မောင်လင်းယုန် (ရှမ်းပြည်) - ” မေမေ့အိပ်မက်”
(မိုးမခ) ဖေဖော်ဝါရီ ၂၇၊ ၂၀၁၆
သည်ည ..ကျမအိပ်မောကျစဉ်
အိပ်မက်မြင်ခဲ့ရ
ရင်တွင်းအသည်းခိုက်ကြေကွဲစရာ
ခုတိုင်..ကျမ ငိုနေဆဲပါ။
ကျမ ပူမှုပွားအောင်ထားရစ်ခဲ့တဲ့
ကျမရဲ့  ရင်နှစ်သည်းခြာ၊ သူ့ ရုပ်ပုံလွှာ
အော်..သည်ရင်သွေး၊ ကျမ မွေးပါရက်
မကျွေးသာတဲ့ မယ့်သည်းခြာ။
ကောင်းကင်ဘုံမြင့်အတွင်း
ချင်းနင်းဝင်ကာ ကျမရဲ့ကလေးကို ရှာစဉ်
ညင်ညင်သာသာ သန့်သန့်ကြည်ကြည်
ကလေးများ လာခဲ့ကြ အစီအရီ။
အဖြူရောင်ဝတ်စုံကိုယ်စီ
လက်မှာကိုင်စွဲ လင်းထိန်တဲ့ မီးအိမ်ကလေးတွေကလည်း
ကိုယ်စီကိုယ်ငှ
ခွဲခွဲခြားခြား ပြတ်ပြတ်သားသား မြင်ရသော်ငြား
စကား သူတို့ မဆိုရှာကြ။
အဲဒီနောက်မှာတော့
ကြေကွဲဝမ်းနည်းနေတဲ့ ကျမရဲ့  ကလေး
သူကလေးရဲ့  အလှည့်ရောက်လာတော့
အို… သူ့မီးအိမ်မှာ မီးငြိမ်းနေပါပေါ့။
ထွက်မဲ့ဟန်အပြင်မှာ
ကျမရဲ့ သံသယကို ခြေဖျက်ဖို့ ပြောခဲ့ပေ
“မေမေ့ မျက်ရည်ကြောင့် ငြိမ်းတာပါလေ … ဘယ်တော့မှ မငိုပါနဲ့ မေမေ” … တဲ့။
(နီဂျူလိုင်က မတ်လကျောင်းသားများ လှုပ်ရှားမှု အမှတ်တရ ပြန်လည် မျှဝေခဲ့တဲ့ ကဗျာပါ။ စစ်အစိုးရလက်အောက်မှာ ဆင်ဆာဖြတ်ခံခဲ့ရတဲ့ ဆရာကြီးရဲ့ ဘာသာပြန်ကဗျာ ဖြစ်ပါတယ်)