သင့်မြတ် (ချင်းတွင်း) - မိုးရွာတုန်းရေခံ
(မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၁၆
● မိုးရွာတုန်းရေခံ
(၁)
မိုးရွာတုန်းရေခံတဲ့….။
အခြားသူများတော့ မပြောတတ်၊ ကျနော်ကတော့ အသက် ၃၀ ကျော်သည်အထိ သည်စကားပုံကိုကြားတိုင်း အိမ်တံစက်မြိတ် အောက်က စဥ့်အိုးကိုသာ ပြေးပြေးမြင်နေခဲ့မိသည်။ ကျနော်တို့ မိဘစကားနားထောင်ဖို့ (ကြိုးစားသည်) ထက်ပိုပြီး ဘာမျှ မတွေးတတ် မမြင်တတ်ခဲ့။ အခုတော့ ရေးတေးတေးသဘောပေါက်စပြုပြီ။ (ရလာသော အခွင့်အလမ်းကို အကျိုးရှိစွာ အသုံးချတတ်ဖို့ ဆိုလိုရင်းဖြစ်မည်……… ရှိစေတော့…)
ပြီးခဲ့တဲ့နှစ်ပိုင်းက သတင်းတပုဒ် ဖတ်မိသည်။ အမေရိကတွင် ကိုယ့်တအိမ် ကိုယ်တမိသားစုသာအတွက် မိုးရေကို မည်သည့် အိုးခွက် ရေကန်နှင့်မျှ မခံရ၊ ထိုသို့ မိုးရေခံထားလျှင် ဒဏ်ငွေရိုက်တာတွေ အခြားပြစ်ဒဏ်ချတာတွေ ခံရမည်ဟုဆိုသည်။ မိုးရေကို သစ်ပင် မြက်ခင်းပြင်မှတဆင့် မြေပြင်သို့သာတိုက်ရိုက်သက်ဆင်းစေပြီး ပိုလျှံပါက မြေသားရေလှောင်ကန်သို့သာစီးဆင်းစေသည်။ ဘယ့်နှယ် …. ကိုယ့်အိမ် ကိုယ့်ယာထဲ မိုးပေါ်ကကျလာသည့်ရေကိုတောင် လာကန့်သတ်ရအောင် ဒင်းတို့ က သက်ဦးဆံပိုင်လား ဟုထင်စရာရှိသည်။ ကျနော်တို့နားလည်ခဲ့ဖူးသော စကားပုံနှင့် ကွဲလွဲခြားနားလို့နေသည်။
(၂)
တကယ်တော့ ကျနော်တို့ ကမ္ဘာမြေကြီးသည် သဘာဝ မိုးရေခံ ရေကန်ကြီးဖြစ်သည်။ အထူးသဖြင့် ကျွန်းသစ်နှင့်တကွ အခြားသစ်မာ သစ်ကောင်းများစွာရှိသော PrimaryForest ခေါ် မည်သူမျှ မတို့မထိရသေးသော အပျိုစင်သစ်တော ဟက်တာသန်းပေါင်းများစွာရှိသည့် ကျနော်တို့ ရွှေပြည်ကြီးသည် သဘာဝကပေးထားသော မိုးရေခံထိမ်းသိမ်းရာ ရေကန် ကြီး ပင်ဖြစ်သည်။ ထိုသဘာဝ ရေကန်ကြီးကပဲသစ်ရိပ်ဝါးရိပ်ကို ရစေသည်၊ ဥတုသပ္ပါယ မျှတစေသည်၊ မြစ်ရေနဒီ ကြည်လင်သည်သာမကချောင်းမြောင်းတို့ ရေစီးရေလာကောင်းစေသည်။ ကောက်ပဲသီးနှံစုံဥတုရာသီအလိုက် ဖြစ်ထွန်းခဲ့လေတော့ ဆီကိုရေချိုး ဆေးရိုးမီးလှုံဆိုသလို ၀မ်းဝရုံသာမက ခါးပါ လှခဲ့ကြသည်။
ကမ္ဘာမြေသားက သူထိမ်းသိမ်းထားသော ရေကို လိုသလို အသုံးပြုနိုင်အောင်ပြန်လည်ထုတ်ပေးမြဲဖြစ်သည်။ သို့ကလို အပြန် အလှန် အမှီတံကဲပြုနေသော ဓာတ်ကြီးလေးပါးကို အဘယ်သူတွေ ဖျက်လို့ဖျက်ဆီး လုပ်ခဲ့ကြသနည်း။ အထက်အညာ ဒေသအချို့တွင် လွန်ခဲ့သော နှစ် ၂၀-၃၀ က သုံးခဲ့သော သုံးရေ သောက်ရေရေတွင်းတို့ ရေမရှိတော့တာ သိကြမြင်ထင်သည်။ ၁၆ တောင် (၂၄ ပေခန့်)တူးရုံနှင့် ရေကြည်ထွက်သောဒေသတို့ အတောင် ၂၅-၃၀ (ပေ ၄၀ ကျော်)ခန့်တူးနေကြရပြီ..။
သစ်တောတွေပြုန်းတီခြင်းရဲ့နောက်တွင် ယာယီအကျိုးရှိသူတွေ ရှိကြပေလိမ့်မည်။ ဒီကနေ့ လူ့မလိုင် အသိုင်းအ၀ိုင်းလို နေမထိ မိုးမမိနေနိုင်ကောင်းနေနိုင်ကြပေလိမ့်မည်။ ယ္ခုပစ္စက္ခ ကာလသည် အတိတ်၏မကောင်းမှုတို့အတွက် အငြိုးအတေး တို့အား တုံ့ပြန်ရန် မရှိသော်ငြားသင်ခန်းစာအဖြစ်ဖြင့် ရှိသင့်သည်ထင်ပါသည်။ ကိန်းဂဏန်းများဖြင့်တွက်စစ်ကြည့်သော် လွတ်လပ်ရေးရပြီးကာစခေတ် က နိုင်ငံ့ဧရိယာ၏ ၇၀% (စတုရန်းမိုင် ၁.၈ သိန်း ခန့်) သစ်တောဖုံးလွှမ်းနေခဲ့သည်ဟုဆိုသည်။သည်လိုနှင့် ကမ္ဘာ့အကောင်းဆုံး (ဟူသည့်) ကျွန်းသစ်ကို ပိုင်ဆိုင်သော၊ အရှေ့တောင်အာရှ၏ အကျယ်ပြန်ဆုံးသော အပူပိုင်းသစ်တောကို ပိုင်ဆိုင်သောကျွန်တော်တို့ရွှေပြည်ကြီးသည် ယနေ့တွင်တော့ သစ်တော ဧရိယာ ၄၃% သာကျန်တော့ ပြီး Primary Forest – ၁၀ % နီးပါသာ ကျန်တော့သည်ဟု ဆိုသည်။ အဆိုးဆုံးကာလအဖြစ် ၁၉၉၀ နောက်ပိုင်းမှ စကာ ပျမ်းမျှ ၀.၉ - ၁.၂ % အထိ နှစ်စဉ်သစ်တောတွေ ပြုန်းတီးခဲ့ပါသတဲ့။
(သစ်တော ဧရိယာ ဟက်တာ သန်း ၃၁ သန်းခန့်၊ Primary Forest ဟက်တာ ၃ သန်းခန့် - ၂၀၁၀)
(၃)
ဖတ်ခဲ့ဖူးသော စာတပုဒ်တွင်တော့ သဘာဝဘေးအန္တရာယ်ဆိုသည်မှာ နှစ်ပေါင်းများစွာ လျစ်လျူရှုမှုမှ ရလာသော အကျိုးတရားဖြစ်သည်ဟု ဆိုသည်။ ကိုယ်ဉာဏ် တစ်ထွာတစ်မိုက်ဖြင့် မည်၍မည်မျှ မှန်သည်ကိုအငြင်းမပွားလိုသော်လည်း မကြာသေးသော နှစ်များက အဖြစ်ပျက်များက သက်သေပြလို့နေသည်။ လစ်လျူရှုရုံသာမက ဖျက်ဆီးခံလိုက်ရသော တောင်တောင်မြစ်ချောင်းတွေ၏ မိုးရေကိုလက်ခံဖို့ မစွမ်းနိုင်မှုတွေက အခြားသက်ရှိသက်မဲ့တို့ကိုပါ ဒုက္ခပင်လယ်ဝေစေခဲ့ သည်။ မှတ်တမ်းမှတ်ရာများအရ နှစ်ပေါင်း၇၀ ကျော်မှ တခါသာ ကြုံရသော မိုးကြီးမှုတွင် သမိုင်းတစ်လျှောက်အဆိုးဆုံးသော ရေလျှံမှုကို ပြည်နယ် တိုင်းဒေသကြီး ၁၁ ခုတွင် ကြုံခဲ့ရသည်။ ရေကို ထိမ်းသိမ်းနိုင်ခြင်းမရှိသော တောင်ကတုံး (ခေါင်းတုံး) ၊ နှစ်စဉ်အနည်ဖို့လာလို့ မြင့်တာလာသော မြစ်ကြမ်းပြင် တို့က ရွာသမျှ မိုးရေတို့ကိုစီးနိုင်သမျှ လွင်ပြင် ၊ ဖုံးနိုင်သမျှ ကုန်းကမူ တို့ကိုဖုံးပစ်ခဲ့ပြီးပြီ။ မိုးရေချည်းသာလော…… နွံလေးနဲ့ပါခင်ဗျ….. ဆိုသလိုအချို့နေရာများတွင် ရေထု၏ ၁၅% ခန့် နွံတွေ ဖုံး လွှမ်းထားခဲ့ပြန်သည်။ နုန်းတင်မြေနုကြောင့် သာမန် မြစ်ရေလျှံမှု နှစ်သက်ကြသည့်တောင်သူဦးကြီးတို့သော်မှ ပျစ်ချွဲချွဲ နွံကြောင့် သီးနှံအထွက်နှုန်းထိခိုက်မှာကို စိုးရိမ်နေရသည်။ ထိုနည်းတူ ပျက်စီးခဲ့သောစပါးခင်းတွေကြောင့် ပြည်ပပို့ရန် အ ခက်တွေ့သည့်အပြင် တက်ရိပ်ပြလာသောဆန်းဈေးကို တစ်နိုင်ငံလုံး ရင်ဆိုင်ကြရသည်။
(လက်ရှိ ဆန် ဈေးသည် သြဂုက်တွင်ရှိခဲ့သော ဈေးထက် +၃၅% ခန့်ရှိသတဲ့) မိမိမပြုသော အမှုအတွက် မိမိပါ ခံစားရ သည်မှာ တရားပါ၏လော။ သွယ်ဝိုက်၍ ပြုမိခဲ့သည်လော…….။
(၄)
၁၀ တန်းကျောင်းသားဘ၀က သင်ခဲ့ရသော ရေသံသရာ (water cycle) တွင် နေရောင်ခြည်သစ်တော မြစ်ချောင်းအင်းအိုင် မိုးတိမ်တောင်နှင့် မုတ်သုန်မိုး တို့အပြန်အလှန် ဆက်စပ်ပုံကို အမှတ်ရမိသည်။ ရေကို အမှီတံကဲပြုနေကြသောသက်ရှိသက်မဲ့ သဘာတွေ ဘ၀တွေကို ပြန်တွေးကြည့်မိသည်။ ကျနော်တို့သည်ဂေဟစနစ်ကြီးမှာ ရှင်သန်နေကြသည်ပဲ။ အပြန်အလှန်ထိမ်း ကျောင်းမောင်းနှင်နေသော ဂေဟစနစ်ကို အဘယ်အရာတွေကပျက်စီးစေခဲ့သနည်း၊ ပျက်စီးအောင် ပြုခဲ့ကြသနည်း။
ခြောက်သယောင်းနေသော ကုန်းခေါင်ခေါင်သည် မည်သို့သော ရေခိုးရေငွေ့ကိုမျှထုတ်လွှတ်ပေးမည်မဟုတ်သလို ….. လေယူရာ တိမ်းရင်း ယိမ်းပါလာသည့်မိုးတိမ်တောင်ကိုလည်း မိုးရေအဖြစ် ပြောင်းလဲ နိုင်မည်မဟုတ်ပေ။ အကယ်၍မိုးရွာချနိုင် သည်ဆိုဦးတော့ မိုးရေကိုခံပြီး ထိမ်းသိမ်းထားနိုင်စရာသစ်တော်သစ်ပင်မရှိတော့တဲ့နောက် အလွန်အမင်းမြစ်ရေလျှံခြင်း တွေဖြစ်လာတတ်သည်ကို ပြီးခဲ့သော နှစ်ကကြုံခဲ့ရဖူးပြီ။
ထိုသည်ပင် မိုးရွာတုန်း ရေခံ ဖြစ်သည်။ မိုးရေခံ သစ်ပင်တွေစိုက်ဖို့ အချိန်တော့ မီကောင်းရဲ့ထင်သည်။
သင့်မြတ်(ချင်းတွင်း)