မောင်စွမ်းရည် - ရှမ်းပြည်က လင်းယုန် ကွယ်လွန်ရှာပြီ
(မိုးမခ) မတ် ၁၇၊ ၂၀၁၆
ဗမာပြည်ရဲ့ မိုးကောင်းမှာ လင်းယုန်တွေအများကြီး ပျံဝဲခဲ့တဲ့ ခေတ်တခေတ်ရှိခဲ့ဖူးတယ်၊ ၁၉၅၀-နဲ့ ၁၉၆၀ ကြားလို့ ပြောရမယ်ထင်ပါတယ်။ အဲဒီခေတ်က လင်းယုန်ဂျာနယ်ဆိုတာ ရန်ကုန်မှာ ဗဟိုပြုပြီး ထုတ်ဝေခဲ့ဖူးတယ် ဖဆပလ အစိုးရကို ဝေဖန်အတိုက်အခံပြုနေတဲ့ ဂျာနယ်တစောင်ပါ။ ကျနော်တို့ မန္တလေးမှာက လူထုဂျာနယ်ဆိုတာရှိခဲ့ပါတယ်။ နှစ်စောင်စလုံးကို အစိုးရကမျက်မုန်းကျိုးပြီး အယ်ဒီတာတွေကိုလဲ မကြာခဏဖမ်းဆီးထောင်ချနေတဲ့ ကာလပေါ့။ လူထုဂျာနယ်အယ်ဒီတာ ထုတ်ဝေသူက လူထုဦးလှ၊ လင်းယုန်ဂျာနယ် အယ်ဒီတာထုတ်ဝေသူက - ဗန်းမော်တင်အောင်ပါ။
လင်းယန်တွေကတော့ လင်းယုန်ဘဝင်း၊ လင်းယုန်တင့်ဆွေ၊ လင်းယုန်မောင်မောင်၊ လင်းယုန်နီ၊ မောင်လင်းယုန်ရှမ်းပြည်- စတဲ့ လက်ဝဲဂုဏ်းစာရေးဆရာတွေချည်းပါပဲ။ မောင်လင်းယုန်က ရှမ်းပြည်နယ် အရှေ့ပိုင်း “လယ်မွေ” ကတဲ့။ အသားဖြူဖြူ၊ ခပ်တုတ်တုတ်၊ ရှမ်းရုပ်ပါပဲ။ သူကတင်မိုး၊ မောင်သာနိုးတို့နဲ့မှ ရွယ်တူ၊ ကျနော့်ထက်အသက်ကြီးပါတယ်။ သူကရန်ကုန်တက္ကသိုလ်ကျောင်းသား၊ ကျနော်က မန္တလေးတက္ကသိုလ်ကျောင်းသားဖြစ်ပေမယ့် အဲဒီခေတ်က ဒီမိုကရေစီ ဆယ်နှစ်ဆယ်မိုးဆိုတဲ့ ခေတ်ဆိုတော့ တက္ကသိုလ်တွေမှာ အဖွဲ့အစည်းတွေဟာ အတန်အသင့် လွတ်လပ်ခွင့်ရှိခဲ့ပါတယ်။ သူကရန်ကုန်တက္ကသိုလ်တပ်ဦး၊ တကသ- သမဂ္ဂကျောင်းသား ခေါင်းဆောင်၊ ကျနော်က မန္တလေးတက္ကသိုလ်တပ်ဦး၊ တကသ သမဂ္ဂ- အမှုဆောင်။ အဖွဲ့တွေချင်းဆက်သွယ်ဆောင်ရွက်ကြတဲ့ ထုံးစံရှိပါတယ်။ တက္ကသိုလ်- ကောလိပ်ပေါင်းစုံယဉ်ကျေးမှုနဲ့ အားကစားပွဲတော်ဆိုတာ တော်တော်ကျယ်ပြန့်ခဲ့ပါတယ်။
မောင်လင်းယုန်က ရန်ကုန်တက္ကသိုလ် ကလောင်အသင်းရဲ့ ဥက္ကဌအဖြစ်ဆောင်ရွက်ဖူးသလို မောင်စွမ်းရည်ကလဲ မန္တလေးတက္ကသိုလ်ကလောင်ရှင်၊ အသင်းရဲ့အတွင်းရေးမှူးတာဝန်ယူခဲ့ဖူပါတယ်။ ဒါ့ကြောင့်စာပေသမားချင်းဆိုတဲ့ အနေနဲ့ သိရှိရင်းနှီးသွားကြတာလဲ ပါခဲ့ပါတယ်။ အထူးသဖြင့် သူက ရန်ကုန်တက္ကသိုလ်ကျောင်းသားသတင်းထောက်အဖြစ် လူထုဒေါ်ဒေါ်နဲ့ အဆက်အသွယ်များခဲ့ပြီ။ လူထုသတင်းထောက်ဘဝကတဆင့် စာပေလောက ဝင်ရောက်လာခဲ့သူလို့လဲ ဆိုနိုင်ပါတယ်။ ဒါ့ကြောင့်မောင်လင်းယုန်နဲ့ မောင်စွမ်းရည်တို့ဟာ “တပ်ဦးညီအကို” “တ-က-သညီအကို” ဖြစ်တဲ့အပြင် “လူထုညီအကို” လို့လဲ ဆိုနိုင်ပါတယ်။
သူက ၁၉၃၃- ဖေဖေါ်ဝါရီ ဖွား။ ကျနော်က ၁၉၃၇ ဖေဖေါ်ဝါရီ ဖွား။ သူက- ၄နှစ်လောက် ကျနော့်ထက်ကြီးလို့ တက္ကသိုလ်ကိုလဲ စောရောက်ပါတယ်။ တက္ကသိုလ်မရောက်ခင် ရန်ကုန်ဆရာအတတ်သင် သိပ္ပံမှာလဲ စာရေးဆရာမင်းကျော်နဲ့အတူ တက်ခဲ့ဖူးလို့ ဒီပလိုမာဘွဲ့ရပြီး ရှမ်းပြည် ပင်းတယမြို့မှာ ကျောင်းဆရာလုပ်ဖူးတယ်။ ဆရာဒဂုန်တာရာ၊ ဆရာမင်းကျော်၊ ဆရာတင်မိုးတို့နဲ့ ရှမ်းပြည်စာပေခရီးမှာ မောင်လင်းယုန်လဲအတူပါခဲ့တယ်။ သူထမင်းစားတဲ့ အိမ်ကညီမတွေက ကျနော်တို့ကို ထမင်းစားကျွေးတယ်။ “ငါတို့နာမယ် တယောက်စီကို ခေါ်စမ်း” လို့ ညီအမတွေက သူ့ကိုခေါ်ခိုင်းတော့ သူက တယောက်မှ မခေါ်နိုင်လို့ သူ့ကို ဝိုင်းပြီး ဂလိထိုး၊ ကျောကုန်းကို ထု စသဖြင့် “နှိပ်စက်” ကျပါတယ်။ သူကလဲ ရယ်ဖြဲဖြဲနဲ့ ခေါင်းငုံ့ခံနေရရှာပါတယ်။ တကယ်ပဲတယောက်ကိုမှ မမှတ်ပါဘူးတဲ့။
သူဆရာအတတ်သင်သိပ္ပံက ဒီပလိုမာဘွဲ့ရခဲ့တာက ၁၉၅၁ ခုနှစ်တဲ့။ ပင်းတယမှာ တနှစ်ပဲလုပ်ခဲ့တာပါ။ ၁၉၅၄ မှာ အလုပ်ထွက်ပြီး ရန်ကုန်တက္ကသိုလ်ကို ပြန်တက်။ နိုင်ငံတကာဆက်ဆံရေးဘာသာနဲ့ ဘွဲ့ရပြီး ရန်ကုန်၊ တက္ကသိုလ်ဘာသာပြန်နဲ့ စာအုပ်ထုတ်ဝေရေးဌာန- ဆရာကြီးမင်းသုဝဏ်နဲ့ ဆရာဦးတင်အေး( တင်အေးရှမ်းပြည်) တို့ရဲ့ လက်အောက်မှာ ဘာသာပြန် စာပြု အလုပ်ဝင်လုပ်သတဲ့။ စာရေးဆရာ ကျော်အောင်၊ မင်းကျော်၊ မင်းလှညွှန့်ကြူးစတဲ့ သူငယ်ချင်းတွေနဲ့ အတူဝင်လုပ်တာ ၁၉၆၀ထိပါ။ နောက်- အဲဒီအလုပ်ကထွက်ပြီး ဆိုဗီယက်သံရုံး၊ ပြန်ကြားရေးဌာနမှာ ဘာသာပြန်အရာရှိဝင်လုပ်တာ ၁၉၉၀ထိ။
စာရေးဆရာဖြစ်လာတာကတော့ ရန်ကုန်တက္ကသိုလ်သတင်းထောက်အဖြစ်နဲ့ လူထုဒေါ်အမာနဲ့ ဆက်သွယ်မိရာက စပြီးလူထုဒေါ်အမာရဲ့ အားပေးမှုနဲ့စာရေးဆရာဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။ ကျနော်တို့ကတော့ သူ့ကိုရန်ကုန်တက္ကသိုလ်ကလောင်အသင်းရဲက ဥက္ကဌ အဖြစ်သိတာပါ။ ကျောင်းသားခေါင်းဆောင်ကိုဘသောင်းတို့၊ ကိုဇော်ဝင်းတို့၊ ရခိုင်ကိုသာဘန်းတို့ ၊ မြန်မာအသံ ကျော်ဦးကိုနဲ့ တွဲပြီး တွေ့ဆုံသိကျွမ်းခဲ့ရတာပါ။ ကိုမင်းကျော်တို့နဲ့ တွဲပြီး ဆရာအတတ်သင်စာစောင်မှာလဲ ကလောင်သွေးခဲ့ဖူးပြီး တက္ကသိုလ်ရောက်တော့ အိုးဝေမဂ္ဂဇင်းမှာ ကလောင်သွေးခဲ့ကြောင်းလဲ သိရပါတယ်။ သူက ပြဇာတ်တွေလဲရေး ကဗျာတွေလဲရေးပါတယ်။ ရုပ်ရှင်မင်းသား မြတ်လေးတို့နဲ့အတွဲပါ။ သူတို့နဲ့တွဲပြီး ကဗျာတွေ၊ ပြဇာတ်တွေရေးခဲ့ပါတယ်။ ကျနော်တို့ မန္တလေးတက္ကသိုလ်မှာက “ရေနီမြောင်း” ပဲ ရေရှိတာမဟုတ်လား။ ဒါကြောင့် “ရေနီမြောင်း တေးသံ” ကဗျာများဆိုပြီး ထုတ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ကိုမြတ်လေးတို့က သီချင်းရေး၊ မာမာအေးက သီချင်းဆိုတဲ့ ကာလမှာ ကျနော်တို့ကလဲ ငြိမ်းချမ်းရေး ကဗျာတွေရေးကြပါတယ်။ မောင်လင်းယုန်တို့က “စစ်မုန်းသူ” ကဗျာများ စာအုပ်ကို မင်းလှညွှန့်ကြူးတို့နဲ့အတူ စုပေါင်းထုတ်ခဲ့ပါတယ်။ တက္ကသိုလ်ချင်းဆက်စပ်လှုပ်ရှားကြတာပါ။
မောင်သာနိုး၊ တင်မိုး၊ မောင်စွမ်းရည်တို့ ရန်ကုန်ပြောင်းကတော့ “ရဲဘော၊ ရေးဘော်” အဖြစ် ကြိုဆိုခဲ့ပါတယ်။ ဆရာမန်းမောင်တင်အောင် ထောင်ကလွတ်ချိန်မှာ တခါ-ကျနော်တို့တတွေကို သူ့အိမ်မှာ ထမင်းဖိတ်ကျွေးခဲ့ဖူးပါတယ်။ ဆရာဒဂုန်တာရာ၊ ဆရာဗန်းမော်တင်အောင် စတဲ့လူကြီးများပါတာ သတိရမိပါတယ်။ ကျနော်တို့ရောက်လာပြီး မကြာခင် ၁၉၇၈ တကြိမ်၊ ၁၉၈၈တကြိမ် ဖမ်းဆီးထောင်ချခံရပါသေးတယ်။ ဗိုလ်ချုပ်အောင်ဆန်းကတော် အမေ ဒေါ်ခင်ကြည်ရဲ့ ဈာပနမှာ အမေလူထုဒေါ်အမာလာတော့ မောင်သာနိုး၊ တင်မိုး၊ ကိုသိန်းတင်၊ ပန်းချီယဉ်မင်းပိုက်တို့နဲ့ အတူ မောင်လင်းယုန်လဲ လူထုသားသမီးတယောက် အဖြစ်နဲ့ကြိုဆိုပါတယ်။ ဒေါ်ဒေါ်က လူထုမိသားစုအနေနဲ့ ပန်းခွေတခု၊ အထက်ဗမာနိုင်ငံစာရေးဆရာအသင်းအနေနဲ့ ပန်းခွေတခု-ပါလာခဲ့တာကို ကိုမောင်လင်းယုန်လာ ဆီးကြိုယူတော့ ကျနော်က “ဟေ့-အထက်ဗမာနိုင်ငံစာရေးဆရာသင်း ပန်းခွေကို မဆိုင်သူ မကိုင်ရ” ဆိုပြီး သူ့လက်က လုယူခဲ့တာကို အမှတ်ရနေမိပါတယ်။
ကျနော်တို့ကို ထမင်းဖိတ်ကျွေးတုန်းက ပြည်လမ်းပေါ်က ရပ်ကွက်တခုမှာပါ။ ကျနော်ကရောက်စဆိုတော့ နေရာမမှတ်မိတော့ပါ။ နောက်တော့ တရုတ်-ရုရှားဂိုဏ်းကွဲကြတော့ ဆိုဗီယက်သံရုံးက လျော်ကြေရလို့ပဲ ထင်တယ်။ သူရော မုံရွာတင်ရွှေတို့ပါ အင်းစိန်ဘက်မှာ မြေကွက်ရော အိမ်ပါဝယ်လိုက်ကြပါတယ်။ အဲဒီကာလက ဆရာဒဂုန်တာရာနဲ့ ဆရာလင်းယုန်မောင်မောင်တို့ ဦးဆောင်တဲ့ အုပ်စုကို ဆရာနတ်နွယ်တို့ကို “ဂုန်-ယုန်” ဂိုဏ်းလို့ခေါ်ပြီး တို့ကနန်းဆိန်ကနန်းရေးနေတဲ့ကာလ။ ကျနော်က ဆရာနတ်ကို “အပစ်ခတ်၊ အညစ်အပတ်” လို့ရေးခဲ့တာကိုး။ ဆရာမြသန်းတင့်က “အထစ် အဖြတ်” လို့ ပါ ဆက်လိုက်ဖို့ ကောင်းတာလို့ ဆိုတဲ့ဟာကို သတိရမိပါတယ်။ မောင်လင်းယုန်က “ဂုန်-ယုန် ဂိုဏ်းသားပါ။ ကျနော်ဆီးရောဂါနဲ့ ကျောက်ကပ်ဆေးရုံတက်ရဖူးတယ်။ မကြာခင် မောင်လင်းယုန်လဲ ကျောက်ကပ်ဆေးရုံတက်ရတော့ ကျနော် ဆေးဝယ်ပေးခဲ့ဖူးတာလဲ သတိရမိပါတယ်။ မောင်လင်းယုန်ဟာ “လင်းယုန်” ဆိုပေမယ့် “ယုန်” ဆိုရင် ပိုကောင်းမယ် လို့ ဆိုချင်ပါတယ်။ သူက ပြုံးပြုံး- နဲ့ အလွန်သဘောကောင်းသူပါ။ အလွန်သည်းခံတတ်ပါတယ်။ သူ့အမည်ရင်းက ကိုမြင့်ဦးတဲ့။ တချို့က ဝှမ်းမြင့်ဦးလို့ ခေါ်ကြပါတယ်။ ကျနော်တို့ကတော့ ကိုမြင့်ဦး လို့ခေါ်တဲ့အခါ ခေါ်ခေါ် “ကိုလင်းယုန်” လို့ခေါ်တဲ့ အခါခေါ်ပါတယ်။
သူဟာ သူတပါးကိုလဲ အကူအညီပေးတတ်ပါတယ်။ ကျနော်တို့ ရန်ကုန်ရောက်ချိန်- ၁၉၇၀ နောက်ပိုင်းမှာ လူငယ်တွေ အထူးသဖြင့် အင်းစိန်တက်က လူငယ်တွေကို စုစည်းပြီး နိုင်ငံတကာစာပေတွေကို ဟောပြောပို့ချနေတာတွေ့ရပါတယ်။ သူ့သင်တန်းကို “ဂန္ထဝင်ပျိုးခင်း” လို့ အမည်ပေးထားပါတယ်။ သူရေးတဲ့နောက်ဖုံးစာလို့ထင်ရတဲ့ ဒေါ်ဒေါ်လူထုဒေါ်အမာ အသက်၉၀ပြည့်ပွဲအတွက် ရေးပို့တဲ့စာကို -၂၀၀၅ နိုဝင်ဘာ ၂၉ “လူထုအမေနှစ်၉၀” ဆိုတဲ့ စာအုပ်မှာ ဖတ်လိုက်ရပါတယ်။ ကဗျာကိုလိုလားသူများလဲပါပါတယ်။ အမေလူထုဒေါ်အမာရဲ့ စိတ်ထား ယုံကြည်ချက်၊ ဇွဲသတ္တိတို့ကို အတုယူကြဖို့ ရေးထားတဲ့ စာဖြစ်ပါတယ်။
၂၀၁၆ ဖေဖေါ်ဝါရီ ၂၆ မှာ ကဗျာဆရာမောင်လင်းယုန် (ရှမ်းပြည်) ကွယ်လွန်ခဲ့ရှာပါပြီ။ ကျနောတို့ရဲ့ တပ်ဦး တကသ ရဲဘော်၊ လူထု မိသားစုဝင် မောင်လင်းယုန်(ရှမ်းပြည်) ဟာ ရိုးသားဖြောင့်မတ်ပြီး၊ သူတပါးကို ကူညီတတ်သူအဖြစ် တသက်လုံးရုပ်တည်သွားခဲ့ပါတယ်။ ဒါကြောင့် ကောင်းရာသုဂတိကိုရောက်မှာ မလွဲပါလို့ ယုံကြည်ပါကြောင်း၊ (မောင်လင်းယုန်(ရှမ်းပြည်) ကွယ်လွန်တာကို ခင်မောင်ကြီး (ရှမ်းပြည်)က သတင်းပေးလို့ သိရပါတယ်။
ရဲဘော်၊ ရေးဘော်
မောင်စွမ်းရည်