ရဲဘော်ဇော်နောင် - ပဒိုမန်းရှာနှင့် အမှတ်တရများ
(မိုးမခ) ဖေဖော်ဝါရီ ၁၃၊ ၂၀၁၆
အချိန်ကာလအားဖြင့်၁၉၇၅ ခုနှစ် ဖြစ်ပါတယ်။ ဗိုလ်ချုပ်မြမောင်ဦးဆောင်တဲ့ ပဲခူးရိုးမ အခြေစိုက် KNUP အဖွဲ့ဝင်များ KNU နဲ့ပြန်လည်ပေါင်းစည်းကြဘို့ ထွက်လာကြပြီဆိုသော သတင်းမှာ မာနယ်ပလောရှိ ကျနော်တို့တတွေ အထူးဘဲ ၀မ်းသာ ပျော်ရွှင်ခဲ့ကြပါတယ်။ အချင်းချင်းမှားယွင်းပစ်ခတ်မှုများ မဖြစ်စေရန်နှင့်ဆက်သွယ်ရေးများပြတ်တောက်သွားခြင်း မရှိစေရန် KNUဌာနချုပ်မှ အထူးဆောင်ရွက်နေပါတယ်။ သက်ဆိုင်ရာ တပ်မဟာများသို့လည်း အသိပေးညွှန်ကြားထားပြီးဖြစ်ပါတယ်။
KNU အတွင်းမှူးချုပ်ရုံးမှာ ဆရာ ဂျက်ကော့မှာ ဆက်သွယ်ရေးစက်နားမှ မခွဲဘဲ စောင့်ကြပ်နေခဲ့ပါတယ်။
KNUP တပ်ဖွဲ့ဝင်များမှလည်း လေးဘက်လေးတန်ပိတ်ဆို့ထားသော ရန်သူများကို ထိုးဖောက်ပြီးနောက် မာ နယ်ပလောလို့ ဆိုက်ရောက်လာခဲ့ပါတယ်။ အမျိုးသမီးရဲမေများလည်းပါလာကြပါတယ်။
KNUPအဖွဲ့ဝင်များဟာ အများအားဖြင့် တရုတ်တပ်ယူနီ ဖောင်းများကို ၀တ်ဆင်ထားကြတာကိုတွေ့ရပါတယ်။ ဒီအထဲကမှ တရုတ် တပ်ယူနီဖောင်းပေါ်မှာ ကရင်သင်တိုင်းအနီကိုထပ်ဝတ်ကာ မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးရှည်ရှည်ထား ရှုတည်တည်မျက်နှာ ထားနဲ့ ပဒိုမန်းရှာဟာ ထူးခြားသလိုရှိနေပါတယ်။
မာနယ်ပလောစတည်ချိန်ဖြစ်လို့ ဌာနဆိုင်ရာအဆောက်အဦးများ သိုက်သိုက်ဝန်းဝန်း သိပ်မရှိလှသေးပါ။ KNUP အဖွဲ့များကို မာနယ်ပလောရှိ ချောင်းလေး၏တဖက် ကုန်းကျောလေးတွင် နေရာချထားလိုက်ပါတယ်။ ညနေတိုင်းလိုလို KNUP အဆင့်မြင့် ကေဒါများ အလှည့်ကျတဦးစီ ဦးဆောင်ပြီး နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်တာကို အားတဲ့အခါများမှာ ကျနော် သွားရောက်နားထောင်လေ့ရှိပါတယ်။ KNUP အဆင့်မြင့်ခေါင်း ဆောင်ထဲတွင် ပဒိုမန်းရှာလည်း တယောက်အပါအ၀င်ဖြစ်ပါတယ်။
တနေ့KNUPရှိရာဘက်သို့ ကျနော်အလယ်သွားချိန်မှာ နှီးထိုင်ဖျာနေတဲ့ ပဒိုမန်းရှာနဲ့ တွေ့ပါတယ်။ ကျနော် တို့ထိုင်ပြီးစကားပြောနေစဉ် ဦးစိုးအောင်ရောက်လာ ပြီး မန်းရှာက နိုင်ငံရေးအားကောင်းတယ်ဆိုပြီး ငါက အထင်ကြီးနေတာ မိန်းမရွေးတဲ့အခါကျတော့ သူ့ဒေသသူ ကိုဘဲ ပြန်ရွေးတာကိုး” လို့ ပြောပြီး ရယ်ရယ်မော မောနဲ့ ဆက်လျှောက်သွားပါတယ်။ ပထမတော့ ပဒိုမန်းရှာ ကြောင်သလိုဖြစ်သွားပြီး နောက်မှ ပြုံးကာဘာမှ ပြန်မပြောဘဲနေလိုက်ပါတယ်။ အဲဒီအချိန်မှာ ပဒိုမန်းရှာအိမ်ထောင်ပြုတော့မယ်ဆိုတဲ့ သတင်း ထွက်နေပြီ ဖြစ်ပါတယ်။
ပဒိုမန်းရှာနဲ့ ကျနော် နိုင်ငံရေးနဲ့ပတ်သက်တဲ့ ရောက်တတ်ရာရာတွေကို ဆွေးနွေးပါ တယ်။ ကျနော်က “ဥက္ကဌကြီး မန်းဘဇန်က ပြောတယ်၊ မော်စီတုံးရဲ့ လက်တွေ့ကျမ်းနဲ့ ပဋိပက္ခကျမ်းတွေကို အခုထိပြန်ဖတ်နေရတုန်းဘဲ ၊ တခါပြန်ဖတ်ရင် တခါတိုးတယ်လို့” ပြောလိုက်တော့၊ ဒါတင်မကဘူး တော်လှန်ရေးသမားတယောက်အတွက် သမိုင်းရေးဆိုင်ရာရုပ်ဝါဒကို လည်း နားလည်ထားဘို့လိုတယ် လို့ သူကပြန်ပြောပါတယ်။
အဲဒီနောက် ပဒိုမန်းရှာဟာ တပ်မဟာ (၃)ဘက်မှာ တာဝန်ပေးခံရပါတယ်။ ၁၉၇၇ ခုနှစ်မှာ တပ်မဟာ (၆) ဘက်ကို ကျနော်ရောက်သွားပါတယ်။ ၁၉၈၇ ခုနှစ်မှာ ပဒိုမန်းရှာနဲ့ တပ်မဟာ (၆)မှာ ပြန်ဆုံပါတယ်။ အဲဒီ အချိန်မှာ အဖွဲ့အစည်းအတွင်း နိုင်ငံရေးတိုက်ပွဲနှင့် ကျနော်ရင်ဆိုင်နေရတဲ့အချိန်ဖြစ်ပါတယ်။ အခြေအနေ တွေကို သူ့ကို ပြောပြပါတယ်။ ပဒိုမန်းရှာက “ကျနော်က သုညအထိရောက်သွားပြီ” လို့ပြောလိုက်တော့ သူ ပြောတာကို အံ့သြရင်း ပြန်မေးလိုက်ပါတယ်။ သူအရေးယူခံထားရကြောင်း၊ သူပြောမှဘဲ ကျနော်သိလိုက်ရ ပါတယ်။ သူ့ကို ကြည့်ရတာ စိတ်ထိခိုက်ပုံရပါတယ်။ အဲဒီနောက် ကျနော့် စာကြည့်ခန်းထဲက စာအုပ်တွေ ကြည့်ချင်တဲ့အတွက် ကြည့်ခွင့်ပေးလိုက်ပါတယ်။ ကျနော့်ရဲ့စာအုပ်ထဲမှာ စာအုပ်တအုပ်ကို ရွေးထုတ်လိုက် ပြီး သူ့ကို ငှားဘို့ပြောပါတယ်။ ကျနော်လည်း ဖတ်ပြီးပြီဖြစ်လို့ ယူစေဗျာဆိုပြီး သူ့ကို ငှားလိုက်ပါတယ်။ စာအုပ်နာမည်ကတော့ ချူအင်လိုင်းရဲ့  နိုင်ငံရေးအထုပ္ပတ္တိဆိုတဲ့ ဘာသာပြန်စာအုပ်ပါဘဲ။ စာအုပ်ရဲ့ အဖုံးခွံ နည်းနည်းစုပ်ပြဲနေပြီဖြစ်ပါတယ်။
တနှစ်ကျော်ကြာကာလ မထင်မှတ်တဲ့အချိန်မှာ အဲ့ဒီစာအုပ် ကျနော့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ပြန်ရောက်လာပါတယ်။ စုတ်ပြဲနေတဲ့ အဖုံးလည်း အကောင်းပကတိ ပြန်ဖြစ်နေတာကို တွေ့ရပါတယ်။ ဒီလိုစာအုပ်ကို တန်ဘိုး ထားတတ်တဲ့ သူလိုလူမျိုး ကျနော်တွေ့ခဲလှပါတယ်။ တပ်မဟာ (၆)ကနေ တပ်မဟာ (၃)ကို ယူသွားပြီး တပ် မဟာ (၃)ကနေ တပ်မဟာ (၆)ရောက်အောင် ပြန်ပို့လိုက်တဲ့သူ့ကို အံ့သြမိသွားပါတယ်။ အနီးအနားရှိ ကျနော့်လုပ်ဖေါ်ကိုင်ဖက်တချို့ စာအုပ်ငှားပြီး ပျောက်သွားတာတွေ အတော်များများ ကြုံခဲ့ဘူးပါတယ်။
(၁၀) ကြိမ်မြောက် KNU ကွန်ဂရက်မှာ ပဒိုမန်းရှာနဲ့ ပြန်ဆုံပါတယ်။ ဒီအချိန်မှာ သူက ဗိုလ်ချုပ်မြရဲ့ PA ဖြစ် နေပါတယ်။ ဒီကွန်ဂရက်မှာ ပဒိုမန်းရှာနဲ့ ပဒိုကွယ်ထူးဝင်းကို KNU ဗဟိုအမြဲတမ်းကော်မတီဝင်ဖြစ်ဖို့ ပဒိုသ မိန်ထွန်းနဲ့ ကျနော်တိုင်ပင်ပြီး မဲဆွယ်ဘို့ စီစဉ်ပါတယ်။ မဲမဆွယ်ခင် ပဒိုမန်းရှာရဲ့သဘောထားကို တီးခေါက် ကြည့်ပါတယ်။ သူက ဘာမှ အခက်အခဲ မရှိဘူးလို့ ပြန်ပြောပါတယ်။ ဒီကွန်ဂရက်မှာ ကျနော်တို့အစီအစဉ် အောင်မြင်သွားပါတယ်။
မာနယ်ပလောကျပြီးနောက် KNU ဌာနချုပ်ကို တပ်မဟာ (၆)ဘက် ရွှေ့ပြောင်းလိုက်ပါတယ်။ အဲဒီနောက် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ပြောင်းရွှေ့လိုက်ပါတယ်။ (၁၂)ကြိမ်မြောက် KNU ကွန်ဂရက်မှာ ပဒိုမန်းရှာ KNU အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်လာပါတယ်။
တနေ့ ဗိုလ်မှူးလားကပေါ်၊ ပဒိုလိလေးနဲ့ ကျနော်တို့ (၃)ဦး ကိုထွန်းအောင်ကျော် (NLD-LA)တို့အဖွဲ့နဲ့ဆုံပြီး စားကြ၊ သောက်ကြပါတယ်။ စားသောက်ပြီးနောက် ပဒိုမန်းရှာရှိတဲ့နေရာကို ကျနော်တို့သွားကြပါတယ်။ ပဒို မန်းရှာက ကျနော်တို့ကို စိတ်မသက်မသာနဲ့ကြည့်ပြီး ပြောလိုက်တာကတော့ ”အခုလိုသူများနိုင်ငံမှာ ခိုးကြောင်ခိုးဝှက်နေနေရတဲ့အချိန်မှာ ခင်ဗျားတို့က မူးမူးရူးရူးနဲ့ မရှက်ဘူးလား၊ ကျနော်ဆို ဆေးလိပ်တောင်မ သောက်တော့ဘူး၊ အဲဒီနောက် ကင်မရာကိုထုတ်ပြီး ကျနော်တို့ကို ဓါတ်ပုံရိုက်ပါတော့တယ်၊
ပဒိုလိလေးနဲ့ ကျနော် သူ့စကားကြောင့် အလေးအနက်ဖြစ်သွားပါတယ်။ တို့တတွေ ရင်းနှီးတဲ့ လုပ်ဖေါ်ကိုင်ဖက်ဆိုတာ ထက် ကိုယ့်ခေါင်းဆောင်တယောက်လို သဘောထားရမယ်၊ သူ့မှာ KNU အတွင်းရေးမှူးချုပ်ဆိုပြီး ကြီးမားတဲ့ တာဝန်ကြီးထမ်းဆောင်နေရတယ်။ သူ့လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ကျနော်တို့ကြောင့် သူ့ရဲ့ခေါင်းဆောင်မှု ကို မထိခိုက်သင့်ဘူး၊ သူ့ကို ၀ိုင်းရံရမယ်၊ အားဖြည့်ရမယ်ဆိုတဲ့ အသိတွေဝင်လာပါတယ်။ အဲဒီနောက် ကျ နော်နဲ့ ပဒိုလိလေး သူ့ကို အကောင်းဆုံး ၀ိုင်းရံခဲ့ပါတယ်။
၂၀၀၄ ခုနှစ် Gentlemen Agreement ကာလ ပစ်ခတ်တိုက်ခိုက်မှုများ မဖြစ်ပွားစေရန် KNU မှ လက်အောက် ခံအဖွဲ့အစည်းသီးသီးကိုညွှန်ကြားချက်များထုတ်ပေးပါတယ်။ ကျွံဝင်နေသော အစိုးရတပ်များအတွက် ရိက္ခာသယ်ပို့နိုင်ရေး၊ တပ်အပြောင်းအလဲလုပ်နိုင်ရေးအတွက် KNU တပ်မဟာအသီးသီးမှ လမ်းကြောင်းများ သတ်မှတ်ပေးရန်နှင့် သတ်မှတ်ပေးထားသည့် လမ်းကြောင်းအပြင်ဘက်သို့သွားလာသော အစိုးရတပ်များကို တိုက်ခိုက်သွားရန်ဖြစ်ပါတယ်။
သို့ သော် တပ်မဟာ (၆)မှာ ညွှန်ကြားချက်အသစ်တမျိုးကြားနေရပါတယ်။ “ရန်သူပစ်မှ ပြန်ပစ်၊ ရန်သူမပစ်ရင် မပစ်နဲ့” ဆိုတာပါဘဲ။ ဘယ်ကလာတဲ့ညွှန်ကြားချက်လည်း အသေအချာ မသိရပါ။ အဲဒီအချိန် တပ်မဟာ (၆)တပ်မဟာမှူးက ဗိုလ်ချုပ်မူတူးစေးဖိုးဘဲဖြစ်ပါတယ်။ အောက်ခြေဘက် မှာတော့ တချို့က မပြေမလည်နဲ့ ပြောဆိုနေကြပါတယ်။
တနေ့ ရန်သူတပ်ဖွဲ့တဖွဲ့ ကျနော်တို့ဘက် ဦးတည်လာတယ်ဆိုတဲ့သတင်းရရှိပါတယ်။ ဗိုလ်မှူးတင်လှိုင်က လက်အောက်ခံတပ်ဖွဲ့ အသီးသီးကို အသိပေးလိုက်ပါတယ်။ သိပ်မကြာပါဘူး ထီးဒူးနဲ့  ထီးဖထောဘက်မှ ရန်သူ ၀င်ပစ်သွားတယ်ဆိုတဲ့ သတင်းရရှိပါတယ်။ ထီးဒူးမှာ မိမိတို့ရဲဘော်တယောက်သေပြီး ထီးဖထောမှာ လူထု နှစ်ယောက် ဒါဏ်ရာရသွားပါတယ်။ အပစ်ခံရတဲ့ တပ်ဖွဲ့ခေါင်းဆောင်က အမောတကြီးနဲ့ ကျနော်တို့ဆီ ရောက်လာပြီး “ခေါင်းဆောင်တွေက ရန်သူပစ်မှ ပစ်ဆိုတော့ ကျနော်တို့ ခံရတာပေါ့” လို့ မပြေမလည်နဲ့ ပြောလိုက်ပါတယ်။
အဲဒီအချိန်ရွာကြီးတချို့မှာ တယ်လီဖုန်း တပ်ဆင်ထားနိုင်ပြီဖြစ်ပါတယ်။ ကျနော်လည်း တပ်မှူးတချို့နဲ့အတူ တယ်လီဖုန်းရှိတဲ့ရွာဆီကို သွားပြီး ပဒိုမန်းရှာထံဖုန်းဆက်ပါတယ်။ ကျနော်က ”ရန်သူပစ်မှ ပြန်ပစ်၊ ရန်သူမ ပစ်ရင် မပစ်နဲ့ဆိုတဲ့ ညွှန်ကြားချက်ကို ဘယ်တုန်းက ထုတ်တာလဲ၊ အခုကျနော်တို့လူတွေ ခံလိုက်ရပြီလို့ ဖုန်းသံချဲ့ပြီး ပြောလိုက်ပါတယ်။ ပဒိုမန်းရှာက “ညွှန်ကြားချက်က အရင်အတိုင်းဘဲ၊ ဘာမှ အပြောင်းအလဲ မရှိဘူး၊ ခင်ဗျားတို့ ကျောပေါ်ကို ရန်သူတက်နင်းနေတာ ခံလို့ကောင်းရင် ခံကြပေါ့” ခပ်ပြတ်ပြတ်ဘဲ ပြန် ပြောပါတယ်။ ကျနော်တို့အားလုံး သူပြောတာကို ကြားကြပါတယ်။
ပဒိုမန်းရှာဟာ မူနဲ့ပတ်သက်လာရင် ရပ်တည်ချက်ခိုင်မာပြီး နည်းပရိယာယ်ပိုင်းမှာ ပျော့ပြောင်းသူဖြစ်ပါတယ်။ ဒါကြောင့်မို့ လည်း ဗိုလ်ချုပ်မြရဲ့ အားထားယုံကြည်မှုကို ရခဲ့တာဖြစ်တယ်။ အတိုက်အခံတချို့က သူ့နောက်ကွယ်မှာ ကွန်မြူနစ်ဆိုပြီး အပုပ်ချကြပါတယ်။ အဲဒီအပုပ်ချသူတွေ ဟာ KNU ကွန်ဂရက်က ချမှတ်ထားတဲ့ ကရင့်တော်လှန်ရေးလမ်းစဉ်၊ လုပ်ငန်းစဉ်နှင့် မူဝါဒတွေအပေါ်မှာ သူ့လောက်တောင် ရပ်တည်ချက်ခိုင်မာတာကို မတွေ့ရပါဘူး။
ခရစ်ယာန်ဆရာကြီးတပါးက “ပဒိုမန်းရှာဟာ ကွန်မြူနစ်လား” လို့ မေးဘူးပါတယ်။ ကျနော်က “ဗုဒ္ဓဘာသာ ရက်ကြီးခါကြီးတွေမှာကန်တော့ ပွဲတလုံးနဲ့ ဘုန်းကြီးကျောင်းတက်ကို မြင်ဘူးတယ်လို့ ပြန်ပြောပြပါတယ်။
ပဒိုမန်းရှာ ကွန်မြူနစ်ဟုတ်မဟုတ်ဆိုတာ သူကိုယ်တိုင်သာ အသိဆုံးဖြစ်ပါလိမ့်မယ်။
ကမ္ဘာကြီးရဲ့ ပြောင်းလဲ ဖြစ်ပေါ်တိုးတက်မှုဖြစ်စဉ်ကို သူကောင်းစွာ သဘောပေါက်ထားပြီလို့ ကျနော်ယူဆပါတယ်။
ကျနော်ကတော့ ပဒိုမန်းရှာကို တိုးတက်တဲ့ နိုင်ငံရေးအတွေးအမြင်ရှိတဲ့ အမျိုးသားရေးဝါဒီတဦးအဖြစ် ရှုမြင်ပါတယ်။