အုန်းနိုင် - ၁၉၉၁ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်အား အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ
ထုတ်ပယ်ခြင်း (၁၁)
(မိုးမခ) ဇူလိုင် ၁၂၊ ၂၀၁၅
(မိုးမခ) ဇူလိုင် ၁၂၊ ၂၀၁၅
• ဗဟိုအလုပ်အမှုဆောင်တဦးနှင့် တိုင်းစည်းရုံးရေးအဖွဲဝင်တဦးအား အိမ်ပေါ်မှမောင်းချခြင်း
မြို့ ပြန်ရောက်ပြီး မကြာခင်မှာပဲ ပြည်မြို့နယ်စု ပုံမှန်အစည်းအဝေးတက်ဖို့ ဖိတ်စာရောက်လာပါတယ်။ ပြည်အစည်းအဝေးနေ့
မတိုင်ခင် မှာ တော့မမျှော်လင့်ပဲ ဗြုန်းခနဲ ဗဟိုအလုပ်အမှုဆောင် ဦးမြလေးနဲ့ တိုင်းစည်းရုံးရေးကော်မတီ ဦးပိုက်ခြုံတို့ ကျ နော့် အိမ်ရောက်လာပါတယ်။ သူတို့ရောက်ချိန်က နေ့လည် (၁) နာရီလောက်ပါ။ အဲဒီနေ့မှာ ကုလသမဂ္ဂလူ့အခွင့်အရေး တာဝန်ခံ ပါမောက္ခ ယိုကိုယိုဇိုတာ ရန်ကုန်ရောက်မယ်ဆိုတဲ့သတင်းတွေကလည်း သတင်းစာတွေမှာပါလာတယ်။ ယိုကိုယိုဇို
တာလို ကုလသမဂ္ဂတာဝန်ခံတယောက် ရန်ကုန်ရောက်လာချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် တဦး ဟာ ဘာကြောင့်ရန်ကုန်မှာ ရှိမနေပဲ ကျနော်တို့မြို့ကလေးကို ရောက်လာရတာလဲလို့ အတော်လည်း အံ့သြမိပါတယ်။ သံသယလည်း ရှိပါတယ်။ တမင်များရှောင်နေသလားလို့ အထင်လည်းသေးမိပါတယ်။ အရင်ကတည်းက ဗဟိုအလုပ်အမှု ဆောင်တွေအပေါ် အထင်မကြီးခဲ့တာတွေလည်း ပါမှာပေါ့လေ။
ဧည့်ခံပြီး စကားနဲနဲပြောမိပြီး မေးမိပါတယ်။ မနက်ဖြန် ပြည်မှာကျင်းပမဲ့အစည်းအဝေးကိုလာရင်း ၀င်လာတာလားလို့ မေး တော့ “မဟုတ်ဘူး။ ဒီမှာပဲ မနက်ဖြန် အစည်းအဝေးလုပ်မယ်။ ပေါင်းတည်နဲ့ သဲကုန်း နှစ်မြို့နယ် အမှုဆောင်နှစ်ဖွဲ့ စုံညီအ စည်းအဝေးလို့ ပြောပါတယ်။ ကျနော်ရန်ကုန်ရောက်ခဲ့စဉ်က ဦးမြလေးရဲ့ပြောပြချက်အရ ဗဟိုအလုပ်အမှုဆောင်တဦး နယ် ထွက်ရင် ထောက်လှမ်းရေးကို အကြောင်းကြားပြီးမှထွက်ရတာမို့ နယ်ထွက်ရတာ တာဝန်ကြီးကြောင်းသိထားတော့ အခု ခရီးထွက်လာတာနဲ့ ပေါင်းတည်မှာ နှစ်မြို့နယ် အစည်းအဝေးပါလုပ်မယ်ဆိုတော့ တော်တော်ကို အံ့သြမိပါတယ်။ ပေါင်း တည်မြို့ နယ်ရဲ့ စည်းကော်မတီကိုတော့ မနက်ဖြန် (၁၀) နာရီမှာ အစည်းအဝေးခေါ်ပေးမယ်။ သဲကုန်းမြို့ နယ်စည်းကော်မတီ ကိုတော့ ဒီလောက်အချိန်ကပ်ပြီး အစည်းအဝေးခေါ်ပေးဖို့ အခက်အခဲရှိတယ်။ လတ်တလောအခြေအနေအရ ကိုယ့်မြို့ နယ်ရဲ့အစည်းအဝေးကိုတော့ သက်ဆိုင်ရာအာဏာပိုင်နဲ့ ထောက်လှမ်းရေးကို အသိမပေးပဲ ခေါ်ပေးနိုင်ပေမဲ့ တခြားမြို့နယ် ရဲ့ကိစ္စကိုတော့ ခေါ်မပေးနိုင်ဘူး။ နောက်ဆက်တွဲပြဿနာလည်း တာဝန်မယူနိုင်ဘူးလို့ ပြောလိုက်ပါတယ်။
ဦးမြလေးက သဲကုန်းမြို့ နယ် စည်းကော်မတီကို သူတို့ရန်ကုန်ကတည်းက အကြောင်းကြားလာခဲ့ပြီ။ သက်ဆိုင်ရာ အာဏာ ပိုင်နဲ့ ထောက်လှမ်းရေးကိစ္စကိုလည်း သူတာဝန်ယူတယ်လို့ ပြောပါတယ်။ ပြီးတော့ သူဆက်ပြောတာက ဥက္ကဌကြီး ဦး အောင်ရွှေက သူ့ကို ပေါင်းတည်သွားဖို့ တမင်ညွှန်ကြားလို့ လာတာဖြစ်ကြောင်းနဲ့ ဒီကိစ္စဟာ ပေါင်းတည်မြို့ နယ်စည်းကော်မ တီကိုသာမက သဲကုန်းမြို့ နယ်စည်းကော်မတီကိုပါ အသိပေးဖို့ကိစ္စဖြစ်တယ်လို့ ပြောပါတယ်။ ဒီတော့ ကျနော်သဘောပေါက် သွားပါပြီ။ ရန်ကုန်မှာ ကျနော် ဦးမြလေးတို့ကိုပြောခဲ့တာတွေ၊ ဦးထွန်းကြိုင်ကိုပြောခဲ့တာတွေ ဦးအောင်ရွှေဆီရောက်သွားပြီ။ ပစ်မှတ်ကို တိုက်ရိုက်ထိသွားတော့ ကျနော့်ရဲ့ပြောစကားတွေကို သူတို့အရေးယူဆောင်ရွက်ရတော့မယ်လို့ ဆုံးဖြတ်လိုက် ကြပုံရပါတယ်။ ဒီမှာ ကျနော့်ရဲ့ ပြောစကားတွေ၊ ဗဟိုအလုပ်အမှုဆောင်ကို စွဲဆိုထားတာတွေကို သူတို့က ပြန်ဖြေရှင်းမှာ လား။ ဒါမှမဟုတ် ကျနော့်ကို ဗဟိုဆန့်ကျင်ရေးသမားလို့ ကျနော့်မြို့ နယ်ကော်မတီရှေ့ မှာ စွဲချက်တင်မှာလား။ သဲကုန်းမြို့ နယ်ကော်မတီကိုပါ ခေါ်ထားတယ်ဆိုတော့ တကယ်လို့ ကျနော့်မြို့နယ်က ကျနော့်ဘက်ကခုခံရင်တောင်မှ သဲကုန်းက မဲတင်းပေးဖို့လား၊ ဒါမှမဟုတ် ကျနော့်သြဇာဟာ သဲကုန်းမြို့နယ်ကိုပါ သက်ရောက်နေမှာမို့ ဒီသြဇာသက်ရောက်မှုကို ဖယ် ရှားပြီးဖြစ်အောင် နှစ်မြို့ နယ်ရဲ့ စည်းရုံးရေးကော်မတီတွေကို စုံညီခေါ်ထားတာလား။
သူနဲ့ စကားပြောနေစဉ်မှာပဲ ‘‘လား” ပေါင်းမြောက်များစွာနဲ့ မေးခွန်းတွေ တသီကြီး ကျနော့်ခေါင်းထဲမှာပေါ်လာပါတယ်။ ဒီအချိန်မှာ ဦးမြလေးကလည်း စကားဆက်ပြောနေပါတယ်။ ပြည်မှာကျင်းပမယ့် မြို့နယ်စုအစည်းအဝေးကိုလည်း ရက်ရွေ့ လိုက်တယ်။ ဥက္ကဌကြီး ဦးအောင်ရွှေရဲ့ မှားကြားချက်တွေကို ပြည်မြို့မှာလည်း စည်းရုံးရေးကော်မတီဝင်အားလုံး၊ တခြားမြို့နယ်တွေရဲ့ စည်းရုံးရေးကော်မတီဝင်တွေအားလုံးကို တင်ပြမှာဖြစ်တယ် .. စတာတွေပေါ့လေ။ သူ့စကားအရ ကျနော့်ကို စွဲချက်တင်တော့မယ်။ အပုပ်ချတော့မယ်။ ကျနော့်မြို့နယ်စည်းရုံးရေးကော်မတီဝင်တွေရှေ့မှာ ခင်ဗျားတို့ဥက္ကဌက ဒီလိုမျိုး ဗဟိုကိုဆန့်ကျင်တဲ့လူမျိုး၊ ခင်ဗျားတို့လက်မခံနဲ့တော့။ ဥက္ကဌကြီး ဦးအောင်ရွှေကိုယ်တိုင်းက သူ့ကိုမနှစ်သက်တော့ ဘူး။ ဒီတော့ ခင်ဗျားတို့ဥက္ကဌနဲ့ ခင်ဗျားတို့လမ်းခွဲကြပေတော့လို့ ပြောတော့မဲ့သဘောက ပေါ်လွင်လာပါတယ်။
ကျနော် ခဏစဉ်းစားလိုက်တယ်။ ဒီအချိန် (နေ့လည် ၁ နာရီခန့်) ကစပြီး မနက်ဖြန်ခါ အစည်းအဝေးမစခင်အထိ ကျနော်နဲ့ ဦးမြလေးတို့ဟာ သူ့ကို ဧည့်ခံကျွေးမွေးပြီး တချိန်လုံး ဒီအကြောင်းတွေကိုပဲပြောနေရရင် သူကလည်း ကျနော့်ကို စွပ်စွဲတဲ့ စကားပဲပြောမယ်။ ကျနော်ကလည်း ကျနော်မှန်တယ်လို့ဖြေရှင်းမယ်။ ကျနော် သူ့အပေါ် ဘယ်လောက်အထိ သည်းခံပြီး ဧည့်သည်ကို ဧည့်ခံနေတဲ့ အိမ်ရှင်လို ဆက်ဆံနိုင်မလဲ။ ပြီးတော့ ကျနော့်မှာ သူနဲ့ပတ်သက်တဲ့ ကြိုတင်ခံယူထားတဲ့ ခံစား ချက်တွေရှိတယ်။
ဒီနေရာမှာ အရင်အထက်တန်ေးကျာင်းအုပ်လုပ်တုန်းက အဖြစ်အပျက်တခုကို သွားပြီးသတိရမိတယ်။ ခပ်ဆိုးဆိုး ကျောင်း သားဟောင်းတယောက် ကျောင်းပြန်လက်ခံရေးကိစ္စပါ။ ဒီကောင်းသားက ကိုးတန်းနှစ်ခါကျလို့ ကျောင်းထွက်နေရပြီး ပြင်ပ နေ န၀မတန်းအောင်လာတော့ သူက ကျောင်းပြန်ဝင်ချင်တယ်။ ကျနော်က လက်မခံဘူး။ သူ့အဖေကိုယ်တိုင် လာပြောတယ်။ အရင်န၀မတန်းကျောင်းသားဘ၀မှာတုန်းက ကျောင်းစည်းကမ်းလိုက်နာရေးကိစ္စတခုမှာ သူ့အဖေကိုတာဝန်ယူခိုင်းခဲ့တော့ သူ့ကို မတရားလိုက်နာခိုင်းတယ်လို့စွပ်စွဲပြီး တာဝန်မယူဘူး။ သူ့အမေက လာပြီးတာဝန်ယူကြောင်း လက်မှတ်ထိုးခဲ့ရတယ်။ အဲ့ဒီလိုသမိုင်းကြောင်းရှိခဲ့လို့ ကျနော်က ကျောင်းမှာလက်မခံတာပါ။ သူ့အဖေက ဒါဟာ အခြေခံဥပဒေပါ ပညာသင်ယူခွင့်ကို ပိတ်ပင်တာမို့ သူမခံနိုင်ဘူးလို့ပြောပါတယ်။ နောက်ဆုံတော့ သူက ဒီကိစ္စကို တိုင်းပညာရေးမှူးရုံးကို တိုင်ပါတယ်။ တိုင်းပ ညာရေးမှူးကလည်း ကျောင်းသားမိဘက အခြေခံဥပဒေတို့ ဘာတို့စကားတွေ ကိုးကားလာတာရယ်၊ ဒီလူက နိုင်ငံရေးသ မားတယောက်မို့ လေတလုံး မိုးတလုံး လုပ်တာရယ်ကြောင့် ကျနော့်ကို တယ်လီဖုန်းဆက်ပြီး ဒီကျောင်းသားကို လက်ခံလိုက် ဖို့ ညွှန်ကြားပါတယ်။
ကျနော်က တယ်လီဖုန်းနဲ့ညွှန်ကြားတာကို လက်မခံနိုင်ပါ။ ဒါကြောင့် ပီအီး (အကြို) စစ်ဆေးဖို့ ဖြစ်လာပါတယ်။ တိုင်းပညာ ၀န် (စစ်ဆေး) လာမယ်။ ကြိုဆိုပါပေါ့။ တိုင်းပညာဝန် ဦးသာနုက ပီအီးစစ်ဆေးဖို့ ပေါင်းတည်ကို လာပါတယ်။ ကျနော်က ကြိုဆိုပါတယ်။ နေရာထိုင်ခင်းပေးပြီး ကျွေးမွေးဧည့်ခံရပါတယ်။
ဒီမှာ တိုင်းပညာ ဦးသာနုက ကျနော့်ကို ကြိမ်းမောင်းပါတော့တယ်။ ခင်ဗျား သိပ်အလုပ်ရှုပ်အောင်လုပ်တဲ့သူ။ တိုင်းကပြော တာကို နားမထောင်ဘူး။ ခင်ဗျားကြောင့် ကျနော်တို့ အပိုအလုပ်တွေ လုပ်နေရတယ်ပေါ့။ အတော်ကြာအောင် ကျနော် ဘာမှပြန်မပြောပါဘူး။ ပြန်မပြောတော့ သူက ပိုတင်းလာတယ်။ ဒီတော့ ကျနော်က ပြန်ပြောလိုက်ပါတယ်။ “ဆရာကြီး ကျနော့်ကို ပီအီးစစ်မှာလား။ မစစ်ပဲ အပြစ်တင်မှာလား။ မစစ်ပဲ အပြင်တင်နေတာတော့ ကျနော် စောင့်နားမထောင်နိုင်ဘူး။ ခင်ဗျား ပီအီးစစ်တော့မှ ခေါ်လိုက်တော့” လို့ပြောပြီး သူ့ကို ကျောင်းမှာထားခဲ့ပြီး အိမ်ကို ပြန်ခဲ့ပါတယ်။ ဒါကို သွားအမှတ် ရတယ်။ အခုကိစ္စကြတော့ ကျနော်က ဦးမြလေးတို့ကိုထားပြီး ဘယ်သွားနေရမလဲ။ တိုင်းပညာဝန်တုန်းကလို ကျောင်းမှာထား ခဲ့ပြီး အိမ်ပြန်နေလို့လည်း မရ။ ဒီတော့ ကျနော်ဆုံးဖြတ်လိုက်တယ်။ ကျနော့်ဆုံးဖြတ်ချက်ကိုလည်း ဦးမြလေးနဲ့ ဦးပိုက်ခြုံကို အေးအေဆေးဆေး ပြောပြလိုက်ပါတယ်။
“ကျနော် ..ဒီမြို့ နယ်စည်းရုံးရေးကော်မတီအစည်းအဝေးကို မနက်ဖြန်မနက် (၁၀) နာရီမှာ အဖွဲ့ ချုပ်ရုံး (ကျနော့်အိမ်နဲ့ သုံး အိမ်ကျော်) မှာ ခေါ်ပေးမယ်။ ဒီအစည်းအဝေးဟာ ကျနော့်မြို့နယ်က လူအများရှေ့မှာ ကျနော့်ကိုအပုပ်ချမယ်ဆိုတာ ကျ နော်မှန်းမိနေပြီ။ ကျနော့်မြို့နယ်ကလူများ လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်အောင် ခင်ဗျားတို့လည်း လွတ်လွတ်လပ်လပ် စွပ်စွဲနိုင်အောင် အဲဒီအစည်းအဝေးကို ကျနော်မတက်ဘူး။ ကျနော်ရှိနေရင် အားနာနေကြမှာစိုးလို့။ ဒီတော့ ဦးမြလေးနဲ့ ဦး ပိုက်ခြုံတို့လည်း မနက်ဖြန် (၁၀) နာရီကျမှ အစည်းအဝေးကျင်းပမယ့် အဖွဲ့ချုပ်ရုံးကိုလာကြပါ။ အစည်းအဝေးမတိုင်ခင် ကျ နော်ဧည့်ခံမနေနိုင်လို့ ကျနော့်အိမ်လည်း မတည်းပါနဲ့” လို့ ပြောလိုက်ပါတယ်။ ဒီတခါ အထိတ်တလန့်ဖြစ်သွာကြသူများက တော့ ဦးမြလေးနဲ့ ဦးပိုက်ခြုံပါ။“ဘာဖြစ်လို့ ဦးအုန်းနိုင်အိမ်မှာ မတည်းရမှာလည်း။ ကျနော်တို့က ဘယ်မှာတည်းရမှာလည်း..”လို့ ဦးမြလေးက မေးပါတယ်။ ကျနော်က “ကျနော့်အိမ်မှာ မတည်းဖို့ပါပဲ။ ခင်ဗျားတို့ တခြားဘယ်အိမ်မှာ တည်းတည်းရပါတယ်” လို့ပြောပြီး ဆိုက်ကားတစီးခေါ်ပြီး ဆိုက်ကားပေါ်တင်ပေးလိုက်ပါတယ်။ သူတို့သွားချင်တဲ့နေရာလိုက်ပို့လိုက်ပါလို့ပြောပြီး ဆိုက်ကားခပါ ပေးလိုက်ပါတယ်။
ဒါကို ကျနော်က သူတို့နှစ်ယောက်ကို အိမ်ပေါ်က မောင်းချတယ်လို့ နောက်တော့စွပ်စွဲပါတယ်။ ဒီနောက် မနက်ဖြန်မနက် (၁၀) နာရီမှာ မြို့ နယ်စည်းရုံးရေးကော်မတီအစည်းအဝေးဖိတ်စာ ထွက်လိုက်ပါတယ်။ ဖိတ်စာနဲ့အတူ ကျနော်အစည်းအဝေး ပျက်ကွက်မှာကိုလည်း ခွင့်ပြုဖို့စာပါ တပါတည်း ထည့်ပေးလိုက်ပါတယ်။ ညကျတော့ ကော်မတီဝင်တချို့ ကျနော့်အိမ်ကို ရောက်လာပြီး မေးကြ မြန်းကြလို့ ကျနော်က အကျိုးအကြောင်းကို ခပ်တိုတိုရှင်းပြလိုက်တယ်။ အားလုံး အစည်းအဝေးမပျက်
မကွက်တက်ကြဖို့ကိုလည်း ထပ်မှာကြားလိုက်ပါတယ်။ ။