တူမောင်ညို - ရွှေဖိနပ် သွန်းထုပြီး ဂုဏ်ပြုဖို့ အဆင်သင့်ရှိပါကြောင်း
(မိုးမခ) ဇူလိုင် ၁၁၊ ၂၀၁၅
(မိုးမခ) ဇူလိုင် ၁၁၊ ၂၀၁၅
ပုဒ်မ ၄၃၆(က)နဲ့ ၄၃၆(ခ) ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး လွှတ်တော်ထဲမှာ ဒီချုပ် ပါတီဘက်က ပြန်လည်ဆွေးနွေးတင်ပြချက် တွေကို ဒီလှိုင်းစာစောင်ထဲကနေ ဖတ်ရပါတယ်။ ဒီလို ဖတ်ရတဲ့အခါ ပထမဆုံးပေါ်လာတဲ့ စိတ်ကူးက ဒီလိုဆွေးနွေးချက်၊ ဝေဖန်ချက် တွေကိုစာအုပ်အဖြစ် တစုတစည်းထဲ ထုတ်ဝေစေချင်တဲ့ ဆန္ဒဖြစ်ပါတယ်။ စာပေထုတ်ဝေရေးတိုက်တွေအပါအဝင် သက်ဆိုင်သူတွေကို အလေးအနက်တိုက်တွန်းပါတယ်။
ဒီလိုထုတ်ဝေခြင်းအားဖြင့် ပြည်သူတွေ၊ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးစိတ်ဝင်စားကြတဲ့မျိုးဆက်သစ်လူငယ်တွေ၊ သုတေသီ တွေ၊နိုင်ငံရေးစိတ်ဝင်စားသူ၊ လေ့လာလိုသူတွေအတွက် အလွန်ပဲအကျိုးရှိစေပါတယ်။ ဒီတိုက်တွန်းချက်ဟာဒီချုပ်ပါတီတစ်ခုထဲ ကွက်ပြီး တိုက်တွန်းနေတာမဟုတ်ပါဘူး။ “၂၀၀၈အခြေခံဥပဒေ” ဘောင်ထဲမှာ မှတ်ပုံတင်ပြီးလှုပ်ရှားနေကြတဲ့ နိုင်ငံရေးပါတီတိုင်းကို တိုက်တွန်း တာပါ။
အဲဒီလို ထုတ်ဝေတဲ့နေရာမှာ ပြီးစလွယ် မထုတ်ဝေသင့်ပါဘူး။ သက်ဆိုင်ရာ တင်ပြချက်ဝေဖန်ချက်တွေကို မူရင်းတင်ပြချက် အတိုင်း တိတိကျကျထုတ်ဝေဖို့လိုအပ်ပါတယ်။ မူရင်းစာကိုယ်မှာမပါဘဲ မိမိသဘောနဲ့ ဖြည့်စွက်ချဲ့ကားတာတွေ၊ ပြင်ဆင်ပယ်ဖျက်တာ တွေ၊ စကားလုံး အစားထိုးပြောင်းလဲတာတွေ လုံးဝမလုပ်ရပါဘူး။ တင်ပြဆွေးနွေးဝေဖန်သူရဲ့အမည်၊ ပါတီ၊ မဲဆန္ဒနယ်၊ လွှတ်တော် (ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်လွှတ်တော်) ဆွေးနွေးတဲ့နေ့ရက်၊ ဆွေးနွေးတဲ့အကြောင်း အရာမှာပါဝင်တဲ့ ကိန်းဂဏန်းအချက်အလက်တွေဟာ မှန်ကန်တိကျဖို့ သိပ်အရေးကြီးပါတယ်။ ဒါမှသာတန်ဖိုးရှိတဲ့၊ အလေးထားလေ့ လာထိုက်တဲ့ မှတ်တမ်းဖြစ်လာမှာပါ။ ဒီအချက်တွေဟာ ဒီလိုဆွေးနွေးချက်တွေထုတ်ဝေရာမှာ အဓိကထားရမယ့် အရေးကြီးဆုံးအချက် တွေလည်း ဖြစ်ပါတယ်။
ပုဒ်မ ၄၃၆ (က) နဲ့ ၄၃၆ (ခ) ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဒီလှိုင်းစာစောင်ထဲမှာ ဖော်ပြထားတဲ့ ဒီချုပ်ပါတီ လွှတ်တော် ကိုယ်စား လှယ်များရဲ့ ဆွေးနွေးချက်တွေကို ဖတ်ရတော့ အကြောင်းအချင်းအရာ ပြဿနာတစ်ရပ်၊ ပုဒ်မတစ်ခု၊ စကားလုံးတစ်လုံးအပေါ် နိုင်ငံရေးအရ၊ ဥပဒေအရ ဘယ်လိုမြင်တယ်၊ ဘယ်လိုယူဆတယ်၊ မိမိနိုင်ငံသမိုင်းကြောင်း၊ အခြားနိုင်ငံတွေသမိုင်းကြောင်းမှာ ကျင့်သုံးခဲ့ လို့/မကျင့်သုံးခဲ့လို့ ဘယ်လိုအကျိုးသက်ရောက်မှုတွေ/ ဘယ်လိုအတွေ့အကြုံသင်ခန်းစာတွေရရှိခဲ့တယ်၊ လက်ရှိအခြေအနေမှာ ဘယ်လို ဖြစ်သင့်တယ်/ဘယ်လိုမဖြစ်သင့်ဘူး၊ ဘာကြောင့် ထောက်ခံပြီး/ဘာကြောင့်ကန့်ကွက်ရတယ်၊ အမှားအမှန်၊ အကြောင်းအကျိုး စသဖြင့် လေ့လာစရာတွေကို တွေ့ရမှာဖြစ်ပါတယ်။
ဒီလိုအခိုင်အမာ အချက်အလက်တွေနဲ့ ဒီအချက်အလက်တွေပေါ်မှာထားရှိတဲ့ သက်ဆိုင်ရာပါတီရဲ့ရပ်တည်ချက်နဲ့ သဘော ထားအမြင်တွေကို အသေအချာလေ့လာပြီး ကျနော်တို့ ပြည်သူတွေ၊ နိုင်ငံရေးသမားတွေ၊ သုတေသီတွေ၊ နိုင်ငံရေးစိတ်ဝင် စားသူတွေ က မိမိတို့ရဲ့ထင်မြင်ချက်၊ ဝေဖန်ချက်၊ အကဲဖြတ်ချက်တွေကို ပေးနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့်လွှတ်တော်ထဲက ဆွေးနွေးချက်တွေကို ပြည်သူတွေသိရှိလေ့လာနိုင်ဖို့ လိုအပ်ပါတယ်။ ထုတ်ပြန်ပေးဖို့လိုပါတယ်။ သတင်းစာတွေက ထည့်သွင်းဖော်ပြပေးဖို့ လိုအပ်ပါတယ်။ ကိုယ်ဖော်ပြချင်ချက်တဲ့ အချက်လောက်သာ ကွက်ပြီးဖော်ပြ နေတာမျိုး လုံးဝ မဖြစ်သင့်ပါဘူး။ လွှတ်တော်တွင်း တင်ပြတဲ့ အဆိုတစ်ခုအပေါ် အာဏာရပါတီနဲ့အတိုက်အခံပါတီအမတ်တွေရဲ့ ထောက်ခံဆွေးနွေးမှု/ ကန့်ကွက်ဆွေးနွေးမှု အပြည့်အစုံကို အချိန်နဲ့တပြေးညီ ဖော်ပြပေးဖို့လို အပ်ပါတယ်။
ဒီလိုဖော်ပြပေးမှသာ ဘယ်ပါတီလွှတ်တော်အမတ်ရဲ့ ဆွေးနွေးတင်ပြချက်တွေဟာ အကျိုးအကြောင်းခိုင်လုံတယ်၊ လက် တွေ့ကျတယ်၊ ပြည်သူတွေအတွက် အကျိုးရှိတယ်၊ မှန်ကန်တယ်၊ ဘယ်ပါတီလွှတ်တော်အမတ်ရဲ့တင်ပြချက်ကတော့ ရွေးကောက်ပွဲဝင်စဉ် သူတို့ချမှတ်ခဲ့တဲ့၊ တင်ပြခဲ့တဲ့ ဦးတည်ချက်၊မူပေါ်လစီတွေနဲ့လွဲချော်နေတယ်၊ ဖီလာဆန့်ကျင်ဖြစ်နေ တယ်၊ အပြောတမျိုး အလုပ်တမျိုး ဖြစ်နေတယ်၊ ပြည်သူတွေအတွက် အကျိုးမရှိဘူး စသဖြင့် ဝေဖန်နိုင် စစ်ဆေးနိုင် မှာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူတွေဟာ မိမိရွေးချယ် ထားတဲ့ လွှတ်တော်အမတ်ကို ကြီးကြပ်နိုင်မှာဖြစ်ပါတယ်။ ဒီတစ်ခါ ဒို့မဲပေးခဲ့တဲ့ ဒီပါတီ လွှတ်တော်အမတ်ဟာ သူဟာပေးခဲ့တဲ့ ကတိတွေ တည်/မတည်ဘူး၊ လက်တွေ့ အကောင် အထည်ဖော် နိုင်တယ်/ မဖော်နိုင်ဘူး။ သူ့ကိုယ်ကျိုး မကြည့်ဘူး/ သူ့ကိုယ်ကျိုးသာကြည့်တယ်၊ ဒါ့ကြောင့် သူ့ကို နောင်ရွေးကောက်ပွဲတွေမှာ မဲပေးမယ်/မဲမပေးတော့ဘူး စသဖြင့် ရွေးချယ်ဆုံးဖြတ်နိုင်မှာလည်းဖြစ်တယ်။
ကျနော် ဒီလိုရေးသား တင်ပြနေရတာဟာ “၂၀၀၈ အခြေခံဥပဒေ” ဘောင်ထဲမှာ ဒီမိုကရေစီတွေရှိနေလို့၊ “၂၀၀၈ အခြေခံ ဥပဒေ” လက်ခံလို့ တင်ပြနေတာမဟုတ်ပါဘူး။ “၂၀၀၈ အခြေခံဥပဒေ” ဘောင်ထဲမှာ လှုပ်ရှားနေကြတဲ့ အတိုက်အခံနိုင်ငံ ရေးပါတီတွေနဲ့ သူတို့ရဲ့သက်ဆိုင်ရာလွှတ်တော်အမတ်တွေ နဖူးတွေ့ဒူးတွေ ရင်ဆိုင်နေရတာတွေကို ပြည်သူတွေ ကွက်ကွက်ကွင်းကွင်း သိမြင်စေချင် လို့သာဖြစ်ပါတယ်။ စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီဘောင်ထဲမှာ အတိုက်အခံပါတီတွေက အမတ်တွေဘယ်လို ကူးခတ်နေကြရသလဲ ဆို တဲ့ အချက်ကိုပေါ်လွင်စေချင်လွန်းလို့ သာဖြစ်ပါတယ်။ “ဝင်- ပြင်”လမ်းစဉ် ဘယ်လောက်အလုပ်ဖြစ်တယ်/မဖြစ်ဘူးဆိုတာ ပြည်သူတွေ ရှင်းရှင်းမြင်တွေ့နိုင်စေဖို့သာလျှင်ဖြစ်ပါတယ်။
ဇွန်လ ၂၅ ရက်နေ့လွှတ်တော်ထဲက အဆုံးအဖြတ်ကို ပြည်သူတွေရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ကြပြီလည်းဖြစ်ပါတယ်။ ပြည်သူ တွေရဲ့ဆန္ဒကို ကာချုပ်တစ်ဦးထဲကသာ ပယ်ချခဲ့တာမဟုတ်ပါဘူး။ အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့ ကြိုတင် လက်ဝါးချင်း ရိုက်ပြီး ပယ်ချခဲ့တာပါ။ တကယ်တော့ (ကာလုံ) ထဲမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့ ကြိုတင်ရေး သားထားတဲ့ ဇာတ်ညွန်း၊ ဇာတ်ကွက် ကို လွှတ်တော်စင်မြင့်မှာ တင်ဆက်ကပြ သွားခဲ့တာဖြစ်ပါတယ်။
“၂၀၀၈ အခြေခံဥပဒေ” တည်မြဲနေသမျှ ဒီလို ဇာတ်ညွန်းတွေ၊ ဇာတ်ကွက်တွေကို ကျနော်တို့ပြည်သူတွေ ကြည့်မြင်ခံစား နေကြရအုံးမှာပဲဖြစ်ပါတယ်။ ကျနော်တို့ပြည်သူလူထုရဲ့ဆန္ဒကို လူလက်တစ်ဆုပ်စာက လက်ခုပ်လက်ဝါးတီးပြီးခပ်ပြောင်ပြောင်ပယ်ချနေ တာတွေကို ရင်ဆိုင်နေရအုံးမှာလည်းဖြစ်ပါတယ်။
ပြည်သူလူထုရဲ့ဆန္ဒကို လူတစ်စုက လစ်လျူရှုတဲ့စနစ်၊ ပယ်ဖျက်တဲ့စနစ်ဟာ စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ လက်နဲ့ရေးခဲ့တဲ့ “၁၉၄၇ အခြေခံဥပဒေ”ကို ခြေနဲ့ဖျက်ခဲ့တာ၊ (မဆလ)တပါတီအာဏာရှင် စနစ်ဖော်ဆောင်ခဲ့တာ၊ “၁၉၉၀ရွေးကောက်ပွဲရလဒ်” ဖျက်သိမ်းပစ်ခဲ့တာ၊ “ပုဒ်မ၄၃၆ ပြင်ဆင်ရေး” ပြည်သူလက်မှတ် ၅ သန်းနီးပါးကို လစ်လျူရှုခဲ့တာ တွေဟာထင်ရှားတဲ့ သာဓကတွေဖြစ်ပါတယ်။
“၂၀၀၈အခြေခံဥပဒေ” ရဲ့အနှစ်သာရဟာ အဲဒီလူတစ်စုဖြစ်တဲ့ စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်ကို ထိန်းသိမ်းကာကွယ် ပေး ထားတာဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ အကျိုးဆန္ဒနဲ့စစ်အုပ်စုရဲ့အကျိုးစီးပွားဟာ အနှစ်သာရအရ ဖြောင့်ဖြောင့်ကြီး ဆန့် ကျင်နေတာပါ။ ပြည်သူလူထုအကျိုးဆန္ဒကို မှန်မှန်ကန်ကန်၊တိတိကျကျ၊ ပြည့်ပြည့်ဝဝဖော်ဆောင်မယ်ဆိုရင် စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်ရဲ့အကျိုး စီးပွားသို့မဟုတ် လူတစ်စုရဲ့အကျိုးစီးပွားကို ပြတ်ပြတ်သားသားတွန်းလှန်ဖယ်ရှားပစ်ရမှာပဲဖြစ်ပါတယ်။
ဒီချုပ်ပါတီလွှတ်တော်အမတ်တွေထဲက မကွေးတိုင်းဒေသကြီး၊ အမှတ် ၄ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင် ကြည်ညွန့်ရဲ့တင်ပြချက်ထဲမှာ အခုလို မှန်မှန်ကန်ကန်ကောက်ချက်ဆွဲပြထားတာကို တွေ့ရပါတယ်။
- “ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ ခက်ခဲရုံတင်မကဘူး၊ ပြင်လို့မရနိုင်တဲ့ အခြေအနေမျိုးကို ရောက်ရှိနေတာတွေ့ရပါတယ်” တဲ့။
ဒါဟာ “၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး”လက်တွေ့လုပ်ငန်းထဲမှာ ပါဝင်ဆောင်ရွက်ခဲ့သူတစ်ဦးရဲ့ အတွေ့အကြုံပေါ် ကနေ ရရှိလာတဲ့ အတွေ့အကြုံသင်ခန်းစာနဲ့ကောက်ချက်ဖြစ်တာမို့ အလေးအနက်ထားရမှာပါ။ ဒီမိုကရေစီရှေ့ခရီး ဆက်လက်ချီ တက်ကြရာမှာ ဒီလိုကိုယ်တွေ့လက်တွေ့ တွေပေါ်ကနေရတဲ့အတွေ့အကြုံနဲ့ သင်ခန်းစာတွေဟာအရေးကြီး ပါတယ်။ ရှေ့ ခရီးအတွက် အလေးထားစရာ လမ်းညွန်တွေဖြစ်မြဲဖြစ်ပါတယ်။ဘယ်မှ မပေါက်တဲ့လမ်း၊ မရောက်တဲ့လမ်းကို ဆက်လက်ပြီး ပေကပ်လျှောက်လှမ်းတာဟာ အချည်းအနှီး အကျိုးမဲ့စေတာပါပဲ။ မိုက်မဲမှုလို့လည်း ခေါ်ရပါလိမ့်မယ်။
လူငယ်ခြေတက် လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ ဒက္ခိဏသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်းက တော့ သူကိုယ်တွေ့ ရင်ဆိုင်ခဲ့ရတဲ့ ပြင်ဆင်ရေးအတွေ့အကြုံထဲကနေ သူ့အမြင်နဲ့သူသဘောထားကို လူငယ်ခြေတက်ပီပီ ဟောဟော ဒိုင်းဒိုင်း အခုလိုပြောပါတယ်။
- “၄၃၆လို ပုဒ်မမျိုး နဲ့ ၅၉(စ)လို ပုဒ်မမျိုးတွေကို လုံလုံလောက်လောက် မပြင်ဘဲနဲ့တော့ ၂၀၁၅ ခုနှစ် အထွေထွေ ရွေး ကောက်ပွဲကြီးဟာ ဘယ်လိုမှ လွတ်လပ်ပြီးတရားမျှတဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး” ။
- “ဒီ ၂၀၀၈ ဖွဲ့စည်းပုံကြီးနဲ့ ပတ်သက်လို့ ရေးဆွဲခဲ့တဲ့နေရာမှာ ပါဝင်ခဲ့ကြသူတွေရော၊ မပြင်ဖို့ပြောဆိုနေတဲ့သူတွေကိုပါ ကိုယ့်အဖေအမေတွေလို သဘောထားပြီး ပွင့်ပွင့်လင်းလင်းပြောချင်ပါတယ်၊ ခင်ဗျားတို့လက်နဲ့ရေးခဲ့တဲ့ ဒီဖွဲ့စည်းပုံကြီးကို ကျုပ်ခြေနဲ့ မဖျက်ချင်ပါဘူးဗျာ” တဲ့။
၂၀၀၈ အခြေခံဥပဒေကို သူတို့ လက်နဲ့ရေးတာမဟုတ်ပါဘူး။ သေနတ်နဲ့ရေးပြီး၊ သေနတ်နဲ့ကာကွယ်နေကြတာပါ။ ပုဒ်မ ၄၃၆ ကို မပြင်ဆင်ဘဲ၊ မူလပြဋ္ဌာန်းချက်အတိုင်းထားဖို့ဆွေးနွေးပြီး (မပြင်ရန်)ထောက်ခံမဲပေးပြီး (၂၀၀၈ အခြေခံဥပဒေ) ကို ကာကွယ်ခဲ့ကြ သူတွေဟာ သေနတ်ကိုင်ထားတဲ့ စစ်ဗိုလ်တွေပဲမဟုတ်ပါလား။
ဦးနိုင်ငံလင်း ခင်ဗျား - “၂၀၀၈ အခြေခံဥပဒေ” ကို ခြေနဲ့ဖျက်မယ် (အပြောမဟုတ် - လက်တွေ့တကယ်လုပ်မယ်) ဆိုရင် လည်း ပြည်သူတွေက ခင်ဗျားအတွက် ရွှေဖိနပ်သွန်းထုပြီး ဂုဏ်ပြုဖို့ အဆင်သင့်ရှိနေမည်ဖြစ်ပါကြောင်း။
ညွန်း
ဒီလှိုင်းစာစောင်၊ အတွဲ ၄ ၊ အမှတ် ၂၄၊ (တနင်္လာနေ့) ၂၉-၆-၂၀၁၅
ဒီလှိုင်းစာစောင်၊ အတွဲ ၄ ၊ အမှတ် ၂၅၊ (တနင်္လာနေ့) ၆-၇-၂၀၁၅