ကိုသန်းလွင် - မအောင်မြင်ခဲ့သော အီဂျစ်တော်လှန်ရေး
(မိုးမခ) ဖေဖော်ဝါရီ ၂၄၊ ၂၀၁၆
၂၀၁၁ ခုနှစ်က (Arab Spring) အာရပ်စပရင်းဟု ခေါ်ဆိုခဲ့ကြသော အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံများတွင် အာဏာရှင် အစိုးရများကို ဖယ်ရှားလိုသော လူထုလှုပ်ရှားမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပါသည်၊ ကျူးနီးရှားနိုင်ငံ၌ စတင်ဖြစ်ပွားခဲ့သော ဤလှုပ်ရှားမှုသည် အီဂျစ်၊ လစ်ဗျား၊ ယီမင်၊ ဆီးရီးယား နိုင်ငံတို့သို့ ပြန့်နှံ့ ကူးစက်သွားခဲ့ပါ သည်၊
အီဂျစ်နိုင်ငံ၏ တော်လှန်ရေးမှာ အာဏာရှင် မူဘာရက် ဆင်းပေးခဲ့ရ သော်လည်း လိုရာမရောက်ဘဲ အမှား အယွင်း တွေဖြစ်ရပုံကို ကျွန်တော်တို့သတိပြုမိကြရသည်မှာ မကြာသေးပါ၊ ရုပ်ရှင်ကားတွေထဲကအတိုင်း မကောင်းသူများ ကျဆုံးကုန်ပြီး တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ ခဲ့ကြသူ များ အောင်ပွဲခံနိုင်ကြရန်ု မျှော်လင့်ခဲ့ကြသော်လည်း တကယ်ဖြစ်မလာခဲ့ပါ။
ယနေ့ အီဂျစ်နိုင်ငံသည် စစ်အာဏာရှင် အစိုးရလက်အောက်မှာရောက်ရှိနေပြီး လစ်ဗျား၊ ယီမင်နှင့် ဆီးရီးယား နိုင်ငံ တို့မှာ ပြည်တွင်းစစ်တွေဖြစ်လျက်ရှိကြပါသည်၊ ထိုသို့အာဏာရှင်များ ပြုတ်ကျပြီးသည့်တိုင် နိုင်ငံတွင် ဒီမိုကရေစီစနစ် ထွက်ပေါ်မလာခြင်းမှာ ဆန္ဒပြသူ တော်လှန်ရေးခေါင်းဆောင်များ၏ ညံ့ဖျင်း မှုကြောင့် လား အာဏာရှင်များ၏ တိုင်းပြည်ကို ဖျက်ဆီးထားမှုမှာ ဘယ်လိုမှပြင်မရအောင် ဆိုးရွားနေ၍လား၊ မဝေခွဲနိုင်ကြပါ၊
အီဂျစ်နိုင်ငံတွင် အာဏာရှင်ကြီးပြုတ်ကျသွားချိန်တွင် အာဏာကိုလွှဲပြောင်းယူမည့် လူ့အဖွဲ့အစည်း institutions များမရှိခဲ့ပါ၊ နိုင်ငံတွင် အုပ်ချုပ်ရေး ယန္တယား မရှိတော့သော အချိန်တွင် ရည်ရွယ်ချက်တူ၊ အယူအဆ တူညီကြ သူများ စုပေါင်း၍အလုပ်လုပ်ကြမည့် အဖွဲ့အစည်းများ ရှိထားရန် လိုအပ်ပါသည်၊ ၂၀၁၁ခုနှစ်ကစတင်လာ ခဲ့ သော အာရပ်နွေဦး လှုပ်ရှားမှု နောက်ပိုင်း အဖြစ်အပျက်များကိုကြည့် လျင် နိုင်ငံတွင်းရှိ အသင်းအဖွဲ့များ၏ ချို့ယွင်းချက်များကို မြင်နိုင်ကြပါသည်။
အီဂျစ်ပြည်တွင် တိုးတက်သောအမြင်ရှိသူ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ များက အာဏာရှင် မူဘာရက် ကို ဖယ်ရှားရန် ညီညီညွှတ်ညွှတ် ဆန္ဒထုတ်ဖော်ခဲ့ကြသည်မှန်ပါ၏၊၊ ရဲရင့်သော ကိုယ်ကျိုးစွန့်သော ထိုပုဂ္ဂိုလ်များ သည် မူဘာရက် မရှိသည့်နောက်ပိုင်း ဘာလုပ်ရမည်ဟု ကြိုတင်မစဉ်းစားခဲ့ကြပါ၊ နိုင်ငံရေးအဖွဲ့အစည်းရှိမှ အာဏာကို လွှဲပြောင်းရယူနိုင်သည် ဆိုခြင်းကို လည်းသဘောမပေါက်ခဲ့ကြပါ၊ သူတို့သည် ယုံကြည်ချက်ပြင်းပြ ခဲ့ကြပြီး၊ အပြောင်း အလဲကိုသာ လိုလားခဲ့ကြသည်၊ ဖေ့(စ)ဘွတ်ကို ယုံကြည်ခဲ့ကြသည်၊ တကယ့်လက်တွေ့ နိုင်ငံရေး၏ အဖြစ်မှန် (Real Politics) များကိုမူ မသိနားမလည်ခဲ့ကြ။
ကျွန်တော်တို့သည် အာဏာရှင်ကြီးများ၏အာဏာကို နည်းမျိုးစုံဖြင့် ဖက်တွယ်ထားခြင်းကို၎င်း၊ ကိုယ်ကျိုးစွန့် အနစ်နာခံသူ၊ ဘ၀ကိုအဆုံးရှုံးခံပြီး ထိုအာဏာရှင်များပြုတ်ကျရေးကို ဆောင်ရွက်ခဲ့ကြသည်များကို၎င်း တွေ့မြင်ခဲ့ကြပါပြီ၊ သို့ပါသော်လည်း တိုင်းသူပြည်သား အများလိုအပ်နေသော တည်ငြိမ်သည့် ဒီမိုကရေစီ နိုင်ငံရေးစနစ်ကို ထူထောင်ရာတွင် ဘာတွေလိုအပ်လိမ့်မည်ဟု ဘယ်သူမှ ကြိုတင်မတွေးဆနိုင်ခဲ့ကြပါ၊ ဖရိုဖရဲဖြစ်နေသောနိုင်ငံ ကိုပြန်လည် ထူထောင်ရေးတွင် လူမှုအဖွဲ့အစည်းများ၏ အရေးပါပုံကို အချိန်လွန်မှ သိခဲ့ကြရခြင်းဖြစ်ပါသည်။
ဒီမိုကရေစီတော်လှန်ရေးဆိုသည်မှာ ဘယ်သူတွေပြုတ်ကျပြီး ဘယ်သူတွေဖြင့်အစားထိုးနိုင်ပြီနိုင်ပြီဆိုသည်က အရေးမကြီး၊ ပြည်သူလူထု၌ ခိုင်ခဲ့ပြီး ယုံကြည်အားကိုးလောက်သော အဖွဲ့အစည်းကြီးရှိမရှိ ဆိုသည်ကပို၍ အရေးကြီးပါသည်၊ ထိုအဖွဲ့အစည်းက ဒီမိုကရေစီ၏ သဘောတရားများအတိုင်း မကောင်းသော အရာများ ကိုပယ်၍ အကောင်းကိုရွေးချယ်ပြောင်းလဲနိုင်စွမ်း ရှိရပါမည်။
အာဏာရှင်များက ရည်ရွယ်ချက်ဖြင့် ဖန်တီးထားခဲ့သော ဒီဇိုင်းပုံစံအရဖြစ်စေ၊ မသိနားမလည်သော လူအများစု ကြောင့်ဖြစ်စေ၊ ထိုလူ့အဖွဲ့အစည်းက ဒီမိုကရေစီလမ်းကြောင်းအတိုင်း မလျှောက်လှမ်းနိုင်ဘူးပာု ဆိုလျင် တော်လှန်ရေးသည် မအောင်မြင်နိုင်ပါ၊ အာဏာရှင်ဘယ်နှစ်ဦးကိုပင်ဖြစ်စေ ဖြုတ်ချနိုင်သည်ဆိုစေဦး ဒီမိုကရေစီနိုင်ငံသစ်ကို ဖန်တီးနိုင်ရန် အရေးကြီးသော အချက်များစွာကျန်ရှိနေပါသည်၊ အာရပ်နွေဦးကရရှိ လာသော သင်ခမ်းစာမှာ နောင်တွင် တော်လှန်ရေးလုပ်လိုသူများအတွက် သတိပြုစရာဖြစ်သည်။
မူဘာရက် အဖို့ ဤတော်လှန်ရေးမဖြစ်ပေါ်မီ နှစ်ပေါင်း၃၀ခန့် ကြိုတင်ပြီး ထိုသို့သော အရေးအခင်းများကို နှိမ်နင်းရန် ပြင်ဆင်ခွင့် ရခဲ့ပါသည်၊ အတိုက်အခံပါတီဟူ၍၄င်း၊ သူ့ကိုဆန့်ကျင်သည့် အဖွဲ့အစည်းဟူ၍၄င်း၊ ဖြစ်ပေါ်မလာအောင် စနစ်တကျ အုပ်ချုပ်ခဲ့ပါသည်၊ ထိုသို့ဖိနှိပ်ချုပ်ချယ်မှုများကြောင့်ပင် သူအာဏာစွန့်လွှတ် ရချိန်၌ အစားထိုးနိုင်သည့် ခိုင်ခံ့တောင့်တင်းသော လူ့အဖွဲ့အစည်းဟူ၍ အီဂျစ်နိုင်ငံအတွင်းတွင် မရှိတော့ခြင်း ဖြစ်ပါသည်။
ပြည်ထဲရေးဌာနမှာ သူ့ကိုသစ္စာရှိသူ၊ သြဇာနာခံသူတွေကိုသာ ခန့်ထားခဲ့သည်၊ သူတို့သည်အကျင့်ပျတ်ချင်တိုင်း ပျက်၍ ပြည်သူလူထုလုံခြုံရေးမှာ မရှိသလောက်ဖြစ်ခဲ့ရသည်၊ တရားစီရင်ရေးမှာလည်း သူ့ကိုဆန့်ကျင်သူများကို နှိပ်ကွပ်ချင်သလောက် နှိပ်ကွပ်နိုင်အောင် ပြုလုပ်ထားပေးသည်၊ အကျင့်ပျက်ဌာနကြီးလို ဖြစ်နေသည်၊ တရားသူကြီး များမှာ ခိုင်းသလိုသာလုပ်တက်ကြပြီး ဥပဒေစိုးမိုးရေးမှာ မရှိသလောက် နည်းပါးလှသည်၊ မူဝါဒ ပျော့ပြောင်း သော အတိုက်အခံတို့ကိုဖိနှိပ်ထားပြီး အစွန်းရောက် မူစလင်ဘရားသားဟုဒ် ကိုသာ အသက်ဆက် နိုင်ရုံ ရှင်သန်ခွင့် ပေးထားသည်၊ မူဘာရက်က တိုင်းပြည်မှာ သူမရှိလျင် ဤဘာသာရေးအစွန်းရောက် အုပ်စု သာရှိသည် ဟူသောအမြင်ကို ဖန်တီးထားသည်၊
သမ္မတ အန်န၀ါဆာဒတ် လက်ထက်က ကျယ်ပြန့်သောအခွင့်အရေးတွေ မရရှိခဲ့သည့် စစ်တပ်ကိုသိသိသာသာ အလျော့ပေးခဲ့သဖြင့် စစ်တပ်သည်သာ အီဂျစ်နိုင်ငံတွင် အားကောင်းသောအဖွဲ့အစည်းဖြစ်လာခဲ့သည်၊ စစ်တပ် ကသူ့ကို သစ္စာရှိစေရန် စစ်တပ်အရာရှိကြီးများကို စည်းရုံးသိမ်းသွင်းထားခဲ့သည်။
သို့ပါသော်လည်း ထိုလုပ်ရပ်များက သူ့ကိုအကာကွယ်မပေးနိုင်ခဲ့ပါ၊ ၂၀၁၀ခုနှစ်က သူ့သား ဂျာမယ် (Gamal) ကိုအရိုက် အရာ ဆက်ခဲ့သူအဖြစ် လွှဲပြောင်းပေးရန် ကြံစည်မှုမှာလည်းမအောင်မြင်ခဲ့ပြန်ပေ၊ မကျေနပ်သူများ က ဂျာမယ် ၏ပုံကို မီးရှို့ကြသည်၊ ငွေကြေးဖေါင်းပွမှုနှုန်းကမြင့် တက်လာချိန်တွင် အဓိကပေါင်မုန့်ဈေးနှုန်းမှာ ကြီးမားခဲ့ သည်၊ ဆင်းရဲသားလူတန်းစားက ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို အလူးအလဲခံနေရချိန်တွင်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့ (IMF) ကအီဂျစ်နိုင်ငံကို အချိန်မရွေးထပြီး ပေါက်ကွဲနိုင်သည့်ဗုံးနှင့် တူသည်ပာု သတိပေးခဲ့ဘူးသည်။
မူဘာရက်က ဆန္ဒပြသူများကို နှိမ်နင်းရန် အမိန့်ပေးသောအခါ စစ်တပ်ကငြင်းဆန်ခဲ့သည်၊ ဇန္ဒ၀ါရီ ၂၀၁၁ တွင် ဆန္ဒပြသူများလမ်းပေါ်သို့ ထွက်လာသောအခါ မူဘာရက်၏ အစိုးရမှာ ဘာမှခံနိုင်ရည်မရှိတော့ဘဲ ပြုတ်ကျခဲ့ရ သည်၊
ဇွန်လ ၂၀၁၂ တွင်ပြုလုပ်သော ရွေးကောက်ပွဲမှ မွတ်စလင် ညီအစ်ကိုများအဖွဲ့မှ(Muslim Brotherhood) မိုဟာမက် မာစီ သမ္မတ ဖြစ်လာခဲ့သည်၊ ဤအစွန်းရောက်အဖွဲ့မှာ တိုင်းပြည်၏ လိုလားချက် မဟုတ်၊ အများကြိုက် ဖေးဘရိတ် ပါတီလည်းမဟုတ်ခဲ့ပေ၊ နိုင်ငံအဖို့ အခြားရွေးချယ်စရာများများစားစား မရှိခဲ့ပေ၊ ဒီမိုကရေစီ အစိုးရသစ်၏ ရေတိုကိုသာ ကြည့်တတ်သော၊ အမြော်အမြင် ကင်းမဲ့သော ပေါ်လစီ များကြောင့် ပြည်သူအများစုက မာစီ အစိုးရ ကို မထောက်ခံခဲ့ကြပေ၊
မာစီအစိုးရအုပ်ချုပ်သည့်ကာလအတွင်းမှာ စစ်တပ်သည် မှန်မှန်ကန်ကန်အလုပ်ထက် အမှားများစွာ လုပ်ခဲ့ သည်၊ တရားစီရင်ရေးအဖွဲ့ကလည်း မာစီအစိုးရကိုလက်မခံ၊ လုံခြုံရေးအရာရှိများကို လမ်းပေါ်မှ ပြန်လည် ရုတ်သိမ်းပြီး ဗြောင်ကျကျပုန်ကန်လာခဲ့သည်၊ အိမ်များသို့ လျပ်စစ်နှင့် ဓါတ်ငွေ့ပေးနေသည့် နိုင်ငံပိုင် ကုမ္ပဏီ ကလည်း တာဝန်မကျေခဲ့ကြပေ၊ မာစီ၏အမှားများမှာ မိမိကိုယ်တိုင်ဖန်တီးခြင်းဖြစ်ပြီး မမှားသင့်သောအမှားများ သာ ဖြစ်သည်၊ သူ့အတွက်အလုပ်လုပ်ပေးမည့် နိုင်ငံပိုင် အဖွဲ့အစည်းများကိုယ်တိုင်က သူ့ကိုမထောက်ခံကြ သော အခါ ဒီမိုကရေစီအစိုးရယန္တယားမှာ နောက်ဆုံးပြိုလဲသွားခဲ့ရပေသည်။
ထို့ကြောင့် ဒီမိုကရေစီအောင်မြင်ရေးမှာ ဆန္ဒပြသူများချည်းလည်းမဟုတ်၊ အတိုက်အခံပါတီအင်အားကြီးရန် လည်းမဟုတ်၊ အရေးကြီးသည်မှာ ဗျူရိုကရေစီအုပ်ချုပ်ရေးကို နားလည်သောခေါင်းဆောင်၊ ရွေးကောက်ပွဲများ ကို နိုင်အောင် စည်းရုံးနိုင်သောခေါင်းဆောင်၊ ထိုအုပ်ချုပ်ရေးယန္တယား ကိုလည်ပါတ်အောင် လုပ်ပေးမည့် ခေါင်းဆောင် နှင့် သူ့ကို အထောက်အပံ့ပေးမည့် လူ့အဖွဲ့အစည်းတခု ခိုင်ခိုင်မာမာရှိနေရေးပင်ဖြစ်ပါသည်။
အီဂျစ်နိုင်ငံမှ အဖြစ်အပျက်များက တီဟီရီရင်ပြင်တွင် ဆန္ဒပြသူများက တခဲနက် ဆန္ဒပြကြ ရုံဖြင့် ပြည်သူတို့ လိုလားသော လူနေမှုစနစ် တခုကို ဖေါ်ထုတ် ပေးနိုင်စွမ်း မရှိကြောင်း သက်သေပြလျက်ရှိပါသည်။
ကိုသန်းလွင်

Ref: The Unsexy Truth as to why the Arab Spring Failed by Amanda Taub, Straits Times