား သင်ပေးနေတော့ ကလေးတွေအတွက် မြန်မာစာမှာ အားနည်းလာပါတယ်။ မိဘတွေကလဲ ကလေးတွေကိုနိုင်ငံခြားမှာ စာသင်ပေးနိုင်တယ်ဆိုသော ဂုဏ်ကို လိုချင်သောကြောင့် မြန်မာစာတတ်ဘို့ မလိုဘူးဆိုသော အတွေးဖြစ်လာပါတယ်။ မြန်မာအင်မတန်ညံ့ဖျင်းတဲ့ ကျွန်တော်တောင် ဒီလိုမဖြစ်သင့်ဘူးလို့ တွေးမိလာပါတယ်။ ဒါကြောင့် ကလေးတွေ မြန်မာစာတိုးတက်လာစေရန်အရေးကို သူငယ်ချင်းများနဲ့ နည်းလမ်းများကိုဆွေးနွေးစဥးစားလာမိကြပါတယ်။
မြန်မာစာအားနည်းတော့ မြန်မာလိုရေးထားတဲ့စာအုပ်တွေကိုလဲ ဖတ်သူနဲလာပါတယ်။ စာအုပ်စာပေ ဈေးကြီးတာလဲ တချက်ပါတာပေါ့။ စာမဖတ်ဖြစ်တော့ ရုပ်မြင်သံကြားကြည့်သူ များလာပါတယ်။ မြန်မာစာကို စဖျက်တာ ရုပ်မြင်သံကြားက ဇာတ်လမ်းတွဲကို ဘာသာပြန်တဲ့သူတွေပါ။ သတိထားမိတာ ပေါင်ချိန်ကားတွေကစပါတယ်။ "အချိန်မစောတော့ဘူး၊ ပြန်တော့"ဆိုတာ မြန်မာစကားပြောမှာ မရှိပါ။ "အချိန် သိပ်နောက်ကျနေပြီ"။ "မိုးချုပ်လှပြီ"စသဖြင့်သုံးပါတယ်။ အခုအချိန်ထိ အချိန်မစောတော့ဘူးကို သုံးနေတုံးပါ။ မြန်မာ့ရုပ်မြင်သံကြားရယ်၊ မြဝတီရုပ်မြင်သံကြားကနေ လူကြည့်ကြည့် မကြည့်ကြည့် အချိန်မှန်ထုတ်ပေးနေတဲ့ "မြန်မာစာ မြန်မာစကား"အစီအစဉ် အခန်းကဏ္ဍကို မြန်မာစာဦးစီးဌာနက ထုတ်ဝေသော"မြန်မာစာမြန်မာစကား"စာအုပ်နဲ့ စောင့်ပြီး ကြည့်မိပါတယ်။ တလကို လေးငါးကြိမ်လောက် ကြည့်နေရတာကြောင့် နှစ်အနည်းငယ်အတွင်း "ကြောင်အိမ်အတွင်းမှ အကိုကို ငါးကျော်စားခိုင်းသော ဝါကျ"ကို မှန်အောင် ရေးတတ်လာပါတယ်။ "အဆံမပါ ဂ(ဂငယ်)ပါမှ ၈ (ရှစ်) လို့ ဖတ်"ဆိုတာကို အော်ဟစ်ရင်း ဂ(ဂငယ်) နဲ့ ၈(ရှစ်) ကိုခွဲသိလာသလိုရ(ရကောက်)နဲ့ ၇(ခုနှစ်)ကိုလဲ ကွဲပြားအောင် ရေးသားလာနိုင်ပါတယ်။

ကျွန်တော်ကသာ မြန်မာစာညံ့ပေမဲ့ ပညာရှင်များရေးသားထားတာကိုတော့ အင်မတန် ဝေဖန် လေကန်ချင်တဲ့ကောင်ပါ။ တခါက ပြည့်စုံစာအုပ်တိုက်က ထုတ်ဝေတဲ့ "ကျွန်တော် ကျင်လည်ခဲ့ရသော မြန်မာနဲ့ ကမ္ဘာ"စာအုပ်ကို ဖတ်မိပါတယ်။ ရေးသားသူက မြန်မာသမိုင်းမှာ တထောင့်တနေရာ အခန်းကဏ္ဍတခုကနေ ပါဝင်ခဲ့ဘူးသူဖြစ်နေတာကြောင့် ဝယ်ဖတ်မိတာပါ။ စာအုပ်ရဲ့  စာမျက်နှာ ၁၉၀ မှာပါ။ မင်္ဂလာဆောင်မဲ့ အပိုင်းလေးမှာ ဖြစ်ပါတယ်။ ရေးထားတာက "သတို့သမီးရဲ့ အဘိုးက ဦးဘိုးခ ဖြစ်ပါတယ်။ အဘွား ဒေါ်အီက အိမ် ထောင်မရှိသူဖြစ်ပြီး...."ဆိုတော့ ဖတ်ရတာ ထောင့်နေသလိုဖြစ်နေပါ တယ်။ မြန်မာရိုးရာအရ အဘိုးနှင့်အဘွား ဆိုတာ အိမ်ထောင်ဘက်တွေဖြစ်ပါတယ်။ ကျွန်တော်ကတော့ ရိပ်မိလိုက်ပါတယ်။ အဘိုးရဲ့ နှမ အိမ်ထောင် မရှိသူ အပျိုကြီး၊ အဘွားလေးဒေါ်အီ ရယ်ပါ။ လူတိုင်းက ကျွန်တော်လို တွေးချင်မှ တွေးကျမှာပါ။ လူတိုင်းက ကျွန်တော်လို မညံ့ဘူးလေ။
ကိုယ်ညံ့တာကို လူမသိစေချင်တာကြောင့် မြန်မာစာဦးစီးဌာနက ထုတ်တဲ့စာအုပ်တွေကို အပြေးဝယ်စုရပါတယ်။ "မြန်မာ - အင်္ဂလိပ် အဘိဓာန် ။ အင်္ဂလိပ် - မြန်မာ အဘိဓာန်၊ မြန်မာ အဘိဓာန် စတာတွေကို ဝယ်ဖြစ်ပါတယ်။ ခရီးဆောင်အဘိဓာန် ဆိုရင်လဲ သွားလေရာကိုယူသွားနိုင်လို့ သဘောကျမိပါတယ်။ အရွယ်အစားက သေးလွန်းတော့ စာလုံးပေါင်းမှန်မမှန်ကိုသာ စစ်နိုင်ပါတယ်။
သတင်းစာမှာ "မြန်မာအဘိဓာန်"ထွက်တော့မည်လို့  ပါလာပါတယ်။ ဒီအထိ စိတ်မဝင်စားသေးပါဘူး။ စာအုပ်နှင့်အတူ စီဒီချပ်ပါ ပူးတွဲပါဝင်ပါမယ် ဆိုတာကို သဘောကျမိပါတယ်။ မတောက်တခေါက်နှိပ်တတ်တဲ့ ကွန်ပျူတာထဲကို စီဒီအခွေ ထဲ့ထားလိုက်ရင် သိချင်တဲ့ မြန်မာစာလုံးကို စာအုပ်လှန်ရှာစရာ မလိုတော့ပါဘူး။အဘိဓာန် စီထားနည်းက မသိရင် စာတလုံးကို ရှာရခက်ပါတယ်။ လုံးကြီးတင်က အရင်လာတာလား၊ သဝေထိုးက အရင်လား၊ ယယစ်နဲ့ ယပင့် ဘယ်ဟာ အရင်လာသလဲ မသိတော့ - စာအုပ်ကို အသုံးပြုရတာခက်ခဲနေပါတယ်။ တခါတလေ ကိုယ်က မရှာတတ်လို့ သိချင်တဲ့စာလုံးကို မတွေ့တာကို စာအုပ်ထဲမှာ မပါဘူး ထင်ကာ ပြုစုသူကို အထင်မှားမိပါသေးတယ်။ အခု ကွန်ပျူတာမှာတော့ သိချင်တဲ့ စာလုံးကို ရိုက်ထဲ့လိုက်တာနဲ့  အနက်က ပေါ်လာပါတော့တယ်။ ဘယ်လောက် သက်သာလိုက်ပါသလဲ။ ဒါကြောင့် အင်းဝစာပေမှာ သွားဝယ်လိုက်ပါတယ်။ အိမ်ပြန်ရောက်တာနဲ့  စီဒီကိုကူးတဲ့နေရာမှာထဲ့ စီဒီထဲက အဘိဓာန်အားလုံး စက်ထဲ ရောက်စေဆိုတဲ့ ခလုတ်ကိုနှိပ် အမိန့်ပေးလိုက်ပါတယ်။ စက်ကလဲ ဘာခလုတ်ကို နှိပ်ပါ ဆိုပြီး လူကိုပြန် ခိုင်းပါတယ်။ လူနဲ့  စက်သဟဇာတဖြစ် ပြေလည်သွားချိန်မှာ အဘိဓာန်တအုပ်လုံးကို စက်ထဲမှာ သိမ်းထားလိုက်ပြီဖြစ်ပါတယ်။ ကြိုက် တဲ့အချိန်မှာ သုံးနိုင်ပါပြီ။
အဘိဓာန်ကို ဖွင့်လိုက်ပါတော့တယ်။ ကိုယ်သိချင်တဲ့စာလုံးကို ရိုက်လိုက်တာနဲ့ အနက်အဓိပ္ဗါယ် ပေါ်လာမှာပါ။ "ကျုံး"ဆိုသော စာလုံးကို ရိုက်လိုက်ပါတယ်။
ကျုံး။ ကြိ ၁။ ပေါင်းစုသိမ်းယူသည်။ ၂။ အားစိုက် ခွန်စိုက် လုပ်သည်။
န ၁။ မြို့ ရိုးပတ်လည်တွင် တူးဖော်ထားသောမြောင်းကြီ။
အစရှိတာတွေ ပေါ်လာပါတယ်။ စာတွေရဲ့ ညာဘက်ထောင့်မှာ picture ဆိုတဲ့ စာတမ်းလေး ပေါ်နေပါတယ်။ ဒီနေရာကို ထောက်လိုက်ရင် ကျုံးပုံ ပေါ် လာပါတယ်။ ကျုံးနဲ့ ပတ်သက်တဲ့ အခေါ်အဝေါ်တွေကိုလဲ ပုံထဲမှာ ထဲ့ပေးထားပါတယ်။ ဒါပေမဲ့ ညာထောင့်မှာ picture အစား "ပုံ"လို့  ရေးပေးရင် ပိုကောင်းမှာပဲလို့ တွေးမိပါတယ်။ ကွန်ပျူတာပညာရှင်တွေအတွက် ဒီလောက်က ကလေးကစားစရာလုပ်ကွက်ဖြစ်မှာပါ။ အချို့ ပုံတွေကျတော့ စာအုပ်ထဲမှာ ထင်ထင်ရှားရှား ဖတ်ရပေမဲ့ စက်ထဲမှာ ဖတ်မရတာလဲ တွေ့ မိပါတယ်။ ဥပမာ - မြို့ ရိုး ...
စာမျက်နှာ ၁၆၈ က "ထိုး"ကို ရိုက်သွင်းလိုက်ပါတယ်။ ပေါ်လာပါတယ်။ အများကြီးပါ။ ဖတ်လိုက်ရအောင်
ထိုး။ ကြိယာ။ ၁။တစ်စုံတစ်ရာကိုအရှိန်ဖြင့်ထိခိုက်မိအောင်လုပ်သည်။တိုက်ခိုက် သည်။လ က်သီးဖြင့်ထိုး တုတ်ဖြင့်ထိုး(စတာတွေပေါ်လာပါတယ်။ မပြီးသေးပါဘူး။ ဆက်ဖတ်လိုက်ပါ) ၁၀။ထိခတ်ခြင်းဖြင့်အသံမြည်စေသည်။တယောထိုး ခေါင်းလောင်းထိုး စသ ည့်။ထိုး။ကြိယာ။၁။တစ်စုံတစ်ရာကိုအရှိန်ဖြင့်ထိခိုက်အောင်လုပ်သည်။တိုက်ခိုက်သည်။လ (နောက်တကြောင်းဆင်းပါ) က် (လနဲ့ က်ကပ်ရက်မဟုတ်ပါ) သီးဖြင့်ထိုး တုတ်ဖြင့်ထိုး။(စတာတွေပေါ်လာပါတယ်။ မပြီးသေးပါဘူး။ ဆက်ဖတ်လိုက်ပါ။) ၁၀။ထိခတ်ခြင်းဖြင့်အသံမြည်ညေ့်။စသည်။တယောထိုး ခေါင်းဘောင်းထိုး စသ (နောက်တကြောင်းဆင်းပါ)
(သနဲ့ ည့်ကိုကပ်ရက်မရေးဘဲ နောက်တကြောင်းမှာရေးထားပါတယ်)
မြန်မာစာမှာ ဒီလိုရေးလို့ မရပါဘူး။ ရေးသားနည်းရှိပါတယ်။ မြန်မာစာဦးစီးဌာနက ထုတ်ဝေတဲ့စာအုပ်မှာ ဒီလိုအမှားတွေ တော်တော်များများ တွေ့ နေရတာကို စိတ်မကောင်းဖြစ်မိပါတယ်။ အဘိဓာန်စာအုပ်က စာတွေ မမှားပါဘူး။ ကွန်ပျူတာပညာရှင်တွေက စီဒီမှာဝင်နိုင် အောင် နေရာချလိုက်တဲ့အခါမှာ သနဲ့  ညပ်ရက် မဟုတ်တော့ဘူး ဖြစ်သွားပါတယ်။ ပြန်ပြင်လို့ ရတဲ့ အမှားလေးပါ။ ဒါပေမဲ့ ဒါဟာ အသေးအမွှား အမှားမ ဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ မြန်မာစာပေကို လာသင်နေတဲ့နိုင်ငံတကာ ကနိုင်ငံခြားသားတွေ အများကြီးရှိနေပါတယ်။ သူတို့ ကဝယ်သွားပြီး မြန်မာစာ ကို ဒီလိုရေးနိုင်ပါတယ်ဆိုပြီး ဒီစီဒီကို သက်သေပြရင် ခက်ပါလိမ့်မယ်။ တကယ်တတ်တဲ့နိုင်ငံတကာက ပညာရှင်တွေ ဖတ်မိရင် ရှက်စရာပါ။ နောက်နှစ်များစွာကြာရင် မြန်မာစာကို ဒီလိုရေးနိုင်တယ် ထင်သွားနိုင်ပါတယ်။ တချို့ နေရာတွေမှာ ပုံလေးတွေထဲ့ပေးရင် ပိုကောင်းလာမှာပါ။
ဥပမာ - ထင်ရှားပင်
တအုပ်လုံးကို လေ့လာကြည့်လိုက်ရင် အင်မတန်ကောင်း၊ အလွန်အဖိုးတန်တဲ့စာအုပ်ပါ။ ကျွန်တော်တို့ မသိသေးတဲ့ မြန်မာစာလုံးတွေ အများကြီး ရှိနေသေးတာကို သိလာရပါတယ်။ ဥပမာ - မြောင်းတူး ဆိုတာရေမြောင်းတူးနေတာ (ကြိယာ) လို့ ထင်မိပါတယ်။ တကယ်တော့ နာမ်ဖြစ်နေကာ "အသက် ၃၀ အထက် မိန်းမ"ကို ပြောတာဖြစ်နေပါတယ်။ ကျွန်တော် အပြစ်တင် လေကန် ဝေဖန်နေတာ မဟုတ်ပါဘူး။ မြန်မာစာအင်မတန်ညံ့တဲ့ ကျွန်တော်တောင် တွေ့မိနေတဲ့ အမှားလေးတွေကို ပြန်ပြင်စေလို့တဲ့ သဘောနဲ ပါ။ ပြန်ပြင် ပြီးလို့ ရောင်စုံရုပ်ပုံတွေနဲ့ စာအုပ်အသစ် ထွက်လာရင် ကျွန်တော်ဝယ်အုံးမှာပါ။ ဒီတခါ စီဒီကို စက်ထဲကို ထဲ့ပြီးရင်တော့ ကျွန်တော် ရေးစရာ မလိုတော့ပါဘူးလို့ ထင်မိပါတယ်။
ထင်အောင်
(စာစီထားတဲ့အတိုင်း ထဲ့ပေးစေလိုပါတယ်။ မှားနေတာမဟုတ်ပါ။ ကျေးဇူးတင်ပါတယ်။)