လင်းအေးထင် - စူးစမ်းမိတဲ့ငနုံ -၂
(နှင်းဆီဖြူဂျာနယ်)
(မိုးမခ) မတ်လ ၁၈၊ ၂၀၁၆
ချ မရေးဖြစ်ပေမယ့်
နရီကျန ဆွတ်ပျံ့ဖွယ် အလှသဘောဆောင်တဲ့
ကဗျာတပုဒ်ကို ရရှိနှင့်လေသူတဦးရဲ့ ကျေနပ်နှစ်လိုမှုမျိုးနဲ့
ကျနော်ဟာ သက်သောင့်သက်သာပဲ နံရံကို အသာမှီတွယ်
အကြောအခြင်တွေ ပြေလျော့လို့နေတယ်။
အားကစားကွင်းနံရံက အင်္ဂတေအပဲ့တွေ အက်ကြောင်းရာတွေ
ရေညှိစိမ်း အစွန်းအထင်းတွေဟာ
တစုံတရာကို သတိရမိစေအောင် လှုံ့ဆော်နေသမို့
ပျင်းရိငြီးငွေ့မှုထဲ မျောနစ်နေတဲ့ ကျနော်
လိုက်လံ မတွေးချင်ပေမယ့်လည်း တွေးခေါ်မြော်မြင်ရပြန်တယ်။
လမ်းပေါ်မှာ နွေဦးရဲ့ လေပွေဝဲဂယက် ဖြစ်ထွန်းနေသလား
မိုးရေကြောင့် လူးလွန့်နိုးထလာတဲ့ ရေစီးငယ်မှာ
အရွက်ငယ်အသေ တရွတ်တိုက် မျောပါနေသလား
ဒါမှမဟုတ် အုံ့ဆိုင်းတဲ့ မြူငွေ့တို့နဲ့
ဖျောက်ဆိပ်ပင်ရဲ့ အကိုင်းအရွက်တွေအကြားက
နေပြောက်တွေ တိုးထွက်လို့ မြေသားအပေါ်ကျရောက်နေသလား …
ကျနော် မသိဘူး သတိမထားမိဘူး၊
ကျနော့်အသိရဲ့ အလွန်မှာ ဒီအရာတွေအားလုံး
တပြိုင်တည်း ယှဉ်တွဲ ဖြစ်ထွန်းနေခြင်းမျိုးလည်း
ဟုတ်တန်ရာတယ်၊ ဘယ်လိုငြင်းမလဲ..။
ကျနော် စိတ်ကူးရင်း ပုံပေါ်လာပြီး
မျက်တောင်တချက် အခတ်မှာပဲ ပြိုကွယ်လွင့်ပြယ်ရတဲ့ အာရုံပြင်ထဲ
စိတ်ကို အသာဖော့ထားမိတယ်၊ ပေါလောပေါ်လေတဲ့
ရေမြှပ်ဖတ်ကို အိမ်မက်လို့ သညာပေးဖို့တော့ မပျက်ကွက်ခဲ့ဘူး။
သံဆန်ကာကွက် အရံအတားကို တင်းနစ်ဘောလုံးငယ်
တဒိုင်းဒိုင်းနဲ့ သွားသွားမှန်နေတယ်။
သံဆန်ကာနံရံ လှုပ်ခါမှုဟာ ကျနော့်နှလုံးသား
လှုပ်ရှားမှုရဲ့ စည်းချက်အတိုင်းပဲ။
လေပေါ်မြှောက်ပစ်လိုက်တဲ့ အဝါရောင်ဘောလုံးငယ်ဆီ
ဦးခေါင်းကို မော့ကြည့်နေခဲ့တဲ့ သူ့အကြည့်ဟာ
ကျမ်းစာအုပ်သဖွယ် လေးနက်မှုဆောင်လေသလား
ငှက်လိုက်မုဆိုးရဲ့ သေချာမှုနဲ့လား
အဓိပ္ပာယ် အတိအကျ မစွန်းထင်းတဲ့ ဗလာနယ်သက်သက်လား …
ကျနော့် စူးစမ်းလိုမှုဟာ
နာရီချိန်သီးသဖွယ် ယိမ်းနွဲ့လို့၊ သို့ပေသိ
သစ်သားအိုအိမ်ငယ်ထဲ ဘောင်ကွပ်ခံထားရတယ်။
သွယ်တန်းသောပေါင်တံတို့ နိမ့်ချီမြင့်လှည့် ဖြစ်နေမှုနဲ့အတူ
ရွေ့လျားလာတဲ့ ပြိုင်ဘီးငယ်ဟာ
မြက်ခင်းပြင်ကျယ်ထက် တမူထူးခြား သီးသန့်ဂုဏ်အင်ပိုင်ဆိုင်သော
လမ်းကြောင်းငယ် ဖြစ်တည်လာစေတယ်။
ငယ်စဉ်က ဟစ်အော်ခဲ့တဲ့ ကျနော့်အော်သံရဲ့
ပဲ့တင်ထပ်မှုဟာ မြက်ပင်ငယ်တို့ ပိပြားသွားရခြင်းမှာ
လိုက်လံ လှိုင်းထနေတယ်။
ကျယ်ပြန့်သော နှုတ်ခမ်းအစုံ
ညို့သော မှောင်သော မျက်ဝန်းအိမ်တို့
အိတ်ရဲ့ဇစ်ပ်ကို အသာဆွဲဖွင့်ရင်း ရက်ကက်ကို ထုတ်ယူပြီးဆို
ကျနော့်အိမ်မက်တို့ အကြိမ်ကြိမ်သေလို့
အကြိမ်ကြိမ် ပြန် မွေးဖွားလာတယ်။
သံသရာရှည်တဲ့ ဒီအိမ်မက်တို့ဟာ
သူ့လက်ကောက်ဝတ်ပေါ် စည်းပတ်ထားတဲ့
အဝတ်စအောက်မှာ မလွတ်မြောက်နိုင်
ပိတ်လှောင်ကာ အသာလဲလျောင်းနေရပေါ့။
ဟိတ် … ကြံရည်တိုက်ကြေးနော် …
ဒီသဘောတူမှုဟာ ကာလကိုလည်း လွန်ဆန်တယ်
ဒေသကိုလည်း သွေဖည်တယ်၊ ကျနော့်ထံပါး တိုးဝှေ့ချဉ်းနင်းလာတယ်
ကာလယန္တရား စက်အသံလို တုန်ခါနေသော
ကြံရည်ကြိတ်စက်ရဲ့ ဒလက်လည်သံတို့နဲ့ အတူလေ … ။
လင်းအေးထင်
(နှင်းဆီဖြူဂျာနယ်၊ အတွဲ ၂၊ အမှတ် ၇၊ မတ် ၂၀၁၆)
မိုးမခ မှတ်ချက် --
(ကဗျာများ၊ စာများကို နှစ်သက်ပါက ဂျာနယ်မူရင်းကို ဝယ်ယူဖတ်ရှုရန် အလေးအနက်ထား တိုက်တွန်းပါသည်။)
Credit: ကိုလင်းထင် (ကဗျာဆရာ လင်းအေးထင်) ၊ ကိုကြည်စိုး (ကဗျာဆရာ ဝေးခေါင်) ၊ နှင်းဆီဖြူဂျာနယ်