Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ဇာဝါရီ - ရွှေတံဆိပ်ဆု ဆွတ်ခူးမယ့် ဒုက္ခသည်များအသင်း

$
0
0

ဇာဝါရီ - ရွှေတံဆိပ်ဆု ဆွတ်ခူးမယ့် ဒုက္ခသည်များအသင်း
(မိုးမခ) မတ် ၂၂၊ ၂၀၁၆
ဒီတပတ် ခရီးသွားနေတုန်း ဖတ်ဖြစ်တဲ့ စိတ်ဝင်စားစရာ သတင်းတပုဒ်ကို ကောက်နုတ်မျှဝေလိုက်ပါတယ်။

စာဖတ်သူများ သိကောင်းသိကြမှာပါ ဒီနှစ် ၂၀၁၆ သြဂုတ်လ (၅) ရက်နေ့မှာ (၁၂၁) ကြိမ်မြောက် နွေရာသီ အိုလံပစ်ပွဲတော်ကို အိမ်ရှင်နိုင်ငံအဖြစ် ဘရားဇီးနိုင်ငံ (Brazil) ရီရို ဒီ ဂျင်နရိုမြို့  (Rio de Janeiro) မှာ ကျင်းပပြုလုပ်သွားဖို ပြင်ဆင်နေကြပါပြီ။

ဒီနှစ် ထူးခြားချက်က ပထမဦးဆုံးအကြိမ် နိုင်ငံမဲ့ ဒုက္ခသည်များနဲ့ ဖွဲ့စည်းထားတဲ့ အားကစားအသင်းတသင်း ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်။ အဲဒီအသင်းကို နိုင်ငံတကာ အိုလံပစ်ကော်မတီ (International Olympic Committee) က စုစည်းဖွဲ့စည်းပေးထားတာ ဖြစ်တယ်။

စစ်ဘေး၊ သဘာဝကပ်ဘေး၊ အကြောင်းအမျိုးမျိုးကြောင့် မိမိမွေးရပ်ဒေသကို စွန့်ခွါထွက်ပြေးပြီး နိုင်ငံတကာမှာ တရားမဝင် ခိုလှုံနေကြတဲ့ ဒုက္ခသည်များထဲက အားကစား ထူးချွန်ထက်မြက်ကြသူတွကို နိုင်ငံတကာ အိုလံပစ်ကော်မတီက ထောက်ပံ့ကူညီပေးပြီး အဲဒီထဲက အိုလံပစ်စံချိန်ဝင်မယ့် အားကစားသမားများကို ရွေးချယ်ပြီး Team ROA – Refugee Olympic Athletes - အိုလံပစ် ဒုက္ခသည် အားကစားသမားများ အသင်း ဖွဲ့စည်းပြီး ဒီနှစ် အိုလံပစ်ပွဲတော်မှာ ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်တယ်။

အခု ပဏာမ ရွေးချယ်ခံထားသူတွေကို သူတို့ ခိုလှုံနေတဲ့ နိုင်ငံတွေမှာ နိုင်ငံတကာအိုလံပစ်ကော်မတီ အစီအစဉ်များနဲ့ လေ့ကျင့်ပြင်ဆင်မှုတွေ လုပ်နေကြတယ်။ ဒီ ဒုက္ခသည်အသင်းက နိုင်ငံတကာမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည် သန်း (၂၀) ကို ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ကြောင်း အိုလံပစ်ကော်မတီ က ပြောဆိုတယ် (အဲဒီ သန်း (၂၀) ထဲမှာ စာရင်းဇယား အတိအကျမရှိ မိမိနိုင်ငံအတွင်း တောတောင်တွေထဲမှာ အိုးမဲ့အိမ်မဲ့ ခိုလှုံနေတဲ့ (IDP – Internally Displaced People) ကချင်၊ ကရင်၊ ရှမ်း၊ ရိုဟင်ဂျာ/ဘင်္ဂလီ အစရှိတဲ့ မြန်မာတိုင်းရင်းသားတွေလို ဒုက္ခသည်များ စာရင်းမပါသေး)။

အခုလက်ရှိ ပဏာမ ရွေးချယ်ထားတဲ့ အားကစားသမား (၄၃) ယောက်ရှိပြီး၊ အဲဒီအထဲက အကောင်းဆုံး အိုလံပစ် စံချိန်ဝင်မယ့် အားကစားသမား (၅) ယောက်ကနေ (၁၀) ယောက်အထိ နောက်ဆုံးစကာတင် ရွေးချယ်သွားမယ်လို့ နိုင်ငံတကာ အိုလံပ်ကော်မတီ ဥက္ကဋ္ဌ သောမတ်စ် ဘတ်ခ်ျ (Thomas Bach) က ပြောဆိုတယ်။ အိုလံပစ်ပြိုင်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ နောက်ဆုံးရွေးချယ်ခံရတဲ့ အားကစားသမားတွေကို အိုလံပစ်ကော်မတီက ခရီးစရိတ်၊ အသုံးစရိတ်၊ နည်းပြ စတဲ့ လိုအပ်ချက်၊ ကုန်ကျစရိတ်တွေကို နိုင်ငံတနိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် အားကစားသမားတွေလို အပြည့်အဝရရှိကြမယ်လို့ စီစဉ်သူတွေကဆိုတယ်။ ပြီးတော့ တခြားအားကစားသမားတွေနဲ့အတူ တန်းတူညီတူ အိုလံပစ်အားကစားသမားတွေရွာမှာ အတူနေထိုင်ခွင့်ရကြမှာဖြစ်ပြီး ဖွင့်ပွဲနေ့အခမ်းအနားမှာလည်း နိုင်ငံတကာပြိုင်ပွဲဝင် အားကစားသမားတွေနဲ့အတူ အိုလံပစ်ကော်မတီအလံကို ကိုင်ဆောင်ပြီး ဝတ်စုံပြည့် ပါဝင်ဆင်နွှဲကြပါလိမ့်မယ်။ သူတို့တတွေ ပြိုင်ပွဲမှာ ဆုရရှိပါက အိုလံပစ်အလံကို လွှင့်တင်ပြီး၊ အိုလံပစ်သီချင်း (https://youtu.be/q9gL33ze4RE) နဲ့ ဂုဏ်ပြုကြမှာပါ။

အခု ပဏာမရွေးချယ်ခံထားရတဲ့ အားကစားသမားတွေထဲမှာ လူသိန်းပေါင်းများစွာ သေကြေ၊ စစ်မီးတောက်လောင်နေတဲ့ ဆီးရီးယား (Syria) နိုင်ငံကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ ရေကူးချန်ပီယံ ယက်စ်ရ မာဒီနီ (Ysra Mardini) တယောက်လည်း ပါဝင်တယ်။ သူရဲ့  ရေကူးကျွမ်းကျင်မှုက ဆီးရီးယားနိုင်ငံကနေ မြေထဲပင်လယ် (Mediterranean) ကို ဖြတ်ကျော်ပြီး ထွက်ပြေးချိန်မှာ သူတို့စီးလာတဲ့လှေ များပြားလှတဲ့ လူတွေပစ္စည်းတွေကြောင့် နစ်မြုပ်တော့မယ့် အခြေအနေမှာ ပစ္စည်းတွေကို ရေထဲပစ်ချပေမယ့် ရေတွေက လှေဝမ်းထဲကို ဒလဟော ဝင်လာနေတာကြောင့်၊ နောက်ဆုံး မာဒီနီ၊ သူ့ညီမ နဲ့ တခြားရေကူးနိုင်သူတချို့  ရေထဲဆင်းပြီး ဂရိကျွန်နိုင်ငံ (Greek) လတ်စ်ဘိုစ် (Lesbos) ကမ်းခြေရောက်တဲ့အထိ (၃) နာရီကျော် ရေခဲမျှ အေးလှတဲ့ ရေပြင်ကြီးကို ကူးခတ်ပြီး လူပေါင်းများစွာရဲ့  အသက်ကို ကယ်နိုင်ခဲ့တယ်။

အဲဒီ ဂရိနိုင်ငံ လတ်စ်ဘိုစ်မြို့ ကနေတဆင့် ဥရောပနိုင်ငံတွေကို နေ့ည မိုင်ပေါင်းများစွာ လမ်းလျှောက်ဖြတ်ကျော်ပြီး ဂျာမဏီနိုင်ငံကို ရောက်သွားခဲ့တယ်။ အဲဒီမှာ နိုင်ငံရေး ခိုလှုံခွင့် ရရှိပြီး၊ အိုလံပစ်ကော်မတီ နဲ့ ဂျာမဏီ (Germany) အိုလံပစ်အသင်းတို့ရဲ့  ပံ့ပိုးကူညီမှုနဲ့ ရေကူးလေ့ကျင့်ခွင့် ရရှိကာ အပြင်းအထန် လေ့ကျင့်နေတော့တယ်။ နောက်ဆုံးစီစစ်ချက်တွေအရ သူအနေနဲ့ ပြိုင်ပွဲဝင်ခွင့် ရရှိမှာ သေချာနေတယ်။

ဆီးရီးယားဒုက္ခသည် အားကစားသမားတွေလိုပဲ မြန်မာနိုင်ငံနဲ့ နင်လားငါလား စစ်မီးလျှုံတဟုန်းဟုန်း တောက်လောင်နေတဲ့ အာဖရိကတိုက် ကွန်ဂိုနိုင်ငံကနေ ထွက်ပြေးတိမ်ရှောင်လာတဲ့ ဒုက္ခသည် ရိုလန်ဒီ မာဘီခါ (Yolande Mabika) ကတော့ သူ့နိုင်ငံကိုယ်စား ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရတာကိုတော့ စိတ်မကောင်းဖြစ်ပေမယ့် အခုလက်ရှိ ဘရားဇီးနိုင်ငံ၊ ရီရို ဒီ ဂျင်နရိုမြို့  မှာ သူနဲ့အတူ ရွေးချယ်ခံထားရတဲ့ ကွန်ဂိုလီ အားကစားသမား ပိုပိုလီ မီဆန်ဂါ (Popole Misenga) နဲ့ ဘရားဇီးနိုင်ငံ ဂျူဒိုကွန်ဖယ်ဒရေးရှင်းနဲ့ လေ့ကျင့်ခွင်ရရှိပြီး အပြင်းအထန် လေ့ကျင့်နေကြတယ်။ စစ်မက်ဖြစ်ပွားနေတဲ့ သူတို့နိုင်ငံမှာ ဒီလိုမျိုး စနစ်တကျ ထောက်ပံ့ပိုးမှုမျိုးတွေ မရရှိကြောင်း။ အထူးသဖြင့် ခြစားမှုတွေ ပြည့်နှက်နေတဲ့ အားကစားအဖွဲ့ချုပ် နဲ့ အားကစားနည်းပြတွေရဲ့  စော်ကားအပြစ်ပေးမှုကို အမြဲခံရတယ်လို့ မာဘီခါ က ပြောဆိုတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီ အားကစားသမားတွေက နိုင်ငံတနိုင်ငံ၊ သူတို့ ဇာတိနိုင်ငံ ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ကြတာ မဟုတ်ဘဲ၊ နိုင်ငံတကာမှာ မှီခိုနေကြတဲ့ သန်းပေါင်းများစွာသော နိုင်ငံမဲ့ ဒုက္ခသည်များ ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ကြမှာကို ဂုဏ်ယူဝမ်းမြောက်စွာနဲ့ အပြင်းအထန် ပြင်ဆင်လေ့ကျင့်နေကြတော့တယ်။

ဒုက္ခသည်ဘဝနဲ့ တိုင်းတပါးမှာ နေထိုင်ခဲ့ဖူးတဲ့ စာရေးသူအဖို့ နိုင်ငံတကာ ဒုက္ခသည်များ ကိုယ်စားပြုယှဉ်ပြိုင်မယ့် အားကစားသမားများ ဆုတံဆိပ်တွေဆွတ်ခူး အောင်မြင်ကြပါစေလို့ ဆုတောင်းနေပါတယ်။

Re: The Guardian, UK

Viewing all articles
Browse latest Browse all 9633

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>