ခိုင်မာကျော်ဇော - ပဒိုမန်းရှာပြောတဲ့ အနူလက်သီးနဲ့ လမ်းပြောင်းသွားတဲ့ ကေအဲန်ယူ
(မိုးမခ) ဖေဖော်ဝါရီ ၁၃၊ ၂၀၁၆
(မိုးမခ) ဖေဖော်ဝါရီ ၁၃၊ ၂၀၁၆
(၁၅) ကြိမ်မြောက် ကေအဲန်ယူကွန်ကရက်ကနေ ကေအဲန်ယူရဲ့ ဗဟိုကော်မတီပုံစံကို စတင်ပြောင်းလဲတာ၊ကေအဲန်ယူ ကရင့်တော်လှန်ရေးမှာ နှစ်ပေါင်းများစွာ ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့ ကေအဲန်ယူရဲ့မူတွေ၊ ပေါ်လစီတွေအပေါ်မှာ ခိုင်မာစွာရပ် တည်ခဲ့တဲ့ ခေါင်းဆောင်ကောင်းတွေ ဘေးရောက်ကုန်တာ၊ ခိုင်ခိုင်မာမာ တည်ဆောက်ခဲ့ လက်တွဲခဲ့တဲ့ ဘ၀တူ တိုင်းရင်း သားအဖွဲ့တွေနဲ့ လမ်းခွဲခဲ့တာ၊ ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့မူ (၄) ချက်ကို လိုရာဆွဲ အသုံးချခဲ့တာတွေ ကအဆုံး နောက်ဆုံး တပြည်လုံးရဲ့ချဉ်ဖတ်စစ်အစိုးရနဲ့ တစိတ်ထဲ တ၀မ်းထဲဖြစ်သွားတဲ့အထိ ပြောင်းလဲသွားခဲ့ပါတယ်။
ဒါကြောင့် ဒီလိုကာလမှာ ပဒိုမန်းရှာကို ကျမ အထူးသတိရမိပါတယ်။ သူသာရှိနေသေးရင် ကေအဲန်ယူကို ဘယ်လို သုံးသပ်မ လဲ။ သူ ဘာတွေပြောမလဲ။ ဒီလိုတွေးရင်း သူပြောခဲ့တဲ့ အနူလက်သီးဆိုတဲ့ စကားကို ကျမ ပြန်ကြားယောင်မိပါတယ်။
ကေအဲန်ယူ ခေါင်းဆောင်ကြီးတွေရဲ့ အထိန်းအကြောင်းကောင်းမှုကြောင့် ဗိုလ်ချုပ်ကြီး စောဘိုမြ လမ်းမတိမ်းခဲ့ပေမယ့် အဲ့ဒီအချိန်ထဲက ယိုင်နေတဲ့ ကေအဲန်ယူ တပ်မဟာ (၇) မှူး ဗိုလ်ချုပ်ထင်မောင်က စစ်အစိုးရနဲ့ပူးပေါင်းဖို့အတွက် ခေါင်း ထောင်လာပါတယ်။
တဖက်မှာလည်း ကေအဲန်ယူ ဗဟိုကော်မတီထဲက ခေါင်းဆောင်တချို့ဟာ “လက်နက်ချ စကားအလျင်းမပြောရ”၊ “ကရင့် လက်နက် ကရင့်လက်ထဲမှာရှိရမယ်” ဆိုတဲ့ ကော်ခိုစောဘဦးကြီးရဲ့မူလေးချက်ဟာ ခေတ်စနစ်နဲ့ကိုက်ညီမှု မရှိတော့ဘူး။ ကရင့်တော်လှန်ရေးဟာ ခြေကုန်လက်ပမ်းကျလာပြီ။ ကရင့်တော်လှန်ရေး နယ်မြေတွေလည်း ဆုံးရှုံးကုန်ပြီ။ ကရင့်လက် နက်ကိုင် တော်လှန်ရေးဆက်လုပ်ဖို့အတွက် အခြေအနေမကောင်းတော့ဘူး။ ဒါကြောင့် စစ်အစိုးရနဲ့ငြိမ်းချမ်းရေး စကားပြော မယ်။
ကရင်ပြည်သူတွေအတွက် စီးပွားရေးလုပ်မယ်ဆိုတဲ့ အတွေးအခေါ်ကိုကေအဲန်ယူ ခရိုင်ဒေသစလို့ နီးစပ်ရာ ခေါင်းဆောင်တွေ ကို လက်သိပ်ထိုးစည်းရုံးရေးတွေ ဆင်းခဲ့ကြပါတယ်။ ဒါတွေဟာ ကေအဲန်ယူကို အတော်လေးဂယက်ရိုက်ခဲ့ပါတယ်။ အချိန် ကာလအားဖြင့် ၂၀၀၆ နှစ်အကုန် ၂၀၀၇ နှစ်ကူးကာလ။
ကေအဲန်ယူ ဥက္ကဋ္ဌက ပဒိုစောဘသင်စိန်၊ အထွေထွေအတွင်းရေးမှူးက ပဒိုမန်းရှာဖြစ်ပါတယ်။ တပ်မဟာ (၇) ခုနဲ့ခရိုင် (၇)ခုက ကိုယ်စားလှယ်တွေရော ကေအဲန်ယူ ဗဟိုခေါင်းဆောင်းတွေပါ တပ်မဟာ (၇) မှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ စောဘဦးမူ (၄) ချက်အပေါ် ထွက်ပေါ်လာတဲ့သဘောတရား ရေးရာတွေကို ဗဟိုကော်မတီအစည်းအဝေးမှာ အခြေအတင် ဆွေးနွေးခဲ့ကြပါတယ်။
အဓိက ပွဲထိန်းခဲ့သူက နိုင်ငံရေးအားကောင်းတဲ့ ပဒိုမန်းရှာပဲဖြစ်ပါတယ်။ အယူဝါဒရေးရာ ဆွေးနွေးပွဲတွေဟာ တပ်မဟာ (၇) နယ်မြေ လေးဝါး (လော်ခီးလာ) စည်းဝေးခန်းမဆောင်မှာရော အပြင်ဘက်ဝိုင်းတွေမှာ ရှိခဲ့ပါတယ်။
စည်းဝေးခန်းမဆောင် အပြင်ဝိုင်းမှာ ပဒိုမန်းရှာ ဗိုလ်ချုပ်ထင်မောင်ကို ပြောခဲ့တဲ့ စကားတခွန်းရှိပါတယ်။
“ဗိုလ်ချုပ်ရေ သတိလည်းထားဦး အနူလက်သီးစာ မိသွားဦးမယ်” ပဒိုမန်းရှာက ဗိုလ်ချုပ်ထင်မောင်မျက်နှာကို တည့်တည့် ကြည့်ပြီး ပြောပါတယ်။ ဗိုလ်ချုပ်ထင်မောင် မျက်နှာတချက်တော့ ပျက်သွားပါတယ်။ ကျမနဲ့အတူ တပ်မဟာ (၁) က ခေါင်းဆောင်တယောက်လည်း အနားမှာ အတူရှိနေပါတယ်။
ဗိုလ်ချုပ်ထင်မောင် ဘာပြန်ပြောမလဲဆိုတာ ကျမတို့ စိတ်ဝင်စားပါတယ်။ ဗိုလ်ချုပ်ထင်မောင်က ပဒိုမန်းရှာကို ဘာမှ ပြန်မ ပြောပဲ ငြိမ်နေခဲ့ပါတယ်။ နောက်ဆုံးတော့ ဗိုလ်ချုပ်ထင်မောင်နဲ့နောက်လိုက်အပေါင်းအပါတို့ စစ်အစိုးရနဲ့ပူးပေါင်းပြီး ကေ အဲန်ယူ-ကေအဲန်အယ်အေ ငြိမ်းချမ်းရေးအဖွဲ့ဖြစ်သွားပါတယ်။
အတန်တန် ဆွေးနွေးသတိပေးတဲ့ကြားက ဗိုလ်ချုပ်ထင်မောင်ဖောက်သွားတော့ ပဒိုမန်းရှာ အတော်လေး ခံစားခဲ့ပုံရပါတယ်။ ဗိုလ်ချုပ်ထင်မောင်ကို ပြောခဲ့တဲ့ အနူးလက်သီးအကြောင်းကိုပဲ သနိုးထူးဂျာနယ်မှာ ပဒိုမန်းရှာ ကဗျာတပုဒ်ရေးခဲ့ပါတယ်။
ကေအဲန်ယူခေါင်းဆောင်တချို့  ကော်ခိုစောဘဦးကြီးရဲ့မူ (၄) ချက်ကို ဝေဖန်လာကြတာကိုလည်း ပဒိုမန်းရှာက စောဘဦးကြီး ရဲ့မူ (၄) ချက်ဟာ ကျနော်တို့ရဲ့ (၄) ပါးသီလဖြစ်တယ်။ ကျနော်တို့စောင့်ထိန်းရမယ်လို့ (၅၉) နှစ်မြောက် ကရင့်တော်လှန်ရေး နေ့ မှာ မိန့် ခွန်းထဲမှာ သူ ပြတ်ပြတ်သားသားဘဲ ထည့်ပြောသွားခဲ့ပါတယ်။
ပဒိုမန်းရှာ ကျဆုံးပြီးနောက်ပိုင်းမှာ စောဘဦးကြီးရဲ့မူ (၄) ချက်ကို ဝေဖန်ခဲ့ကြတဲ့ ခေါင်းဆောင်တော်တော်များများ (၁၅) ကြိမ်မြောက် ကွန်ကရက်ကစပြီး ရာထူးကြီးကြီးတွေ ယူလာကြပါတယ်။ နောက်တော့ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ခြေလှမ်း တွေ တလှမ်းပြီး တလှမ်းလည်း လှမ်းခဲ့ပါတယ်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ငြိမ်းချမ်းရေးအတွက် တွေ့ ဆုံဆွေးနွေးအဖြေရှာရမယ်ဆိုတာက နှစ်ပေါင်းများစွာထဲက ဆုံးဖြတ်ထားတဲ့ ကေအဲန်ယူရဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို ယနေ့ ကေအဲန်ယူခေါင်းဆောင်တွေ အ ကောင် အထည်ဖော်တာ ထူးခြားဖြစ်စဉ် မဟုတ်ပါဘူး။
ထူးခြားတာက ခိုင်ခိုင်မာတည်ဆောက်ခဲ့တဲ့ ဘ၀တူတိုင်းရင်းသားတွေနဲ့လက်တွဲဖြုတ်ခဲ့ပြီး အရင်ရင်ကေအဲန်ယူခေါင်းဆောင် ကြီးတွေ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေကို ဖောက်ဖျက်ပစ်လိုက်တာရယ်၊ နှစ်ပေါင်းများစွာ တိုက်လာ ခိုက်လာခဲ့တဲ့ စစ်အစိုးရခေါင်းဆောင်တွေနဲ့ ကေအဲန်ယူခေါင်းဆောင်ကြီးတွေ အပေးအယူတည့် ပြန်တည့်သွားတာ ကတော့ ထူးခြားပါတယ်။
ကေအဲန်ယူရဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ ကေအဲန်ယူ ဗဟိုကော်မတီအတွင်း သဘောထားတွေ အမျိုးမျိုး ကွဲလွဲနေတာက လည်း ထူးခြားချက်တွေ ပါပဲ။ ကေအဲန်ယူအတွင်း ဥက္ကဋ္ဌ လုပ်တာကို ဒု ဥက္ကဋ္ဌ မသိတာ၊ အထွေထွေအတွင်းရေးမှူးလုပ်တာကို ကျန်တဲ့အတွင်းရေးမှူး အဖွဲ့ဝင်တွေ မသိတာ၊ ခရိုင်ခေါင်းဆောင်လုပ်တာ ဗဟိုခေါင်းဆောင်တွေ မသိတာတွေဖြစ်နေသလို ငြိမ်းချမ်းစာချုပ်လက်မှတ်ထိုးတာကြောင့် စစ်ဖက်ဆိုင်ရာခေါင်းဆောင်ပိုင်းတချို့ ရာထူးက နှုတ်ထွက်သွားတာ၊ ဗဟိုအလုပ် အမှုဆောင်ထဲက ခေါင်းဆောင်တချို့ နိုင်ငံခြားတိုင်းပြည်ကို ထွက်ကုန်တာအဆုံး ကေအဲန်ယူအတွင်းမှာ ကမောက်ကမ တွေဖြစ်နေပါတယ်။
အဆိုးဆုံးကတော့ ကေအဲန်ယူ ဥက္ကဋ္ဌကြီးရဲ့ဘေးမှာ ကရင်ပြည်နယ်စစ်ဆင်ရေးတွေမှာ ကြီးကြပ်ကွပ်ကဲခဲ့သူ တယောက် ဖြစ်တဲ့ စစ်ထောက်လှမ်းရေးတယောက်က အကြံပေးလိုလို ရှိနေတာပါ။ အဲ့ဒီ စစ်ထောက်လှမ်းရေးဟောင်းက ကရင်အင်္ကျီ ၀တ်ပြီး ငြိမ်းချမ်းရေးညီလာခံမှာ ကေအဲန်ယူကိုယ်စားလှယ်အနေနဲ့တက်ရောက်နေတာဟာ ကရင်ပြည်သူတွေအနေနဲ့ မွေး ခွန်းထုတ်စရာဖြစ်ပါတယ်။ ဒါကို ကေအဲန်ယူ ဗဟိုအလုပ်အမှုဆောင်တဦးကို မေးကြည့်တော့ သူလည်း သေသေချာချာ မသိဘူးလို့ ဆိုပါတယ်။
ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ကရင်တော်လှန်ရေးဒေသအခြေအနေ၊ ကရင်ပြည်သူတွေရဲ့ ဘ၀အခြေအနေတွေဘက်ကိုလည်း ကြည့် ကြရအောင်ပါ။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကြောင့် တိုက်ပွဲတွေမဖြစ်ပေမယ့် စစ်အစိုးရဘက်က စစ်စ ခန်းတွေ တိုးချဲ့ဆောက်တာ၊ စစ်လက်နက် ရိက္ခာတွေ ပို့တာ၊ လမ်းတွေဖောက်တာကတော့ နေ့စဉ်ပါပဲ။
တပ်မဟာ (၃) ဘက်က အလယ်အလတ်ခေါင်းဆောင်တဦးပြောတာကတော့ အဲ့ဒါတွေကတော့ သူတို့ဘက်က နေ့တိုင်း လိုလို တမျိုးမဟုတ် တမျိုးလုပ်နေတာပဲ၊ ခြေလှမ်းတွေ မမှန်ဘူးဆိုတာသိပေမယ့် ကိုယ့်ခေါင်းဆောင်တွေက ဘာမှမပြော ဘာမှမလုပ်တော့ ကျနော်တို့လည်း ဒီအတိုင်းကြည့်နေရတယ်လို့ ပြောပါတယ်။
“သစ်ထုတ်လုပ်တာတွေ လမ်းရှင်းလမ်းဖောက်လုပ်တာတွေနဲ့ တောတွေကတော့ ပြောင်သခင်းခါနေပြီ ရန်သူကို ခြုံခိုပြီး တိုက်မယ် ဆိုရင်တောင် ဘယ်ခြုံခိုပြီးတိုက်ရမယ် မသိတော့ဘူး” လို့လည်း သူကပြောပါတယ်။
ကေအဲန်ယူ တပ်မဟာ (၁) နယ်မြေထဲက ဒေသခံပြည်သူတဦးကတော့ သူတို့ ဒေသ ငြိမ်းချမ်းရေး ရိုက်ခတ်မှုအခြေအနကို အခုလိုပြောပါတယ်။
“သူတို့ကတော့ ငြိမ်းချမ်းရေးလို့ပြောတာပဲ။ ကျမတို ရွာနားကနေ လမ်းဖောက်လိုက်တာ ကျမတို့ရဲ့ ထညှင်းသီး ခြံ အကုန်ပါ ကုန်တာပဲ။ ဘယ်သူသွားတိုင်လို့ တိုင်ရမှန်းလည်း မသိ၊ အဲ့ဒါလေး အားကိုးစားနေရတာ အခုတော့ ဒုက္ခတွေရောက်ကုန်ပြီ” တဲ့။
ကရင်ပြည်နယ် အရှေ့ ခြမ်းဘက်ကို လှည့်ကြည့်တော့လည်း မြ၀တီကစလို့ ဖားအံလမ်းတလျောက် အရင်က မရှိခဲ့တဲ့ ကေအဲန်ယူ ဂိတ်တွေ တပ်တိုးလာတာ၊ကေအဲန်ယူ အမည်ခံ ကုမ္ပဏီ ငယ်လေးတွေပေါ်လာတာ၊အာရှလမ်းမ စီးပွားရေး လမ်းပမ်းဆက်သွယ်ရေး အချက်အခြာကျတဲ့ နေရာတွေမှာ ဂိုဒေါင်ဆောက်ပြီး ပစ္စည်းလက်ခံ အဖိုးအခယူတဲ့ အလုပ်တွေကို ကေအဲန်ယူဆိုသူတွေကလုပ်ကိုင်နေကြတယ်ဆိုတဲ့ သတင်းတွေကို ပလူပျံအောင် ကြားရပါတယ်။
ဒီလိုအခြေအနေတွေကို ကေအဲန်ယူ ခေါင်းဆောင်ကြီးတွေ သိကောင်းသိကြပါလိမ့်မယ်။ သို့ သော် စစ်အစိုးရနဲ့လက်တွဲမပျက်ပဲ ရှေ့ ဆက်တိုးဖို့ ကိုပဲ ခြေလှမ်းတွေပြင်နေ ကြပါတယ်။လွှတ်တော်ထဲ မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနိုင်ရပါတီကို ကလန်ကဆန်လုပ်ဖို့ အစိတ်သား စစ်သား ကိုယ်စားလှယ်တွေ ရှိနေသလို လွှတ်တော်ပြင်ပ တိုင်းရင်းသားတွေဘက်မှာတော့ ကျန်တိုင်းရင်းသားတွေနဲ့ဆန့် ကျင်နေတဲ့သူက ကေအဲန်ယူဖြစ်နေပါတယ်။
စစ်အစိုးရနဲ့ကေအဲန်ယူဟာ တစိတ်တ၀မ်းထဲ ဖြစ်နေတာ အတော်လေးကို အံ့သြစရာဖြစ်ပါတယ်။
ဒါ့အပြင် ဗိုလ်ချုပ်မင်းအောင်လှိုင်က တိုင်းပြည်တပြည်မှာ စစ်တပ်ဟာ တခုပဲရှိရမယ်။ တိုင်းရင်းသား အဖွဲ့တွေ လက်နက်ဖျက်သိမ်းပြီး စစ်အစိုးရနဲ့ပူးပေါင်းဖို့  ပြောဆိုတာကို စိတ်ဝင်တစားနဲ့ မေမြို့ စစ်တက္ကသိုလ်အထိ အရောက်သွားခဲ့တဲ့ ကေအဲန်ယူ ဥက္ကဋ္ဌကြီးသတင်းကြားရတော့ပဒိုမန်းရှာရဲ့မျက်နှာကို ကျမ ပြေးမြင်ယောင်မိပါတယ်။ ကျမရင်ထဲမှာ ပဒိုမန်းရှာ ကို ပြောချင်တဲ့ စကားတခွန်းလည်း ရှိနေပါတယ်။
“အတီးမန်းရှာရေ ကေအဲန်ယူကတော့ အနူလက်သီး တလုံးပြီး တလုံးထိရုံမက အနူတွေရဲ့ဖိနပ်ကိုပါ ရွှေခွက်အမှတ်နဲ့ဖက် တွယ်နေကြပြီ” လို့  ပဒိုမန်းရှာသိအောင် ကျမ ပြောချင်မိပါတယ်။
ခိုင်မာကျော်ဇော
ဖေဖော်ဝါရီ ၁၃၊ ၂၀၁၆